ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင်းမှာ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြားက နယ်မြေ စိုးမိုးဖို့ အားပြိုင်ပြီး အပြန်အလှန် တိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေက ရပ်တန့်ခြင်း မရှိသေးပါဘူး။
ပလက်ဝ ဒေသခံ ၆ သောင်းခန့်ဟာ စစ်ဘေးဒဏ်ခံနေရတဲ့ အပြင် စားနပ်ရိက္ခာ ခက်ခဲမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ဒီ့ပြင် မြေပြင်က AA တပ်ဖွဲ့ဝင်တွေက ပလက်ဝက ရခိုင်ပြည်ဒေသခံ ခူမီးမျိုးနွယ်စုဟာ ရခိုင်လူမျိုး ဖြစ်တယ်လို့ ပြော ဆိုကြတဲ့ အပေါ်မှာလည်း အငြင်းပွားမှုတွေနဲ့ အမြင်မကြည်မှုတွေ ရှိနေကြပါတယ်။
ပလက်ဝက တိုက်ပွဲတွေရဲ့ အခြေအနေ၊ ပလက်ဝမြို့နယ် အပေါ် AA ရဲ့ စစ်ရေး ရည်မှန်းချက်၊ ခူမီးမျိုးနွယ်စုတွေ အပေါ် သဘောထားနဲ့ ပတ်သက်ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ မတ် ၇ ရက် ပလက်ဝမြို့နယ် မီးချောင်းတံတားနားက တိုက်ပွဲမှာ တပ်မတော်ဘက်က မီးလောင်ဗုံးတွေ ကျဲချ တယ် ဆိုပြီး AA ဘက်ကထုတ်ပြန်တာ တွေ့ရတယ်။ မီးလောင်ဗုံး အမျိုးအစားက ဘာလဲ။ ဘယ်လိုပုံစံမျိုးလဲ။
ဖြေ ။ ။ ကျနော်တို့ အဲဒီ အမျိုးအစားတွေ အတိအကျတော့ မပြောနိုင်သေးပါဘူး။ အရင်ထက် ပိုကြီးမားတဲ့ ဗုံးကြီးတွေ ပစ်ချနေတာတော့ ဟုတ်တယ်။ မီးလောင်ဗုံးတွေပေါ့။ ကျနော်တို့ အတိအကျတော့ အခုလောလောဆယ် မပြောနိုင် သေးဘူး။ ကျနော်တို့ ခန့်မှန်းတာက Thermobaric Bomb ပေါင်၂၅၀ ၊ ပေါင် ၅၀၀ ဗုံးတွေ ဖြစ်ဖို့ များပါတယ်။ ပေါက် ကွဲအား ပြင်းထန်ပြီး အနီးနားရှိတဲ့ အောက်ဆီဂျင်တွေပါ လောင်ကျွမ်းတာပေါ့။
သူက Waves တွေနဲ့ ရိုက်ပြီး ကွဲတော့ ဘန်ကာထဲက လူတွေပါ နားစည်တွေ ကွဲတယ်။ ဒီလို ရိုက်ခတ်မှု ရှိတာမျိုးပါ။ အနီးအနား ပတ်ဝန်းကျင်နားမှာလည်း ကျကွဲတာကိုး။ ကလေးတွေ ဘာတွေ နားပင်းသွားတာတို့၊ နားက သွေးထွက် လာတာတို့ အဆုတ်တွေ မွန်းပြီး သတိလစ်သွားတာတို့ Thermobaric ဗုံးကြီးတွေနဲ့ တူပါတယ်။
မေး ။ ။ ဒီလို ပြင်းအားကြီးတဲ့ ဗုံးကျဲ တိုက်ခိုက်မှုက ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်မြေပြင်မှာရော ကြုံရလား။ ပလက်ဝမှာ ပထမဆုံး ကြုံရတာလား။
ဖြေ ။ ။ တခြားနေရာတွေမှာလည်း ချခဲ့တာ ရှိပါတယ်။ ကျနော်တို့ တောင်ကုန်းတွေမှာ တိုက်ပွဲတွေ အရမ်း ပြင်းလာ ပြီ။ သူတို့ရဲ့စစ်ကြောင်းတွေ အဘက်ဘက်က ပိတ်မိနေတဲ့ အနေအထားတွေမှာဆိုရင် သုံးပါတယ်။ အခုနောက်ပိုင်း တော့ အသုံးများတာပေါ့။ ကျနော်တို့ ရဲဘော်တချို့ နားက အသံမကြားတော့တာတို့ အခုနောက်ပိုင်း သတင်းပို့တာ တွေမှာ တွေ့ရပါတယ်။
မေး ။ ။ မီးချောင်း တံတားက ဗျူဟာကုန်းက ကျောက်တော်နဲ့ ပလက်ဝကြား ရေကြောင်းကို အဓိက ထိန်းချုပ်နိုင်မယ့် နေရာဖြစ်လို့ AA က ထိုးစစ်ဆင်နေတာလို့ ကြားရပါတယ်။ ဟုတ်ပါသလား။
ဖြေ။ ။ တိုက်ပွဲတခုကတော့ ရည်ရွယ်ချက်တွေက တခု မကပါဘူး။ အများကြီးတော့ ရှိမှာပါ။ အဲဒီနေရာက ရေကြောင်း ရော တခြားနယ်မြေ စိုးမိုးရေးအရရော အရေးပါတာလည်း ဟုတ်ပါတယ်။ အဲဒီလိုပါပဲ ရည်ရွယ်ချက်တွေကတော့ အများကြီး ရှိမှာပါ။
အကြောင်းပြုပြီး ဖြစ်တာကတော့ မီးချောင်းတံတား ဗျူဟာကုန်းကို အကြောင်းပြုပြီး တိုက်ပွဲဖြစ်နေတာပေါ့။ ဒါပေမယ့် အဲဒီ တခွင်လုံးမှာ သူ့ရဲ့စစ်ကူတွေက ကျောက်တော်ဘက်က တက်လာတဲ့ တပ်ရင်းက ကျနော်တို့ ဖမ်းမိထားတဲ့ သုံ့ ပန်းတွေဆီကနေ သိရတာက အနည်းဆုံး ၄ ရင်း ရှိမယ်။ တပ်မ ၅၅၊ ဒေသခံ တပ်ရင်း ရှိမယ်။ ကျောက်တော်ဘက်က လာနေတာ ၅ ရင်းလောက် ရှိတယ်။
ပလက်ဝ မြောက်ဘက် မီးချောင်းရဲ့ မြောက်ဘက်ကနေလာပြီး တိုးနေတာလည်း ၂ ရင်း၊ ၃ ရင်းတော့ ရှိမယ်။ တပ်မ ၅၅ ရဲ့ ပုံမှန် စစ်ကြောင်း ဖွဲ့စည်းပုံက အင်အား ၁၅၀နဲ့ ၁၈၀ ကြားပေါ့။ ကျနော်တို့ စုံစမ်းလို့ သိထားတာ။ ဆိုတော့ စစ် ကူက မြေပြင်ကနေ လာတာ ရှိတယ်။ ရဟတ်ယာဉ်နဲ့ လာပြီး ပို့တာ ၈ စင်းရှိပြီ။ ရဟတ်ယာဉ်နဲ့ လာပြီးပို့တာက တပ်မ ၇၇ တပ်ရင်းတွေ ဖြစ်တယ်။ ကျနော်တို့ ဖမ်းမိထားတဲ့ သူတို့ တချို့စစ်သားတွေ သူတို့က ဒဏ်ရာရတဲ့ စစ်သားတချို့ ကို ပတ်တီးစည်းပြီး ဒီတိုင်းထားခဲ့တယ်။
ကျနော်တို့ ဆေးကုပြီးတော့ ကယ်ထားတာတွေ တချို့ ရှိတယ်။ အဲဒါတွေကို စစ်ဆေးကြည့်တော့ တပ်မ ၇၇ ၊ ခမရ ၇။ မနေ့ကလည်း ၄ စင်း ပြန်လာချတယ်။ အဲဒီ၂ ဖွ့ဲလုံးနဲ့လည်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ စစ်ကူဝင်လာတဲ့ တပ်ရင်းတွေလည်း ပိတ်မိနေတဲ့ သဘောပေါ့။ ဆိုတော့ သူတို့က အသဲအသန် နေ့ရော ညပါ ဗုံးကျဲပြီးတော့ အဲဒီ တခွင်လုံးကို တိုက်ခိုက်နေပါတယ်။
မေး ။ ။ တပ်မတော်ဘက်က ပြင်းအားကြီးတဲ့ ဗုံးတွေနဲ့ ရေရှည်တိုက်ခိုက်လာရင် AA ဘက်က စစ်သားတွေ တောင့်ခံ နိုင်ပါ့မလား။
ဖြေ ။ ။ ကျနော်တို့ စစ်သားတွေကတော့ တော်တော်လေး တိုက်ရည်ခိုက်ရည်နဲ့ သတ္တိပိုင်းမှာတော့ ယုံကြည်မှုရှိ တယ်။ လက်နက်ပိုင်းမှာတော့ ကွာခြားတာပေါ့။ ဒါပေမယ့် ကျနော်တို့ဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာ သာလွန်မှုနဲ့ သတ္တိကောင်းမွန်မှုတွေ ကြိုးစားအားထုတ်မှုတွေ အများကြီး ရှိပါတယ်။ သူ့ရဲ့အားသာချက်နဲ့ သူပါပဲ။ သူ့ရဲ့ဗျူဟာ ကုန်းအဖွဲ့ကျတော့ သူတို့ ရိက္ခာတွေ တော်တော်ပြတ်သွားပြီ။ ဒီရက်ပိုင်းမှာ မတ် ၈ ရက်ကလိုမျိုး ဆိုရင် သူတို့ ရဟတ် ယာဉ် ၇ စင်း သုံးတယ်။ ၁၀ ကြိမ်မက လာဗုံးကျဲတယ်။
ပြီးတော့ ဂျက်လေယာဉ်က အပေါ်က ဝဲပြီးတော့ ဒုံးတွေနဲ့ ပစ်တာတို့ ဗုံးကျဲတာတို့ ရှိတယ်။ တပြိုင်တည်းမှာပဲ ကုန် ပစ္စည်းတင်တဲ့ ကုန်တင်လေယာဉ်လို့ ခေါ်မလား။ အဲဒါနဲ့ လာပြီး အပေါ်ကနေ ဆန်ပြုတ်ထုတ်တွေ ရေခဲတွေ ရေသန့် ဖာတွေတော့ ချပေးနေတယ်။ တချို့ရဲဘော်တွေ ကျနော်တို့ အသေဖမ်းမိတဲ့ ရဲဘော်တွေဆိုရင် ပိန်ချုံးပြီးတော့ တော် တော်လေး အခြေအနေ မကောင်းတော့တာတွေ တွေ့ပါတယ်။ ဆိုတော့ သူ့အားသာချက်နဲ့ သူပါပဲ။ တိုက်ပွဲကတော့ တော်တော် ပြင်းပြင်းထန်ထန်နဲ့ တိုက်နေပါတယ်။
မေး ။ ။ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေကို AA ဘက်က ပစ်ခတ်နိုင်တာရော ရှိလား။
ဖြေ ။ ။ ကျနော်တို့ ဘက်ကလည်း လောလောဆယ်တော့ သူတို့ ရဟတ်ယာဉ်တွေ ပေါက်သွားတာတော့ ရှိတာပေါ့။ ကွဲသွားတာတော့ မရှိပါဘူး။ လောလောဆယ်တော့ ကျနော်တို့လည်း ကြိုးစားနေပါတယ်။ ကျနော်တို့က တကယ်လို့ လေကြောင်းရန်ကို ကာကွယ်နိုင်တယ်ဆိုရင် ထိရောက်အောင် တုံ့ပြန်နိုင်တယ် ဆိုရင်တော့ ဒီစစ်ပွဲက အပြောင်းအလဲ တခုတော့ ဖြစ်သွားမှာပဲ။ အဲဒါ အတွက်တော့ ကျနော်တို့ ကြိုးစားနေတယ်။ လောလောဆယ် ပေါက်အောင်တော့ လုပ် နိုင်တယ်။ ကွဲအောင်တော့ မလုပ်နိုင်သေးဘူးပေါ့ဗျာ။ သူတို့ ရဟတ်ယာဉ်တွေမှာ ဒဏ်ရာတွေ အများကြီး ရှိပါတယ်။
မေး ။ ။ မီးချောင်းတံတား ဗျူဟာကုန်း အပါအဝင် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရော AA ရဲ့ရိက္ခာသယ်တဲ့ လမ်းကြောင်း ကို တပ်မတော်ဘက်က ဖြတ်တိုက်နေတာ ရှိတယ်ဆို အဲဒါကရော အခြေအနေက ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ရိက္ခာလမ်းကြောင်းတွေကတော့ သူဖြတ် ကိုယ်ဖြတ်ပါပဲ။ သူ့လမ်းကြောင်းကို ကိုယ်ဖြတ်သလို ကိုယ့်လမ်း ကြောင်းကိုလည်း သူဖြတ်ဖို့ ကြိုးစားတာတော့ ရှိတာပေါ့။ ကျနော်တို့ ဒီမှာ စိတ်မကောင်းတာကတော့ အရပ်သား ပြည်သူတွေရဲ့ ရိက္ခာလမ်းကြောင်းကပဲ အဖြတ်ခံနေရတာ စိတ်မကောင်းပါဘူး။
မကြာခင်ကပဲ ကျနော်တို့ ကြေညာချက် ထုတ်ခဲ့တယ်။ ပြည်သူတွေအတွက် ရိက္ခာပို့မယ်ဆိုရင် တတ်နိုင်တဲ့ဘက်က ကူညီပေးမယ်လို့ ကျနော်တို့ ကြေညာတယ်။ ဒါပေမယ့် မကြာပါဘူး။ ဒီကျောက်တော် စကခ ၉ ၊ တပ်မ ဌာနချုပ်နားက ရိက္ခာသယ်တဲ့ ဟာတွေကို ပိတ်ဆို့လိုက်ပြီ ဆိုတော့ ကျနော်တို့ ကြားရတယ်။ ကျနော်တို့ကတော့ အဲဒါတွေကို ဘာမှ မတတ်နိုင်ပါဘူး။ ကျနော်တို့ ရှေ့ကို ရောက်လာရင်တော့ ကူညီပေးဖို့ ညွှန်ကြားထားပါတယ်။
မေး ။ ။ ကျမတို့ ဖေဖော်ဝါရီ ၂၀ ရက်ကျော်တုန်းက ပလက်ဝမှာ ရှိနေတော့ အရပ်သားတချို့နဲ့ တွေ့ပါတယ်။ ဖေဖော် ဝါရီ ၂၇၊ ၂၈ ကျောက်တော်ဘက်က တက်လာတော့ စက်လှေတစင်းကို ဆန် ၅ အိတ်ပဲ သယ်ခွင့်ရမယ်ဆိုပြီး ဆန် အိတ်တွေကို AA စစ်သားတွေက ယူထားလိုက်တယ်လို့ ပြောကြတယ်။ ဗွီကုန်းရွာနားမှာတဲ့။ ဒါတွေကရော အောက် ခြေမှာ ဘယ်လို ညွှန်ကြားထားလဲ။
ဖြေ ။ ။ ဖေဖော်ဝါရီ ၂၇၊ ကျနော်တို့ တချို့ကိစ္စတွေကတော့ ကျနော်တို့က အရပ်သားတွေရဲ့ ဆန်၊ ဒါက စစ်တပ်ရဲ့ ရိက္ခာဆိုတာ အရေအတွက်ကအစ ကျနော်တို့ ကြိုသိထားတာတွေ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့က အကုန်လုံး ကို ယူထားလိုက်တာ မဟုတ်ဘူး။ သူ့ရဲ့စစ်တပ်ရယ်၊ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ရိက္ခာတွေကို ကျနော်တို့ ယူထား လိုက်တာ ဖြစ်ပါတယ်။ အရပ်သားတွေရဲ့ဟာကို ကျနော်တို့ မယူပါဘူး။ တကယ်လို့ ကျနော်တို့ ယူထားတဲ့ဟာမှာပါခဲ့ ရင်တောင် ပိုက်ဆံဖြစ်ဖြစ် အချိန်မီ ပြန်ပေးပါတယ်။ အဲဒါလည်း ကြားမိမှာပါ။ ပညာရေးဝန်ထမ်းတွေရဲ့ လစာတွေက အစပေါ့။ ကျနော်တို့ ပြန်ပေးပါတယ်။
မေး။ ။ ပလက်ဝ ဧရိယာမှာ ရှိတဲ့ AA တပ်ဖွဲ့ဝင်တွေက သူတို့ ရိက္ခာရေး ဖြေရှင်းဖို့ ဘယ်လို ဆောင်ရွက်လဲ။ အရပ် သားတွေဆီက ဝယ်ယူတာလား။ ဘယ်လိုလုပ်ကြလဲ။ ကိုယ့်လမ်းနဲ့ ကိုယ်ဝယ်တာလား။
ဖြေ ။ ။ ဝယ်ယူရတာပါပဲ။ ခက်ခက်ခဲခဲ ဝယ်ယူတာပေါ့။ တခါတလေ ကျနော်တို့ ညွှန်ကြားထားတာ ရှိတယ်။ တိရစ္ဆာန် တွေ ကျွဲ နွားတွေ ဝယ်လို့ ရွာသားတွေ တောင်းခဲ့ရင် တောင်းတဲ့ ဈေးပဲပေးပါ။ ဈေးမဆစ်ပါနဲ့။ အဲဒါတွေ ကျနော်တို့ မှာ ထားတယ်။ တကယ်လို့ တိုင်တာတောတာ ရှိရင် သေသေချာချာ အရေးယူတယ်။ ကျနော်တို့ရွာကိုသွားပြီး လျော်ပေး တာရှိတယ်။ တချို့ကျတော့ လျော်ကြေးတွေ အပြည့်မရတာလည်း ရှိတာပေါ့။ ကျနော်တို့ကတော့ ပြောလာရင်တာ့ လျော်ပေးရမှာပေါ့။ ပြည်သူတွေဆီကနေ ဒါမျိုး လုပ်လို့ မရပါဘူး။
မေး ။ ။ ကျမတို့ ရောက်ခဲ့တဲ့ ရွာတချို့မှာ ဈေးတဝက်ပဲ ရတယ်တဲ့။ ကြောက်လို့ မပြောရဲတာတဲ့။ ပြောနေကြတာရှိ တယ်။ ဒီကိစ္စတွေကရော အထက်က ပိုက်ဆံ အပြည့်အဝ ပေးသလား။ ဘယ်လိုမျိုး ဖြစ်တာလဲ။
ဖြေ ။ ။ ဒါမျိုး သိရတဲ့အတွက် ဧရာဝတီကိုလည်း ကျေးဇူးတင်တယ်။ ကျနော်တို့ အဲဒီကိစ္စကို ပြန်စိစစ်မယ်။ ပိုက်ဆံ တော့ အလုံအလောက် ပေးထားတယ်။ အထူးသဖြင့် ပြည်သူဆီက ဒါမျိုး ဖြစ်ပြီဆိုရင် ကျနော်တို့ရဲ့ စည်းရုံးရေးတွေ ရော အကုန် အစစအရာရာ ထိခိုက်တာပဲ။ အထူးသဖြင့်တော့ ပြည်သူ့အကျိုးစီးပွား မထိခိုက်ဖို့ ကျနော်တို့ ဂရုစိုက်ရ မယ်။ ဒါမျိုး ကြားသိရတဲ့အတွက်လည်း ကျနော်တို့ ကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်။
မေး ။ ။ ပလက်ဝမြို့နယ်အတွက် စစ်ရေး ရည်မှန်းချက်ကရော ဘယ်လို ထားရှိထားပါသလဲ။
ဖြေ ။ ။ ပလက်ဝ ဒေသကတော့ ကျနော်တို့ ပထဝီအရ ပြောပြော၊ သမိုင်းအရ ပြောပြော၊ လက်ရှိ အခြေအနေ အတွက် ပြောပြော၊ အနာဂတ်အတွက် ပြောပြော ဘယ်လိုမှ ကျနော်တို့ လှုပ်ရှားမှုနဲ့ ခွဲခြားလို့မရတဲ့ ဒေသတခု ဖြစ်တယ်။ အဲဒါ ကြောင့် ကျနော်တို့က စစ်ဘက်ဆိုင်ရာ မူဝါဒ၊ နိုင်ငံရေး ရည်မှန်းချက်တွေကတော့ ကျနော်တို့မှာ အခိုင်အမာ ရှိထားပါ တယ်။ မြန်မာ့ တပ်မတော်ကို ဒီနေရာကနေ တိုက်ထုတ်ရမှာပဲ။ ရခိုင်ပြည်က တိုက်ထုတ်သလိုမျိုးပေါ့။
ပြီးရင် အရေးကြီးဆုံးကတော့ အဲဒီဒေသက တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ကျနော်တို့ သေချာ အရမ်း ဂရုစိုက် တယ်။ တိုက်ပွဲကာလမှာ စစ်မြေပြင်မှာ ကြမ်းကြမ်း တမ်းတမ်းနဲ့ ကြုံရတဲ့ ခါးသီးစရာ အတွေ့အကြုံတွေတော့ ရှိမှာပါ။ သို့သော်လည်း ကျနော်တို့ အခွင့်အရေး ရတာနဲ့ သေချာကုစားပြီးမှ မျှမျှတတ ဖြစ်အောင် ကြိုးစားသွားပါမယ်။
မေး ။ ။ ပလက်ဝက နယ်စပ် တနေရာရာမှာရော ဌာနချုပ်တခု တည်ဆောက်ဖို့ ရှိလား။ လက်ရှိရော ပလက်ဝထဲမှာ စခန်းတွေ ချပြီး နေနေပြီလား။
ဖြေ။ ။ ကျနော်တို့ စခန်းတွေ အများကြီး ရှိပါတယ်။ ဒီလောက်များတဲ့ အင်အားကို အုပ်ချုပ်တဲ့ ကျနော်တို့ရဲ့ ကွပ်ကဲ ရေးဌာနတွေတော့ နေရာအသီးသီး ရှိတာပေါ့။ လျှို့ဝှက် ရှိပါတယ်။ အဲဒါကြောင့်လည်း စစ်ဆင်ရေးတွေကို ဒီလောက် ထိ စနစ်တကျနဲ့ ဖော်ဆောင်နိုင်တာ၊ စစ်ဆင်ရေးတွေ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ ကျနော်တို့က ထိန်းချုပ်နယ်မြေဆို ပြီးတော့မှ ကိုယ့်ရဲ့ ဘိုးဘွားပိုင်နယ်တွေမှာ အကွက်လေး တကွက်ကို မက်မောနေတာ မဟုတ်ပါဘူး။ ကျနော်တို့မှာ ဒီထက်ကြီးမားတဲ့ ရည်မှန်းချက် ရှိတယ်။ ဒေသတခုလုံးကို ရအောင် တိုက်သွားမယ်။
မေး ။ ။ ပလက်ဝကို AA စစ်သားတွေ ဘယ်လို စတင် ဝင်ရောက်လာခဲ့သလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ၂၀၁၁ အကုန်၊ ၂၀၁၂ လောက်ကတည်းက အဲဒီဘက်ကို ရောက်ပြီးသားပါ။ ရောက်ပြီး တော့ လိုအပ်တာတွေ ပြင်ဆင်ရတာပေါ့။ အသေးစိတ်တော့ ပြောဖို့လည်း မသင့်တော်သေးပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် တောင်ပေါ် ဒေသတွေ ဆိုရင်လည်း တောင်ပေါ် ဒေသတွေမှာ ကျနော်တို့ရဲ့ အမျိုးအနွယ်တွေ ရခိုင်လူမျိုးတွေရော အရင်ကတည်းက ရခိုင်တော်လှန်ရေး အဆက်ဆက်မှာ ပါဝင်ခဲ့တဲ့ လူကြီးသူမတွေ အများကြီး နေထိုင်ကြပါတယ်။ အဲဒါတွေက ကျနော်တို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။
ပြီးရင် ပလက်ဝ ဒေသရဲ့ မြန်မာနိုင်ငံ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံရဲ့ အနိမ့်ကျဆုံးဒေသဆိုတော့ အစိုးရရဲ့ အဆက် အသွယ်လည်း သိပ်မရှိဘူး။ သူ့ရဲ့ပထဝီအနေအထား၊ သဘာဝ အနေအထားတွေကလည်း ကျနော်တို့ တိုးတိုးတိတ် တိတ် စိမ့်ဝင်ဖို့ အများကြီး အထောက်အကူ ဖြစ်ပါတယ်။ သူ့ရဲ့အခက်အခဲတွေကတော့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေး အစစ အရာရာ အခက်အခဲ ရှိတာပေါ့။
ဒါပေမယ့် အဲဒီ အခက်အခဲ အားနည်းချက်တွေကို အားသာချက် ဖြစ်အောင် ကျနော်တို့က ဒုက္ခ အပင်ပန်းခံပြီးတော့မှ တည်ဆောက်ပြီး ထိုးဖောက်ခဲ့ပါတယ်။ ကျနော်တို့ ၅ နှစ်၊ ၆ နှစ် အချိန်ယူပြီးမှ လျှို့ဝှက်စွာနဲ့ ကြိုးစား တည်ဆောက်ခဲ့ တယ်။ အဲဒါကြောင့်လည်း ဒီအခြေအနေမှာ ဒီလို ရပ်တည်ပြီးတော့မှ တိုက်ပွဲဝင်နိုင်တာပါ။
မေး ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းထဲကို ဝင်ဖို့ အတွက်ကရော ပလက်ဝထဲက ဝင်ခဲ့တာပေါ့။
ဖြေ ။ ။ အဲဒီကိစ္စကတော့ မှန်ပါတယ်။ ကျနော်တို့ ရန်သူလည်း အရမ်းသိချင်မှာပဲ။ အဲဒီ ကိစ္စတွေကို။ မှန်သင့်သ လောက်ကတော့ မှန်ပါတယ်။
မေး ။ ။ ဒီလောက်များတဲ့ လူအင်အား၊ လက်နက် အင်အားတွေကို ပြည်တွင်းလမ်းကပဲ ဖြတ်ပြီး အသုံးပြုခဲ့တာလား။ ဘယ်က ဘယ်လို ဝင်လာကြတာလဲ။
ဖြေ ။ ။ အဲဒါလည်း ကျနော်တို့ ရန်သူ အရမ်းသိချင်မှာပဲ။ သူလည်း သိသင့်သလောက်တော့ သိတာပေါ့။ ကျနော်တို့ နည်းလမ်းပေါင်းစုံပဲ။ မကြာခင်လည်း လက်နက်တွေ ထုတ်နိုင်မယ်လို့တော့ ထင်နေတာပဲ။ ထင်တာ မဟုတ်ပါဘူး။ ကြိုးစားနေတယ်။ ဒီ့ထက် အင်အားကြီးရင်တော့ Power က တဖက်နဲ့ တဖက် အချင်းချင်း Balance ဖြစ်သွားပြီဆိုရင်၊ အင်အားကြီးသွားပြီ ဆိုရင် စစ်တိုက်စရာ မလိုတော့ဘူးလေ။ ငြိမ်းချမ်းရေး ရပြီ။ ဒါကြောင့် ငြိမ်းချမ်းမယ့် နည်းလမ်း အတွက် ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ရက္ခိုင့် တပ်တော်ကို ပိုအင်အားကောင်းအောင် တည်ဆောက် သွားမယ်။
မေး ။ ။ ဗိုလ်ချုပ်ပြောပုံအရ ဆိုရင် လက်နက်စက်ရုံ တည်ဆောက်နေပြီလို့ ဆိုလိုတာလား။
ဖြေ။ ။ မဟုတ်ပါဘူး။ ပြုပြင်ထိန်းသိမ်းနိုင်တဲ့ အဆင့်တွေတော့ ကြိုးစားထားပါတယ်။
မေး။ ။ လက်နက်တွေ ထုတ်နိုင်ဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတော့ လက်နက်စက်ရုံ တည်ဆောက်ဖို့ စီစဉ်နေ တာရော ရှိလား။
ဖြေ။ ။ အဲဒီလို ရည်မှန်းချက် အခိုင်အမာ ရှိပါတယ်။
မေး။ ။ စက်ရုံတည်ဆောက်မယ် ဆိုရင်ရော ဘယ်လို လက်နက် အမျိုးအစားတွေ ထုတ်နိုင်လောက်လဲ။
ဖြေ။ ။ ဒါကတော့ ပြောလို့ မရသေးဘူး။ ကြီးကြီးမားမား လုပ်နိုင်လေ ကောင်းလေပဲပေါ့။ ကိုယ့်ရဲ့လုံခြုံရေးနဲ့ အချုပ် အခြာအာဏာကို အာမခံနိုင်ဖို့ အတွက် ကျနော်တို့ကတော့ ရရင်ရသလောက် ကြိုးစားရမှာပဲလေ။
မေး။ ။ ပလက်ဝက သမိုင်းကြောင်း အရဆို ငြင်းခုံမှုတွေ ရှိနေကြတယ်နော်။ ဒီအပြင် ဒေသခံ ခူမီးမျိုးနွယ်စုက သူတို့ ဟာ ချင်းဖြစ်တယ်။ တိုက်ပွဲဖြစ်နေတာကို မကြိုက်ဘူး။ အောက်ခြေမှာလည်း ချင်းနဲ့ ရခိုင်ကြား ယုံကြည်မှုတွေ ပျက် ပြားတာ တွေ့ရတယ်။ ဒီလို တင်းမာနေမှု တွေဘယ်လို လျှော့ချဖို့ စဉ်းစားချက် ရှိပါသလဲ။
ဖြေ။ ။ ပလက်ဝမှာတော့ ခူမီးက နံပါတ် ၁ ပေါ့။ ပြီးရင် ရခိုင်ပေါ့။ ပြီးရင် ချင်းတွေ ရှိမယ်။ ချင်းမျိုးနွယ်စုတွေ အလျှို ချင်းတို့ ဒိုင်တို့ပေါ့။ ခူမီးထဲမှာလည်း နိုင်ငံရေး အရ နည်းနည်းပါးပါး နိုးကြားတဲ့ အုပ်စုတွေ ရှိမယ်။ အဓိက ကတော့ လက်ရှိ မြို့ပေါ်မှာ နေပြီး နိုင်ငံရေးအရ တက်ကြွတဲ့ အုပ်စုတွေကတော့ အရင်စစ်တပ် နောက်ခံရှိတဲ့ အုပ်စုတွေဆို တော့ ကျနော်တို့ကို ဆန့်ကျင်တဲ့ သဘောရှိတယ်။ သူတို့ရဲ့ ချိတ်ဆက်တွေနဲ့ တွေ့ရင်တော့ ကျနော်တို့ကို မနှစ်သက် တဲ့ စကားပြောမှာပဲ။
ကျနော်တို့နဲ့ ထိတွေ့ဖူးတဲ့ အဆင်ပြေတဲ့ လူတွေကျတော့ မျှမျှတတ ပြောမှာပဲ။ ဒါကြောင့် ကိုယ်ကြားဖူးတဲ့ စကားက ဆန့်ကျင်ဘက် စကားဆိုရင် ဆန့်ကျင်ဘက် အုပ်စုက ပြောတဲ့ စကားတွေ ဖြစ်ဖို့ များပါတယ်။ ကျနော်တို့နဲ့ ထိတွေ့ဖူး တဲ့သူတွေ ကျနော်တို့ ကူညီဖူးတဲ့ သူတွေဆိုရင် အဆင်ပြေတဲ့ စကားတွေပဲ ကြားရပါလိမ့်မယ်။
တိုက်ပွဲကာလဆိုတော့ အရာခပ်သိမ်းကို အဆင်ပြေအောင် လူပေါင်းစုံ ကျေနပ်အောင် လုပ်ဖို့ကတော့ ကျနော်တို့မှာ အခက်အခဲ ရှိတယ်။ သို့သော် ကျနော်တို့မှာ လူမျိုးပေါင်းစုံ တန်းတူမျှတမှု လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုတွေ သူ့ ရဲ့အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ပတ်သက်ပြီး တန်းတူမျှတတဲ့ အခွင့်အရေးတွေကို သေချာ ပြဋ္ဌာန်း ထားတယ်။
မေး။ ။ ရွာတွေမှာ တရွာက ရခိုင်ရွာ၊ တရွာက ခူမီးရွာဆိုရင် ရခိုင်ရွာမှာ AA ရှိကို ရှိတယ် ဆိုပြီး တရွာနဲ့ တရွာ မကူး ရဲတာ၊ ကျမတို့ သတင်းလာယူတုန်းကလည်း ရခိုင်ရွာ သွားမယ်ဆို လုံးဝ မလိုက်တော့ဘူး။ ကိုယ့်ဘာသာ သွားချင် သွားပါဆိုပြီး ယုံကြည်မှု ပျက်နေတာ တွေ့ရတယ်။ ရခိုင်ဆိုရင် သတင်းပေးသူတွေ ဒေသထဲ AA တွေဝင်လာဖို့ လမ်းပြ သူတွေဆိုပြီး သူတို့က ထင်နေကြတယ်။ ဒါနဲ့ ပတ်သက်ရင်ရော ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ လူမျိုးစု အချင်းချင်းကြားက သဟဇာတဖြစ်မှုကို အနှောင့်အယှက် ပေးပြီး လှုံ့ဆော်နေတယ်။ ယုံကြည်မှုတွေ ပျက်အောင် လုပ်နေတာက အရင် စစ်တပ်အရာရှိ အုပ်စုဟောင်းကနေ လှုံ့ဆော်နေတာလို့ ကျနော်တို့ မြင်တယ်။ အရင်တုန်းက ကျနော်တို့ မရောက်လာခင် ၂၀၁၂ ရဲ့ ရှေ့ပိုင်းမှာ ဘာသာရေးအရ မသင့်မြတ်မှုတွေ ရှိတယ်။ အခု နောက်ပိုင်းမှာ ကျနော်တို့က ရခိုင် အသိုင်းအဝိုင်းတွေကိုရော ခူမီး အသိုင်းအဝိုင်းတွေကိုရော တတ်နိုင်သမျှ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တဦးနဲ့တဦး လေးစားမှုရှိဖို့လည်း အမြဲပြောတယ်။ ကျနော်တို့ တပ်ထဲက ခူမီးအရာရှိတွေဆိုရင် သူတို့ ခူမီး ဘာသာစကားနဲ့ သေသေချာချာ ပြောထားတာတွေကို ဗီဒီယိုမှတ်တမ်းတွေ ကျနော်တို့က သေချာ သိမ်းထားပါ တယ်။ အထောက်အထားတွေပေါ့။
ကျနော်တို့က လူမျိုးစု အချင်းချင်း သဟဇာတ ဖြစ်ရေးကို ကြိုးစားနေတဲ့အချိန်မှာ အရင် စစ်အရာရှိဟောင်းတွေက လူမျိုးစု ပဋိပက္ခတွေကို လှုံ့ဆော်ပြီး ဒါမျိုးပြောတော့ သံသယတွေကတော့ ရှိနေမှာပဲ။ တကယ်ဆိုရင် ရခိုင်တွေနေတဲ့ ရွာကိုလာလို့ ခူမီးတွေ သေသွားတာလည်း မရှိသေးပါဘူး။ ဖမ်းသွားတာလည်း မရှိဘူး။ AA က အဓမ္မ စုဆောင်းရေး လုပ်တာလည်း မရှိသေးပါဘူး။ တခါတခါတော့ ရန်သူကို သွားပြီး သတင်းပေးတယ် ဆိုတာကို အထောက်အထားနဲ့ သိ တာတို့ သူ သတင်းပေးလိုက်လို့ ကျနော်တို့ ရဲဘော်တွေ သေဆုံးသွားတယ်တို့ အခြေအနေမျိုး ဆိုရင်တော့ ဖမ်းသွား တာ မလွှဲမရှောင်သာ အခြေအနေမျိုးမှာ ရှိပါတယ်။
မေး ။ ။ ခူမီး မျိုးနွယ်စုနဲ့ ပတ်သက်ရင် သူတို့က ရခိုင်ထဲပါလား။ ချင်းထဲပါသလား။ ဗိုလ်ချုပ်က ဘယ်လို လက်ခံထား ပါသလဲ။
ဖြေ ။ ။ မနုဿဗေဒ အရဆိုရင်တော့ တောင်ပေါ် လူမျိုးစုပေါ့။ တိဗက်တိုဘားမန်း အုပ်စုလို့ပဲ ပြောရမယ်။ ချင်းမှာ လည်း သူ့မှာ ၅၂ စု ရှိတယ်။ တခုနဲ့ တခုလည်း တခါတလေ ထပ်တူမကျတာ ရှိပါတယ်။ ဘာသာရေးအရလည်း ဂိုဏ်းဂနတွေ မတူညီကြပါဘူး။ တချို့ အုပ်စုဆိုရင် ရခိုင်နဲ့ ပိုအဆင်ပြေတယ်။ တချို့ဆိုရင် မပြေတာလည်း ရှိတယ်။ ဒါပေမယ့် အများကတော့ ပြေပါတယ်။ ခူမီးအုပ်စုမှာလည်း တစုထဲမှာတောင် ကျနော်တို့ကို ဆန့်ကျင်ဘက် မြင်တဲ့ စစ်အုပ်စု နောက်ခံ အုပ်စုတွေ ရှိသလို သာမန် တောင်သူ အရပ်သားတွေ ဆိုရင်လည်း သာသာယာယာ အေးအေး ဆေးဆေးပါပဲ။
ခူမီး လူမျိုးစုကတော့ မျိုးရင်းကတော့ တိဗက်တိုဘားမန်းပဲ။ ချင်းအုပ်စုလို့ ပြောလို့ ရတယ်။ ဒါပေမယ့် ချင်းမှာလည်း ၅၂ မျိုး ရှိတယ်။ တခါတလေ သူတို့ နာဂကိုရော ကူကီးကိုရော ချင်းအုပ်စုထဲမှာ ပါတယ်လို့ ပြောတယ်။ နာဂတို့ ကူကီး တို့က ချင်းမဟုတ်ဘူးလို့ ပြောကြတယ်။ အမျိုးမျိုးပါပဲနော်။ အယူအဆကတော့ ကိုယ်ခင်ရာ ဆွေမျိုးလုပ်နေရတဲ့ အနေအထားပေါ့။ ကျနော်တို့ ရခိုင်တွေဘက်က ခူမီးကို ရခိုင်မျိုးနွယ်စုထဲကို ပါတယ်လို့ ပြောတာက မှားယွင်းမှု တခု လို့ ကျနော် ထင်တယ်။ ရောထွေးမှု တခုပေါ့။
ကျနော်တို့ ရခိုင်ပြည်မှာ ခမီ မျိုးနွယ်စု ဆိုတာ ရှိတယ်။ ခမီမျိုးနွယ်စုကို ရခိုင်မျိုးနွယ်စု ဆိုပြီးမှ ကျနော်တို့ စာပေယဉ် ကျေးမှုမှာ ပြောထားတယ်။ ရခိုင်ရာဇဝင် သမိုင်းတွေမှာလည်း နှစ်ထောင်ချီပြီးမှ ရခိုင်နိုင်ငံတော်ထဲမှာ နေလာခဲ့တဲ့ လူ မျိုးစု တစုအဖြစ် ကျနော်တို့ သမိုင်းမှာ အထင်အရှား ရှိတယ်။ မှတ်တမ်းတွေလည်း ဒီအတိုင်းပဲ။ ရခိုင်ပြည်ထဲက ဗုဒ္ဓ ဘာသာရော ခရစ်ယာန် ကိုးကွယ်တဲ့ ခမီတွေရော ဒီအတိုင်းပဲ ညီအစ်ကို ဆက်ဆံရေး ရှိတယ်။ တကယ်တော့ ခူမီး နဲ့ ခမီ ဆိုတာလည်း အတူတူပါပဲ။ သူတို့က မြစ်ရဲ့ အပေါ်မှာ နေတော့ အပေါ် ခမီပေါ့။ သူတို့က သူတို့ကိုယ် သူတို့တော့ ခူမီးလို့ ပြန်ပြောလိုက်တယ်။
ခရစ်ယာန် သာသနာကို ယုံကြည်တော့ သူနဲ့ သာသနာ နီးစပ်တဲ့ ချင်းတွေကို ခင်မင်တာပေါ့။ ဘာသာရေး ခံစားချက်နဲ့ နိုင်ငံရေး ခံစားချက် ရောပြီး ရခိုင်ကို ဆန့်ကျင်သလို ပြန်ဖြစ်သွားတာပေါ့။ ကျနော်မြင်တာကတော့ မြန်မာနိုင်ငံမှာ တောင်ပေါ် ဒေသမှာနေတဲ့ ခရစ်ယာန် ကိုးကွယ်သူ တချို့က ဗုဒ္ဓဘာသာကို ဆန့်ကျင်ဘက် အမြင်တွေ ရှိနေတာ ရှိ တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် သုံးသပ်ကြည့်တာ မြန်မာ စစ်တပ်က ခရစ်ယာန် ဘုရားကျောင်းတွေကို ဖျက် ဆီးတာတို့ လက်ဝါးကပ်တိုင်တွေကို ရိုက်ချိုးတာတွေ လုပ်လာတော့ ဒီဗုဒ္ဓဘာသာတွေ ဗမာတွေက ငါတို့ ခရစ်ယာန်ကို ချိုးနှိမ်တယ် ဖျက်ဆီးတယ် ဆိုတဲ့ ခံစားချက်က နဂို ရှိရင်းစွဲ ရှိတယ်။ အဲဒီမှာ ရောထွေးပြီး ကျနော်တို့က အမုန်းခံ လိုက်ရတာလို့ ကျနော် မြင်တယ်။
ကျနော်တို့ ULA ထဲမှာရော ရခိုင်တွေထဲမှာရော ကျနော်တို့က ခူမီးနဲ့ ခမီဆိုတာကို သေသေချာချာ နားလည်အောင် ကျနော်တို့ ကြိုးစားနေတယ်။ ပြီးတော့ သူဘာဖြစ်ချင်လဲပေါ့။ သူက ချင်းလို့ ခံယူချင်တယ်ဆိုလည်း ဒါ သူ့ရဲ့အခွင့်အ ရေးပါပဲ။ ကျနော်တို့ အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။ ကျနော်တို့ဘက်ကလည်း အောက်ခြေမှာ နားလည်အောင် ပြောပြထားရဦးမယ်။ သူတို့ မကြိုက်တာတွေကို မပြောမိဖို့ပေါ့။
မေး။ ။ ပလက်ဝမှာ ပဋိပက္ခတွေ ဖြစ်လာတော့ ချင်းအသိုင်းအဝိုင်းမှာ AA ကို ပြန်ချဖို့ လက်နက် တပ်ဆင်ပေးဖို့ ပြော ဆိုသံတွေလည်း ကြားရတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ရင် သုံးသပ်ချက် ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အဲဒါကိုလည်း ကျနော်တို့ သေချာ ကြည့်တယ်။ ချင်းမျိုးနွယ်စု အမျိုးမျိုးပါတဲ့ ချင်းအမျိုးသားတွေထဲမှာ မြန်မာ စစ်တပ်ကနေ စစ်မှုထမ်းဟောင်းတွေ အများကြီး ရှိတယ်။ မြန်မာစစ်တပ်က တိုင်းရင်းသားတွေနဲ့ တိုက်ပွဲ ဖြစ်ရင် အချင်းချင်း တိုက်တဲ့ အကွက်ကို သုံးနေကျ ဖြစ်တယ်။ သူက သူ့ရဲ့စစ်မှုထမ်းဟောင်းတွေကို ခေါ်လိုက်ပြီးမှ သူပြော ချင်တဲ့ စကားကို လူမျိုးစု စစ်မှုထမ်းဟောင်းတွေ ဆီကနေ သူ့ရဲ့မူဝါဒကို ပြောခိုင်းတယ်။ ဒါက ချင်းနဲ့ ရခိုင် ဖြစ်တာပါ ဆိုတဲ့ အသွင်ကို ယူပြီးတော့မှ နိုင်ငံရေး ကစားတာ။
မမြင့်မြတ်တဲ့ နိုင်ငံရေး ကစားကွက်၊ ရေရှည်အကျိုးအတွက် အလားအလာ မကောင်းဘူး။ ဒါမျိုး ကစားကွက်တွေက။ သူတို့ စစ်မှုထမ်းဟောင်းတွေက ပြောတာပါ။ သေချာ စိစစ် ကြည့်ပါ အမြစ်ကို တွေ့ပါလိမ့်မယ်။ ချင်းတွေက ကျနော်တို့ ရခိုင်မှာလည်း အများကြီး ရှိတယ်လို့ ကျနော် ခဏခဏ ပြောဖူးပါတယ်။ ဘာပြဿနာမှ မရှိဘူး။ ရခိုင်အချင်းချင်းမှာ တောင် စစ်မှုထမ်းဟောင်းတွေကို ခေါ်ပြီးတော့ ပြည်သူ့စစ် လုပ်မလားဆိုပြီး လုပ်တယ်။ တခါတလေ ALP တို့ကို တောင်ခေါ်ပြီးတော့ ပြည်သူ့စစ်လုပ်မလား ဆိုပြီး သပ်လျှိုသွေးခွဲတာတွေ သူတို့ အမြဲတမ်း ကြိုးစားပါတယ်။
မေး ။ ။ ချင်းနဲ့ ရခိုင်အပြင် ပလက်ဝကို ဝင်လာရင် စစ်ဆေးရေး ဂိတ်တွေမှာရော ဗမာလူမျိုးဆိုတဲ့ မှတ်ပုံတင် ကိုင်လာ ရင် ဗမာဆိုရင် ဗမာစကားပြောသူ ဆိုရင် ပစ်မှတ်ထား ဖမ်းဆီးခံရမယ်။ သတ်ဖြတ်ခံရမယ် ဆိုတဲ့ စကားတွေ ပြောတာ ကြားရတယ်။ ကြုံလည်း ကြုံခဲ့ရတယ်။ ပလက်ဝ မြို့ထဲမှာလည်း အဲဒီ သတင်းစကားတွေ ပြန့်နေတယ်။ ထမင်းဆိုင်၊ မုန့်ဆိုင်မှာလည်း အချင်းချင်း သတိပေးတာမျိုး ကြားလာရပါတယ်။
ဖြေ ။ ။ ကျနော်တို့ ဒီကိစ္စမှာ သေချာ စိစစ်ရမှာက ဒါက အချက်အလက်ကို အခြေခံထားတဲ့ ကောလဟလလား။ ဒါမှ မဟုတ် ခိုင်မာတဲ့ အထောက်အထားနဲ့ ပြောတာတွေလား ဆိုတာ ချင့်ချိန်ဖို့ လိုပါတယ်။ ရခိုင်တိုက်ပွဲ ကာလအတွင်း မှာ ကျနော်တို့ ဖမ်းမိပြီးမှ သေချာ ကူညီပြီး လွှတ်လိုက်တဲ့ ဗမာလူမျိုးတွေ အများကြီး ရှိတယ်။ မီးသတ်ထဲမှာလည်း ရှိ တယ်။ အလုပ်သမားတွေရော လမ်းစရိတ်ပေးပြီးမှ ပြန်လွှတ်လိုက်တာတွေရော ရှိတယ်။ နောက်တခုက တပ်မ ၂၂ ကရော တပ်မ ၅၅ ကရော စစ်ပြေး ဗမာတွေကို လမ်းစရိတ်ပေးပြီး သေချာကူညီပြီး လွှတ်ပေးလိုက်တာတွေ အများ ကြီး ရှိတယ်။
ဟိုကောင်လေး ၂ ယောက် (မြောက်ဦးမြို့နယ်တွင် ဈေးလာရောင်းရင်း ဖမ်းဆီးခံရ၊ ရိုက်နှက်ခံရပြီး သေဆုံးသွားသူ ၂ ဦး) ကိစ္စကတော့ ကျနော် အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့် ဒီလောက် တိုက်ပွဲဖြစ်တဲ့နေရာမှာ ပိုက်ဆံ ၁ သောင်းကို အသက်စွန့်ပြီး လာတောင်းတယ် ဆိုတော့ သူ စိစစ်ခံရမှာပဲ။ လက်လွန်ခြေလွန် ဖြစ်သွားတာတော့ ကျနော်တို့ အမှား ပြန်ဖြစ်သွားတာပေါ့။ ဒီဗမာကို လူမျိုးရေးအရ ဦးတည်ပြီး လုပ်တယ်ဆိုတာက ဇော်မင်းထွန်းတို့ပြော တာလို့ ကျနော်တို့ ကြားမိတယ်။ သူတို့ ပြောသလို ဟုတ်မဟုတ် ဆိုတာ ကျနော်တို့ လုပ်ရပ်တွေကို ကြည့်ရင် အရမ်း သိသာပါတယ်။
ကျနော်တို့ရဲ့ မူဝါဒက ရခိုင်ဒေသကနေ ဗမာ့တပ်မတော်ကို တိုက်ဖြစ်တယ်။ ဗမာ လက်နက်ကိုင် ဆိုရင် ကျနော်တို့က တိုက်ရမှာပဲ။ အဲဒီမှာ ဗမာလူမျိုး ပညာရှင်တွေ ရှိမယ်။ တခြားသော ကျောင်းဆရာတွေ ရှိမယ်။ သူတို့က သူ့အလုပ် သူ လုပ်တယ်ဆိုရင် ကျနော်တို့က ကျေးဇူးတောင်တင်ရမယ်။ ဒါ နယ်ချဲ့တပ် ဖြစ်တယ်။ ကျူးကျော်တဲ့ တပ်ဖြစ်တယ် ဆို တာ ကျနော်တို့ရဲ့သတ်မှတ်ချက် တင်ရပါဦးမယ်။
ခင်ဗျားတို့လည်း ပလက်ဝကို ဗမာစကားပြောပြီး ရောက်သွားတာပဲ။ အဲဒီအချိန်မှာ ဗမာဂိတ်ကနေ ဗမာဂိတ်ဆိုတာ ဗမာစစ်တပ်ကို ပြောတာပါ။ ဗမာဂိတ်ကနေ ခြိမ်းခြောက်မှုအနေနဲ့ ပြောတာကို ကြားခဲ့ရတာက လွဲလို့ တကယ်ကိုယ် သွားတဲ့ အချိန်မှာ လက်တွေ့ ခံစားချက်နဲ့ပဲ ချင့်ချိန်ကြည့်ပါ။ ကျနော်တို့ဘက်က မြစ်တလျှောက်ရော တောင်ကုန်းတွေ ပေါ်မှာရော ကျနော်တို့ အများကြီး ရှိတယ်။ တကယ်လို့ ကျနော်တို့က လူမျိုးရေး အမုန်းသမားတွေဆိုရင် သတင်း သမားတွေ ကိုယ်တိုင်လည်း အခက်အခဲတော့ ဖြစ်မှာပဲ။ မှန်ကန်တဲ့ အချက်အလက်တွေကို အခြေခံတဲ့ စွပ်စွဲချက်တွေ လား၊ ကောလဟလတွေလား ဆိုတာကတော့ လုပ်ရပ်တွေနဲ့ ချင့်ချိန်ကြည့်လို့ ရပါတယ်။
မေး။ ။ အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးနေတဲ့ Bilateral ကရော ပြေလည်လာနိုင်ပါသလား။
ဖြေ။ ။ Bilateral ကတော့ ဝေဝေဝါးဝါးပါပဲ။ သူတို့ဘက်ကလည်း အလျှော့အတင်း လုပ်မယ့် အပြောအဆို လေသံတွေ ကျနော်တို့ မကြားမိဘူး။ နဂိုရပ်တည်ချက် အတိုင်းဆိုရင်တော့ ဝေဝေဝါးဝါးပဲ ရှည်ကြာနေမှာပါ။
မေး။ ။ ဒါဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ပလက်ဝမှာ ဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေက ဘယ်လို အခြေအနေ မျိုးလောက် ရောက်ရင် တည်ငြိမ်သွားနိုင်မလဲ။
ဖြေ ။ ။ ကျနော်တို့ဘက်က ကြီးကြီးမားမားနဲ့ အနိုင်ရသွားရင်တော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားမယ်။ ကျနော်တို့ ရှုံးခဲ့ တာ နှစ်ပေါင်းများပြီလေ။ ကျနော်တို့ ရခိုင်တွေ နှစ်ပေါင်း၂၀၀ ကျော် ရှုံးခဲ့တယ်။ လက်နက်မကိုင်ဘဲ နှစ်ပေါင်း ၇၀ လောက် နေခဲ့တယ်။ ဒါပေမယ့် ဘာမှ မတိုးတက်ဘူး။ အဆင်းရဲဆုံးဒေသ ဖြစ်နေတယ်။
လုံးဝ မခံနိုင်တော့လို့ လက်နက်ကိုင်ပြီး တော်လှန်လာတော့ ကျနော်တို့ရဲ့ ဆင်းရဲနိမ့်ကျမှုတွေကို လက်နက်ကိုင်လို့ ဆင်းရဲတယ် ဆိုပြီးတော့ ပြောင်းပြန် လက်ညှိုး ထိုးပြနေတယ်။ သဘာဝ မကျတာတွေကို ပြောင်းလဲပစ်လိုက်ဖို့ အတွက် လက်နက်ကိုင် တော်လှန်ရေးကို လုံးဝ အပြီးသတ် အောင်မြင်အောင် ဆင်နွှဲရမယ်။
You may also like these stories:
၂၀၂၅ မတိုင်ခင် အပြောင်းအလဲကြီးတခု ခန့်မှန်းထားတယ်
ပြောင်းလဲနေသော ရခိုင်စစ်ပွဲ မြေမျက်နှာပြင်
ရက္ခိုင် ပြည်သူ့ အာဏာပိုင် အဖွဲ့ကို ထူထောင်တော့မယ်