၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် ပြည် ထောင်စု ရာထူးဝန် အဖွဲ့သည် အမေရိကန်နိုင်ငံရှိ Akamai University နှင့် မလေးရှားနိုင်ငံရှိ EDS Business School တို့ နှင့် ပူးပေါင်းကာ နိုင်ငံ့ဝန်ထမ်းများ အတွက် MPA သင်တန်း ဖွင့်လှစ်ပေးရာ၌ ပြည်သူ့ ဘဏ္ဍာငွေ ကျပ်သန်း ၁၉၀ ကျော် သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါကျောင်းများသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ပညာရေးဌာနများက အသိအမှတ်မပြုကြောင်း ဝေဖန်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင်လည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း (MPA) သင်တန်း ပေးခဲ့ခြင်းကြောင့် နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သန်း ၁၉၀ ကျော် ဆုံးရှုံးခဲ့ရခြင်းသည် မဖြစ် သင့်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ပညာရေးဌာနများက အသိအမှတ်မပြုသည့် တက္ကသိုလ်များနှင့် ပူးပေါင်းမှုသည် ရှက်စရာကောင်းကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် ပြောဆိုခဲ့သေးသည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းကမူ MPA သင်တန်း ဖွင့်လှစ်ပေးမှုကြောင့် နိုင်ငံ့ဘဏ္ဍာငွေ များ ဆုံးရှုံးခဲ့ခြင်း မရှိကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သည်။
ရာထူးဝန်အဖွဲ့၏ တုံ့ပြန်ပြောဆိုမှုသည် ကျိုးကြောင်း ဆီလျော်မှုရှိမရှိ သိရှိနိုင်ရန် ရာထူးဝန်အဖွဲ့၏ MPA သင်တန်းပေးနေမှု ကို ဖော်ထုတ်ခဲ့သော အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ တက္ကသိုလ်တွင် ပြည်သူ့ ရေးရာ မူဝါဒ မဟာဘွဲ့သင်ကြားခဲ့သူလည်းဖြစ်၊ လက်ရှိတွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံရေး သိပ္ပံ ကျောင်းသားများအား သုတေသန လုပ်ထုံးလုပ်နည်းဘာသာရပ်ကို အချိန် ပိုင်း နည်းပြအဖြစ် သင်ကြားပေးနေသူ ကိုနေယံဦးထံ ဧရာဝတီ သတင်းထောက် ဇင်လင်းထက်က တွေ့ဆုံ မေးမြန်းထား သည်။
မေး။ ။ ရာထူးဝန်အဖွဲ့က အမေရိကန်နိုင်ငံက Akamai University နဲ့ မလေးရှား အခြေစိုက် EDS Business School တို့နဲ့ ပူးပေါင်းပြီး ဝန်ထမ်းတွေကို MPA ဘွဲ့ပေးတဲ့ ကိစ္စမှာ နိုင်ငံ့ဘဏ္ဍာ ကျပ်သန်း ၁၉၀ ဆုံးရှုံးသွားတယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဒါပေမယ့် ရာထူးဝန် အဖွဲ့က ငွေကြေးဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး တာဝန် မခံဘဲ နောင်ကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပါမည် ဆိုပြီး စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာ ပြောထားတယ်။ ဒီကိစ္စကို ဘယ် လိုမြင်လဲ။
ဖြေ။ ။ မဖြစ်သင့်ဘူးပေါ့။ ရာထူးဝန် အဖွဲ့က လုပ်ချလိုက်ပြန်ပြီပေါ့။ ပထမ တခေါက်ကလည်း ကျနော်က ဒီကျောင်းတွေ က သက်ဆိုင်ရာ နိုင်ငံအလိုက် ပညာရေးဌာနတွေက အသိအမှတ်ပြုထားတာ မဟုတ်ပါဘူး ဆိုပြီး စပြောခဲ့တယ်။ ကျနော် အချက်အလက် အပြည့်အစုံနဲ့ ပြောတယ်။
ရာထူးဝန်အဖွဲ့က မဟုတ်ပါဘူး။ ဒီကျောင်းတွေက အရည်အသွေး ရှိပါတယ်ဆိုတဲ့ ပုံစံယောင်ယောင် သူ့မှာ စာရွက်စာတမ်း တွေ ရှိပါတယ်ဆိုတာမျိုး ဗြိတိသျှပါလီမန်ထဲမှာ ခေါ်မေးခံရတဲ့ အဖွဲ့အစည်းတွေရဲ့ စာရွက်စာတမ်းတွေ ထုတ်ပြပြီးတော့ ကျနော်တို့ ပြည်သူတွေ ထောက်ပြတဲ့အချက်ကို ထင်ယောင်ထင်မှား ဖြစ်အောင်လို့ သတင်းအချက်အလက် အလွဲတွေ ပေးတယ်ပေါ့။ ပထမအချက်ပေါ့။
ဒုတိယ အချက်က သမ္မတရုံးက တရားဝင် ထုတ်ပြောတယ်။ ရာထူးဝန်အဖွဲ့က ပူးပေါင်း ဆောင်ရွက်တာကို ဇန်နဝါရီလ ၄ ရက်မှာ နားလိုက်ပြီပေါ့။ တကယ်တမ်းတော့ သူတို့မနားဘူး။ ဆက်လုပ်နေတယ်။ ဒါကို ကျနော် ဓာတ်ပုံ အထောက်အထား နဲ့ ပြတယ်။ အခုလာပြန်ပြီ နောက်ဆုံးတခေါက်ပေါ့။ ဆိုတော့ ရာထူးဝန်အဖွဲ့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုက ဘယ်မှာလဲဆို တာ ကျနော်တို့ မေးခွန်းထုတ်ရမှာပေါ့။
မေး။ ။ ရာထူးဝန်အဖွဲ့ တာဝန်ယူ တာဝန်ခံအောင် ဘယ်နည်းလမ်းတွေနဲ့ ဘယ်လိုမျိုး လုပ်သင့်တယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ နံပါတ် ၁ က သူတို့ဘက်က စလုပ်သင့်တယ်ဗျ။ ကျနော်တို့ နိုင်ငံသွားနေတာ ဒီမိုကရေစီ။ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းသည် သော်လည်းကောင်း၊ ဦးဝင်းသိမ်း အပါအဝင် ရာထူးဝန်အဖွဲ့ ထဲမှာပါတဲ့ လူငါးယောက် ရှိတယ်။ အဲဒီ လူ တွေက ဒီမိုကရေစီစနစ်ကို ယုံကြည်တယ်။ ခေါင်းဆောင်မှုကို ပြချင်တယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုကို စပြီး ပြသင့် တာပေါ့။
တကယ်လို့ သူတို့ ကိုယ်တိုင် မသိချင်ယောင်ဆောင်နေတယ် ဆိုရင် ပြည်သူတွေက ဖိအားပေးဖို့ လိုမယ်ဗျ။ ဖိအားပေးမယ် ဆိုတဲ့နေရာမှာလည်း လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို အသုံးချပြီး ပြည် သူ၊ ပြည်သားတွေ အနေနဲ့ ဝိုင်းပြီး စုပေါင်းအင်အားနဲ့ ဖိအားပေးဖို့တော့ လိုတယ်ခင်ဗျ။
မေး။ ။ အကယ်၍ ရာထူးဝန် အဖွဲ့ကို အရေးမယူနိုင်ခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးဘာရှိမလဲ။
ဖြေ။ ။ ငါးကြီးကြီး ဖမ်းတာပေါ့ဗျာ။ တကယ်တမ်းတော့ ငါးကြီးကြီးရော ငါးသေးသေးရော ဖမ်းရမှာပေါ့။ အကျင့်ပျက် ခြ စားမှုကို ကိုင်တွယ်လာရင် ငါးကြီးကြီးလို့ခေါ်တဲ့ အကျင့်ပျက်ခြစားမှု အကြီးကြီးတွေကို ကိုင်တွယ်မလား။ အကျင့်ပျက်ခြ စားမှု အသေးတွေကို ကိုင်တွယ်မလား။ တကယ်တမ်းတော့ နှစ်ခုလုံး လုပ်ရမှာဗျ။
အစိုးရအဖွဲ့ရဲ့ ပြဿနာက ငါးကြီးကြီးဆိုရင် မထိရဲ မတို့ရဲတဲ့ ကိစ္စပေါ့။ ဦးဝင်းသိမ်း အပါအဝင် ရာထူးဝန်ကိစ္စက ငါးကြီးကြီး ဟုတ်မဟုတ် သေချာ ဆန်းစစ်ဖို့တော့ လိုတယ်။ ကျနော်တို့ ထောက်ပြထားတဲ့ အချက်အလက်တွေ အရရော။ ပြည် ထောင်စု စာရင်းစစ်ချုပ်က ထောက်ပြတဲ့ အချက်အလက်တွေအရရော၊ ဒီကိစ္စက တကယ့်ကို အဂတိ လိုက်စားမှု၊ အကျင့် ပျက်ခြစားမှု၊ အကျိုးစီးပွား ဆက်နွယ်မှု လက္ခဏာတွေ မြင်ရတယ်။
ကျနော့်အမြင်အရတော့ တာဝန်ခံမှု တာဝန်ယူမှု ရှိလာအောင်လုပ်ရမယ်ဗျ။ တကယ်လို့ ဒီအချိန်မှာ ပျက်ကွက်ရင် ရှေ့ ဆက်ပြီး ဒီလိုကိစ္စတွေ ပေါ်လာဦးမှာပဲ။ ပေါ်လာခဲ့မယ်ဆိုရင် ပြည်သူတွေက အစိုးရအဖွဲ့ အပေါ် ထားမယ့် နားလည်မှု၊ ယုံ ကြည်မှု ဒါတွေက ပျက်ယွင်းလာလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒီအချိန်မှာ ငါးကြီးကြီးကိုဖမ်း တခါတည်းကြော်ဖို့တော့ လိုမယ်။
မေး။ ။ အစ်ကိုက ရာထူးဝန်အဖွဲ့ရဲ့ MPA သင်တန်းဖွင့်တဲ့ ကိစ္စကို အရင်ကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ခဲ့ တယ်။ အဲဒီတုန်းက အရေးမယူခဲ့ဘူး။ အခုရော အဂတိက အရေးယူပါ့မလား။
ဖြေ။ ။ မျှော်လင့်တယ်ဗျ။ အခုက အခြေအနေ ပြောင်းသွားပြီဗျ။ ကျနော်၂၀၁၉ မှာ တိုင်တုန်းက အဲဒီတုန်းက ကျနော် အဓိ က သုံးတဲ့ အထောက်အထားတွေက Public Source လို့ ခေါ်တာပေါ့။ ဘယ်သူမဆို ရှာဖွေကြည့်ရှုလို့ ရတဲ့ အချက်တွေ သုံးတာပေါ့။ Internal Source လို့ခေါ်တဲ့ အတွင်းသတင်းတွေ မသုံးဘူး။ တခါတလေမှာ ကျနော်တင်ပြတဲ့ အချက်တွေက အားနည်းချက်တွေ ရှိတယ်။ ဒီအဖွဲ့တွေနဲ့ ပေါင်းလုပ်တယ် ဆိုတာ အလကားတော့ မဟုတ်ဘူး။ ငွေကြေးကုန်ကျမှု ရှိတယ် ဆိုတာ သိတယ်။
သို့သော် ဘယ်လောက်ကုန်တယ် ဆိုတာ ကိန်းဂဏာန်း အထောက်အထားနဲ့ မတင်ပြနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် အတွင်း ဒေတာ ကျနော့်မှာ မရှိဘူး။ အခုတော့ အခြေအနေ ပြောင်းသွားပြီ။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အချက် အလက်တွေ ရှိပြီ။ သန်း ၁၉၀ (သိန်း ၁၉၀၀) လောက် ပြည်သူ့ဘဏ္ဍာတွေ ဆုံးရှုံးမှု ရှိခဲ့တယ်။ ကျနော့် တင်ပြချက်တွေရော ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အချက်အလက်တွေ အရရော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူ ဖို့ လိုသွားပြီ။ အခြေနေက ပြောင်းသွားလို့လေ။
မေး။ ။ ရာထူးဝန်အဖွဲ့ကို အရင်ကတည်းက တောင်းဆိုခဲ့တယ်။ ပြည်သူကို ဖြေရှင်းပေးပါ ဆိုပြီးတော့ပေါ့။ ပြည်သူကို ရာထူးဝန် အဖွဲ့က အခုအချိန်အထိ မဖြေရှင်းတဲ့အပေါ် ဘယ်လို သုံးသပ်မလဲ။
ဖြေ။ ။ ရာထူးဝန်အဖွဲ့က နည်းနည်းတော့ ရှက်သင့်နေပြီဗျ။ ပြည်သူတွေ အကုန်လုံးကလည်း လက်ညှိုးထိုး ထောက်ပြနေ တယ်ဗျာ။ သူတို့ ဒီမိုကရေစီကို တကယ်ယုံလား၊ မယုံလား ကျနော် မေးချင်တယ်။ တကယ်လို့ မသိလို့ မှားတယ်ဆိုလည်း ဝန်ခံလိုက်ပေါ့။ ကျနော်တို့ မသိလို့ပါ။ ကျနော်တို့ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ နုတ်ထွက်ပါတယ်။ ကျနော်တို့ မှားပါတယ် လို့ ပြည်သူကို တောင်းပန်သင့်တယ်။ သူတို့ သုံးတဲ့ နည်းဗျူဟာကို ကျနော် သိပါတယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ ဒီကိစ္စက လူတွေ မေ့သွားလိမ့်မယ်လို့ ထင်တယ်။ မေ့သွားမှာ မဟုတ်ဘူးဗျ။ ကျနော် အပါ အဝင် ပြည်သူတွေက စောင့်ကြည့်နေတာ ရှိတယ်။ အစိုးရအဖွဲ့က ရာထူးဝန်အဖွဲ့ကို တာဝန်ယူလာအောင် နည်းလမ်းပေါင်း စုံ သုံးပြီးတော့ ရာထူးဝန်အဖွဲ့ ကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံနိုင်အောင် ကြိုးစားမှာပဲ။ ဒီအစိုးရ လက်ထက်မှာ တာဝန်ခံ လာအောင်၊ ဒီအစိုးရ လက်ထက်မှာ တာဝန်မခံရင် နောက်အစိုးရ တက်လာခဲ့သည်ရှိရင် ဆက်ပြီး တွန်းအားပေးနေမှာပဲ။ အဲဒီအချိန် ဦးဝင်းသိမ်းသည် ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ။ တာဝန်ခံမှုရှိလာအောင် ကြိုးစားရ မှာပဲ။
မေး။ ။ အခြားနိုင်ငံတွေမှာရော ငွေကြေးအလွဲသုံးမှု တွေဖြစ်ရင် ဘယ်လို ကိုင်တွယ်သလဲ၊ ဘယ်လို အရေးယူသလဲ။
ဖြေ။ ။ အလွယ်ကူဆုံးကတော့ ငွေကြေး အလွဲသုံးစားမှုတွေ ဖြစ်ရင် ပထမဆုံး သူတို့ လက်ရှိ ရာထူးကနေ ပြုတ်သွား တယ်။ အဲဒီလောက်နဲ့ မလုံလောက်ဘူးဗျ။ နောက်မှာက ထောင်ဒဏ်တွေ ပါလာတယ်။ ကျနော်က အရင်က အမေရိကန် နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ နေတယ်။ အဲဒီက ပြည်နယ်ဝန်ကြီးချုပ်ဆို အခု ထောင်ထဲရောက်နေတာ ရှိတယ်။ ဆိုတော့ ဝန်ကြီးချုပ် အဆင့်တောင်၊ ကက်ဘိနက် အဖွဲ့ဝင်တွေတောင် ငွေကြေး အလွဲသုံးစားမှု ဖြစ်ရင် အလုပ်ပြုတ်တဲ့အပြင် ထိုက် တန်တဲ့ ပြစ်မှု ရင်ဆိုင်ရတယ်ဆိုတာ တွေ့နေရပါတယ်။
မေး။ ။ ကိုနေယံဦးက ရာထူးဝန်အဖွဲ့ကို တရားစွဲဖို့ စီစဉ်နေတယ်လို့ ကြားပါတယ်။ ဘာကြောင့် တရားစွဲဖို့ စီစဉ်တာလဲ။
ဖြေ။ ။ ဘာကြောင့်လဲဆိုတော့ သုံးချက်ရှိတယ်ဗျ။ နံပါတစ်က ပြည်သူ့ဘဏ္ဍာတွေ ဆုံးရှုံးလို့ပေါ့။ သန်းပေါင်း ၁၉၀ (ကျပ် သိန်း ၁၉၀၀) ဗျာ။ နည်းနည်းနောနော ပိုက်ဆံမဟုတ်ဘူး။ သန်း ၁၉၀ ကို အရည်အသွေးမရှိတဲ့ သက်ဆိုင်ရာ အစိုးရက အသိအမှတ်မပြုတဲ့ ကျောင်းတွေနဲ့ ပေါင်းပြီး သင်တန်းပေးမယ့် အစား မူလတန်းကျောင်းတွေ ဘယ်လောက်ဖွင့်နိုင်မလဲ။ ဆင်းရဲနွမ်းပါးတဲ့ ဒေသမှာ ဘယ်လောက် သုံးနိုင်မလဲ။ အစိုးရဝန်ထမ်းတွေရဲ့ Capacity ကို ကောင်းမွန်တဲ့ ဆရာ၊ ဆရာမ တွေနဲ့ ဘယ်လောက်မြှင့်နိုင်မလဲ။
ဒုတိယ တချက်က ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်လို့ အဂတိလိုက်စားမှု အဲဒီလက္ခဏာတွေ တွေ့ရတယ်။ ဦးဝင်းသိမ်း က ဒီကျောင်းတွေကနေ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရတယ်။ သူရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာတဲ့၂၀၁၆ မှာပဲ Akamai University က ဆုတခု ထပ်ပေးတယ်။ အဲဒီလိုပဲ သူ့ရဲ့တူ ဒေါက်တာ ဝင်းမင်းသိမ်းကလည်း ဒီကျောင်းတွေနဲ့ အလုပ်တွဲ လုပ်ခဲ့ဖူးတာတွေ တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့ အကျိုးစီးပွား ဆက်နွယ်မှု အကျင့်ပျက်ခြစားမှု လက္ခဏာရပ်တွေကို တွေ့ရတယ်။ ဒါတွေကို ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ ဖြေရှင်းဖို့ အဖြေရှာဖို့လိုတယ်။
နောက်ဆုံး တချက်က တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းခဲ့လို့ ပြည်သူတွေကို တောက်လျှောက် ညာခဲ့တယ်။ ကျောင်းအတု တွေ စစ်မှန်မရှိတဲ့ ကျောင်းတွေကို စစ်မှန်မှု ရှိသယောင် လုပ်ခဲ့တယ်။ ကျောင်းတွေကို ဇန်နဝါရီလ ၄ ရက်မှာ နားတယ် ပြောတယ်။ ဒါပေမယ့် ဆက်လုပ်နေတာ ရှိတယ်။ အခုအချိန်အထိ ဦးဝင်းသိမ်း သော်လည်းကောင်း ရာထူးဝန်အဖွဲ့က သော်လည်းကောင်း တရားဝင် သတင်းစာ ရှင်းလင်းပွဲ လုပ်တာ မရှိဘူးဗျာ။ အဲဒါတွေကြောင့် ကျနော်တို့ ဥပဒေကြောင်း အရ ရှေ့ဆက်ရဖို့ လုပ်တာပေါ့။
ဘာတွေလုပ်ထားလဲ ဆိုတော့ ကျနော် ဥပဒေအကြံပေး တယောက်နဲ့ စကားပြောထားတာ ရှိတယ်။ ကျနော် ငှားထား တယ်။ ကျနော်က ဥပေဒ စိုးမိုးရေးကို လိုလားတဲ့သူ ဖြစ်တဲ့ အတွက် ဥပဒေနဲ့အညီပဲ သွားချင်တယ်။ သူနဲ့ ကျနော် တိုင်ပင် ထားတာရှိတယ်။
မေး။ ။ ဘယ်သူလဲ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ငှားတာလား။
ဖြေ။ ။ ဘယ်သူလဲဆိုတာက ကျနော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်ရင် သိပါလိမ့်မယ်။ ကျနော့် ပိုက်ဆံနဲ့ ကျနော်ငှားတာ။ အဲဒါနဲ့ပဲ ရှေ့ဆက်မှာပေါ့။ ကျနော်တို့က အဆင့် သုံးဆင့်နဲ့ သွားမယ်။ ဥပဒေ လမ်းကြောင်း အတိုင်းသွားမယ်။ ပထမ အ ဆင့် ပြည်သူတွေဆီကနေ လက်မှတ် ကောက်မယ်။ ငါးရာကနေ ၁ ထောင်ကြား ကောက်မယ်။ ခုနက ရထားတဲ့ လက်မှတ် ငါးရာလောက်နဲ့ ပေါင်းပြီး ပြည်သူတွေ ကိုယ်စား ကျနော်က တိုင်မှာပေါ့။
ပထမဆင့် အနေနဲ့ ကျနော်တို့က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်မယ်။ ကျနော်တို့၂ ပတ်စောင့် မယ်။ ကျနော့် အတွေ့အကြုံအရဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အလုပ်လုပ်တာ မြန်တယ်။ အဲဒါ တော့ ချီးကျူးတယ်။ သမ္မတရုံးကို တိုင်တာက ၁ နှစ်ပြည့်ပြီ။ အခုအချိန်အထိ စာမလာ သတင်းမကြား ကျနော့်ဆီ အကြောင်း မပြန်ဘူး။ သို့သော် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အွန်လိုင်းကပဲ တိုင်တာ။ တပတ်အတွင်း ကျနော့်ကို အကြောင်းပြန်တယ်။
အခု အခြေအနေတွေ ပြောင်းသွားတာဖြစ်တဲ့ အတွက် ရလာတဲ့ အထောက်အထား အချက်အလက် အသစ်တွေနဲ့ ပြည်သူ တွေရဲ့ လက်မှတ်ငါးရာနဲ့ စုပေါင်းပြီး ပထမအဆင့် အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်မယ်။ ၂ ပတ် စောင့်ကြည့်မယ်။ ၂ ပတ်နေမှ မထူးရင် သမ္မတရုံးကို တိုင်မယ်။ ဒါက အဆင့် ၁ လုပ်မှာပေါ့။
တလနေလို့မှ မထူးရင် ဒုတိယအဆင့်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုသွားမယ်။ ပြည်ထောင်စု လွှတ်တော် နာယကကို လိပ်မူပြီး တိုင်မယ်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို လွှတ်တော်ထဲခေါ်ပြီး ကြားနာစစ်ဆေးဖို့ပေါ့။ ဘာကြောင့် ဒီကျောင်း တွေနဲ့ တွဲလုပ်တာလည်း တကယ်ရော ထိုက်တန်ရဲ့လား။ အကျိုးစီးပွားဆက်နွယ်မှုတွေ ရှိလို့လား စသည်ဖြင့်ပေါ့။
တချိန်တည်းမှာပဲ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံရုံးကို တိုင်မယ်။ လမ်းညွှွန်ချက်၊ ညွှန်ကြားချက်တွေ ပေးဖို့ပေါ့။ ထုံးစံ အတိုင်း၂ ပတ် စောင့်မယ်။ ပထမအဆင့်၊ ဒုတိယအဆင့်မှ မထူးရင် ကျနော်တို့ တကယ် တရားရုံးမှာ တရားစွဲပြီဗျ။ ဘယ် ဥပဒေ နဲ့ ဘယ်ပုဒ်မနဲ့ စွဲမလဲဆိုတာကတော့ အဲဒီအချိန်ကျရင် ကျနော် ထုတ်ပြောမယ်ပေါ့။ လောလောဆယ်တော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ သမ္မတရုံးကို တိုင်ဖို့ပဲ ကျနော်တို့ အာရုံစိုက်နေတယ်။
မေး။ ။ လက်မှတ်က ဘယ်လိုကောက်မှာလဲ။ အွန်လိုင်းကပဲလား။ ကိုယ်စားလှယ်တွေက တဆင့် မြေပြင်အထိ ဆင်းပြီး ကောက်မှာလား။
ဖြေ။ ။ လက်မှတ် ကောက်ချင်တယ်ဆိုတဲ့ ဆန္ဒက ကျနော် အင်္ဂလန်မှာ ကျောင်းတက်နေကတည်းက ရှိတာပါ။ ဒါပေမယ့် ကျနော်က ကျောင်းတဖက်နဲ့ ပြည်တွင်းမှာလည်း မရှိတော့ ပြည်သူတွေဆီက လက်မှတ်ကောက်တာ ကျနော့်အတွက် ခဲ ယဉ်း တယ်ပေါ့။ အဲဒီတုန်းက ကျနော်သုံးတဲ့ Strategy က ပြည်သူတွေဆီက လက်မှတ်ကောက်ဖို့ မလွယ်ရင် Public Figure လို့ ခေါ်တဲ့ လူသိများထင်ရှားတဲ့ သူတွေနဲ့ တွဲပြီး တိုင်ရင်ကောင်းမယ်လို့ စဉ်းစားခဲ့တယ်။
ကျနော်နဲ့ နီးစပ်တဲ့ နိုင်ငံရေးသမားတွေ ၊ သတင်းထောက်တွေ၊ ပညာရှင်တွေကို ကျနော် ဆက်သွယ်တယ်။ ကျနော့် တိုင် စာမှာ ဝိုင်းပြီး လက်မှတ် ထိုးပေးမလားပေါ့။ ဘာကြောင့်လဲတော့ မသိဘူး။ လူတွေက လက်ရှောင်ကြတယ်။ အာဏာရ ပါ တီ ထိခိုက်မှာ မလိုလားလို့လား ဘာလားတော့ ကျနော်လည်း နားမလည်ဘူး။ သူတို့မှာလည်း မလွန်ဆန်နိုင်တဲ့ အကြောင်း အရာတွေ ရှိမှာပေါ့။ ကျနော်နားလည်ပါတယ်။
သို့သော် မှတ်မှတ်ရရ။ ဒီနေရာမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ကျနော် ကျေးဇူးတင်တယ်။ ကျနော် ဆက် သွယ်တဲ့ အထဲမှာ ဦးရဲထွဋ်တယောက်ပဲ ခင်ဗျားစာမှာ ကျနော် လက်မှတ်ထိုးပေးမယ်။ ဒါသည် နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ဒါသည် ဝန်ထမ်းတွေ အားလုံးနဲ့ ဆိုင်တယ်။ ဆိုပြီး ပြောသွားတယ်။ သူက ရှေ့ထွက်ပြီး ရဲရဲဝံ့ဝံ့ ပါတယ်။ အဲဒီတော့ ဦးရဲထွဋ်နဲ့ ကျနော်နဲ့ ပေါင်းပြီး တိုင်ခဲ့တယ်ပေါ့။ မှတ်မှတ်ရရ ဦးရဲထွဋ်နဲ့ ကျနော် ပေါင်းလို့ ကျနော့်ကို ဝေဖန် တာလည်း ရှိတယ်။ ထားပါတော့ ဒါက။ ဒါပေမယ့် ဒီနေရာမှာ ဦးရဲထွဋ်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။
အခုကျတော့ ကျနော်မြန်မာပြည် ပြန်လာပြီ။ ပြည်တွင်းမှာလည်း ရောက်နေပြီ။ နဂိုကထက်စာရင် လက်မှတ်ကောက်ရတာ ပိုလွယ်သွားပြီ။ အရမ်း အဆင်ပြေသွားပြီ။ ကျနော် အွန်လိုင်းကနေ လက်မှတ်ကောက်ကြည့်မယ်။ ဘာကြောင့်လဲဆိုတော့ နယ်ကလူတွေက လက်မှတ်တွေ ထိုးချင်တယ်လို့ ကျနော့်ကို ပြောကြတယ်။ အွန်လိုင်းကနေ ကောက်ကြည့်မယ်။ တကယ် လို့ လုံလောက်တဲ့ ပမာဏ မရဘူးဆိုရင် အပြင်မှာပါ ထွက်ကောက်မယ်ပေါ့။
မေး။ ။ ဝန်ထမ်းတွေကို ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာ နိုင်ငံအလိုက် အသိအမှတ်မပြုတဲ့ တက္ကသိုလ်တွေနဲ့ ပေါင်းပြီး သင် တန်းပေးခဲ့တာပေါ့။ MPA သင်တန်းပေါ့။ ကျနော်သိချင်တာက အဲဒီသင်တန်းကို တက်ခဲ့တဲ့ ဝန်ထမ်းတွေအတွက်ဆိုရင် ဘာတွေ နစ်နာမှု ဖြစ်ခဲ့နိုင်သလဲ။ အစ်ကို့ အမြင်ပြောပြပေးပါ။
ဖြေ။ ။ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ ထိခိုက်နစ်နာမှု ရှိတာပေါ့။ ဂုဏ်သိက္ခာပိုင်း ဆိုတာ ဘယ်လိုလဲဆိုတော့ သူတို့က ဆရာ၊ ဆရာမတွေပေါ့။ ဖောင်ကြီးတို့၊ ဇီးပင်ကြီးတို့မှာ စာသင်နေတဲ့ ဆရာ၊ ဆရာမတို့က မာစတာ ဘွဲ့ရမယ်။ နိုင်ငံခြား မာစတာ ဆိုတော့ အထင်ကြီးကြတာပေါ့။ အမေရိကန် မာစတာ ပိုတောင် အထင်ကြီးတာပေါ့။ သူတို့က ကြိုးကြိုးစားစားနဲ့ ကျောင်း စာတွေ လုပ်မယ်။ သင်တန်း တက်မယ်။ ဘွဲ့က ရခါနီးပြီ။ ဘွဲ့က ရတော့မှာ။ အဲဒီအခါကျမှ သူတို့ရမယ့် ဘွဲ့က အတုကြီး ဖြစ်နေပါတယ်ဆိုတာ သူတို့က သိရတာ။
သူတို့မှာ ကြိုးစားခဲ့ရတဲ့ အချိန်တွေ၊ ပေးဆပ်ခဲ့ရတဲ့ ဂုဏ်သိက္ခာတွေ ဆုံးရှုံးကုန်တာပေါ့။ အခုက လှောင်စရာကြီး ဖြစ်နေ တာပေါ့။ ငါတို့ဘွဲ့က Akamai University ကရတယ်ဆိုရင် သေချာတယ်။ မြန်မာပြည်က လူတွေက လှောင်ကြတော့ မှာလေ။ မင်းဟာက ကျောင်းအတုကြီးကပါ။ ကုန်စုံဆိုင်သာသာ ကျောင်းကြီးက ပေးတဲ့ဘွဲ့ကြီးပါ ဆိုပြီး ဂုဏ်သိက္ခာပိုင်း ထိခိုက်မှု ရှိသလို၊ အချိန်ပိုင်း၊ ကြိုးစားအားထုတ်မှု အပိုင်းတွေ ဆုံးရှုံးမှု ရှိတာပေါ့။ အဲဒီတော့ ရာထူးဝန်အဖွဲ့က သင်တန်း သားတွေကို တောင်းပန်ဖို့ လိုတယ်ဗျ။ သူတို့ အမှားလုပ်ခဲ့တဲ့ ကိစ္စဆိုတော့လေ။
မေး။ ။ တချို့ကလည်း အစ်ကို ရာထူးဝန်အဖွဲ့ကို တရားစွဲမယ့် ကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်ကြတာရှိတယ်။ အစ်ကိုက ရွေးကောက်ပွဲ ဝင်မယ်လို့လည်း ကြေညာထားတာ ဖြစ်တော့ အခုလို ရာထူးဝန်အဖွဲ့ကို တရားစွဲမယ် ဆိုတာက ရွေး ကောက်ပွဲဝင်ဖို့ အထောက်အပံ့ ရအောင် လုပ်တာလားဆိုပြီး ဝေဖန်တာ ရှိတယ်။ ဒီအပေါ်မှာ ဘာမှတ်ချက်ပေးချင်လဲ။
ဖြေ။ ။ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကျနော် အခု ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာထားတယ်။ ဒါက လူတိုင်းလည်း သိပါတယ်။ ရွေးကောက်ပွဲဝင်မယ် ဆိုရင် ကျနော် တယောက်တည်း လုပ်လို့ မရဘူး။ ကျနော့်ကို ဝိုင်းကူမယ့် Team ရှိတယ်။ ကျနော့်မှာ ကမ်ပိန်း Team ရှိတယ်။ ကျနော် တယောက်တည်းတော့ မဟုတ်ဘူး။ တခြားလူတွေတော့ မဟုတ်ဘူး။ ကျနော့် သူငယ်ချင်းတွေပေါ့။
မင်းဘယ်ပေါ်လစီတွေကို ဦးစားပေး လုပ်သင့်တယ်။ ဘယ်လိုအကြောင်းအရာတွေ ကိုင်သင့်တယ် စသဖြင့်ပေါ့။ ရာထူးဝန် အဖွဲ့ကို တရားစွဲမယ့်ကိစ္စက သူတို့ကိုတောင် မတိုင်ပင်ပါဘူး။ ကျနော့်ဘာသာ ဆုံးဖြတ်ချက်ချတာ။ Facebook မှာ ရာထူး ဝန် အဖွဲ့ကို တရားစွဲမယ်လို့ ရေးလိုက်တော့ ကျနော်နဲ့ အလွန်တရာ သဘောထား ကွဲလွဲတယ်။ ကျနော့်ကို ကူမယ့် လူအ ရင်းကြီးတွေနဲ့ ကျနော်နဲ့ သဘောထား ကွဲလွဲတယ်။ ရာထူးဝန် အဖွဲ့ကို တရားစွဲမယ် ဆိုတာ မဖြစ်သင့်ဘူး။ ဘာကြောင့်လဲ ဆိုရင် အလုပ်တွေ အရမ်းရှုပ်လိမ့်မယ်။ ကမ်ပိန်းလုပ်ဖို့လည်း ရှိသေးတယ်။ သင်္ကြန်ပြီးတာနဲ့ အလုပ်များပြီဗျာ။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့ ပြင်တာနဲ့ ဘာနဲ့။ တရားရုံး သွားရ ဘာရနဲ့။ မြန်မာပြည်ရဲ့ တရားစီရင်ရေး စနစ်ကလည်း သိတဲ့အတိုင်းပဲပေါ့။ ဥပမာ- ဗစ်တိုးရီးယား Case ကိုပဲ ကြည့် ဘာမှလည်း ဖြစ်မလာဘူး။ ဘယ်မှလည်း မရောက်ဘူး။ ဒီနိုင် ငံရဲ့ တရားစီရင်ရေးစနစ်ကို ဘယ်လောက် အယုံအကြည်ရှိလို့လဲပေါ့။ ကျနော့်သူငယ်ချင်းတွေက လုံးဝ မလုပ်ဖို့တား တယ်။ ကျနော်က သူတို့ကို ရှင်းပြတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ နမူနာကောင်း ဖြစ်အောင် လုပ်ဖို့ လိုတယ်။
ဒီကိစ္စက ချက်နဲ့ လက်နဲ့ မိမိရရ ဒီလိုကိစ္စကို ထိထိရောက်ရောက် အဆုံးသတ် လုပ်နိုင်မှ နောက်လူတွေ အကျင့်ပျက်ခြစား မှု မလုပ်နိုင်အောင် ဖြစ်မယ်ဆိုပြီး သူတို့ကို ကျနော် ဖျောင်းဖျတယ်။ ဖျောင်းဖျပေမယ့် ဒီနေ့အထိ သူတို့ ကျနော့်ဘက် မပါပါဘူး။ သူတို့ စိုးရိမ်တာက ရှင်းရှင်းလေးပဲ။ ဒါတွေလုပ်ရင် ကျနော့် ကမ်ပိန်းအတွက် အပြည့်အဝ အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။ မေးခွန်းကို ဖြေရရင် ကျနော် ပေါ်ပြူလာ ဖြစ်ချင်လို့ ကမ်ပိန်းကို ထိရောက်ချင်လို့ ကျနော်လုပ်တာ မဟုတ် ဘူးဗျ။ ဒါလုပ်တဲ့အတွက် ကျနော်ပိုတောင် အလုပ်ရှုပ်ဦးမယ်။ စက်တင်ဘာ၊ အောက်တိုဘာမှာ ကမ်ပိန်း ကျနော် စလုပ် မယ်ဆိုရင် ပိုတောင် အလုပ်ရှုပ်ဦးမယ်။
မေး။ ။ ရာထူးဝန်အဖွဲ့ကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တာရှိရင် ဖြည့်စွက် ဆွေးနွေးပေးပါခင်ဗျ။
ဖြေ။ ။ အရင်ဆုံး ကျနော်ဘွဲ့ အတုတွေ ဖော်တာ။ သုံးကြိမ်မြောက်ပေါ့။ ကျနော်ဆက်ဖော်ဖို့လည်း ရှိပါတယ်ပေါ့။ ကျနော် လည်း မအားသေးတာနဲ့ ဒီ့ပြင်အလုပ်တွေလည်း ရှိသေးတယ်ပေါ့။ အရင်ဆုံး စလိုက်တာက ဦးဝင်းသိမ်းပေါ့။ သူ့မှာ ဒေါက် တာဘွဲ့ မရှိဘဲ ဒေါက်တာ ဝင်းသိမ်းလုပ်တယ်ဗျာ။ အခုတော့ ဦးဝင်းသိမ်း ပြန်ဖြစ်သွားပါပြီ။ နောက်တခုက ဒေါက်တာ ဝင်းမြတ်အေးကိစ္စ ရှိတယ်။ အောက်စဖို့ဒ်က ဆုအတုကို ခပ်တည်တည်နဲ့ ယူပြီး CV ဖောင်ထဲ ထည့်ထားတယ်။
နောင်တက်လာတဲ့ အစိုးရတွေ လက်ထက်ကျရင် ကျနော်တို့ ဘာဖြစ်သင့်သလဲဆိုရင် ဒီဝန်ကြီးတွေ ကက်ဘိနက် Level Post တွေမှာ ဥက္ကဋ္ဌတွေ ခန့်မယ်ဆိုရင် လွှတ်တော်မှာ တကယ်ခေါ်ဖို့လိုတယ်။ အမေရိကန်ကို ကျနော်အရမ်းကြိုက်တယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ဆိုရင် ဝန်ကြီးတွေကို ခန့်မယ်ဆိုရင် လွှတ်တော်ထဲခေါ်တယ်။ သက်ဆိုင်ရာ လွှတ် တော်ကော်မတီကနေ Grill လုပ်တယ်လို့ ခေါ်တယ်။ ကင်တာပေါ့ဗျာ။ တကယ့်ကို စိစစ်တာပေါ့။
ပညာရေးဝန်ကြီးဆိုရင် ပညာရေး ကော်မတီကမေးပြီးတော့ တကယ်ကို လုပ်တာနော်။ မင်းပညာရေးအကြောင်း ဘယ် လောက်သိလို့လဲ။ တကယ်ရော သာမန်ပြည်သူတွေတက်တဲ့ ကျောင်းတွေ အကြောင်းသိလို့လား။ တကယ်ကို စစ်တာဗျ။ ကျနော်တို့ အဲဒါမျိုး လုပ်သင့်တယ်။ ဒါပေမယ့် ဒီမှာ ဝန်ကြီးတွေခန့်ရင် လွှတ်တော်ရဲ့အတည်ပြုချက်ယူရတယ်။ ခုနက ပြောတဲ့ စိစစ်တဲ့ လုပ်ငန်း ကြားနာမှုက မရှိဘူးပေါ့။ အဲဒါမျိုး သွားသင့်တယ်ပေါ့။
နောက်တချက်က အကျင့်ပျက် ခြစားမှု၊ အဂတိလိုက်စားမှု၊ ကိုယ်ကျိုးစီးပွား ဆက်နွယ်မှုကို ကျနော်တို့က တကယ့်ကို လက်မခံဘဲ၊ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုတယ်။ ငါးကြီးသည်ဖြစ်စေ၊ ငါးသေးသည်ဖြစ်စေ ကိုင်တွယ်ဖို့ လိုအပ် တယ်။ ကျောသား ရင်သားလည်း မခွဲခြားဖို့ လိုတယ်။ ရာထူးဝန်အဖွဲ့မှာ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးတာ၊ အကျိုးစီးပွား ဆက် နွယ်တာ အပြင် ကျနော်ပြောဖို့ ကျန်တာက တင်ဒါ မခေါ်ဘူးဗျ။
နိုင်ငံတော် သမ္မတရုံးရဲ့ ညွန်ကြားချက် ၁/၂၀၁၇ အရဆိုရင် သိန်း ၁၀၀ အောက်ဆိုရင် တင်ဒါ မလိုဘူးဗျာ။ သိန်းတရာ အထက် ဆိုရင် တင်ဒါလိုတယ်။ အခုဆိုရင် စဉ်းစားကြည့်ဗျာ။ သိန်း ၁၉၀၀ တင်ဒါ ခေါ်ကို ခေါ်ရမှာ။ တင်ဒါမခေါ်ဘဲ သူ့ ဟာသူ လုပ်တယ်ပေါ့။ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးပေါ့။
နောက်တခုက ပိုက်ဆံတွေကို လုံးခနဲ ထုတ်တာ လက်ရှိ ငွေကြေးစည်းမျဉ်း၊ စည်းကမ်းအရ ဒီနှစ်ဘတ်ဂျက်မှာ မသုံးဖြစ်တဲ့ ငွေကို ပြန်အပ်ရတယ်။ နောက်မှ ပြန်ထုတ်ပေါ့။ ဒါပေမယ့် ရာထူးဝန် အဖွဲ့က အဲဒီလို မလုပ်ဘူးဗျ။ သုံးနှစ်စာလောက် ၊ ၂ နှစ်စာလောက်ကို လုံးခနဲ ထုတ်တယ်။ ပြန်မအပ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ့ရတယ်။ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ကန်တင်း ကိစ္စမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ ရာထူးက အထုတ်ခံရတယ်။ ရာထူးဝန်အဖွဲ့ကိစ္စမှာ အလုပ် ထုတ်ဖို့က ဝေးလို့ လူတောင် ထွက်မရှင်းဘူး။ ကျနော်ပြောချင်တာက အဲဒီလို ဥပဒေကို လက်တလုံးခြား လုပ်လို့ မရဘူး။ မည်သူမဆို တန်းတူ သွားသင့်တယ်ပေါ့။
နောက်ဆုံးတချက်က တကယ်ကို ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် တကယ့်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပြီး ပြည် သူတွေရဲ့ အသံကို နားထောင်ဖို့တော့ လိုတယ်ဗျ။ ငါတို့တင်တဲ့ ဝန်ကြီးမို့ ငါတို့ ကာကွယ်ရမယ်ဆိုတာမျိုး အစိုးရကို စိတ်မထားစေချင်ဘူး။ ပြည်သူတွေ အသံ နားထောင်မယ်။ အချက်အလက် အစုံနဲ့ တင်ပြမယ်ဆိုရင် ထိရောက်စွာ အရေး ယူဖို့တော့ လိုတာပေါ့။
You may also like these stories:
MPA သင်တန်းကြောင့် နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးခဲ့ခြင်း မရှိဟု ရာထူးဝန်အဖွဲ့ပြော