သမိုင်းကြောင်းအရဆိုလျှင် ခေတ်သစ်မြန်မာနိုင်ငံ၏ တိုင်းရင်းသားပဋိပက္ခသည် ဆယ်စုနှစ်တခုမှ နောက်တခုသို့ ကူးပြောင်းရင်း တိုင်းပြည်၏ နိုင်ငံရေးကို အားနည်းလာစေသည့် အလွန်နှေးကွေးစွာ ရွေ့လျားနေသော ဘေးအန္တရာယ် တခုဖြစ်ပါသည်။
၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ အမျိုးသားရေး ပေါက်ကွဲ ပျံ့နှံ့လာ ပြင်းထန်လာခြင်းတို့ က ပြိုကွဲနေပြီးဖြစ်သော အမျိုးသားစည်းလုံးညီညွတ်ရေး၊ အမှားမှား အယွင်းယွင်း ဖြစ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြည်တွင်းလုံခြုံရေးတို့အတွက် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုများကို ရုတ်တရက် မြင့်တက်လာစေခဲ့သည်။
အတွေးအခေါ်အရ လွှမ်းမိုးမှုရှိသော လူငယ် ခေါင်းဆောင်များက ဦးဆောင်သော ဒေသခံ ရခိုုင်စစ်တပ် (AA) က မြန်မာ့တပ်မတော်ကို ဆန့်ကျင်ရာမှ ပေါ်ပေါက်လာသည့် ရခိုင်ပြည်နယ်မှ စစ်ပွဲအသစ်ကလည်း အထက်ပါ အခင်းအကျင်းကို ပိုဆိုးလာစေခဲ့သည်။
မကြာသေးမီက မြန်မာနိုင်ငံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်စဉ် ဘင်္ဂလားပင်လယ်အော်သို့ စီးပွားရေးဆက်သွယ်မှုအတွက် တရုတ်အစိုးရ Belt and Road Initiative (BRI) ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး အလွန်အရေးပါသော ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်တို့နှင့် နီးကပ်နေပြီ ဖြစ်သော ရန်လိုမုန်းတီးမှုများကို လမ်းကြောင်း တည့်မတ်ရန် လိုအပ်လာခဲ့သည်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အခြေချနေထိုင်သော ၁ သန်းခန့်ရှိမည်ဟု အများက ခန့်မှန်းနေကြသည့် မွတ်စလင် ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေး အလားအလာ နည်းပါးမှုများက ယခုအခါ ထပ်မံ ကျဆင်းလာနေသည်။
ပြန်၍ စဉ်းစားကြည့်ရမည်ဆိုလျှင် ၂၀၁၉ ခုနှစ်သည် အလှည့်အပြောင်းတခု ဖြစ်ပါလိမ့်မည်။ ဇန်နဝါရီ ၄ ရက်နေ့တွင် ရခိုင်မြောက်ပိုင်းရှိ ရဲကင်းစခန်းများကို AA က ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်းအားဖြင့် ၂၀၁၉ ခုနှစ်ကို ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့တွင် သင်္ကေတသဘောဆောင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလတွင် တပ်မတော်၏ အခြေစိုက်စခန်းများကို AA က များစွာ ပိုမိုကျယ်ပြန့်စွာ အကွက်ကျကျ တိုက်ခိုက်မှုများနှင့် အတူ ၂၀၁၉ ခုနှစ်ကို အဆုံးသတ်ခဲ့သည်။ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များမှ ခုခံကာကွယ်ရန် ဟော်လန်သို့ ရောက်ရှိနေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်မှာလည်း တိုက်ဆိုင်မှုမဟုတ်ပါ။
နှစ်ကုန်ပိုင်း၌ သီးခြားစီ ရှိနေသည့် မြို့နယ်များတွင် ကျယ်ကျယ်ပြန့် တိုက်ခိုက်မှု ရာနှင့် ချီ၍ ပါဝင်နေသည့် (ယခုအခါ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ ၃ မျိုးလုံး ပါဝင် ဆင်နွှဲနေပြီ ဖြစ်သည့်) စစ်ဆင်ရေးများက တပ်မတော်မှ တပ်မှူးများအတွက် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး လက်နက်ကိုင် စိန်ခေါ်မှုကို ရင်ဆိုင်နေရ ကြောင်း ပိုမို ထင်ရှားစေခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်လိုက် ရပ်လိုက် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်မတူ သည်မှာ ရခိုင်ပဋိပက္ခက အပစ်အခတ် ရပ်စဲရေး အလားအလာ လုံးဝမရှိသလောက် ဖြစ်နေသည်။
ပြီးခဲ့သည့် နှစ်အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သည့် ရန်လိုမှုများကြောင့် ၂ ဘက်လုံးတွင် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့ရသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တိုက်ပွဲများနှင့် ၎င်းတို့၏ နောက်ဆက်တွဲ နှိပ်စက်မှုများကြောင့် အရပ်သား ၁၀၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။
တပ်မတော်ကရော AA ကပါ သေဆုံးမှုအရေအတွက်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း ရန်ကုန်အခြေစိုက် လေ့လာဆန်းစစ်သူများက သေဆုံးသူ အရေအတွက် ၂ ဘက်လုံးပေါင်းလျှင် ၈၀၀ မှ ၁၀၀၀ ကြားတွင် ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း အလယ်ရှိ လူနေထူထပ်သော မြေပြန့်လွင်ပြင်များနှင့် ကျေးရွာများ ကို ပြန်လည်ထိန်းချုပ်ရန် AA က အားထုတ် ကြိုးပမ်းရာ တပ်မတော်ကလည်း AA တပ်ဖွဲ့များကို ပြည်နယ်၏ တောင်ကုန်းများနှင့် သစ်တောများ အတွင်းသို့ ပြန်တွန်းပို့ရင်း ဇန်နဝါရီနှင့် ဧပြီလအတွင်း ပြင်းထန်သော တုံ့ပြန်မှုတခုကို ဖြစ်ပေါ်စေခဲ့သည်။
ဆက်တိုက် ပြုလုပ်နေသည့် တပ်မတော်၏ စစ်ဆင်ရေးများတွင် အမြောက်ကြီးများဖြင့် ကျောထောက်နောက်ခံပေး ထားသည့် ခြေလျင်တပ်ရင်းများ အရွယ်အစား ကြီးမားစွာ ချထားခြင်း၊ လေကြောင်းအင်အားကို တိုးမြှင့်ခြင်းနှင့် ပြည်နယ်၏ မြောက်မြားစွာသော မြစ်ကြောင်းများပေါ်တွင် ရေတပ်သင်္ဘောများ ချထားခြင်းတို့ ပါဝင်သည်။
မေလမှ အောက်တိုဘာလအထိဖြစ်သည့် မိုးရာသီကစ၍ AA က ပဋိပက္ခကို တဖြည်းဖြည်း ပုံဖော်ပေးပြီး ၂၀၂၀ တွင် အရှိန်မြှင့်တင်ဖွယ် ဗျူဟာ ၂ ခုဖြင့် တုံ့ပြန်ခဲ့သည်။
ပထမဗျူဟာတွင် ဧရိယာ အများအပြားတွင် အရပ်ဘက်အုပ်ချုပ်ရေး ပြိုလဲမှုကို အမြတ်ထုတ်ရန် စင်ပြိုင်အစိုးရပုံစံ အခြေခံများ တည်ထောင်ရန် ကြိုးပမ်းမှုများ ပါဝင်ခဲ့သည်။ AA ၏ နိုင်ငံရေးအင်အားစုဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က တာဝန်ယူ လုပ်ဆောင်သည့် တိုက်ခိုက်ရေး အင်အားသစ်စုဆောင်းမှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းစဉ်မှာ အစိုးရမှ ခန့်အပ်ထားသော ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နေရာအများအပြားတွင် တပ်မတော်၏ နှိပ်စက်မှုစွပ်စွဲချက်များကြောင့် ရာထူးမှနုတ်ထွက်သွားကြခြင်းကြောင့် လျင်မြန် မြန်ဆန်ခဲ့ ပုံရသည်။
အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆောင်တာများကို အစားထိုးလုယူရန် AA ၏ကြိုးပမ်းမှုကို အောက်တိုဘာလမှ စတင်၍ ကုန်းလမ်းနှင့် ရေလမ်းမှ သွားလာနေကြသော အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များမှ ပြည်သူ့ဝန်ထမ်းများနှင့် တာဝန်ချိန်မဟုတ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီး ခေါ်ဆောင်ခြင်းများက ရောင်ပြန်ဟပ်ပြနေသည်။ သူတို့ကို ပြန်လွှတ်ပေးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းမပြုမီ ဖမ်းဆီးခံရသူများအား AA က ၎င်းတို့၏နောက်ခံ အခြေအနေများကို စစ်ဆေးခြင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင် လုပ်ငန်းများ လုပ်ကိုင် သည့် စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်ခံမည့် အစီအစဉ်ကိုလည်း ကြေငြာခဲ့သည်။
မုတ်သုန်မိုးရာသီ အတွင်းမှ ဒုတိယမြောက် အရွေ့မှာ AA က ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းမှ စစ်မြေပြင် မြို့နယ်များဖြစ်သော ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားတို့မှ နေ၍ မြေပုံနှင့် အမ်း မြို့နယ်များရှိရာ တောင်ပိုင်းသို့ ထိုးဖောက်စိမ့်ဝင်လာခြင်း အပါအဝင် ဖြစ်သည်။ အမ်းမြို့နယ်သည် တပ်မတော်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးစိုက်သည့် နေရာဖြစ်ပြီး ကျောက်ဖြူနှင့့်လည်း နီးသည်။
၂၀၁၉ ခုနှစ် အကုန်ပိုင်းတွင် AA တပ်ဖွဲ့ ငယ်များက ရခိုင်ရိုးမ၏ တောင်ပိုင်း အထိ ရွေ့လျားလာခဲ့သည် ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။ တောင်ကုတ်နှင့် သံတွဲ မြို့နယ်များကဲ့သို့ ဝေးလံသည့် နေရာများအထိပင် ဖြစ်သည်။
ထိုသို့ ထိုးဖောက်စိမ့်ဝင်လာခြင်းက နိုင်ငံရေးအရ စည်းရုံးသိမ်းသွင်းမှုများ ပြုလုပ်ရန်နှင့် နောက်ပိုင်းတွင် ဒေသခံ လူသစ်များ စုဆောင်းမှုနှင့် လေ့ကျင့် သင်တန်းပေးမှုများ စတင်ရန် AA တပ်ဖွဲ့များ ပလက်ဝရှိ အခြေစိုက်စခန်းများမှ နေ၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်များသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့သော ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်အတွင်းမှ အလားတူ ပုံစံတခုကို ထင်ဟပ်ပြသနေသည်။
ယနေ့အချိန်အထိ ရခိုင်တောင်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းအနည်းငယ်မျှသာ တွေ့ ရှိရခြင်းက AA လက်နက်ကိုင် တပ်ဖွဲ့များသည် လက်ရှိ ခြောက်သွေ့ရာသီနှင့် နောက်ပိုင်းတွင် တက်ကြွသော စစ်ဆင်ရေးများကို ရေရှည် ဆင်နွှဲသွားနိုင်ရန် အထောက်အပံ့ပေးမည့် ကွန်ရက်များ တည်ဆောက်ခြင်းအပေါ် (ယခင်တကြိမ် လုပ်ခဲ့သည့်အတိုင်း) အာရုံစူးစိုက်နေကြောင်း ဖော်ပြနေပါသည်။
ဒီဇင်ဘာလ ၁၉ ရက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မတိုင်မီ နာရီအနည်းငယ်အလို မာန်အောင်ကျွန်း၌ ပေါက်ကွဲမှုအသေးစား ၃ ကြိမ်ဖြစ်ပွားမှုက AA ၏ ကျယ်ပြန့်သော လက်လှမ်းမီမှုကို သွေးမထွက်ဘဲ ပြခဲ့သော သတိပေးချက်ဖြစ်ခဲ့သည်။
ထိုသို့ ဖြန့်ကျက်ရောက်ရှိလာခြင်းက တရုတ်အစိုးရ၏ ရည်ရွယ်ချက်ဖြစ်သည့် တရုတ် – မြန်မာစီးပွားရေးစင်္ကြံ (CMEC) အဆုံးသတ်တွင် ရေတိုနှင့် အလယ်အလတ် ကာလအတွင်း အကျိုးသက်ရောက်နိုင်ဖွယ်ရာ မရှိသည့်အသွင် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် AA က ရခိုင်ပြည်နယ်တွင် ဒေသခံတို့၏ အကျိုးစီးပွားကို အသိအမှတ် ပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထောက်ခံကြောင်းနှင့် CMEC နှင့်သက်ဆိုင်သော အခြေခံအဆောက်အဦးများကို တိုက်ခိုက်မှုများ ပြုလုပ်ခြင်းအားဖြင့် မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည်။
ကျောက်ဖြူမှ စတင်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံအလယ်ပိုင်းမှ တဆင့် ပဋိပက္ခများ ဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နယ်စပ်ကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်သို့ ပို့ဆောင်ပေးနေသော ပိုက်လိုင်း ၂ ခုကို မည်သည့်နေရာတွင်မှ လက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်ထားခြင်း မခံခဲ့ရပါ။ အရိုးရှင်းဆုံး အကြောင်းပြချက်အနေဖြင့်ဆိုလျှင် AA ၏ လက်နက်ခဲယမ်း အရင်းအမြစ်ဖြစ်သော တရုတ်ကို ရန်လုပ်ခြင်းက အဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်ပါ။
စစ်ပွဲ အရှိန်မြင့်တက်လာမှု၏ ပိုမို ထင်ရှားသော လက္ခဏာတခုမှာ ၎င်းတို့၏ အဓိက ထောက်ပံ့မှု အရင်းအမြစ်ဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ကီလိုမီတာ ရာပေါင်းများစွာ ဝေးသည့် နေရာတွင် လှုပ်ရှားနေသော တပ်ဖွဲ့တခု၏ ထောက်ပံ့ ပို့ဆောင်ရေး စွမ်းရည် ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် AA ကို ပထမဆုံး တည်ထောင်ခဲ့ပြီး ကချင်လွတ်မြောက် ရေးတပ်တော် (KIA) ၏ အရိပ်အောက်တွင် ကြီးထွားလာခဲ့သည်။
လက်နက်ခဲယမ်းများ စီးဆင်းမှုက သန်းနှင့်ချီသော မက်သဖက်တမင်းဆေးပြားများ ရှမ်းပြည်နယ်မှနေ၍ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်သည့် တရားမဝင် ကွန်ရက်များက ဖန်တီးထားသော လမ်းကြောင်းများ တလျှောက်ဖြစ်မည်မှာ သေချာသလောက် ဖြစ်သည်။
ထိုအချက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ အားနည်းချက်နှင့် ပဋိပက္ခများဖြစ်ပွားနေသည့် နယ်စပ်ကို အသာထား နိုင်ငံအလယ်ပိုင်းဒေသများ၌ပင် အဝေးပြေးလမ်းမကြီးများကို ထိန်းချုပ်နိုင်စွမ်း မရှိခြင်းကို ဖော်ပြနေသည်ဟု Frontier သတင်းဌာနတွင် မကြာသေးမီက ဖော်ပြခဲ့သော ဆောင်းပါးတပုဒ်က မှတ်ချက်ပေးခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းက ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း၏ မြို့တော် မန္တလေးမြို့ကြားတွင် စနက်တံ ၁၄၅၀၀ ကို သယ်ဆောင်လာသော ထရပ်ကားတစီးကို ရှားရှားပါးပါး တားမြစ်လိုက်နိုင်ခြင်းက ပဋိပက္ခ၏ အတိုင်း အတာသည် တာဝန်ရှိသူများ၏ အကျင့်ပျက်ခြစားမှုတွင် ကြီးမားစွာ အမြစ်တွယ်နေ ကြောင်း ညွှန်ပြနေသည်။
ထိုသို့ ပြဿနာများ နောက်ခံရှိနေချိန်တွင် တပ်မတော်နှင့် (AA ကလည်း အဖွဲ့ဝင် ဖြစ်သည့်) မြောက်ပိုင်းမဟာမိတ်များ ဟု ခေါ်သည့် လက်နက်ကိုင် အဖွဲ့များကြားမှ ကျယ်ပြန့်သော သဘောတူညီချက်တခု၏ အစိတ်အပိုင်းဖြစ်သော ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးတခုအတွက် အလားအလာက ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။
အပစ်အခတ် ရပ်စဲရေးတခုအတွက် တပ်မတော်ဘက်မှ အဓိက ကန့်သတ်ချက်တခု ဖြစ်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များက “သတ်မှတ်ထားသော နေရာများတွင် ” ပြန်လည်တပ်ချရန် လိုအပ်ခြင်းက မြောက်ပိုင်းတွင် အဓိက လှုပ်ရှားသော တပ်ဖွဲ့များ ဖြစ်သည့် ပလောင် (တအေန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့် အခြေစိုက် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် KIA တို့ အတွက် ညှိနှ်ိုင်း၍ ရနိုင်စရာ ဖြစ်သည်။
သို့သော်လည်း AA အတွက်မူ ၎င်းတို့ ပထမဆုံး အခြေစိုက်ခဲ့သော်လည်း လက်ရှိ ရခိုင်ပြည်နယ်တွင် ပြုလုပ်နေသော စစ်ဆင်ရေးများနှင့် အလှမ်းဝေးသည့် ကချင်ပြည်နယ်မှ KIA ၏မြို့တော် လိုင်ဇာမြို့ အနီးရှိ “သတ်မှတ်ထားသောနေရာ” သို့ ပြန်သွားခြင်း မှန်သမျှက ပြိုင်ပွဲမှ နုတ်ထွက်လိုက်ရခြင်းမျိုးပင် ဖြစ်သည်။
မြန်မာအစိုးရအနေဖြင့်မူ AA က သူတ်ို့အတွက် နောက်ထပ်နိုင်ငံရေးနှင့် စစ်ရေးအရ တောင့်တင်းကြံ့ခိုင်မှုများပေးမည့် သူတို့ကို ထောက်ခံသူများသော ပြည်နယ်အတွင်း သူတို့၏တည်ရှိမှုကို အသိအမှတ်ပြုရန် တောင်းဆိုခြင်းအား လိုက်လျောရမည့် အပစ်အခတ်ရပ်စဲရေးတခုကို သဘောတူရန် ခဲယဉ်းပါသည်။ ၀ ကဲ့သို့ “ကွန်ဖက်ဒရိတ်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် သူတို့၏ ရည်မှန်းချက်များကို AA ခေါင်းဆောင်ပိုင်းက ရှင်းရှင်းလင်းလင်း ဖော်ပြပြီးဖြစ်သည်။
တပ်မတော်အတွက်မူ ၂၀၂၀ ခုနှစ်တွင် ပိုမိုနှစ်သက်ဖွယ်ကောင်းသော ရွေးချယ်စရာတခုမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဖြစ်ပါလိမ့်မည်။ KIA က တိုက်ပွဲများ ရပ်ဆိုင်းပြီး ဖြစ်သလို TLNA နှင့် MNDAA တို့က ဖေဖော်ဝါရီလအတွင်း တဖက်သတ် အပစ်အခတ်ရပ်စဲရေး တခုကို ကြေငြာခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် သဘောတူညီချက်တခု ရရှိရေး မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုနေသည်။
မြောက်ပိုင်းမှ ငြိမ်းချမ်းရေးက AA ကို နိုင်ငံရေးအရ အထီးကျန်ဖြစ်စေရန်၊ မြောက်ပိုင်းမှ CMEC စီမံကိန်းများ စတင်ရေး တရုတ်နိုင်ငံ၏ စိတ်မရှည်တော့မှုများကို ကျေနပ်အားရစေရန်နှင့် တပ်မတော်က ၎င်း၏အရင်းအမြစ်များကို ရခိုင်ပြည်နယ်တွင် AA ကို တုန့်ပြန်ရေး ပြောင်းရွှေ့ ချထားနိုင်ရန် အထောက်အကူ ဖြစ်စေပါလိမ့်မည်။
အပစ်အခတ်ရပ်စဲရေးအားဖြင့် လူမျိုးရေးအရ ခွဲခြားအုပ်ချုပ်ခြင်းသည် ၁၉၈၀ နှစ်များ မှစ၍ တပ်မတော်က လက်နက်ကိုင် တော်လှန်မှုများကို တုန့်ပြန်ရာတွင် ထပ်တလဲလဲ အသုံးပြုခဲ့သော အခြေခံတခု ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးကို မည်သည့်အချိန်တွင်မှ မရခဲ့ဖူးသော်လည်း ထိုဗျူဟာက အချိန်ဆွဲသည့် နေရာတွင် မအောင်မြင်သည့် အဖြစ်မျိုး နည်းပါးခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် အဓိက အကျိုးခံစားရမည့်သူက တရုတ်နိုင်ငံသာလျှင် ဖြစ်ဖွယ်ရာ ရှိပါသည်။
(Anthony Davis သည် ဘန်ကောက်အခြေစိုက် စစ်ဘက်ရေးရာ သုံးသပ်သူတဦးဖြစ်သည်။ Asia Times ပါ ၎င်း၏ The changing face of Myanmar’s raging Rakhine war ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ပလက်ဝ တိုက်ပွဲများ အရှိန်မြင့်လာ၍ ခရီးသွားလာရေး ပြတ်တောက်
တပ်ချုပ်နှင့် ရခိုင်အဖွဲ့အစည်းများ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး
တိုက်ပွဲကြောင့် ပလက်ဝ ဒေသခံ ၁ သိန်းကျော် စားနပ်ရိက္ခာ ခက်ခဲနေ
ကျနော်တို့ ခွဲထွက်ရေးဆိုတာကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး