နမ့်ဆန်မြို့နယ် မန်တုံဒေသ အတွင်း ပလောင် (တအန်း) လွတ်မြောက်ရေး တပ်မတော် (TNLA) ပိုင် လက်နက်အမြောက် အများ နိုဝင်ဘာလ ၂၂ ရက်က ဖမ်းဆီးရမိပြီးနောက် တရုတ်နိုင်ငံလုပ် လက်နက် အမျိုးအစားများ ပါဝင်နေကြောင်း တပ် မတော်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဖမ်းမိလက်နက်တွေထဲမှာ FN-6 ကဲ့သို့ မြေပြင်မှ ဝေဟင်ပစ် လေယာဉ်ပစ် လက်နက်တွေ ပါဝင်နေတဲ့အတွက် နောက်ပိုင်း မှာ တိုက်ပွဲတွေ အရှိန်မြှင့်တက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ မြန်မာ့ ငြိမ်းချမ်းရေးကို ကူညီဖို့ တဖက်က ပြောနေသလို တရုတ်လုပ် လက်နက်တွေက လက်နက် ကိုင် တပ်ဖွဲ့တွေထံ ရောက်ရှိနေတာကြောင့် တရုတ်ရဲ့ သဘောထားကို ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ယခုလို ဝေဖန် သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ တချိန်က တရုတ်- မြန်မာနယ်စပ်တွင် အခြေစိုက်ခဲ့သည့် ဗမာပြည် ကွန်မြူနစ် ပါတီဝင် တဦးဖြစ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်အား ဧရာဝတီက ဆက်သွယ် မေးမြန်ချက် တွေကို ဖော်ပြလိုက်ပါတယ်။
မေး။ ။ TNLA ထံကနေ တပ်မတော်က လက်နက်တွေ ဖမ်းမိတဲ့ နေရာမှာ တရုတ်လုပ် လက်နက်တွေ၊ လေယာဉ်ပစ် လက်နက်တွေ ပါဝင်နေတဲ့ အပေါ် ဘယ်လို မြင်မိသလဲ။
ဖြေ။ ။ တခုတော့ ရှိတာပေါ့။ လက်နက်ဈေးကွက် သဘောအရ ပြောရင်တော့ တရုတ်လက်နက်တွေကလည်း အမေရိကန် လက်နက်တွေ၊ ရုရှားလက်နက်တွေနဲ့ အပြိုင် ဈေးကွက်မှာ ဝယ်လို့ ရပါတယ်။ ဒါပေမယ့်TNLA ဆီက ဖမ်းမိတဲ့ လက်နက် တွေကတော့ ကြည့်ရတာ တရုတ်စတင်းဂန်းလို့ ခေါ်ရမယ့် လက်နက်မျိုး ပါနေတာကတော့ တော်တော်လေးတော့ ထူးခြား တဲ့ဟာပေါ့။
အခုက တပ်မတော်နဲ့ မြေပြင်ထိတွေ့ တိုက်ပွဲတွေတိုင်းမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ သုံးနေတယ်။ ဒီလက် နက်မျိုးတွေကြောင့် ရဟတ်ယာဉ်တို့၊ တိုက်လေယာဉ်တို့ ထိခိုက်တာမျိုးတော့ မတွေ့သေးဘူးပေါ့ဗျာ။ ဒါပေမယ့် ရှေ့မှာ ဆို ရင်တော့ အဲဒီလိုတွေ တွေ့လာမယ်လို့ ကျနော့် အနေနဲ့ မြင်ပါတယ်။ ဒါဟာ TNLA ဒေသနဲ့ ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရဲ့ အရှိန်အဟုန်ကို ဆက်လက် မြင့်တက်လာမယ့် အလားအလာတခု အဖြစ် ကျနော်ကတော့ စိတ်မကောင်း ဖြစ်မိပါတယ်။
နောက်တခုက ဒီလို လက်နက်မျိုးတွေက သာမန် အရောင်းအဝယ်နဲ့တော့ မဖြစ်နိုင်ဘူး။ အတော်လေးကို တာဝန် ရှိတဲ့သူ တချို့ကိုယ်တိုင် ပါဝင် ပတ်သက်မှုတွေ ရှိနေသလား ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ တပ်မတော်ကလည်း ဘယ်တုန်းက မှ ဖမ်းဆီးရမိတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီးတော့ တရုတ်ပြည်က ဖြစ်တယ် ဆိုတဲ့ စကားလုံးမျိုး သုံးတာ ရှားရှားပါးပါး တွေ့တာပေါ့။
ဒါဟာ တရုတ်က ဒီဟာတွေကို တင်သွင်း ပေးပို့နေသလားဆိုတဲ့ သဘောထားကို စဉ်းစားစရာ ဖြစ်လာတယ်။ ဒီလို ထုတ် ဖော်ပြောလာတာက မြန်မာ့ တပ်မတော်နဲ့ တရုတ်တပ်မတော်တို့ ကြားထဲမှာ ရှိနေတဲ့ ဆက်ဆံရေး အနေအထားကို ပြန် လည် သုံးသပ်ရမယ့် အနေအထားလားလို့လည်း စဉ်းစားစရာတွေ ရှိလာပါတယ်။ ဒါက TNLA အတွက် အတော်လေးတော့ ထိခိုက်မှုရှိတာပေါ့ဗျာ။ အတော်လေး အဆင့်မြင့်တဲ့ ပစ္စည်းဂိုထောင်လို့ ကျနော်က ယူဆပါတယ်။
အဲဒါကြောင့် အချိန်ကာလတခု အထိ TNLA ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ လျော့ကျနိုင်တဲ့ အလားအလာရှိတယ်လို့ ဆိုရပေမယ့် ပါဝင်တဲ့ လက်နက်တွေရဲ့ အနေအထားကြောင့် နောက်ပိုင်း တိုက်ပွဲတွေမှာ ပိုပြီးတော့ အရှိန်အဟုန်မြင့်လာ စရာ၊ ပိုပြီးတော့ ထိခိုက် ကျဆုံးနိုင်စရာ အလားအလာတွေ ရှိတဲ့အတွက် ဒါကတော့ မြန်မာ့ငြိမ်းချမ်းရေး အတွက် မကောင်း တဲ့ လက္ခဏာလို့ ပြောချင်ပါတယ်။
မေး။ ။ တရုတ်အနေနဲ့ တဖက်ကလည်း ငြိမ်းချမ်းရေး ကူညီမယ် ပြောတယ်၊ တဖက်ကလည်း လက်နက်တွေက လက် နက်ကိုင် တပ်ဖွဲ့တွေဆီ ရောက်နေတယ် ဆိုတော့ မြန်မာနိုင်ငံ အပေါ် ပေါ်လစီ နှစ်ခုကျင့်သုံးနေတယ်လို့ ထင်ပါသလား။
ဖြေ။ ။ တရုတ်ပြည်နဲ့ မြန်မာပြည်ရဲ့ ဆက်စပ်နေတဲ့ ပြည်တွင်း စစ်လှုပ်ရှားမှုတွေရဲ့ ကြားထဲမှာ ပေါ်လစီအရ ကွဲလွဲတဲ့ ဖော်ပြချက်တွေကိုတော့ တလျှောက်လုံး ကျနော်တို့ မြင်ခဲ့ရတာပဲ။ အရင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) လက်ထက် တုန်းကလည်း တဖက်က မြန်မာ့ တပ်မတော်နဲ့ ဆက်ဆံသလို တဖက်ကလည်း (ဗကပ) ကို လက်နက် စတဲ့ အကူအညီ တွေ အပြည့်အစုံ ပေးတယ်။
အဲဒီတုန်းကတော့ မီးစတဖက်၊ ရေမှုတ် တဖက်လို့ ပြောရတာပေါ့။ အခု အနေအထား ကျတော့ တဖက်က ရပ်ဝန်း တခု လမ်းကြောင်း တခု စီမံကိန်း(OBOR) လုပ်ငန်းစဉ်ထဲ တရုတ်ပြည်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားမှာ တရုတ် အစိုးရရဲ့ ပေါ်လစီကတော့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးက အတော်လေး ကောင်းမွန်တယ်။ အပြန်အလှန် ပူးပေါင်း ဆောင် ရွက်မှုတွေ တစတစ တိုးမြှင့်နေတယ် ဆိုတာ မြင်ရပါတယ်။
တချိန်တည်းမှာပဲ တပ်မတော်နဲ့ ရင်ဆိုင်နေရတဲ့ အထူးသဖြင့် မြောက်ပိုင်း အဖွဲ့တွေ ရဲ့ လက်နက် တပ်ဆင်မှုတွေက “ဝ” နှစ်သုံးဆယ်ပြည့်မှာ ထုတ်ပြတဲ့ လက်နက်တွေ၊ မိုင်းလားမှာ ထုတ်ပြခဲ့တဲ့ လက်နက်တွေ၊ ဒီလိုအနေအထားတွေက နယ် စပ်ဒေသမှာ ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်း ကော်မတီ(FPNCC )အဖွဲ့ဝင်တွေနဲ့ တရုတ်ပြည်ကြားထဲမှာ နိုင်ငံတော် ပေါ်လစီ မဟုတ်တောင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပတ်သက်မှုတွေ ကတော့ အတော်လေး အတိုင်း အတာ မြင့်မားနေတယ်လို့ ကျနော်က ယူဆပါတယ်။
တဖက်ကပြောရရင် မြန်မာ့ ငြိမ်းချမ်းရေးမှာ တရုတ် အစိုးရဘက်က ကူညီမှု ဆိုတာနဲ့ တဖက်က အင်အားထိန်းညှိမှုတွေ များ ရှိနေသလား စဉ်းစားစရာ ဖြစ်လာပါတယ်။ ဆိုလိုတာက မြန်မာ့ တပ်မတော်က ကာကွယ်ရေး လက်နက်တွေ၊ ခေတ်မီ ဒုံးတွေ ဝယ်နေတဲ့ တချိန်တည်းမှာ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ လက်နက် တပ်ဆင်မှုကလည်း အတော် လေးကို မြင့်မားလာတာ တွေ့ရတယ်။
ဒါက အချိုးညီအောင် လုပ်တာလား။ ဒါမှမဟုတ်ရင် တဖက်က မြန်မာ့ တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ရင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အင်အား ထိန်းညှိပေးနေတာ ဆိုတာ စဉ်းစားစရာ အတော် ရှိလာပါ တယ်။
မေး။ ။ ပြီးခဲ့တဲ့ရက်က အင်တာဗျူး တခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နယ်စပ် လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အိမ်နီးချင်း နိုင်ငံကနေ သွယ်ဝိုက်တဲ့ ကူညီမှုတွေ ရနေတယ်လို့ ထုတ်ပြောတာ ရှိတယ်။ အခုလည်း ဖမ်းမိတဲ့အထဲ တရုတ် လက်နက်တွေ ပါတယ်လို့ ထုတ်ပြောလာတယ်။ ဒီတော့ တပ်မတော်ရဲ့ တရုတ်နဲ့ ပတ်သက်တဲ့ သဘောထားကို ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ တပ်မတော်ရဲ့ သဘောထားကို အကြမ်းဖျင်း ခန့်မှန်းကြည့်ရတာတော့ အခု စစ်လက်နက်တပ်ဆင်ရေး၊ ခေတ်မီ တပ်မတော် ဖြစ်ရေး တည်ဆောက်တဲ့ နေရာမှာ တရုတ်နိုင်ငံတခုတည်း အပေါ် မှီခိုရေး ဆိုတာထက် မဟာဗျူဟာကျတဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး ဘက်ကို လှည့်ပြောင်းလာတယ်လို့ မြင်ရပါတယ်။ ဒီဘက် နှစ်ပိုင်းတွေမှာ ရှရှား သွားပြီး တော့ စစ်လက်နက်ပစ္စည်း ဝယ်ယူတာ၊ လေ့လာတာ၊ နောက်ပြီး အိန္ဒိယနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ မြင့်လာတာပေ့ါ။
အထူးသဖြင့် အိန္ဒိယနဲ့ ရေငုပ်သင်္ဘော ဝယ်ယူရေး ဆွေးနွေးတာတွေ လုပ်တယ်။ အဲဒီလို လုပ်နေတာတွေက ယေဘုယျ အားဖြင့် တရုတ်ပြည်နဲ့ ပူးပေါင်း ဆောင်ရွက်မှု ရှှုထောင့်က ကြည့်ရင် တရုတ်ပြည်ဘက်က သိပ်ကြိုက်မယ် မထင်ဘူး။ ဒါပမေယ့် တပ်မတော်ရဲ့ ခေတ်မီ တပ်မတော် တည်ဆောက်ရေးမှာ တရုတ်ရဲ့ စစ်ရေး နည်းပညာအပေါ်မှာ မှီခိုမှုကနေ အကန့် ခွဲထွက်လာဖို့ အတွက် ကြိုးပမ်းနေတဲ့ တိမ်းညွတ်မှုတွေ တွေ့ရပါတယ်။
ဒါဟာ နိုင်ငံတနိုင်ငံရဲ့ စစ်ရေး မဟာဗျူဟာ အရ ကြည့်ရင်တော့ အဲဒီလို လုပ်ဖို့ လိုအပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ တိုင်းပြည်က နိုင်ငံကြီး နှစ်ခုကြားထဲမှာ ပထဝီအနေအထားအရ တည်ရှိနေတဲ့ နိုင်ငံဖြစ်လို့ပါ။ ဒါဟာ သဘာဝ ကျတဲ့ တပ်မတော်ရဲ့ ပြောင်းလဲလာမှုလို့ ယူဆပါတယ်။
ဖြေ။ ။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လက်နက် တပ်ဆင်မှု အဆင့်မြင့်လာတာနဲ့ နောက်ပိုင်း တိုက်ပွဲတွေ အရှိန် အဟုန် မြှင့်လာနိုင်တယ်လို့ ခန့်မှန်းထားတော့ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းမှုက ဘယ်လို ဖြစ်လာနိုင်သလဲ။
ဖြေ။ ။ ကြည့်ရတာတော့ ရက္ခိုင့် စစ်တပ် (AA) အဖွဲ့ဆို တပ်မတော်နဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေတာပဲ။ TNLA ကလည်း တော်တော်လေးကို လှုပ်ရှားမှုတွေ များလာတယ်။ ပြီးခဲ့တဲ့ လပိုင်းကဆို နမ့်ဆန်က ဘုရားကုန်းပေါ်အထိ တက်ပြီးနေရာယူ တပ်စွဲတဲ့ အထိ ရှိတယ်။ တပ်မတော်ကလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ သုံးပြီးတော့ ပြန်လည် တိုက်ခိုက် သိမ်းယူရတဲ့ အနေအထား ရှိတယ်။
အဲဒီကြားထဲကပဲ စစ်လက်နက် ဂိုထောင်သုံးခုကို သိမ်းဆည်းရ လိုက်တာက တပ်မတော်အတွက် သိပ်ကို ကျေနပ် အားရ ဖွယ် အောင်မြင်မှု ဖြစ်ပေမယ့် တဖက်က တရုတ် လက်နက်တွေရဲ့ ဝင်ရောက်မှု အတိုင်းအတာက မြန်မာပြည် ပြည်တွင်း စစ် ဆက်ပြီး သက်ဆိုးရှည်ဖို့ အတွက် အသက်ဆက်ပေးသလို ဖြစ်နေတာကတော့ ကျနော်တို့ အနေနဲ့ အတော်လေးကို လက်ခံဖို့ ခက်တဲ့ ကိစ္စလို့ ပြောချင်ပါတယ်။
ဖြေ။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပါဝင်မှု သဘောထားကို ဘယ်လိုများ သုံးသပ်မိပါသလဲ။
ဖြေ။ ။ ယေဘုယျပြောရရင် အခုက စစ်အေးခေတ်သစ်ထဲကို ပြန်ပြီးတော့ ဝင်ရောက်တော့မလား ဆိုတာကို စဉ်းစားနေရ တဲ့ အခြေအနေပေါ့ဗျာ။ ဆိုလိုတာက စစ်အေးခေတ်ဟောင်းတုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပေါ့။ အဲဒီချိန်က အပြန်အ လှန် အင်အားစုတာတွေ၊ အားပြိုင်တာတွေက ကမ္ဘာ့နိုင်ငံရေးကို ကိုင်လှုပ်နေတဲ့ လှုပ်ရှားမှု တွေပေါ့။ အခုကတော့ ခေါင်းဆောင်ပြောင်းသွားတာလို့ပဲ ဆိုရမှာပါ။ ဆိုဗီယက်နေရာမှာ တရုတ်က ဝင်ရောက် လာတာပေါ့။
အမေရိကန် ဦးဆောင်တဲ့ အနောက် ဥရောပနဲ့ တရုတ်တို့ရဲ့ ယနေ့ စီပွားရေး တိုက်ပွဲတွေ ဖြစ်နေတာ။ မဟာဗျူဟာဆိုင်ရာ ဖြန့်ကျက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား ပြောင်းလဲလာတာ။ အထူးသဖြင့် အာရှ-ပိစိဖိတ် ဒေသကနေပြီးတော့ အမေရိကန်က ဆုတ်ခွာဖို့ ခြေလှမ်းပြင်နေတဲ့ အချိန်မှာ တရုတ်ရဲ့ တောင်တရုတ်ပင်လယ် ကိစ္စတွေနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံအားလုံးကလည်း အတော်လေးကို သဘောမကျနိုင်အောင် ဖြစ်နေတာပေါ့။
ဆိုလိုတာက ခေါင်းဆောင်တဲ့ နိုင်ငံသာ ပြောင်းသွားတယ်။ အတွင်း သဘောတွေကတော့ သိပ်ပြီးတော့ ပြောင်းလဲတဲ့ သဘော မတွေ့ရသေးပါဘူး။ အဲဒါကြောင့် ဒေသတွင်း နိုင်ငံတွေကို တနည်း မဟုတ်တနည်း အနည်းနဲ့အများ ရိုက်ခတ် နေလိမ့်မယ်။ အဲဒီအတွက် အမျိုးသား လုံခြုံရေးကို စဉ်းစားတဲ့နေရာမှာ အဲဒါတွေကို ထည့်သွင်း စဉ်းစားရမယ့် အနေ အထား ရောက်လာတယ်လို့ ယူဆပါတယ်။
ဆက်စပ်ဖတ်ရှုရန်
တရုတ် လမ်းညွှန်မှုအောက်က ငြိမ်းချမ်းရေး ခရီးမရောက်
TNLA ၏ လက်နက်ခဲယမ်း လေးသောင်းကျော်ကို တပ်မတော် သိမ်းဆည်းဟု ဆို