မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များကို လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု ဂမ်ဘီယာနိုင်ငံက စွပ်စွဲ ပြီး ကြားဖြတ် အစီအမံများ ချမှတ်ပေးရန် လျှောက်ထားမှု အပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က မြန်မာနိုင်ငံအနေ ဖြင့် လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ဇန်နဝါရီ၂၃ ရက်က ဆုံးဖြတ် ချမှတ်ခဲ့သည်။
အဆိုပါ အစီအမံများမှာ (၁) လူမျိုးသုဉ်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် အပိုဒ်(၂)တွင် ဖော်ပြထားသည့် ကျူးလွန်မှုများ (သတ်ဖြတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ သားသမီးမွေးခြင်း ဆိုင်ရာ တားမြစ်ခြင်း) ဖြစ်မလာစေရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်၊ (၂) မြန်မာစစ်တပ် အပါအဝင် ပြည်သူ့စစ်နှင့် တခြား လက်နက် ကိုင် တပ်ဖွဲ့များက ဂျီနိုဆိုက် လုပ်ရပ်မျိုး မလုပ်မိစေရန်၊ သွေးထိုးလှုံ့ဆော်မှုများ မလုပ်မိရန်၊ အလိုတူအလိုပါ မလုပ်မိရန် ထိရောက်သည့် အစီအမံများ ဆောင်ရွက်ရန်၊
(၃) ဖြစ်ပြီးခဲ့သည့် ကျူးလွန်မှုများမှ ကျန်သည့် သက်သေ အထောက်အထားများကို မဖျက်ဆီးရန်၊ ထိန်းသိမ်းပေးရန်၊ (၄) မြန်မာ၏ စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ယနေ့ ဆုံးဖြတ်ချက် ချသည့်နေ့မှ ၄ လအတွင်း အစီရင်ခံစာ တင်ရမည်။ ထို့နောက်ပိုင်းတွင် ၆ လတကြိမ်ဖြင့် အမှု မပြီးမချင်း ပုံမှန်အစီရင်ခံစာ တင်သွားရန်တို့ ဖြစ်သည်။
ကြားဖြတ်အစီအမံ ၄ ချက် ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်နိုင်ချေ ကိစ္စများကို ၂၀၁၂ ခုနှစ် ရခိုင် ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးကိုကို ကြီးထံ ဧရာဝတီ သတင်းထောက် ဇင်လင်းထက်က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်တွေနဲ့ ပတ်သက်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုကို မြန်မာ့ တပ်မတော်က သော်လည်းကောင်း လက်နက်ကိုင်တွေ သော်လည်းကောင်းကျူးလွန်လို့ မရအောင် မြန်မာအစိုးရက တာဝန်ယူရမယ် ဆို တာမျိုးလည်း အမိန့်ချလိုက်တဲ့ ကြားဖြတ် ဆောင်ရွက်ရမယ့် အစီအစဉ်တွေထဲမှာ ပါတယ်။ နောက်ပြီး ကြားဖြတ်ဆောင် ရွက်ရမယ့် အစီအစဉ်တွေကို ဆောင်ရွက်ပြီး လေးလအတွင်း အစီရင်ခံရမယ် ဆိုတာလည်း ပါတော့ ဒီအပေါ်မှာ အမြင် ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က အဓိကတော့ အသုံးအနှုန်းပေါ့။ Genocide ဆိုတဲ့ အသုံးအနှုန်းပေါ့။ ဒါကို လက်မခံနိုင်ဘူး။ ကျနော် တို့မှာ ဒီ Operations ဧရိယာတွေမှာ စစ်ပွဲရဲ့ သဘာဝအလျှောက် ကျူးလွန်တာတွေ ရှိတယ်။ ရှိတာတွေကို အရေးယူရ မယ်။ ဒါက ကျနော်တို့ရဲ့ကျင့်ဝတ်အရ ကိုယ်၌က နိုင်ငံတော်အနေနဲ့ တာဝန်ယူပြီး ကိုင်တွယ်ရမယ့် ကိစ္စတွေ ရှိတယ်။
ကျန်တဲ့အပိုင်းက လူသားချင်း စာနာမှုအရ ကျနော်တို့ နိုင်ငံသားဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူတို့ရဲ့ အသက်ရှင် သန်ခွင့်၊ လုံခြုံခွင့်နဲ့ ပတ်သက်ပြီး ကျနော်တို့ အကူအညီပေးရမယ် ဆိုတာဟာ ကျနော်တို့ နိုင်ငံ တနိုင်ငံ၊ အထူးသဖြင့် ကျနော်တို့ နိုင်ငံရဲ့ကျင့်ဝတ်။ လုပ်ကို လုပ်ရမယ့်ကိစ္စ အဲဒါက ဘာမှ ICJ ခုံရုံးတွေ ဘာတွေနဲ့ မဆိုင်ဘူး။ ကျနော် ကိုယ်တိုင် လည်း ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဦးသိန်းစိန် အစိုးရလက်ထက်က ပါခဲ့တော့ ကျနော်တို့ တိတိကျကျပဲ ထောက်ခံချက်တွေ အကြံပြုချက်တွေလည်း ပေးခဲ့တယ်။ ဒါတွေလည်း ပါပြီးသားပါ။
ဒီအလုပ်တွေက ကျနော်တို့ ကိုယ့်နိုင်ငံနဲ့ကိုယ် သူများခိုင်းစရာ မလိုဘူး။ ကျနော်တို့ နိုင်ငံမှာလည်း မတရား သတ်ဖြတ်တဲ့ ကိစ္စ၊ ကျူးလွန်တဲ့ ကိစ္စကို ကျနော်တို့ ခွင့်မပြုဘူး။ ဒါတွေက ကိုယ့်ဘာသာ ဆောင်ရွက်ရမယ့် ကိစ္စတွေလို့ မြင်ပါတယ်။
မေး။ ။ ကြားဖြတ် ဆောင်ရွက်ရမယ့် အစီအမံတွေကို အမိန့်ချလိုက်ပြီး နောက်ပိုင်း နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမယ် လို့မြင်လဲ။ တချို့လည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မကျူးလွန်ဖို့ အစိုးရက တာဝန်ယူရမယ် ဆိုတဲ့နေရာမှာ အစိုးရက တပ်မ တော် အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်ပါ့မလားလို့ သံသယ ဖြစ်ကြတဲ့ အပေါ်ရော ဘယ် လို မြင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့က ဒါ နိုင်ငံတော်ဆိုတဲ့ Identity ထဲမှာ စစ်တပ်အပါအဝင် အားလုံး အကျုံးဝင်ပါတယ်။ အဓိက က နိုင်ငံ တကာနဲ့ ရင်ဆိုင်တဲ့အခါမှာ နိုင်ငံတွင်း စုစည်း ညီညွတ်မှုက၊ ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးဆုံးလို့ မြင်တယ်။ နောက် တခုကလည်း ကျနော်တို့ဘက်က ခွဲခွဲခြားခြား မြင်ဖို့ လိုတယ်။ စစ်တပ်နဲ့ စစ်အာဏာရှင်ကို ခွဲပြီး မြင်ဖို့လိုတယ်။ ကျနော်တို့ က စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တယ်။ စစ်တပ်ကို ဆန့်ကျင်နေတာမဟုတ်ဘူး။
နိုင်ငံတနိုင်ငံမှာ လုံခြုံရေး အတွက် စစ်တပ်ဆိုတာ ရှိကို ရှိနေရမယ်။ အားကောင်း နေရမယ်။ ကျနော်တို့ နိုင်ငံရဲ့ စစ်တပ်ကို အားနည်းချိနဲ့အောင် မဖြစ်ဖို့တော့ ကျနော်တို့က အမြဲတမ်း သတိပြုသင့်တယ် လို့ ထင်ပါတယ်။
မေး။ ။ ICJ မှာ တရားစွဲခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူထုကြားထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ တို့နိုင်ငံကို တကမ္ဘာလုံး က ဝိုင်းဝန်း တရားစွဲနေကြပြီ စသဖြင့်ပေါ့။ ဆိုတော့ ICJ မှာ တရားစွဲခံရတာက လူထုအနေနဲ့ စိုးရိမ်ဖို့ လိုအပ်သလား။
ဖြေ။ ။ တခုကတော့ ICJ ရဲ့လုပ်ထုံးလုပ်နည်းက နှစ်နဲ့ချီပြီး ကြာမယ့်ကိစ္စပါ။ ချက်ချင်းကြီး ကျနော်တို့မှာ စိုးရိမ်သောက ဖြစ်လောက်အောင် မဟုတ်ဘူး။ သို့သော် ကျနော်တို့ကလည်း ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ပြဿနာကို ပြေလည်ဖို့ ကြိုးစားနေတာ ရှိတာပေါ့။ အဲဒီလို ကြိုးစားနေတာကို နိုင်ငံတကာက သိမြင် သဘောပေါက်လာအောင် အပြုသဘော ဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာအောင် သံခင်းတမန်ခင်း အရ၊ သတင်းပြန်ကြားရေး စနစ်အရ ထိထိရောက် ရောက် ဆောင်ရွက်ဖို့ လိုတယ်။
ဥပမာအားဖြင့်- ကျနော် ကြည့်နေတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးပြု ပြီးတော့ ပြည်ပ ခရီးစဉ်ပေါင်းများစွာ၊ နောက်တခါ အရေးကြီးတဲ့ နိုင်ငံတွေနဲ့ ဒီကိစ္စ တခုတည်းကိုပဲ ဦးတည်ဆောင်ရွက်တဲ့ သံခင်းတမန်ခင်း ကိစ္စတွေ အများကြီး တွေ့ရတယ်။ ကျနော်တို့က ဒီကိစ္စကို ကိုင်တွယ်တဲ့ နေရာမှာ ဥပဒေကြောင်းအရာက တပိုင်း။ သံခင်းတမန်ခင်းအရ နောက်တခုက နိုင်ငံတကာ သတင်းမီဒီယာတွေမှာ အဖြစ်မှန်တွေကို ပြန်တင်ပြနိုင်ဖို့ ဒါက စနစ်တကျနဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ အဲဒီလို လုပ်တဲ့နေရာမှာလည်းပဲ။
နိုင်ငံ တနိုင်ငံမှာ ဒီအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပေါက်အောင် ရှင်းလင်း တင်ပြနိုင်တဲ့ လူတွေကိုလည်း စု စည်းဖို့ လိုတယ်။ ဒါက တဦးချင်းရဲ့ ပြဿနာ မဟုတ်ဘူး။ ပါတီ အဖွဲ့အစည်းတခုရဲ့ ပြဿနာ မဟုတ်ဘူး။ နိုင်ငံတော် အနေနဲ့ ရှုမြင်ပြီး ကိုင်တွယ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။
မေး။ ။ ဆက်စပ်ပြီး မေးရရင် သတင်းထုတ်ပြန်မှု အပိုင်းရယ်၊ သံခင်းတမန်ခင်းရယ်ကို လက်ရှိအစိုးရရဲ့ ဆောင်ရွက်နေမှု က အားရဖို့ ကောင်းရဲ့လား။ ဘာတွေ အားနည်းချက်ရှိသလဲ ဆရာ။
ဖြေ။ ။ ကျနော်ကတော့ နှိုင်းယှဉ်မှု အရပဲ ကြည့်တာပေါ့လေ။ ရှိတ်ဟာစီနာ ကမ္ဘာပတ်ပြီး ဆောင်ရွက်နေတဲ့ လုပ်ဆောင်မှု ကို ကြည့်ရင်သူတို့ ဒီကိစ္စအပေါ်မှာ ဘယ်လောက် အားစိုက်ထုတ်တယ် ဆိုတာ ပေါ်လွင်တယ်။ ကျနော်တို့ကလည်း ကျ နော်တို့ရဲ့ သံရုံးတွေပေါ့။ နိုင်ငံခြားရေးဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး သံခင်း တမန်ခင်းမှာ ဘယ်လောက် တက်တက် ကြွ ကြွနဲ့ ဆောင်ရွက်သလဲ အဲဒါ အရေးကြီးတယ်။
ဥပမာအားဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ကျနော်တို့ ချေပတာ ငြင်းဆန်တာက တပိုင်း။ တဖက်က အရေးကြီးတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဘယ်လောက် ထိတွေ့ပြီး ဘယ်လောက် ရှင်းပြနိုင်သလဲ ပေါ့။ ကျနော်တို့က တုံ့ပြန်တယ် ဆိုရင်တောင်မှ ထိထိရောက်ရောက် တုံ့ပြန်ခြင်း (Actively Response) လုပ်နိုင်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ဖို့ လိုတယ်။ တချို့ဟာတွေမှာဆိုရင် ကျနော်တို့က Pro Active တောင် ဖြစ်ဖို့ လိုတယ်။
ကျနော်တို့ဆီမှာ တကယ်ဖြစ်နေတာတွေက ဒီလိုတွေ ဒီမှာ ဖြစ်နေတာ ပြီးတော့ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့တွေကိုပဲ ပြော နေတဲ့အချိန်မှာ တဖက်က အကြမ်းဖက် ARSA (အာရကန် ရိုဟင်ဂျာကယ်တင်ရေး တပ်ဖွဲ့) ရဲ့ ကျူးလွန်မှုတွေ မြေပြင်မှာ ဟိန္ဒူမိသားစု တွေ အစုလိုက် အပြုံလိုက် ကိစ္စတွေ။ အဲဒါတွေက နိုင်ငံတကာ မီဒီယာလောက၊ သံတမန်လောကကို မပေါက်ဘဲနဲ့ ကျနော် တို့ တဖက်သတ် ခံနေရတာ ကိုယ်၌က ကျနော်တို့ရဲ့ Media Handling ပေါ့။ သတင်းမီဒီယာ ကိုင်တွယ်ပုံမှာရော၊ သံခင်း တမန်ခင်းမှာရော အားနည်းမှုတွေ ရှိတယ်လို့ ကျနော်ကတော့ မြင်တယ်။
You may also like these stories:
ICJ ကြားဖြတ်အမိန့် မြန်မာ လိုက်နာရေး ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောကွဲ
ဂျီနိုဆိုက်နှင့် မြန်မာကို တွဲအမြင်မခံရစေရန် အတိုင်ပင်ခံ ကိုယ်တိုင် ထွက်ရှင်းရဟု သမ္မတရုံး ပြော
ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး