Who Killed Aung San? စာအုပ်ကို ရေးသားပြုစုသူ ဦးခင်အောင်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေး ကော်မတီ (သြစတြေးလျ) တွင် ၁၉၈၈ မှ ၁၉၉၂ အထိ ဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံတကာဆိုင်ရာ ကော်မတီ၏ ဒုဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ တွင် အမျိုးသားညွန့်ပေါင်း အစိုးရ၏ သြစတြေးလျဆိုင်ရာ ကိုယ်စားလှယ်လည်း ဖြစ်သည်။
ဦးခင်အောင်၏ ဖခင်မှာ ဗိုလ်ချုပ် (ရဲချုပ်) ဦးထွန်းလှအောင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံရစဉ်က ဘုရင့် ရဲတပ်ဖွဲ့ဝင်နှင့် မှုခင်း စုံစမ်းရေးဌာန၏ ဒုရဲချုပ်ဖြစ်သည်။ ဦးစောနှင့် အပေါင်းအပါများကို လျင်မြန်စွာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။ ဦးခင်အောင်သည် ဗမာ့ လွတ်လပ်ရေး တပ်မတော်နှင့် ဗမာ့ ရေတပ်မတော်တို့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ စစ်ပြီးခေတ်တွင် ပင်လယ်ကူးသင်္ဘောကုမ္ပဏီတခု၌ အလုပ်လုပ်ကိုင်ခဲ့သည်။ အမေရိကန်တွင် ၁၂ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် ၁၉၈၃ မှစ၍ အခြေချ နေထိုင်သည်။
ဦးခင်အောင်သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံရမှုကြီးတွင် ပါဝင်ခဲ့သူတချို့နှင့် ပတ်သက်၍လည်းကောင်း၊ ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် လည်းကောင်း ကိုယ်တိုင် အတွေ့အကြုံရှိခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံရချိန်တွင် ဦးခင်အောင်သည် အတွင်းဝန်ရုံးနှင့် မျက်နှာချင်းဆိုင် တဖက်ကမ်းရှိ ရေတပ် ကမ်းနားဌာနချုပ် ပြုလုပ်ထားသော စိန့်ပေါလ်ကျောင်းဝင်းတွင် ရေတပ်အရာရှိတဦးအဖြစ် တာဝန်ကျနေသည်။ ဗြိတိသျှ မော်ကွန်းတိုက်ရှိ အထောက်အထားများနှင့် စာအုပ်စာတမ်းများကို လေ့လာ၍ Who Killed Aung San? စာအုပ်ကို ရေးသားပြုစုခဲ့သည်။ လုပ်ကြံမှုဖြစ်ပွားစဉ်က ဗိုလ်ချုပ် အောင်ဆန်း၏ ဘေးတွင် ကပ်ထိုင်နေခဲ့ပြီး ကျည်ဆန် ချော်ထွက်သွားသောကြောင့် အသက်မသေခဲ့သည့် ဦးခင်အောင်၏ ဦးလေးဖြစ်သူ ဦးရွှေဘော်ကိုယ်တိုင် ပြန်ပြောပြခဲ့ခြင်းက ဤ စာအုပ်ရေးသားရန် လှုံ့ဆော်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်ဟု စာအုပ်အမှာတွင် ရေးသားထားသည်။ သြစတြေးလျတွင် နေထိုင်လျက်ရှိသော ဦးခင်အောင်ကို ဧရာဝတီ တာဝန်ခံ အယ်ဒီတာ ကျော်စွာမိုးက မေးမြန်းထားပါသည်။
မေး ။ ။ ဗိုလ်ချုပ်အောင်ဆန်းကို သတ်ဖြတ်တဲ့ နေရာမှာ ဘာကြောင့် ဗြိတိသျှက အဓိက ပါနေတယ်လို့ သုံးသပ်ရပါသလဲ။
ဖြေ ။ ။ ဗိုလ်အောင်ဆန်းက လွတ်လပ်ရေး လိုချင်တယ်။ နိုင်ငံ ကြီးပွားစေချင်တယ်။ ဆိုတော့ ရှိတဲ့ တောင်ပေါ်သားတွေနဲ့ အကုန်လုံး ပေါင်းရမယ်လေ။ အဲဒီလိုမျိုး စိတ်ရှိတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးတွေကို သတ်ဖို့အထိကတော့ အသေအချာ ဘာမှ မရှိဘူး။ နောက်ကျတော့ ဘင်ဂလေ [John Stewart Bingley: ဗြိတိသျှကောင်စီ ကိုယ်စားလှယ်] နဲ့ တခြား ဗြိတိသျှ ခေါင်းဆောင်တွေ ပါလာတယ်။ အင်္ဂလိပ် ကုမ္ပဏီကြီးတွေကလည်း သူတို့ မြန်မာပြည်မှာ ဆက်နေဖို့ အရေးကြီးတယ်။ လွတ်လပ်ရေး မရဖို့ အရေးကြီးတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဆိုရှယ်လစ်ဇင်ကို သဘောကျသလို ပြောလာတယ်။ ဒီကုမ္ပဏီတွေကို နေရှင်နယ်လိုက်ဇ် (နိုင်ငံပိုင်) လုပ်မယ်၊ မြန်မာအကျိုးရှိရင် ဘာမဆို အကုန်လုံး လုပ်မယ်ဆိုပြီး ဗြိတိသျှတွေက ပြောလာတယ်။
မေး ။ ။ ဗိုလ်ချုပ်အောင်ဆန်းက တတိုင်းတပြည်လုံးကို စုစည်းနိုင်တဲ့ လူတယောက်ဖြစ်တယ်။ နောက်ပြီးတော့ လက်ဝဲယိမ်းတယ်လို့ ပြောလို့ရတယ်။ အဲဒီ အချက်နှစ်ချက်က တော်တော် အဓိကကျနေတယ်ပေါ့။ တခြားအချက်တွေရော ရှိသေးလား။
ဖြေ ။ ။ အင်္ဂလိပ် ကုမ္ပဏီကြီးတွေက လုပ်ကြံမှု နောက်ကွယ်မှာ ငွေနဲ့ ထောက်ပံ့တယ်ဆိုတာ ဖြစ်နိုင်တယ်။ ဗိုလ်ချုပ်ကို မလိုလားတဲ့ နိုင်ငံရေးသမားတွေကို ကြီးကြီးကျယ်ကျယ် ထောက်ပံ့နိုင်တာပေါ့ဗျာ။ တခြားနည်းမရှိဘူး။ အင်္ဂလိပ်အစိုးရ ကိုယ်တိုင်ကလည်း ပထမ ဗြိတိသျှ ဝန်ကြီးချုပ် ချာချီ (Winston Churchill)၊ နောက် အက်တလီ (Clement Atlee)၊ သူတို့ အနေနဲ့ကလည်း ဒီလောက်မပေးဘူး။ အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း မပေးဘူး။ တိတ်တိတ်ခိုးပြီး ကြီးကြီးကျယ်ကျယ် ပေးနိုင်တာက အင်္ဂလိပ်ကုမ္ပဏီတွေပဲ။ ဦးစောကို ပိုက်ဆံပေးတာတော့ ပေးမှာပဲ။ ဦးစောကလည်း တောင်းမှာပဲ။ အဲဒီအချိန်မှာ ဦးစောရဲ့ညီ မောင်မောင်ကြီးကလည်း လန်ဒန်မှာရှိတယ်။ နောက်တဆင့်ကျတော့ ဘလက်မားကက် (မှောင်ခိုဈေးကွက်) ဆိုတာ စစ်ပြီးခေတ်မှာ ပေါ်လာတယ်။ ကျနော်တို့က အဲဒီအချိန်မှာ တပ်ထဲရောက်နေပြီ။ ရေတပ်ထဲမှာ။ တပ်ထဲရောက်နေတော့ ဒီအကြောင်းတွေ ကောင်းကောင်း သိတယ်။ ကုန်ကူးနိုင်တဲ့ လူတွေကလည်း တွေ့ကရာ ကုန်ကူးတာ။ နည်းနည်း မှတ်သားစရာနဲ့ ရယ်စရာလေးပေါ့ဗျာ။ ရဲဘော်သုံးကျိပ်မှာ ပါတဲ့ ဗိုလ်စင်္ကြာက လေကြောင်း ကုမ္ပဏီလေးတခု သူထောင်တယ်။ အခု အာဏာရနေတဲ့လူတွေလည်း ဘိန်းတွေဘာတွေချ၊ ကျောက်စိမ်းသွင်းရင်သွင်း အမျိုးမျိုးလုပ်နေတာလိုပဲ၊ အဲဒီ ခေတ်ကလူတွေကလည်း မီးခြစ်ကျောက်လို အသေးအဖွဲတွေက အစ သွင်းတာ။ ကျနော်ပြောချင်တာက တွေ့ကရာ လုပ်ကြတာ။ အင်္ဂလိပ်စစ်ဗိုလ်တွေက ဘာလုပ်လဲဆို သူတို့ရဲ့လက်နက်တွေ စင်ကာပူကို ပြောင်းနေရတယ်။ မြန်မာပြည်ကို လွတ်လပ်ရေး ပေးတော့မယ်ဆိုတော့ စင်ကာပူကို ပြောင်းနေရတယ်။ ဒီကြားထဲမှာ သူတို့က ရောင်းစားတယ်ဗျာ။ မရှင်းဂန်း၊ တော်မီဂန်းတွေ။ အဲဒီမှာရှိတဲ့ လက်နက်တွေ အမျိုးမျိုး ရောင်းစားတော့ သူတို့ဆီကနေ ဦးစောက ဝယ်တယ်ဗျာ။
မေး ။ ။ ဗိုလ်မှူး စီ ဟင်နရီ ရန်း [Maj. C. Henry Young: အိန္ဒိယတပ်မတော် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ အလုပ်ရုံ တပ်ခွဲ၏ တပ်မှူး] တို့ ဗိုလ်မှူး လန့်စ်လော့ ဒိန်း [Maj. Peter Lancelot Daine: မင်္ဂလာဒုံ ပင်မ ခဲယမ်းမီးကျောက်တိုက်၏ တပ်မှူး] တို့က ရိုင်ဖယ်တွေ၊ ပစ္စတိုတွေနဲ့ ခဲယမ်းမီးကျောက်တွေ အဓိကထောက်ပံ့တဲ့ ဗြိတိသျှအရာရှိတွေလား။ တချို့ကပြောတော့ လန့်စ်လော့ ဒိန်းက တကယ် လက်နက်ထောက်ပံ့သူ မဟုတ်ဘဲ ဗိုလ်မှူး ရန်း ဆီကပဲ ဦးစောက လက်နက်တချို့ ရလိုက်တယ်လို့ ပြောတယ်။
ဖြေ ။ ။ ပုလိပ်က ကျနော့်အဖေရဲ့ စီအိုင်ဒီဌာနက ကြားတာလား မသိဘူး။ စီအိုင်ဒီက ဌာနကလည်း စစ်အတွင်းက အလုပ်လုပ်လာတဲ့ ရဲဘော်တွေနဲ့ ချဲ့နေပြီ။ သူတို့ကလည်း ထောက်လှမ်းရေး ဆိုတော့ အမျိုးမျိုး ထောက်လှမ်းကြတာပေါ့။ နောက်တော့ အဲဒီမှာ လက်နက်တွေ ပျောက်ပျောက်နေတာ ပေါ်လာတယ်။ ဦးနု၊ ဦးကျော်ငြိမ်းတို့ အပြင် ဗိုလ်ချုပ်ကရော ဘုရင်ခံဆီ သွားသွား တိုင်ကြတယ်ခင်ဗျ။ ဘုရင်ခံကလည်း ဘာမှ မလုပ်ဘူး။
မေး ။ ။ သွားတိုင်တယ်ဆိုတာက လက်နက်တွေ ပျောက်ပျောက်နေတယ်၊ ဦးစောက လက်ခံရယူနေတယ် ဆိုတာ သိပြီးမှ သွားတိုင်တာလား။
ဖြေ ။ ။ ဟုတ်တယ်။ ကျနော့် အဖေရဲ့ စီအိုင်ဒီဌာနက သတင်းပေးတာ။ ကျနော့် အဖေ ဌာနက လူတွေက မျိုးစုံရှိတယ်။ ဦးစောကို ဖမ်းမယ့် အချိန်မှာ နိုင်ငံရေးသမားတွေရဲ့ အိမ်တွေမှာ လူတွေ ချောင်းနေတယ်။ လက်နက်တွေ ပျောက်တာတို့ဘာတို့ အကြီးအကျယ် သိလာတဲ့အခါကျတော ဦးနုတို့က ဦးကျော်ငြိမ်းတို့က တခုခုတော့ ဖြစ်တော့မယ်ဆိုတာ သိတယ်။ သတင်းတွေက အမျိုးမျိုး ဖြစ်နေတယ်။
မေး ။ ။ ဗိုလ်မှူး ရန်း ကနေ ထောက်ပံ့တဲ့ လက်နက်တွေနဲ့ တကယ် ဗိုလ်ချုပ်ကို သတ်ခဲ့တာမဟုတ်ဘူးလို့ ပြောတယ်။ သူတို့ သတ်ခဲ့တာက တခြားလက်နက်တွေလို့ ပြောတယ်။ ဟုတ်ပါသလား။
ဖြေ ။ ။ အဲဒီ လူသတ်သမားက ၄ ယောက်ပဲ။ အဲဒီတော့ လေးယောက်ထဲမှာ တော်မီဂန်းနဲ့က ၃ ယောက်။ တယောက်က စတင်းဂန်းနဲ့။ အငယ်ဆုံးလူ ရန်ကြီးအောင် က စတင်းဂန်းကိုင်တယ်။ နောက်ကျတော့ လက်နက်တွေကို ကုလားပြည်ယူသွားပြီး သူတို့စစ်တာပဲဗျ။ အမျိုးမျိုး စစ်တာပဲ။
မေး ။ ။ အဲဒီတော့ ဘာတွေတွေ့ခဲ့ရသလဲ။
ဖြေ ။ ။ ဘာတွေတွေ့လဲဆိုတော့ စစ်တပ်ရဲ့ လက်နက်တွေဗျ။ အသေအချာ ဘယ်သူ ရောင်းသလဲ၊ ဘယ်ဝါ ရောင်းသလဲ။ နောက်ကျတော့ သူတို့ကို တိတ်တိတ်ခိုးပြီး သူတို့နိုင်ငံကို ပြန်လွှတ်လိုက်တာပေါ့။ ရန်ကုန်မှာ ရှိနေတုန်းကတော့ ဗီဗီယန်း [Captain David Vivian: မြန်မာ လက်နက်ကိုင် ပုလိပ်တပ်ဖွဲ့ လက်နက်အကြံပေး] ကလွဲလို့ ဘယ်သူမှ အဖမ်း မခံရဘူး။ ဗီဗီယန်းက အဖမ်းခံရရုံတင် မကဘူး၊ လျှောက်ပြီးတော့ ဘာလုပ်တယ်တို့၊ အရပ်ရှည်ရှည်နဲ့ လူဆီ သွားပါတို့ အပြင်ကို မက်ဆေ့ချ်တွေ ပို့တယ်။ အဲဒီ အရပ်ရှည်ရှည်နဲ့လူက ဘင်ဂလေ။ ဗြိတိသျှကောင်စီက ဘင်ဂလေ။ တော်တော်တော့ ရှုပ်တဲ့ ရာဇဝင်။
မေး ။ ။ ဗြိတိသျှ ခေါင်းဆောင် ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြား မြန်မာ ခေါင်းဆောင်တွေကို ဘယ်လို သဘောထားရှိလဲ ခင်ဗျ။
ဖြေ ။ ။ ပထမ ချာချီက တောက်လျှောက် စစ်အတွင်းမှာ အုပ်စိုးမိတာကိုး။ ပထမဆုံး ချိန်ဘာလိန် (Neville Chamberlain) က ဝန်ကြီးချုပ်။ အဲဒီ ဝန်ကြီးချုပ်က နာဇီ ဟစ်တလာကိုသွားပြီး လျှော့လျှော့ပေးနေတာ။ စစ်မဖြစ်ချင်ဘူး။ သူတို့က ရှုံးမှာကြောက်နေတာ။ ဂျာမနီကလည်း တော်တော် အားကောင်းနေတာ။ အဲတော့ ချိန်ဘာလိန်က လျှော့လျှော့ပေးနေတဲ့ အခါမှာ ချာချီကတော့ တိုင်းသူပြည်သားတွေက သူ့ကို မြှောက်စားလိုက်တော့ ဝန်ကြီးချုပ် ဖြစ်သွားတယ်။ အဲဒီတော့ သူက ကြမ်းကြမ်းတမ်းတမ်းနဲ့ နိုင်နိုင်နင်းနင်း လုပ်လိုက်တာ သူတို့ စစ်နိုင်သွားတာပဲ။ ဒုတိယ ကမ္ဘာစစ် တုန်းက ချာချီက ဝန်ကြီးချုပ်ပဲလေ။ စစ်ပြီးကာလ ရောက်လာတော့ အက်တလီတို့ဘက်က ဆိုရှယ်လစ် ပေါ့လေ။ ချာချီက ရီပတ်ဗလစ်။ အက်တလီလူတွေက တက်လာပြီးတော့ ရွေးကောက်ပွဲမှာ နိုင်သွားတယ်။ မြန်မာပြည်နဲ့ ပတ်သက်တာ ဘယ်လိုလဲဆိုတော့ ချာချီက ဘယ်လိုနည်းနဲ့မှ ပေးမှာ မဟုတ်ဘူး။ လွတ်လပ်ရေး မပေးဘူး။ ဗြိတိသျှက ကိုလိုနီတွေကို ဒိုမီနီယံ အုပ်ချုပ်ရေးတွေပေးတော့ကျမှ ဦးစောက သွားပြီတော့ ချာချီကို တောင်းပန်တယ် မဟုတ်လား။ ဒိုမီနီယံ အုပ်ချုပ်ရေးပေးလို့ရှိရင် ကျနော်တို့ ထောက်ခံပါ့မယ် ဆိုတော့ ဂရုတောင်မစိုက်ဘူး။ ဒါပေမယ့် တို့စစ်ပြီးတဲ့ အခါကျတော့ တို့နဲ့ တိုင်ပင်ပေါ့တဲ့ လာတောင်းပေါ့၊ တောင်းရင် တို့ကြည့်မယ်တဲ့။ စစ်ပြီးတဲ့အခါကျမှ သူက ရွေးကောက်ပွဲ ရှုံးသွားတယ်။ ရှုံးသွားတဲ့အခါမှာ အက်တလီက တက်လာတော့ ဗြိသျှအင်ပါယာကြီး ခွဲပြဲပြီးတော့ သူက လက်လွှတ်ပစ်တာပဲ။ အင်္ဂလန်ကလည်း မနိုင်တော့ဘူးလေ။ အင်္ဂလန်က နိုင်တာကတော့ စစ်တော့နိုင်တယ်။ ဒါပေမယ့် နိုင်ငံကို ဆက်ပြီးတော့ အုပ်စိုးဖို့ မတတ်နိုင်ဘူး။ အဲဒါကြောင့် ဗမာပြည်ဟာ ချာချီ ဆက်နေလို့ရှိရင် မဖြစ်နိုင်တော့ဘူး။ လွတ်လပ်ရေးမရတော့ဘူး။
မေး ။ ။ ဦးစော ကျတော့ရော။
ဖြေ ။ ။ ဦးစောက သက်သက် တကိုယ်ကောင်းဗျ။ ပညာလည်း မရှိဘူး။ သူက ရာထူးတွေဘာတွေ ရနေတယ်။ နိုင်ငံရေးမှာ ခြေထိုးပြီး အမျိုးမျိုး တက်လာကြတယ်။ အဲဒါကို တချို့အင်္ဂလိပ်တွေက သဘောကျပြီးတော့ အသုံးပြုတဲ့ အပိုင်းလည်း ပါလိမ့်မယ်။
မေး ။ ။ သူက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဖို့ လန်ဒန်ကိုသွားတယ်။ သူပါသွားတော့ လက်မှတ်မထိုးဘူးဆိုတာက အဓိကကတော့ ဗိုလ်ချုပ်ကို မနာလိုတဲ့သဘောလား၊ ဒါမှမဟုတ်ရင် မူအရ လက်မခံတဲ့ သဘောလား။
ဖြေ ။ ။ စာချုပ်ဆိုတာဗျာ သိတဲ့အတိုင်းပဲ။ ဘာစာချုပ်ဖြစ်ဖြစ် အမျိုးစုံရှိတယ် မဟုတ်လား။ အပိုဒ်တွေ မျိုးစုံရှိတယ်။ အဲဒီတော့ အပြစ်ရှာချင်ရင်၊ မလုပ်ချင်ရင် အလွယ်တကူ နောက်ဆုတ်သွားလို့ ရတာပဲဆိုတော့ သူက အောင်ဆန်း-အက်တလီ သဘောတူညီချက်တွေကို ဟိုဟာ မကြိုက်ဘူး၊ ဒီဟာမကြိုက်ဘူး အပြစ်ရှာပြီးတော့ နောက်ဆုတ်တာပဲ။ သခင်ဗစိန်လည်း ပါနေတာပဲ။ တချိန်လုံး သခင်ဗစိန်ရယ်၊ သခင်ထွန်းအုပ်ရယ်။ သခင်ထွန်းအုပ်က ဗိုလ်ချုပ်က သထုံမှာ သူကြီးကို သတ်တယ်ဆိုပြီးတော့တောင် ဒုက္ခဖြစ်အောင် ထောင်ကျအောင် လုပ်သေးတယ်မဟုတ်လား။
မေး ။ ။ ချာချီက ဗိုလ်ချုပ်အသတ်ခံရပြီးနောက်ပိုင်းမှာ တခုခုပြောတယ်။ အဲဒါကို မှတ်မိမလား မသိဘူး။
ဖြေ ။ ။ သူက အောင်ဆန်း၊ ရဲဘော်သုံးကျိပ်နဲ့ သခင်တွေက တို့ကို ပုန်ကန်ထားတဲ့လူတွေ။ အဲဒီလူတွေကို ဘာဖြစ်လို့ အဆက်သွယ်လုပ်ရမှာလဲ၊ ဘာလို့ အကူညီပေးရမှာလဲ၊ အဲဒီလို ပြောတာ။ သူတို့က House of Common (အောက်လွှတ်တော်) မှာ Debate အမြဲရှိနေတာကိုး။ ရှိနေတော့ စစ်ပြီးတဲ့ အခါကျရင် ဘယ်လိုလုပ်ကြမှာလဲ၊ ဘယ်လို စီစဉ်ကြမှာလဲပေါ့လေ။ လောဒ့် မောင့်ဘက်တန် [Lord Mountbatten: အိန္ဒိယ ဘုရင်ခံချုပ်] မပါလို့ရှိရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။
ချာချီ ပြောတာက ပုန်ကန်ထကြွထားတယ်။ မြန်မာပြည်ကို ဘာမှ ကူညီစရာမလိုဘူးလို့ ပြောတာပေါ့နော်။ ကုလားပြည် စဉ်းစားမယ်၊ မြန်မာပြည် စဉ်းစားမယ် ဘာလုပ်ရမလဲပေါ့လေ။ စစ်အပြီးမှာဆိုတော့ Debate ထဲမှာ ပါလာလိမ့်မယ်။ ဒါပေမယ့် မောင့်ဘက်တန်ကတော့ မြန်မာပြည်ဘက်မှာ တော်တော် ကူညီလိုက်တယ်။ သူကတော့ တော်တော်ကောင်းတယ်။ ဗိုလ်ချုပ် အောင်ဆန်းတောင်မှ နိုင်ငံရေးသမား ဆက်ပြီးလုပ်ချင်ရင် စစ်ရေးက ထွက်ရမယ်၊ စစ်ဗိုလ်လုပ်လို့ မရဘူးလို့ အကြံပေးတာနဲ့ ဗိုလ်ချုပ်က အဲဒီမှာ ထွက်သွားတာ။
မေး ။ ။ တကယ်လို့များ ဗိုလ်ချုပ်တို့သာ လုပ်ကြံ မခံရဘူး၊ အသတ်မခံရဘူးဆိုရင် မြန်မာပြည်မှာ ဘယ်လိုဖြစ်သွားမယ်လို့ ထင်သလဲ။
ဖြေ ။ ။ အများကြီး ပိုကောင်းမှာပေါ့။ ဗိုလ်ချုပ် အောင်ဆန်းကတော့ ပြောတာပဲ။ သူ ဘုရားမဟုတ်ဘူးတဲ့။ ဒါပေမယ့် အများကြီး ပိုကောင်းမယ်ပေါ့ဗျ။ ဦးနုတယောက်ပဲ သူ့ကို နားထောင်မယ့်သူ ရှိမယ်။ ဦးကျော်ငြိမ်း။ သခင်သန်းထွန်း၊ ဦးဗဆွေတို့ကို ထိန်းရမယ်။ သခင်စိုးကိုလည်း ထိန်းရမယ်။
မေး ။ ။ သူနဲ့ အတိုက်အခံဖြစ်တဲ့ လူတွေနဲ့ ဗိုလ်ချုပ်က ဖြစ်ပါ့မလား။
ဖြေ ။ ။ သူ့ကို လေးစားတဲ့ စစ်တပ်ရှိတယ်လေ။ နောက်ပြီးတော့ ကျနော်တို့ ရေတပ်။ ရေတပ်က နည်းနည်းလေးရယ်။ ဒါပေမယ့် ကောင်းကောင်း လေ့ကျင့်ထားတယ်။ စည်းကမ်း သေဝပ်တယ်၊ လူတော်တွေ အများကြီးရှိတယ်။ လေတပ်မှာလည်း ပညာတတ်တွေရှိတယ်။ လေတပ်နဲ့ ရေတပ်လိုဟာမျိုးက သူ့ကို ထောက်ခံတယ်။ ဒါကို ကျနော် ကိုယ်တိုင် ပြောနိုင်တယ်။ ကျနော်တို့လူတွေလည်း အကုန်သိတာပဲ။ ကွန်မြူနစ်တွေက စစ်တပ်ထဲက လူတွေကို မွေးနေပြီ။ အဲဒီ အချိန်မှာ မွေးလို့မရတဲ့လူတွေကတော့ ရေတပ်နဲ့ လေတပ်တို့ အများကြီးရှိတယ်။ အဲဒီလူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံမှာပဲ။ စစ်တပ်ထဲမှာလည်း တော်တော်များများ ရှိလိမ့်မယ်။ ကရင်ရှိတယ်၊ ကချင်ရှိတယ် ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံနေပြီ။
မေး ။ ။ အခု ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုရင်ရော ဘယ်လိုကွာတယ်လို့ ထင်သလဲ။ သူတို့ နှစ်ယောက်ကြားမှာ။
ဖြေ ။ ။ သူ့သမီးကိုကတော့ ကံအားလျော်စွာ သူ့အမေ နေမကောင်းလို့ ပြန်ရောက်လာတယ်။ ပြန်ရောက်လာတဲ့ အခါမှာ သူ့အချိန်နဲ့ သူ့အခါနဲ့။ သူ့အမေကြီး ဆုံးသွားတဲ့အခါမှာ သူက ခေါင်းဆောင်လုပ်လိုက်တာ။ ရုပ်ရည်ကလည်း ခပ်ဆင်ဆင်။သူ့ဘောထားကလည်း ကောင်းတယ်။ သူပြောတာတွေလည်း ကောင်းတယ်။ လူတွေကလည်း သဘောကျတယ်။ ပညာလည်း ရှိတယ်။ အဲလိုလူမျိုးတွေ မြန်မာပြည်မှာ တခြား ဘယ်နှယောက်ရှိလဲဗျာ။ အဲဒီ လူတွေထဲမှာ လူတော်လို့ ပြောရမယ်။ ပညာရှိလို့ ခေါ်ရမယ်ပေါ့ဗျာ။ ။
(၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဧရာဝတီ မဂ္ဂဇင်း၌ ဖော်ပြခဲ့ပြီးသော အင်တာဗျူးကို ပြန်လည် ဖော်ပြပေးခြင်း ဖြစ်ပါသည်။)