ဧရာဝတီသတင်းဌာနက ပြုစုထားသော အချက်အလက်များအရ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်သည် အမည်မပေါ်သည့် လူသတ်မှုနှင့် လူပျောက်မှုပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်းတွေ့ရသည်။
အဆိုပါ လူသတ်မှု၊ လူပျောက်မှုများနှင့်ပတ်သက်၍ တပ်မတော်နှင့် ရခိုင်စစ်တပ် (AA) တို့က အပြန်အလှန်စွပ်စွဲထားကြပြီး ၎င်းတို့ မကျူးလွန်ကြောင်း ဆိုကြသည်။
လူပျောက်မှုနှင့် လူသတ်မှုများအတွက် လက်သည်တရားခံမည်သူဖြစ်ကြောင်း ရေရာသည့် သက်သေမပြနိုင်သော်လည်း လူသတ်မှုများ ရပ်မသွားဘဲ ဆက်လက်ဖြစ်ပေါ်နေကြောင်းတွေ့ရသည်။
အဆိုပါ လူသတ်မှုများ မည်သည့် အကြောင်းအရင်းကြောင့်ဖြစ်နေပြီး လူသတ်မှုများ၏ အကျိုးဆက်အနေဖြင့် မည်သည့် သက်ရောက်မှုများ ရှိလာနိုင်သည်ကို သိရှိနိုင်ရန် သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် National Security Policy မဟာဘွဲ့ တက်ရောက်သင်ယူကာ အမျိုးသားလုံခြုံရေးလေ့လာသူ ဦးကျော်စောဟန်ကို ဧရာဝတီ သတင်းထောက် ဇင်လင်းထက်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုတွေလည်း များလာတယ်။ ဒီကြားထဲမှာပဲ ဘယ်သူလုပ်မှန်း မသိတဲ့ လက်သည်မပေါ်တဲ့ လူသတ်မှုတွေကလည်း များလာပါတယ်။ ဒါက တရားဥပဒေစိုးမိုးရေး ရခိုင်ဒေသမှာ ပျက်ဆီးယိုယွင်းလာတဲ့သဘောလား။
ဖြေ ။ ။ တရားဝင်လက်နက်ကိုင်ထားပြီး လုံခြုံရေးပေးဖို့တာဝန်ရှိသူ ရဲတွေကိုယ်တိုင်က လုံခြုံမှုမရှိဘူးလို့ ခံစား လာရတာက တရားဥပဒေစိုးမိုးဖို့ ခက်ခဲစေပါတယ်။ လက်နက်ကိုင်တွေဆိုတာ အင်အားကြီးတဲ့ ပစ်မှတ်ကို ဘယ်တော့မှ မတိုက်ဘူး။ Soft Target ကိုပဲတိုက်ကြတော့ ရဲတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ အဓိကပစ်မှတ်ဖြစ်လာတာပေါ့။ စစ်ရဲ့သဘောတရားက မသေချာရူပ်ထွေးမှုပဲ။ Fog of War လို့ခေါ်တယ်၊ ရန်သူမိတ်ဆွေ မသဲကွဲဘူး။ ဒီတော့ နှစ်ဖက်လုံး က သံသယရှိသူတွေ အုပ်ချုပ်ရေးမှူးတွေပါ အပြိုင်ဖမ်းဆီးကြတော့ အောက်ခြေအုပ်ချုပ်ရေး စနစ် ပျက်ပြားလာပြီး တရား ဥပဒေစိုးမိုးရေး ထိခိုက်လာတာပဲ။ သေချာချမှတ်ထားတဲ့လက်နက်ကိုင် ပဋိပက္ခရဲ့ထိတွေ့မှုစည်းမျဉ်းတွေကို နှစ်ဖက်လုံးက လိုက်နာမှုအားနည်းလာလေ အရပ်သားထိခိုက်မှုတွေများလာလေပဲ။
မေး ။ ။ AA က လည်းမဟုတ်၊ တပ်ကလည်း မဟုတ်တဲ့ ကြားလူတွေ၊ ကြားအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်မှာ လက်သည်မပေါ်တဲ့ လူသတ်မှုတွေ ကျူးလွန်တာရော ဖြစ်နိုင်ချေရှိလား ဆရာ။
ဖြေ ။ ။ လက်နက်နဲ့သတ်ဖြတ်နေတာတွေကတော့ လက်နက်ကိုင်အဖွဲ့တွေကြောင့်ပဲ ထင်ပါတယ်။ နှစ်ဖက်လုံးက လုံခြုံရေး မပေးနိုင်တဲ့နေရာတွေမှာတော့ လုံခြုံရေးလေဟာနယ် Vacuum ပေါ်လာရင်တော့ အမည်မပေါ်တဲ့ အင်အား သုံးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။
အခုမြင်ရတာတော့ အမည်မပေါ်တဲ့လူတွေ လက်ချက် ဆိုတာထက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဖမ်းဆီးရင်း ခြေလွန် လက်လွန် ဖြစ်နေတဲ့သဘောလို့ပဲ မြင်ပါတယ်။ ဒီကိစ္စ မှာ AA ရော ၊ တပ်မတော်ဘက် ကရော နှစ်ဖက်လုံး ဖမ်းဆီးနေကြတာ။
တပ်ကလည်း AA အမာခံလို့ထင်တဲ့ရွာတွေ၊ လူ ပုဂ္ဂိုလ်တွေကို ထောက်လှမ်းရေး သတင်းအချက်လက်ရဖို့ စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်တယ်။ ဖမ်းမိထားတဲ့လူတွေ ပြောတဲ့သတင်းတွေ အရ ထပ်ပြီး ဖမ်းရာကနေ အခုဆို AA နဲ့ဆက်စပ်လို့ ဖမ်းထားတာ ၄၀၀၊ ၅၀၀ လောက်ရှိပါပြီ။
AA ဖက်ကကျတော့လည်း တပ်မတော်သတင်းပေးလို့ သူတို့ယူဆသူတွေနဲ့ အစိုးရဝန်ထမ်းတို့၊ အစိုးရနဲ့ နီးစပ်သူလို့ ထင်ရင်ဖမ်းတယ်၊ ဒါက နောက်လူတွေ တပ်ကို အကူအညီ မပေးအောင် ခြိမ်းခြောက်ထားတဲ့သဘော၊ တပ်မတော်သား တွေကိုကျတော့ စစ်ကြောရေး လုပ်ပြီး တပ်သတင်း မေးတာတွေ လုပ်သလို၊ တပ်တွင်းမတရားမှုတွေ ပြောခိုင်း အင်တာနက်မှာတင်ပြီး နောက်တန်းမှာကျန်နေတဲ့ တပ်မတော်သားတွေရဲ့ စိတ်ဓာတ်ပျက်ပြားအောင် စစ်ဆင်ရေးတရပ် အနေနဲ့လုပ်တာပါ။
မေး ။ ။ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းသာ ထိထိရောက်ရောက် ရခိုင်ပြည်နယ်မှာ အကောင်အထည်မဖော်နိုင်ဘူးဆိုရင် နောက်ဆက်တွဲ ဘယ်လိုပြဿနာတွေ ရှိလာနိုင်ပါသလဲဆရာ။
ဖြေ ။ ။ တရားဥပဒေစိုးမိုးရေး ပျက်ပြားလာတော့ အဓိကတော့ အုပ်ချုပ်ရေးစနစ်ပျက်မယ်၊ နောက်ပြီး ဒေသခံလူထု လုံခြုံမှု မရှိခြင်းကစလို့ ပြည်နယ်တစ်ခုလုံးရဲ့တည်ငြိမ်ဖွံဖြိုးရေးနဲ့ လူသားလုံခြုံမှု ဘ၀ တခုလုံး ဆိုးဆိုးဝါးဝါး ထိခိုက်လာမှာပဲ။
အရင်အပတ်ကပဲ တပ်မတော်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းတယ်။ အခုသူတို့က AA ဖမ်းတာလည်းခံရတယ်။ တပ်က ဖမ်းတာလည်း ခံရတယ်။ AA လည်း သူနဲ့အဆင်ပြေတဲ့လူ အုပ်ချုပ်ရေးမှူး ထားဖို့ကြိုးစားမယ်၊ တပ်ကလည်း AA ထောက်ခံတဲ့ အုပ်ချုပ်ရေးမှူးလို့ သူသံသယရှိတဲ့လူတွေ အရင်ဆုံးဖမ်းဆီးမယ်။ ကြာတော့ နှစ်ဖက်အဖွဲ့ကြားမှာ ညပ်ပြီး အုပ်ချုပ်ရေးမှူး လုပ်ရဲတဲ့လူက မရှိတော့ဘူး။ ရှိပြီးသားအုပ်ချုပ်ရေးမှူးတွေပါ ထွက်နေကြတာ ဆက်တိုက် ဒီလိုနုတ်ထွက် ကြရင် အောက်ခြေအုပ်ချုပ်ရေးစနစ်ပျက်မှာပဲ။ အစိုးရရဲ့အုပ်ချုပ်ရေးယန္တရား နေရာမှာ အစားထိုးဝင်ယူဖို့ဆိုတာ Insurgence တွေရဲ့ရည်ရွယ်ချက်ပဲ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ လထဲမှာ အုပ်ချုပ်ရေးမှူး ၇၀ လောက် နုတ်ထွက်ပြီးပြီ။ အခုလည်း နုတ်ထွက်ဖို့ လုပ်နေကြပြီ။
တခါတလေမှာ အစိုးရရဲ့ဦးဆောင်တဲ့ စစ်ဆင်ရေးတွေက တဖက်အဖွဲ့အစည်းရဲ့ရည်မှန်းချက်အတွက် အထောက်အပံ့ ပေးနေသလို ဖြစ်သွားတတ်တယ်။ ဒါကိုတော့သတိထားသင့်တယ်။
အုပ်ချုပ်ရေးအာဏာပျက်ယွင်းလာရင်တော့ အစိုးရရဲ့အုပ်ချုပ်ရေးအာဏာစက်မရှိတော့ဘဲ လုံခြုံရေးလေဟာနယ်ပေါ့ Security vacuum ပေါ်လာမယ်။ ရွေးကောက်ပွဲတွေတောင် လုပ်လို့ရမယ့် အခြေအနေမရှိဘူး။ အဲဒီ လစ်ဟာသွားတဲ့ လုံခြုံရေးလေဟာနယ်ကို တပ်ကရော AA ရော အတင်းဝင်ယူဖို့ ကြိုးစားမှာပဲဆိုတော့ တိုက်ပွဲတွေ ဆက်များလာဖို့ရှိတယ်။
မေး ။ ။ အခုရခိုင်ပြည်နယ်အခြေအနေမျိုးက ကမ္ဘာမှာဆိုရင် ဘယ်နိုင်ငံမှာကြုံရတဲ့ ပုံစံအတိုင်း ဖြစ်နေပါသလဲဆရာ။ ဆိုလိုတာက ဗီယက်နမ်မှာကြုံရတဲ့ ပုံစံမျိုးလား၊ ယူဂိုဆလားဗီးယားမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခပုံစံမျိုးလားဆရာ။
ဖြေ ။ ။ လက်နက်ကိုင် ပဋိပက ဖြစ်ရင်တော့ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံမှုကတော့ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပျက်ပြားတာပဲ။ တော်လှန်ရေးနဲ့အကြမ်းဖက်မှုဆိုတာ အားနည်းသူတွေကလုပ်ကြတာ weapon of the weak (အားနည်းသူတွေရဲ့ လက်နက်) လို့တောင်ပြောကြတာကိုး။ အင်အားကြီးသူကို အင်အားနည်းသူက တိုက်ခိုက်တဲ့ဖြစ်စဉ်တိုင်းမှာ အကြမ်းဖက် ချောင်းမြောင်း ပစ်ခတ်ကြတာ၊ ပြည်သူကြားမှာနေပြီး ပြောက်ကျားစစ် ဆင်နွှဲတာတော့ Vietnam တို့ တရုတ်ပြည်တွင်းစစ် တို့မှာလည်း ဒီလိုပဲတိုက်ခိုက်ကြတာပါပဲ။
ဒီနေရာမှာလည်း သင်ခန်းစာယူစရာတွေ ရှိပါတယ်။ အားကြီးတိုင်းလည်း စစ်ကိုနိုင်တာ မဟုတ်ဘူးဆိုတာ ဗီယက်နမ် စစ်ပွဲက သက်သေပြခဲ့သလို ရေရှည်စစ်ပွဲတွေဟာ နိုင်ငံရဲ့အရင်းအမြစ်တွေကို ထိခိုက်လွန်းလို့ ကမ္ဘာမှာ အမေရိကန် တောင် တာလီဘန်အကြမ်းဖက်သမားတွေနဲ့ ဆွေးနွေးပြီး သူ့စစ်သားတွေ ပြန်ခေါ်နေရတာဟာ လက်နက်ကိုင် တိုက်ခိုက်မှုများရဲ့အဖျက်စွမ်းအားကိုအစိုးရတွေ သိလာကြလို့။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းခြင်းနဲ့သာ အဖြေရမယ်ဆိုတာ မြင်လာကြတာ။
တောင်အာဖရိကမှာ နစ်ဆင်မင်ဒဲလားရဲ့ ANC ကို အကြမ်းဖက် အဖွဲ့ကြေငြာခဲ့တယ်။ နောက်ရွေးကောက်ပွဲလုပ်တော့ ANC က Majority ရပြီး သူတို့အကြမ်းဖက်သမား ကြေငြာခဲ့တဲ့လူက ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုတောင် ရသွား သေး တယ်။ တပ်မတော်က အခုလေ့လာနေတဲ့ နီပေါလ်က အာဏာရအစိုးရ ဆိုရင် အရင်က အကြမ်းဖက်အဖွဲ့ပဲ။ နိုင်ငံတကာ က inter-state conflict တွေမှာ အကြမ်းဖက်တံဆိပ်ကပ်လို့ အကျိုးရှိတာ အရမ်းနည်းပါတယ်။ အခုအစိုးရနဲ့ တစားပွဲ တည်း ထိုင်စကားပြောနေတဲ့ KNU ၊ ABSDF အားလုံး အကြမ်းဖက် ကြေငြာခံခဲ့ရတာတွေပဲ။ အခုတော့ မိတ်ဆွေတွေ ဖြစ်လို့။ အဲဒီတော့ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ကနေပဲ အဖြေရှာဖို့လိုပါတယ်။ အကြမ်းဖက်ကြေငြာပြီး naming and shaming လုပ်ပြီး နာမည်ဖျက်၊ ငွေလမ်းကြောင်းဖြတ်လို့ တော်လှန်ရေး ဦးကျိုးသွားမယ်လို့ ကျနော်တော့ မထင်ဘူး။
မေး။ ။ ဒီလို တရားဥပဒေစိုးမိုးမှုပျက်ပြားခြင်း ၊ လုံခြုံရေးလျော့ရဲခြင်းတွေကို ကမ္ဘာ့မှာနိုင်ငံတချို့မှာ ဘယ်လိုနည်းစနစ်တွေ သုံးပြီး ကျော်လွှားဖြေရှင်းကြပါသလဲ။
ဖြေ ။ ။ အဓိက ကတော့ ပဋိပက္ခ အတွင်းမှာပါဝင်နေတဲ့ နှစ်ဖက်လက်နက်ကိုင်တွေမှာ လိုက်နာရမယ့် ‘မူ’ တွေ စည်းကမ်း တွေနဲ့ထိန်းသိမ်းကြတာ။ စစ်မှာလည်းစစ်စည်းကမ်း၊ စစ်ဥပဒေတွေရှိတယ်။ ဥပမာ လက်နက်ချ အဖမ်းခံနေတဲ့ စစ်သုံ့ပန်း တွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ဆေးဝန်ထမ်းတွေကို အန္တရာယ်မပြုရဘူး၊ မသတ်ရဘူး၊ အရပ်သားပစ်မှတ်တွေကို အတတ် နိုင်ဆုံး ရှောင်ကြရမယ်။ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း စစ်ကြောရေးလမ်းညွှန်ချက်တွေ အတိုင်းပဲ မေးမြန်း ရ မယ်။ မြန်မာနိုင်ငံမှာ ဒါတွေကိုလိုက်နာရာမှာနှစ်ဖက်လုံးမှာ အားနည်းချက်တွေရှိတယ်။
တပ်မတော်မှာ Rule of engagement ပေါ့ ထိတွေ့မှုစည်းမျဉ်းတွေ ဒါတွေကို နှစ်ဖက်လုံးက လိုက်နာနိုင်ဖို့လိုတယ်။ အစိုးရတပ်မတော်တွေက ဒါကို ဆိုးဆိုးဝါးဝါး ဖောက်ဖျက်ကျူးလွန်လာရင် နိုင်ငံတကာခုံရုံးတွေက အရေးယူကြတယ်။ လက်နက်ကိုင်တွေက ဖောက်ဖျက်ရင် ပြည်သူလူထုထိခိုက်နှစ်နာလာရင် တော်လှန်ရေးဦးကျိုးမှာပဲ။ ဒီအဆင့်ထိ ရောက်မသွားအောင် နှစ်ဖက်လုံးက သတိထားဖို့လိုတယ်။ နိုင်ငံတကာမှာ တပ်မတော်ဘက်က လွန်တာတွေပဲ စောင့်ကြည့်နေတာ မဟုတ်ဘူး ။ အရပ်သားထိခိုက်မှုတွေတိုင်းကိုမှတ်တမ်းတင်နေတာရှိတယ်။
နောက်တပိုင်းကတော့ ပြည်တွင်း CSO တွေ မီဒီယာတွေ အားကောင်းဖို့ နဲ့ မြင်ရင်မြင်တဲ့အတိုင်း ဘယ်ဖက် က ကျူးလွန်တာပဲဖြစ်ဖြစ် အရပ်သားထိခိုက်မှုတွေအကြောင်း ပြောဆိုရေးသားဖို့ လိုတယ်။
မေး ။ ။ ရခိုင်ပြည်နယ်မှာဆိုရင်ရော ဘယ်လိုအစီအမံ ဆောင်ရွက်ချက်မျိုးနဲ့ ဘယ်သူတွေက ဖြေရှင်းသင့်ပါသလဲ။
ဖြေ ။ ။ အဓိကကတော့ ဖြစ်နေတဲ့တိုက်ပွဲတွေအားလုံးဟာ နိုင်ငံရေး ပြဿနာဖြစ်တယ်။ လွတ်လပ်ရေး ရကတည်း က မပြီးပျက်သေးတဲ့ နိုင်ငံတည်ဆောက်ရေး ပြဿနာဖြစ်တယ်။ ဒါကိုအသိအမှတ်ပြုပြီး ဆွေးနွေးရမယ်။ မင်းတို့ အကြမ်းဖက် သမားတွေ လူသတ်သမားတွေပဲ ဆိုပြီး လုပ်လို့မရဘူး။ ဒီနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လိုတယ်။
ဖြစ်နေတဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကတော့လက်နက်ကိုင်အဖွဲ့တွေကလည်း ပိုဆင်ခြင်သင့်တယ်။ အချို့ကိစ္စတွေမှာ အထက်က ညွှန်ကြားချက်မဟုတ်ဘဲ အောက်ခြေက ရဲဘော်တွေရဲ့လက်လွန်ခြေလွန် လုပ်တာတွေလည်း ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်လလောက်က AA ခေါင်းဆောင်ပိုင်းက အောက်ခြေက ရဲဘော်တွေ ပြည်သူကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေတာတွေ မလုပ်ဖို့ ပြောလာတယ်။ ဒါအောက်ခြေမှာ လုပ်ချင်ရာလုပ်နေတာတွေ ရှိလို့ပါ။ တပ်မတော်ဖက်မှာလည်း အောက်ခြေက လက်လွန်ခြေလွန် လုပ်နေတာတွေ ရှိတယ်။ ရှေ့တန်းမှာ ကာလအကြာကြီး နောက်တန်းမပြန်ရတာ ကြာပြီဖြစ်တဲ့ စစ်သားတွေဟာ စစ်ပန်းပြီး နာကျည်းစိတ်တွေလည်း ဖြစ်နေကြမှာပဲ။ ဒါတွေရဲ့ နောက်ဆက်တွဲတွေကို အပေါ်ပိုင်းက ထိန်းသိမ်းသင့်တယ်။
တရားဥပဒေစိုးမိုးမှု ပျက်ပြားရင် အုပ်ချုပ်ရေးယန္တရား ပျက်မှာပဲ။ ဒီလိုပျက်ရင်တော့ အစိုးရအာဏာစက် သက်ရောက် တော့မှာ မဟုတ်သလို တိုက်ပွဲတွေ တိုးလာပြီးပြည်သူပဲ မြေဇာပင်ဖြစ်ရမှာပါ။
အဓိက ကတော့ Bilateral ထိုးဖြစ်ပြီး အပစ်ရပ်ကြဖို့နဲ့ ကိုယ်ကြေငြာထားတဲ့အပစ်ရပ်ကို နှစ်ဖက်လုံးက ကိုယ်တိုင် လိုက်နာဖို့လိုတယ်။ ပြည်နယ်အစိုးရနဲ့ ရခိုင်နိုင်ငံရေးသမားတွေလည်း ပဋိပက္ခ လျော့နည်းရာ လျော့နည်းကြောင်း ပြည်ထောင်စုနဲ့ ချိတ်ဆက်ပြီး စေ့စပ်မှုကို အားပေးဖို့လိုတယ်။ ကျန်တာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ ဖြည်းဖြည်းချင်း ဖြေရှင်းရမှာပေါ့။
You may also like these stories:
တနှစ်ကျော်ကြာ AA ဖမ်းထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လွတ်လာ