အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) ဟာ အင်ဒိုနီးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လိုအပ်တဲ့ အတွေးအမြင် အသစ်တွေကို ကြားသိနိုင်ဖို့ လူငယ်ကျွမ်းကျင်ပညာရှင် ၇ ဦးနဲ့ အင်ဒိုနီးရှား သမ္မတရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံသူတွေထဲမှာ နည်းပညာစီးပွားရေး လုပ်ငန်းတခုရဲ့တည်ထောင်သူ အမှုဆောင်အရာရှိ Adamas Belva Syah Devara နဲ့ Amartha Fintech လုပ်ငန်းတည်ထောင်သူ Andi Taufan Garuda Putra အပါအဝင် အခြား လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အင်ဒိုနီးရှား အစ္စလာမ်ကျောင်းသားအရေး လှုပ်ရှားသူတို့ ပါဝင်ခဲ့ပါတယ်။
ပါဝင်ခဲ့တဲ့ လူငယ်တွေဟာ အသက် ၂၃ နှစ်မှ ၃၆ နှစ်အတွင်းဖြစ်ပြီး အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် Putri ဟာ အင်ဒိုနီးရှားနိုင်ငံ သတင်းမီဒီယာလောကမှ အထင်ကရတဦးရဲ့ သမီးဖြစ်တယ်လို့ သိရပါတယ်။
“သူမ အသက်က ၂၃ နှစ်ပဲ ရှိသေးတာ သိလိုက်ရတော့ ကျနော် တော်တော်ကို အံ့အားသင့်ခဲ့ရတယ်” လို့ သမ္မတ Widodo က မိတ်ဆက်ပွဲမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် လာရောက်တွေ့ဆုံ အကြံပေးကြတဲ့ လူငယ်ကျွမ်းကျင် ပညာရှင်တွေထဲက အသက် ၃၁ နှစ်အရွယ် Billy ဟာလည်း မကြာခင်မှာ အောက်စဖို့ဒ် တက္ကသိုလ်မှာ သွားရောက် ပညာသင်ကြားရတော့မှာ ဖြစ်လို့ ဂုဏ်ယူကြောင်း သမ္မတက ချီးကျူးပြောဆိုခဲ့ပါတယ်။
အခုလို လူငယ်ကျွမ်းကျင် ပညာရှင်တွေကို သမ္မတရုံးကို ခေါ်ယူ အကြံတောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ဝီဒိုဒိုက “သူတို့ကို တွေ့ဆုံရတာဟာ လူငယ်တွေဆီမှာ ဖြစ်နေတဲ့ အသံတွေကို နားထောင်ချင်လို့ ဖြစ်ပါတယ်။ သူတို့ရဲ့ အတွေးသစ် အမြင်သစ်တွေကြောင့် ကျနော်တို့ နိုင်ငံကို ဘယ်လို ပုံစံတွေနဲ့ ရှေ့ဆက်သွားရမယ်ဆိုတာကို သိနိုင်တယ်”
“နောက်ပြီး သူတို့ဟာ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ လူငယ်တွေအပြင် အင်ဒိုနီးရှားနိုင်ငံတွင်းက အစ္စလာမ် ကျောင်းသားတွေနဲ့ ကျနော်တို့ ကြားက ပေါင်းကူးတံတားတခု ဖြစ်လာနိုင်ပါတယ်”လို့ ပြောပါတယ်။
သမ္မတ ဝီဒိုဒိုရဲ့ သမ္မတ သက်တမ်းတလျှောက်မှာ လူငယ်ကျွမ်းကျင်ပညာရှင်တွေကို သိသိသာသာ နေရာ ပေးထားလေ့ရှိတယ်လို့ သိရပါတယ်။
Ref. thejakartapost
You may also like these stories:
အင်ဒိုနီးရှား ကျောင်းသားဆန္ဒပြသူများကြားဝယ်
ဂျာကာတာမြို့ကို အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်တော့မှာ မဟုတ်