ရက္ခိုင့် တပ်မတော် (AA )က တနှစ်ကျော်ကြာ ဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ် တောင်မင်းကုလား ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနုမှာ မတ်လ ၇ရက် ညနေပိုင်းက ပြန်လွတ်လာကြောင်း သိရသည်။
ဦးထွန်းနုမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သကဲ့သို့ ခရစ်ယာန်ဘာသာဝင် သင်းအုပ်ဆရာတဦးလည်း ဖြစ်ပြီး သူ့အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၇ နာရီခန့်က AA လက်နက်ကိုင်များက နေအိမ်သို့ လာရောက်ကာ လူကြီး များနှင့် တွေ့ဆုံရန် အကြောင်းပြချက်ဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်သည်။
၎င်းလွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ် စန္ဒဖြူက “ မနေ့က ညနေပိုင် ကျမအမျိုးသားကို ကျန်းကျန်း မာမာနဲ့ ပြန်လွတ်ပေးလိုက်ပါတယ်။ ဒီလို ထိခိုက်မှု တစုံတရာ မရှိဘဲ ပြန်လွတ်ပေးလိုက်တဲ့အတွက် သူတို့ကိုလည်း ကျမအနေနဲ့ အရမ်း ကျေးဇူးတင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA အဖွဲ့မှ အဆိုပါ ကျေးရွာ အုပ်စုအတွင်းမှ ရပ်လူကြီးများကို ခေါ်ယူပြီး ဦးထွန်းနုအား ကောင်း မွန်စွာ ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည်ခရီးစဉ်ပြီးနောက် AA အဖွဲ့သည် ၎င်းတို့ ဖမ်းဆီးထားသည့် ချင်းပြည်နယ် ပလက်ဝမဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လည် လွှတ်ပေးလိုက်သကဲ့သို့ ဖမ်းဆီးထားသည့် တပ်မတော်သား သုံ့ပန်း ၂ဦးကိုလည်း လွှတ်ပေးခဲ့သည်။
AA အဖွဲ့သည် ပလက်ဝမြို့နယ်အတွင်း ဖမ်းဆီးခဲ့သည့် ဆုထူး စံဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်းများ ၊ ရွှေနဒီသင်္ဘော ပေါ်မှ ဖမ်းဆီးခဲ့သည့် အရပ်သားများ ၊ မြောက်ဦးမြို့နယ် အတွင်းက ဖမ်းဆီးခဲ့သည့် မီးသတ်ဝန် ထမ်းများနှင့် ပန်းရံ အလုပ်သမားများ၊ ရသေ့တောင်မြို့နယ်အတွင်း အောင်တံခွန် သဘောၤပေါ်မှ ဖမ်းဆီးခဲ့သည့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ယာဉ်မောင်းများ ကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။
ဖမ်းဆီးထားသည့် တပ်မတော်သားများကို AA ၏ စစ်သု့ံ့ပန်းဆိုင်ရာ စည်းမျဉ်း ၊ စည်းကမ်များနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားသလို နိုင်ငံ တကာ စစ်သုံ့ပန်း ဥပဒေများနှင့်အညီလည်း ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ဦးခိုင်သုခက ဧရာဝတီသို့ ပြောဆိုထားသည်။
လက်ရှိအချိန်အထိ AA အဖွဲ့အနေဖြင့် ၎င်းတို့ လက်ထဲတွင် ဖမ်းဆီးထားသည့် စစ်ဘက် ၊ အရပ်ဘက် အရေအတွက် မည်မျှ ရှိသည်ဆိုသည်ကိုတော့ ထုတ်ဖော်ပြောကြားမှု မရှိပေ။
ရခိုင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်သော တပ်တော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲကြောင့် စစ်ဘေးရှောင် အရေအတွက် သိန်းချီ ရှိလာသလို စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန်လာနေသည်။
ဆက်စပ်ဖတ်ရှုရန်
ဖမ်းဆီးခံရသည့် သင်းအုပ်ဆရာ ၂ ဦး ပျောက်ဆုံးနေဆဲ
ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး အသတ်ခံရ
ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်စာတင်