၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်တွင် လွှတ်တော်ခေါ်မည့် နေ့ မနက်အစောကြီးတွင် စစ်တပ်က သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။
စစ်အာဏာသိမ်းယူမှုကို လူထုလူတန်းစားအသီးသီး မျိုးဆက်အသီးသီး လူမျိုးစုံ ဘာသာစုံ မြို့ပြ ကျေးလက် နေရာစုံ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းမများပေါ်ထွက်ကာ ဆန့်ကျင် ဆန္ဒပြသည်။ ထို့ပြင် အစိုးရဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများအပြင် ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားများကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုကို နိုင်ငံတဝန်း ဆင်နွှဲခဲ့ကြသည်။ နောက်ဆုံး ရဲတပ်ဖွဲ့ဝန်များပင် ပူးပေါင်းပါဝင်လာခဲ့ကြသည်။
သို့သော် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားတက်ကြွသူများကို သွေးထွက်သံယို သတ်ဖြတ်နှိမ်နင်းရုံမက အများပြည်သူများ၏ ပုဂ္ဂလိကပိုင်ဆိုင်မှုများကို စည်းပျက်ကမ်းပျက် ဖျက်ဆီးလုယူခဲ့ကြသည့်အပြင် အမျိုးသမီးနှင့် ကလေးငယ်များပါမချန် ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။
ကြာသပတေးနေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၇၅၉ ယောက်ရှိပြီး ၃၄၆၁ ဦးကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် အင်အားသုံး အကြမ်းဖက်ကာ အာဏာသိမ်းဆန့်ကျင်သူများအပေါ် နှိမ်နင်းနေခဲ့သော်လည်း ၎င်း၏ အာဏာသိမ်းမှုသည် လုံးဝ အထမမြောက်သေးပေ။ ယခု ၃ လပြည့်ပြီဖြစ်သော စစ်အာဏာသိမ်းမှု အခြေအနေကို နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများက ဧရာဝတီကို သူတို့၏ သုံးသပ်ချက် အမြင်များကို ပြောပြခဲ့ကြသည်။
နော်ဆူဇန်နာလှလှစိုး
အမျိုးသမီး၊ ကလေးနှင့် လူငယ်ရေးရာ ဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ
စစ်တပ်က အာဏာသိမ်းတာ ၃ လ ပြည့်တဲ့အခါမှာ တကမာ္ဘလုံးက မြန်မာနိုင်ငံသည် မြန်မာပြည်သူတွေသည် ဘယ်လမ်းကို သွားချင်တယ်ဆိုတာကို ထင်ထင်ရှားရှား တွေ့ခဲ့ရတယ်။ စစ်အာဏာရှင်အောက်မှာ လုံးဝ မနေချင်ဘူး။ ဒီမိုကရေစီ လမ်းကြောင်းကိုပဲ ရွေးချယ်တယ်ဆိုတာကို ပြည်သူတွေက ပြတ်ပြတ်သားသား ပြသနိုင်ခဲ့တယ်။ ဒါပေမယ့် တဖက်မှာ စစ်အာဏာရှင်တွေက ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို သုံးပြီးတော့ နှိမ်နင်းတယ်။
စစ်အာဏာရှင်တွေသည် ဘယ်လိုပဲ စရိုက် အသွင်ပြောင်းပြောင်း ဒီလိုပဲ ရှိတယ်ဆိုတာကိုလည်းပဲ မသိတဲ့လူတွေလည်း သိသွားတယ်။ အရင်တုန်းကတော့ လျော့ပေါ့တွေးတဲ့လူတွေကလည်း အဖြစ်မှန်ကို သိသွားတယ်။ အဲဒီတော့ မြန်မာနိုင်ငံ တနိုင်ငံလုံးသည် စည်းစည်းလုံးလုံးနဲ့ အခုဆိုလို့ ရှိရင် စစ်အာဏာရှင်ကို ရှိတဲ့နေရာကနေ တွန်းလှန်နေတယ်။ ဝန်ထမ်းဆိုလည်း ဝန်ထမ်းအလျောက်၊ နိုင်ငံရေးသမားဆိုလည်း နိုင်ငံရေး အလျောက်ပေါ့နော်။
နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေက ရှေ့တန်းကနေ ပါဝင်ခဲ့တယ်။ သူတို့က ဒီအမျိုးသမီးတွေဆိုတာ ဒုတိယတန်းစားပေါ့။ ဦးဆောင်မှု ပေးနိုင်တာ၊ မပေးနိုင်တာ ဆိုတာက အားလုံးက သံသယရှိကြတယ်။ ဒါပေမယ့် ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်၊ သူတို့ရဲ့ ဉာဏ်ရည် မြင့်မားမှု၊ ဦးဆောင်မှုတွေဟာ သေသေချာချာ ပေါ်လွင်ခဲ့တယ်။
ပြောရမယ်ဆိုရင် ဒီနွေဦးတော်လှန်ရေးကို စတင်ခဲ့တာက အမျိုးသမီး လူငယ်တဦး ဖြစ်တဲ့ ဒေါ်အိသဉ္ဇာမောင် ဖြစ်တယ်။ အခုဆိုရင် အမျိုးသမီး၊ ကလေးနဲ့ လူငယ် ဝန်ကြီးဌာနမှ ဒုဝန်ကြီးအဖြစ်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နေပြီ ဖြစ်တယ်။ အဲဒါကြောင့်မိုလို့ NUG ဖွဲ့စည်းတဲ့အခါမှာလည်း အမျိုးသမီးကဏ္ဍနဲ့ လူငယ်ထုရဲ့ ကဏ္ဍကို အသိအမှတ် မပြုလို့ မရတော့ဘူး။ အဲဒါကြောင့် ဝန်ကြီးဌာနတခု အဖြစ် သတ်သတ်မှတ်မှတ် ဖွဲ့ စည်းပေးခဲ့ရပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ကတော့ ကဏ္ဍအသီးသီး တာဝန်အသီးသီးနဲ့ လှုပ်ရှားရမှာ ဖြစ်တယ်။ ကျမတို့ဟာ ဆူပူမှုကို မလိုလားဘူး။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တယ်။ ဒါပေမယ့် စစ်အစိုးရက ကြမ်းတမ်းတဲ့နည်းနဲ့ နှိမ်နင်းခဲ့တဲ့အတွက်ကြောင့် အခုဆိုရင် လူပေါင်း ၈၀၀ နီးပါးလောက် အသက်ပေးခဲ့ရတယ်။ အဲဒါကြောင့် ဘယ်သူတွေ အကြမ်းဖက်တာလည်း ဆိုတာကို တကမာ္ဘလုံးကလည်း သိတယ်။ ပြည်သူတွေကလည်း သိတယ်။
စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းဖို့ဆိုတာ လူတိုင်း၊ လူတိုင်းရဲ့ စိတ်အားထက်သန်မှုအပေါ်မှာ မူတည်တယ်။ ဆုံးဖြတ်မှု အပေါ်မှာ မူတည်တယ်။ နောက်ပြီးတော့ ကျမယုံကြည်တာက စစ်သားတိုင်း ကြမ်းကြုတ်မှုကို လိုလားမယ်လို့ မယုံကြည်ဘူး။ သူတို့လည်း စဉ်းစားတွေးခေါ်ဉာဏ် ရှိတယ်။ ပြည်သူတွေဘက်ကနေ ကာကွယ်ရမယ်ဆိုတဲ့ အသိရှိပါတယ်။ သူတို့သည်လည်း ပြည်သူနဲ့ ပူးပေါင်းမယ်၊ ဆက်လက်ပြီး တိုက်ပွဲဝင်မယ်ဆိုရင် ကျမတို့ မုချ မလွဲမသွေ အောင်မြင်မှု ရရှိမှာ ဖြစ်ပါတယ်။
ဦးဖေသန်း
ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်
ရခိုင်အမျိုးသား ပါတီ
သံခင်းတမန်ခင်းမှာတော့ CRPH နဲ့ NUG တို့ လူပ်ရှားမှုတွေက အောင်မြင်တယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ ပြောရမယ်။ သို့သော်လည်း NUG ကို ဘယ်နိုင်ငံမှတော့ အသိမှတ်ပြုတယ်။ ထောက်ခံတယ်ဆိုတာ ထုတ်ပြန် ကြေငြာတာ မရှိသလို စစ်အစိုးရကိုလည်း အသိအမှတ်မပြုဆိုတဲ့ ထုတ်ပြန် ကြေငြာတာမျိုးတွေတော့ မရှိသေးဘူး။ အဲဒီ အခြေအနေမှာ အာဆီယံရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း တွေ့နေရတယ်။
သို့သော်လည်း အာဆီယံရဲ့ ဆောင်ရွက်မှုတွေဟာလည်း ဒီဘက်က တည်ငြိမ်တဲ့ အတိုင်းအတာမှ အာဆီယံ သံတမန်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုပြီး ပြောထားတာတွေ ရှိတော့ နည်းနည်းတော့ အခြေအနေ တည်ငြိမ်မှုရှိလာအောင် ကောင်စီဘက်က ပြည်တွင်းမှာတော့ ကြိုးစားမယ်။ အဲဒီလိုမျိုး တည်ငြိမ်အောင် ထိန်းပြီးတော့ ရေရှည်ဆွဲပြီးတော့ သွားမယ်လို့ ယူဆလို့ရတယ်။
နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှုတွေ၊ ပြောင်းပြောင်းတင်းတင်း ထောက်ခံ အားပေးတာတွေတော့ မတွေ့ရဘူး။ သံခင်းတမန်ခင်းအရပဲ ပြောဆိုတာတွေ၊ ဆွေးနွေးတာတွေ ၊ တိုက်တွန်းတာတွေ လုပ်နေကြတဲ့အတွက် ကောင်စီက တည်ငြိမ်မှု ဖြစ်လာအောင်အထိ ကြိုးစားပြီးတော့ လုပ်သွားမယ်လို့ ယူဆရတယ်။
ဒီဘက်ကလည်း တတ်နိုင်တဲ့ဘက်က CDM လူပ်ရှားမှုတွေအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြမယ်။ စစ်အစိုးရဘက်မှာလည်း တည်ငြိမ်အောင် အတိုင်းအတာ တခုအထိ လုပ်ဆောင်ပြီးတော့ ထိန်းမယ်။ သူတို့ (စစ်ကောင်စီ) မှာလည်း ထွက်ပေါက်မရှိဘူး။ မတည်မငြိမ်ဖြစ်ပြီး ကျဆုံးသွားမယ်ဆိုရင် သူတို့ (စစ်ကောင်စီ)လည်း ပြင်းထန်တဲ့ အရေးယူမှုတွေ ခံရနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ အဲဒီအတွက် သူတို့ ဘဝရပ်တည်ရေးအတွက် လိုအပ်သလို ပြင်းပြင်းထန်ထန် နှိမ်နှင်းတဲ့ သဘောတွေကို တွေ့ရတယ်ပေါ့။ စစ်ကောင်စီအနေနဲ့တော့ ဒီလုပ်ရပ်တွေဟာ သမိုင်းမှာ အမည်းစက်တခု ပုံစံမျိုးတော့ ဖြစ်သွားပြီပေါ့။ အဲဒါကြောင့် ရှေ့ဆက်ပြီးတော့ ဒါမျိုးတွေ ထပ်မဖြစ်ဖို့ နိုင်ငံတကာက တားဆီးနေကြတယ်။ ကျနော်တို့ အနေနဲ့ လည်း ဒီဖြစ်ရပ်တွေအပေါ် စိတ်မကောင်း ဖြစ်မိတယ်။
အခုဖြစ်ပေါ်နေတဲ့ အခြေအနေအရဆိုရင် တရက်ထက် တရက် လက်လွန် ခြေလွန် များလာတယ်။ တယောက်အပေါ် တယောက် လက်မခံနိုင်ဖို့ အခြေအနေ ပိုများလာတယ်။ စစ်ကောင်စီအနေနဲ့လည်း သူတို့ ရပ်တည်ရေးအတွက်လည်း ပစ်ခတ်နှိမ်နင်းမှုတွေ ဆက်ပြီးတော့ လုပ်သွားမယ့် အခြေအနေကို မြင်တွေ့နေရတယ်။ ဟိုဘက်ကလည်း ဒီစစ်ကောင်စီနဲ့ မဆွေးနွေးဘူးဆိုတဲ့ အသံတွေ ကြားလာရတယ်။ အဲဒါကြောင့် ဆွေးနွေး စေ့စပ်ရေးလမ်းကြောင်း တခုကို ရောက်ဖို့ကတော့ တော်တော့်ကို ခက်ခဲမယ်ထင်တယ်။
နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ပြီး အားနဲ့ လုပ်မယ်ဆိုရင်လည်း နိုင်ငံတကာဆိုတာ ကလည်း သိတဲ့အတိုင်းပဲ သူ့ဘက်၊ ကိုယ့်ဘက် ရှိနေကြတဲ့အခါမှာ အဲဒီလိုမျိုး ဖြစ်လာဖို့ကလည်း မလွယ်ကူနိုင်ဘူး။ အဆုံးမှာ ဒီပဋိပက္ခဟာ ပိုပြီးတော့ ရှုပ်ထွေးလာမယ်။ လူထုဘက်ကလည်း ရရာလက်နက်နဲ့ တော်လှန်မယ်ဆိုပြီး စစ်ရေး လမ်းကြောင်းကို ပိုပြီးတော့ ဦးတည်လာပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ပါဝင်လာမယ် ဆိုရင်တော့ ပြည်တွင်းစစ်ပွဲဖြစ်ပြီး တိုင်းပြည်က အဘက်ဘက်ကနေ ချွတ်ခြုံကျပြီး ဒီတိုင်းပြည် နလန်ထူနိုင်တော့မှာ မဟုတ်ဘူးလို့ သုံးသပ်မိတယ်။
ဦးထွန်းကြည်
နိုင်ငံရေးအကျဉ်းသားဟောင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့
အာဏာသိမ်းခဲ့တာ ခုချိန်ထိ တိုးတက်မှု တစုံတရာမရှိတဲ့အပြင် တိုင်းပြည်က ကျရှုံးနိုင်ငံအဖြစ်ကို အာဏာသိမ်းမှုက တွန်းပို့နေတယ်လို့ မြင်မိတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက အများကြီး ထိခိုက်နစ်နာသွားတယ်။ နောက်ပြီး ပြည်သူလူထု အပေါ်မှာ ရန်သူသဖွယ် သတ်မှတ်ပြီးတော့ ဖိနှိပ်၊ ညှင်းပမ်း၊သတ်ဖြတ်တဲ့ အပြင်ကို အကြမ်းဖက်တဲ့အတွက် ပြည်သူတွေ ၇၀၀ ကျော်၊ တိုင်းပြည်ရဲ့ အနာဂတ်တွေ ကျဆုံးသွားခဲ့ရတယ်။
အာဏာသိမ်းပြီတော့ သူတို့က အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ကြိုးစားသော်လည်း အကြောက်တရားကိုမမှုဘဲ ပြည်သူလူထုက အာဏာသိမ်းမှုကို ဆန့်ကျင်အန်တုနေတဲ့ CDM လှုပ်ရှားမှုတွေကိုလည်း လုံးဝ မထိန်းနိုင်ဘူး။ အာဏာသိမ်း ဖြစ်စဉ်အဆက်ဆက် ဒီတပွဲကတော့ အဆုံးသတ်ဖြစ်တယ်။
တဖက်မှာ ကိုဗစ်-၁၉ ဒဏ်ကိုပြည်သူတွေက ခံစားခဲ့ရတယ်။ ကပ်ရောဂါလျော့ပါးသွားချိန်မှာ တိုင်းပြည်ကို စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ တည်ဆောက်ကြရမယ့်အချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲလုပ်တယ်၊ NLD က ပြတ် ပြတ်သားသား ထပ်နိုင်တယ်။ ဒါကို မနာလို မရှုစိမ့်ဘဲ အာဏာသိမ်းတယ်။ ကမာ္ဘပေါ်မှာ ကိုဗစ်-၁၉ ကို ပြည်သူလူထုက ခါးစည်းပြီး ခံစားနေရချိန်မှာ အာဏာသိမ်းလိုက်တာ တော်တော်လေးကို လူစိတ်ကင်းမဲ့ပြီးတော့ အာဏာလု စစ်ကောင်စီရဲ့ အာဏာအပေါ် ယစ်မူး ငမ်းဖမ်းတာ၊ ပြည်သူလူထုအပေါ်မှာ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ ငါတို့အာဏာရရှိရေးသာလျှင် အဓိကဆိုတဲ့ပုံစံမျိုးတွေကို သူတို့ဖန်တီးလာတဲ့အတွက် သူတို့လုံးဝ(လုံးဝ) ယန္တရားကို အခြေပြုလို့မရတဲ့အပြင် တိုင်းပြည်ကို ကျရှုံးနိုင်ငံအဖြစ် တွန်းပို့လိုက်တာပဲဖြစ်တယ်။
ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ
ရခိုင်ဦးဆောင်ပါတီ
ကျနော်က ထောင်ကလွတ်ကတည်းက ဗမာပြည်ကနေ ရခိုင်ပြည်ကို ပြန်ရောက်လာတာဆိုတော့ ရခိုင်ပြည်နယ် မြင်ကွင်း တွေကိုပဲ ကျနော် မြင်နေရတယ်။ ဗမာပြည်နဲ့ ပတ်သက်ပြီးတော့ အသေးစိတ်တော့ ကျနော်လည်း မသိဘူး။ Facebook တွေမှာ ရေးကြ၊ သားကြ အဲဒီဟာတွေလောက်တော့ မြင်နေရတယ်။ အသေးစိတ် ဖြစ်စဉ် ၊ ဖြစ်ရပ်တွေကိုတော့ ကျနော်လည်း မသိဘူး။
လက်ရှိ မြင်နေရတာကတော့ တစ်တချက်က ဗမာအမျိုးသားချင်း ဖြစ်တဲ့ ပဋိပက္ခလို့ မြင်ပါတယ်။ တိုင်းရင်းသားတွေ ပါရင်တောင်မှ ဝင်ကူသင့်လို့ ဝင်ကူတာလောက်ပဲ၊ အနားသားလောက်မှာပဲ ရှိတယ်။
အတွင်းပဋိပက္ခမှာတော့ ဗမာ့တပ်မတော်နှင့် ဗမာလူမျိုး အချင်းချင်းဖြစ်တဲ့ ပဋိပက္ခ။ တခြား တနည်းအားဖြင့် ပြည်ထောင်စုကို အတင်းအကျပ် ဆွဲပြီးတော့ ဖွဲ့စည်းထားတဲ့ အရင်းအမြစ်၏ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးလို့ပဲ မြင်တယ်။ နှစ် ၇၀ ကြာလာတဲ့အခါ ပြည်ထောင်စုကို မှန်မှန်ကန်ကန် မတည်ဆောက်ပေးဘဲနဲ့ အတင်းအကျပ် ဆွဲပြီးတော့ လုပ်ဆောင်ထားတဲ့ ကဏ္ဍ၏ ဘေးထွက်ဆိုးကျိုးပဲ။
ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်နေတဲ့ပေါ် ပြေလည်ရာ ပြေလည်ကြောင်း ညှိနိုင်း ဖြေရှင်းဖို့ကတော့ အခုအချိန် အချိန်နှောင်းသွားပြီ ထင်တယ်။ ပထမ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ဆန္ဒပြတာတွေကို ဆန္ဒဖော်ထုတ်ခြင်း ဆိုပြီးတော့ သူ ခွင့်ပြုခဲ့တာတွေ အများကြီး ရှိခဲ့တယ်။ မည်သည့် ပစ်ခတ်နှိမ်နင်းမှုမှ မရှိ၊ တားဆီးမှုမှ မရှိ၊ လွတ်လွတ်လပ်လပ် ဆန္ဒ ဖော်ထုတ်ကြတယ်။
အဲဒီနောက်မှာ CDM ဆိုတာပေါ်လာတယ်။ နောက်ပိုင်းမှာ ခံကတုပ်ကျင်းတွေ လုပ်ပြီးတော့ ရရာ လက်နက်နဲ့ တွန်းလှန် ပုန်ကုန်တယ်ဆိုတဲ့ ပြည်တွင်းစစ်ပုံသဏ္ဍာန်မျိုး ဖန်တီးတာတွေ ရှိလာတယ်။ အဲဒီမှာ အသေအပျောက်တွေနှစ်ဘက်လုံးမှာ ရှိလာတယ်။ တချို့ မီးရှို့တာတွေ ရှိတာတယ်။ ဘယ်က ရှို့တယ်ဆိုတာတော့ ကျနော်လည်း မသိဘူး။ အရပ်သားတွေ သေတယ်။ ရဲသားတွေ သေတယ်။ စစ်သားတွေ သေတယ်။ အဲဒီလိုမျိုး ကျနော်တို့ မြင်ရတယ်။ ဒါပေမယ့် ကျနော်တို့ တိုက်ရိုက် မြင်ရတာ မဟုတ်ဘူး။ ကြားရတာပဲ ရှိတယ်။အဲဒါကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဆိုတာ အလွန်တရာ ခက်ခဲသွားပြီ။
အာဏာသိမ်းတဲ့အပေါ်မှာတော့ ဘယ်နိုင်ငံရေးပါတီဖြစ်ဖြစ် ၊ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အာဏာသိမ်းတဲ့အပေါ်မှာတော့ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကတော့ တချက်ပေါ့။ ဒုတိယ တချက်ကတော့ လက်ရှိနိုင်ငံရေး အခြေအနေမှာ အာဏာသိမ်းတာလား၊ အာဏာထိန်းတာလားဆိုတဲ့ ပြဿနာ အငြင်းပွားမှု ရှိတယ်။ တချို့က အာဏာသိမ်းတယ်လို့ ပြောတယ်။ တချို့က အာဏာထိန်းတယ်လို့ ပြောတယ်။
အာဏာထိန်းတယ်ဆိုရင် ၂ နှစ်အတွင်းမှာ သူရွေးကောက်ပွဲကို လုပ်ပေးရမယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲ၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ ကြွေးကြော်ပြီးတော့ ၂၀၀၈ အရ သူအာဏာ ခဏယူတယ်လို့ ပြောတယ်။ အဲဒီ အချိန်မှာ လက်ရှိအာဏာရလာမယ်လို့ ထင်တဲ့ ပုဂ္ဂိုလ်တွေက ဘေးကို ဖယ်ရှားခြင်းခံရတယ်။ အဲဒီအဖယ်ခံရတဲ့ ပုဂ္ဂိုလ်တွေက အာဏာသိမ်းသွားတယ်လို့ ပြောမယ်။ အမြင်မတူနိုင်ဘူး။
တိုင်းရင်းသားဒေသတွေမှာလည်း မတူနိုင်ဘူး။ ဗမာလူထုကြားမှာလည်း မတူနိုင်၊ အမြင်နှစ်မျိုး ရှိတယ်။ အာဏာသိမ်းတယ်ဆိုရင် ခုန ပြောသလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မဟုတ်တော့ဘူး။ ဖွဲ့စည်းပုံကို ဖျက်ပြီးတော့ အာဏာသိမ်းရင် ၁၀ နှစ်ကြာမှာလား။ နှစ် ၂၀ ကြာမှာလားဆိုတာ မပြောနိုင်တော့ဘူး။ အာဏာသိမ်းရင် အာဏာကို ယူနိုင်သမျှ ယူသွားမယ်။
အာဏာကို ခဏထိန်းချုပ်တယ်ဆိုတာကတော့ အာဏာကို ယူဖို့ အဖွဲ့အစည်းဖက်က မရိုးသားမှု ရှိတယ်လို့ သူတို့က သုံးသပ်တယ်။ အဲဒါကြောင့် အာဏာကို ခဏတာ ဖွဲ့စည်းပုံအရ ယူရတာပါ လို့ ပြောတဲ့အခါမှာ လက်ခံဖို့ ၊ လက်မခံဖို့ ဆိုတဲ့ ပြဿနာ နှစ်ပိုင်း ရှိလာတယ်။ တချို့ တိုင်းရင်းသားတွေက လက်ခံကောင်း လက်ခံနိုင်မယ်။ တချို့ တိုင်းရင်းသားတွေက လက်ခံချင်မှ လက်ခံနိုင်မယ်။ အဲဒီနှစ်ပိုင်းကတော့ ကွဲသွားလိမ့်မယ်။
ကျနော် အနေနဲ့ကတော့ လက်ခံလား၊ လက်မခံလားဆိုတာ တိတိကျကျ ပြောဖို့ ခက်တယ်။ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆို ရင် အာဏာကို ခဏတာထိန်းတယ်ဆိုရင် လက်ခံတယ်။
ဦးအောင်မျိုးမင်း
အမှုဆောင်ဒါရိုက်တာ
ညီမျှခြင်းမြန်မာ
စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေက အထွေထွေပျက်စီးသွားတယ်။ ပထမဦးဆုံး စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုတွေ မျိုးစုံ ကျူးလွန်နေပါတယ်။ မတရားဖမ်းဆီးမှုတွေ အကြမ်းဖက် သတ်ဖြတ်မှုတွေ သတ်ဖြတ်မှုတွေထဲမှာမှ နှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ်မှုတွေကို ကျနော်တို့ ကြုံတွေ့ နေရတယ်။ တချိန်တည်းမှာ စစ်ခုံရုံးတွေရှိတဲ့အတွက် မှန်ကန်တဲ့ တရားစီရင်ရေးကို မစီရင်နိုင်ဘဲ စစ်ခုံရုံးအမိန့်နဲ့ ချမှတ်နေရမှုတွေ ကျနော်တို့ ကြုံတွေ့နေရပါတယ်။ ပြည်သူလူထုအနေနဲ့ ဘယ်အချိန်ဖမ်းဆီးခံရမလဲဆိုပြီး ကြောက်ရွံ့နေတဲ့ ပတ်ဝန်းကျင်ရှိနေခြင်းကိုက လူတိုင်းအတွက် အရမ်းကိုစိုးရိမ်ရတဲ့ လုံခြုံမှုဆိုင်ရာ အားလုံးထိပါးနေတာ ဖြစ်ပါတယ်။ ဒါကတော့ မြို့ပေါ် အခြေအနေပါ။
တဖက်မှာ ပြန်ကြည့်ရင်လည်း တိုင်းရင်းသားဒေသတွေမှာ လေကြောင်းက သုံးပြီးတော့ တိုက်ခ်ိုက်မှုတွေရှိတယ်။ တိုင်းရင်းသားဒေသတွေက နဂိုတည်းကမှ ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားနေရတဲ့ တိုင်းရင်းသားတွေ ကြားထဲမှာ တကြော့ပြန်ထိုးစစ်တွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ကလေးသူငယ်တွေ အပါအဝင် ထွက်ပြေး တိမ်းရှောင်နေရတယ်။
ဘယ်မှကျော်ဖြတ်ပြီး ခိုလှုံစရာ မရှိလို့ ပြည်တွင်းမှာ လှည့်လည်နေထိုင်ရတဲ့ ပြည်တွင်း ဒုက္ခသည်ဘဝကို ကြုံတွေ့နေရ တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို သုံးသပ်မယ်ဆိုရင် မြို့ပေါ်မှာရော တောတွင်းမှာရော နေရာအနှံ့ လူ့အခွင့်အရေးအခြေအနေ အင်မတန်ဆိုးဝါးနေပြီး တကယ့်ကို ချွတ်ခြုံကျနေပါပြီ။
ပြောမယ်ဆိုရင် ၁၉၈၈ ကာလနီးပါးထိ ကျနော်တို့ နိုင်ငံအခြေအနေက နောက်ပြန်ဆုတ်သွားတယ်။ အခုချိန်ထိ လမ်းပေါ်မှာ လူသတ်မှုတွေ မကင်းသေးဘူး။ ၈၈ တုန်းက တရက်ပဲ လမ်းပေါ်မှာ ဆန္ဒပြတာကို ရက်ရက်စက်စက် ဖြိုခွင်းတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်မှုက ရပ်တန့်သွားပြီး ဖမ်းဆီးမှုပဲ ရှိတယ်။ အခုကျ နေ့တိုင်း ဖမ်းဆီးမှုတွေရှိသလို သတ်ဖြတ်မှုတွေလည်း နေ့တိုင်းကြုံတွေ့နေရတယ်။
တချိန်တည်းမှာပဲ ကျနော်တို့ တရားဥပဒေမဲ့ လုပ်ဆောင်မှုက ၈၈ အတိုင်းပါပဲ။ လမ်းပေါ်မှာ တွေ့တဲ့ သူကို ကြိုက်သလို ဖမ်းနိုင်တယ်။ ညကို ကြိုက်သလို ဝင်နိုင်တယ်။ ဆိုင်တွေကို ကြိုက်သလို လုနိုင်တဲ့ အခြေအနေက ၈၈ အခြေအနေပါပဲ။ အဲ့တုန်းကဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ရှိခဲ့ကြတယ်။ အဲ့တုန်းကလည်း တရားဥပဒေ စိုးမိုးရေးနဲ့ တရား စီရင်ရေးယန္တရားက ပျက်တယ်။ အခုလည်း ဒီအတိုင်းပါပဲ။ တရားဥပဒေရဲ့ ယန္တရားလည်း လုံးဝ ပျက်စီးနေတယ်။ ထောင်ထဲမှာပဲ အကျဉ်းရုံး စီရင်တာတွေ စစ်ခုံရုံးနဲ့ စီရင်တာတွေဖြစ်နေတယ်။ ဖမ်းဆီးခံရသူတွေကလည်း ၈၈ တုန်းကလိုပဲ ရှိနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဆင်နွဲတည်းက ဒီမိုကရေစီကို စော်ကားခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့အတူ ပါဝင်တဲ့ လူ့အခွင့်အရေးကို မလေးစားတာ ဖြစ်ပါတယ်။ ပိုမိုဆိုးဝါးတာက အာဏာသိမ်းတာတင်မကပဲ နောက်ထပ် ဒီထက် ပိုမိုဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို နိုင်ငံတကာ ရာဇဝတ်မှုအထိ လူသားမျိုးနွယ်တခုလုံးကို ထိခိုက်တဲ့ Crime Against Humanity အထိ ဆက်ပြီး ကျူးလွန်နေတဲ့ကိစ္စက သူတို့မှာ လူ့အခွင့်အရေးအရလည်း ဂရုမစိုက်ဘူး။ နိုင်ငံတကာရာဇဝတ်မှုကိုလည်း ဂရု မစိုက်ဘူးဆိုတာ တွေ့နေရပါတယ်။ အာဏာသိမ်းတည်းက မှားယွင်းခဲ့တဲ့ အမှားက ခုချိန်ထိ ဆက်မှားနေတုန်းပဲ။ ဒါတွေကို ကြည့်ရင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရဲ့ အနှစ်သာရ ဆွေးနွေးအဖြေရှာတဲ့ ယဉ်ကျေးမှုကို မလေးစားမှုဆိုတာ အများကြီး အထင်ရှားတွေ့ရပါတယ်။
ရာဇဝတ်မှုထဲမှာ လက်ရှိမြန်မာနိုင်ငံထဲမှာ တနိုင်ငံလုံးမှာ အကြမ်းဖက်လုယက် သတ်ဖြတ်ခြင်းက ပြောမယ်ဆိုရင် Crime Against Humanity၊ လူသားမျိုးနွယ်တခုလုံးကို ထိခိုက် စေတဲ့ ပြစ်မှုပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ်၊ ဒါတွေကို လုပ်ဆောင်ဖို့အတွက် စီမံကိန်း၊ အမိန့်၊ ချမှတ်ပြီး လုပ်ဆောင်နေတဲ့ ပုံစံတွေ တွေ့ရတယ်။
နောက်တခါ ပြည်သူလူထု အားလုံးကို ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ သတ်မှတ်ချက်အရဆိုရင် ဒါက Crime Against Humanity လို့ ခေါ်တဲ့ လူသားမျိုးနွယ်တခုလုံးကို ကျူးလွန်တဲ့ ပြစ်မှု ပိုပြီး မြောက်ပါလိမ့်မယ်။ စစ်ပွဲအတွင်းမှာ တိုင်းရင်းသား ပြည်သူတွေကို လေကြောင်းနဲ့ တိုက်ခိုက်တာ သတ်ဖြတ်တာ ကျေးရွာတွေကို မီးရှို့တာတွေ ကတော့ စစ်ပွဲဆိုင်ရာဇဝတ်မှု War Crime လို့ ခေါ်တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ဖြစ်ပါလိမ့်မယ်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလန်ဆမ်ဆွန်
ဥက္ကဌ
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)
အာဏာသိမ်းပြီးကတည်းက ကျနော်တို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေက နေ့တိုင်းဆက်ဖြစ်နေတဲ့ အခြေအနေမှာ ရှိတယ်။ အထူးသဖြင့်တော့ ကချင်ပြည်နယ်မှာပေါ့။ ဒီလိုတိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ ငြိမ်းချမ်းရေး လမ်းစကလည်း ပျောက်နေတယ်လို့ ထင်ရတယ်။ စစ်ကောင်စီဘက်ကလည်း ဆွေးနွေးမလား၊ မဆွေးနွေးဘူးလား။ KIA ဘက် ကလည်း ဆွေးနွေးမယ်ဆိုတဲ့ စကားတွေ မကြားမိပါဘူး။ ပြောမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတာကတော့ ဝေးနေ တယ်လို့ ကျနော်တို့ ခံစားမိပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေးလုပ်နေတဲ့ ကျနော်တို့ KHCC ကလည်း ခရစ်ယာန်ဂိုဏ်းပေါင်းစုံတွေ ပါဝင်တယ်ဆိုတော့ တချို့ ဂိုဏ်း၊ အသင်းတော်တွေ ဘာသာရေးအဖွဲ့တွေက တရားဝင်အစိုးရ၊ နောက်တတ်လာမယ့် လူထုအားလုံးက ထောက်ခံ မယ့် အစိုးရနဲ့ပဲ သူတို့က ဆက်လုပ်ချင်တဲ့ အဖွဲ့အစည်းတွေ ပါနေတယ်။ ကျနော်တို့ကို ထောက်ပံ့ကြေးပေးနေတဲ့ UN က အစ စစ်ကောင်စီကို တရားဝင်ဆက်သွယ်ရမလား၊ မဆက်သွယ်ရဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်က တိတိကျကျ မရှိသေးဘူး။ ကျနော်တို့ကလည်း ကြားထဲမှာ ဘာဆက်လုပ်ရမလဲ မသိဖြစ်နေတယ်။ IDPs တွေ မိမိသဘောနဲ့ မိမိနေရပ်ပြန်မယ်ဆို ကျနော်တို့ မတားမြစ်ဘူး။ ဒါပေမယ့် KHCC အနေနဲ့ ဦးဆောင်ပြီး နေရပ်ပြန်ရေး အစီအစဉ်ကတော့ အခုထက်ထိ မလုပ်နိုင်သေးပါဘူး။
တကယ်လို့ အာဏာသိမ်းတဲ့ကိစ္စ မရှိခဲ့ရင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးက အများကြီး တိုးတတ်ပြီး အောင်မြင်နေပါလိမ့် မယ်။ ကျနော်တို့ဆို ၂၀၂၃မှာ အပြီး လုပ်ဖို့ ရည်မှန်းချက်၊ ပန်းတ်ိုင် ရှိတယ်။ ၂၀၂၁ မှာ အိမ်ခြေ ၅၀၀၀ ပတ်ဝန်းကျင်ကို ပြန်ပို့ပြီး ၂၀၂၃ မှာ အပြီးအစီး နေရပ်ပြန်ပို့ဖို့ ကျနော်တို့ ဆန္ဒတွေ ရှိပါတယ်။ တာဆူနေတယ်။ နိုင်ငံခြား အထောက်အပံ့ မရသည့်တိုင်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပြန်ဖို့ ကိစ္စတွေ ကျနော်တို့ အားလုံး ဆွေးနွေးထားခဲ့ပြီးပြီ။ ဒါပေမယ့် စစ်ကောင်စီက အာဏာသိမ်းမှုတွေဖြစ်လာတော့ ကျနော်တို့က ဘာမှ လုပ်လို့ မရဘူးဖြစ်နေတယ်။ ဘာလို့ဆိုတော့ (စစ်ရေးပိုင်း) အာမခံချက် မပေးနိုင်လို့ ဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်ရင် ကျနော်တို့က အာမ မခံနိုင်ဘူး။ တိုက်ပွဲကလည်း အခုဖြစ်နေတယ်။ ဗန်းမော်၊ အင်ဂျန်းယန်က ဆိုရင် ပြန်သွားတဲ့ ဒုက္ခသည်တွေပဲ ပြန်ပြေးလာရတယ်။ လေယာဉ်တွေကလည်း အမြဲတမ်း တိုက်ခိုက်မှုတွေ ရှိနေတော့ လူတွေက မနေရဲတော့ဘူး။ ပိုပြီး စိုးရိမ်ရပါတယ်။ ဒါကို ကျနော်တို့ အာမ မခံရဲဘူး။
အခုက နေရာတကာမှာ စစ်ဖြစ်နေတယ်။ ဘေးကရွာတွေကတော့ ပြေးကြရမှာပဲ။ တချို့က ဝေးတဲ့နေရာကို ပြေးရမယ့် သူတွေ ရှိသလို တချို့ကလည်း အနီးအနားမှာပဲ ပြေးတဲ့ သူတွေ ရှိနေတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေသရွေ့ကတော့ ကျနော်တို့ IDPs Issue ကတော့ ဆက်ပြီး မြင့်တက်နေမှာ မြေကြီးလက်ခက်မလွဲပါပဲ။
ဦးရဲထွန်း
နိုင်ငံရေးလေ့လာသုံးသပ်သူ
ရွေးကောက်ခံကိုယ်စားလှယ်ဟောင်း
ကျနော့်အမြင်ကတော့ Failed State ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်လေ။ အကြောင်းကတော့ ကျနော်တို့နိုင်ငံက ပြည်တွင်းမှာ နှစ် ၇၀ လောက်ကြာနေပြီဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ရှိနေပေမယ့်လို့ လက်နက်ကိုင်တပ်ဖွဲ့တွေက မြို့ကြီးပြကြီးတွေကို အခုထိ သိမ်းယူနိုင်တာ မရှိဘူးပေါ့နော်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖက်ဒရယ် Army တည်ထောင်မယ် ဘာညာဆိုပြီးတော့ NUG တို့ CRPH တို့က လှုံဆော်ခဲ့ပေမယ့် စုစုစည်းစည်းနဲ့ တိုက်ပြုပြီးတော့ မြို့ တွေ ဘာတွေသိမ်းနိုင်တဲ့ အနေအထားထိတော့ မရောက်သေးဘူးပေါ့နော်။ စခန်းတွေဘာတွေ ပြန်သိမ်းတာ ပြုတာလောက်တော့ ရှိတယ်ပေါ့။
အခြေခံအားဖြင့် မြို့ ပြတွေကတော့ စစ်ကောင်စီရဲ့ လက်ထဲမှာပဲ ရှိနေသေးတယ်။ သွားလာ ဆက်သွယ်ရေးတွေကလည်း အခုထက်ထိတော့ ပုံမှန်ပဲပေါ့။ အဓိကအားဖြင့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတို့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတို့က သွားလို့လာလို့ရနေသေးတယ်။ တရုတ်ပြည်ကိုသွားတဲ့လမ်းမှာ ပိတ်ဆို့ တားဆီးမှုတွေရှိတယ်ဆိုတာကလည်း အဓိကကတော့ တရုတ်က ကျနော်တို့ကို ကိုဗစ်-၁၉ ရောဂါတွေ့လို့ အဲဒါကြောင့် မိုလို့ပိတ်ထားတာပေါ့။ လမ်းကတော့ သွားလို့ရနေတာပေါ့။
ဆိုတော့နောက်တခါ CDM ဆိုပြီး လှုပ်ရှားတဲ့ လှုပ်ရှားမှုကလည်း ပြန်ပြီးတော့ တဖြည်းဖြည်းချင်းတော့ အလုပ်တွေ တက်လာကြမယ်ထင်တယ်။
အဓိကက ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဝန်ထမ်းတွေလစာနဲ့ နေစဉ်နဲ့အမျှ ဖောင်းပွနေတဲ့ကုန်ဈေးနှုန်း အဲဒီဟာရဲ့ အဓိကပြဿနာပဲ။ အဲဒါတော့ ဂရုစိုက်ရမယ့် ပြဿနာလို့ထင်တယ်။
အခု ထိခိုက်တာက ဘယ်သူတွေတုန်း ဆိုပြီးကြည့်လိုက်တဲ့အခါကျတော့ ဝင်ငွေနည်းတဲ့ ဆင်းရဲတဲ့ပြည်သူလူထုပဲ ထိခိုက်တာ။ ချမ်းသာတဲ့သူတွေနဲ့ စားနိုင်သောက်နိုင်တဲ့ အလယ်အလတ်တန်းစားတွေနဲ့ မထိဘူး။ နောက် စစ်ကောင်စီ အုပ်ချုပ်တဲ့လူတွေလည်း မထိဘူး။
ပုံမှန်အခြေအနေတော့ မရောက်သေးဘူး။ ဒါပေမယ့် သူတို့မျှော်မှန်းမထားတဲ့ အခက်အခဲတွေ ဆန့်ကျင်မှုတွေ မျှော်မှန်းထားတာထက် ပိုပြီးတော့ ပြင်းထန်တဲ့အတွက်ကြောင့်မိုလို့ တိုင်းပြည်က အရင်က ကိုဗစ် – ၁၉ ကြောင့် စီးပွားရေး ကျဆင်းတယ်။ လူတွေ ပိုပြီးတော့ ဒုက္ခရောက် ပိုပြီးတော့ ဆင်းရဲကြပ်တည်းတာတွေ ကြုံရလိမ့်မယ်။ အဲဒီတော့ အဲဒီဆင်းရဲကြပ်တည်းပြီးတော့ အလုပ်လက်မဲ့ ဝင်ငွေမရှိတဲ့ ရိုက်ခတ်ချက်ကြောင့် ထပ်ပြီးတော့ ခိုး၊ ဆိုး၊ လု အဲဒီလိုအမှုအခင်းတွေလည်း ပိုများလာလိမ့်မယ်လို့ ကျနော်ထင်တယ်။
ဗိုလ်မှူးကြီးနော်ဘူ
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)
အာဏာသိမ်းတဲ့နောက်ပိုင်းမှာ စစ်ကောင်စီအုပ်ချုပ်တဲ့နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆို တာ တော်တော်အေးသွားပြီလို့ မြင်ပါတယ်။ ဘယ်သူနဲ့မှ နိုင်ငံရေးဆွေးနွေးတာ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေက ကျနော်ကြားတောင် မကြားမိပါဘူး။ နောက်တခုက နိုင်ငံရေးဆွေးနွေးမယ့်သူတွေလည်း သိပ်ပြီး စိတ်ဝင်စားပုံမပေါ်ဘူးဆိုတာ အပေါ်ယံကြည့်ရင် မြင်ပါတယ်။
စစ်ရေးနဲ့ပတ်သက်လို့တော့ KNU ဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်တယ်။ KIA ဘက်မှာလည်း တိုက်ပွဲက ဆက်တိုက် ထိုးစစ်ဆင်နေတာ ရှိတယ်။ တခြား လက်နက်ကိုင်အဖွဲ့တွေဆီမှာတော့ စစ်ဆင်ရေးမလုပ်ပဲ စည်းရုံးရေး လုပ်တာတွေ တွေ့ရပါတယ်။ စစ်ကောင်စီက နည်းဗျူဟာတွေကို အမျိုးမျိုးသုံးပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖြိုခွဲဖို့ ကြိုးစားတယ်ဆိုတာကတော့ ကျနော့်ရဲ့ သုံးသပ်ချက်ပါ။ ဥပမာ ဝ ဆီမှာဆို သူတို့လာပြီး ချဉ်းကပ်တာ စည်းရုံးတာတွေ ကြားသိရပါတယ်။
ကျနော်တို့ဆီမှာတော့ အခုအနေအထားနဲ့ ပြောရင် တိုက်ပွဲက ပိုပြီး ပြင်းထန်လာမယ့် အနေအထား ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ရင်တော့ KIA က ခုခံဖို့ အဆင်သင့်ရှိပါတယ်။ မခုခံပဲ နေမှာ မဟုတ်ပါဘူး။ အဲ့တာကြောင့် စစ်ရေးက ပိုပြီး ပြင်းထန်လာနိုင်တယ်။ ရှည်လာနိုင်တယ်။ ကြာလာနိုင်တယ်ဆိုတာ ပြောရခြင်း ဖြစ်ပါတယ်။
စစ်ရေးအခြေအနေတင်းမာရင်တော့ စစ်ရှောင်ပြည်သူလူထုတွေ နေရပ်ပြန်ရေးကလည်း ဘာမှ ဆွေးနွေးလို့ မရဘူး။ ဘာမှလည်း ခန့်မှန်းလို့ မရဘူးဖြစ်နေတာ။ ဘာပဲဖြစ်ဖြစ် ဒီနှစ် ၂၀၂၁ မှာတော့ ပြန်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။
စစ်ရှောင်တွေရှိရင်တော့ ကျနော်တို့ကလည်း အတတ်နိုင်ဆုံး စားဝတ်နေရေးတွေ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ အခက်အခဲကတော့ ရှိတာပေါ့။ ပြည်သူလူထုတွေလည်း စစ်ရှောင်တာများရင်တော့ ကျနော်တို့ အဖွဲ့အစည်းမှာလည်း အခက်အခဲက ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က ပြည်သူလူထု နဲ့ တသားတည်း ရှိနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်သူလူထုကိုလည်း ကျနော်တို့ကာကွယ်ရမယ်။ သူတို့ စားဝတ်နေရေးကိုလည်း အတတ်နိုင်ဆုံး ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဝန်ထုပ်ဝန်ပိုးတော့ ဖြစ်တာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မလုပ်လို့ မရဘူးပေါ့။ တတ်နိုင်တဲ့ နည်းနဲ့ ကြိုးစားပြီး ကူညီပံ့ပိုးတာ လုပ်မှာ ဖြစ်ပါတယ်။
You may also like these stories:
ဆွေးနွေးမှုများ မစတင်မီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် NUG တောင်းဆို
ကျရှုံးနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံ ရှောင်လွှဲနိုင်မလား
NUG နဲ့ အတူ ဘယ်သူတွေ ရပ်တည်နေကြသလဲ
KIA နဲ့ စစ်တပ်အတွက် အရေးပါတဲ့ တရုတ်- မြန်မာနယ်စပ်က အလော့ဘွမ်စခန်း