စစ်ဗိုလ်ချုပ်ကြီးများက စစ်တပ်အပေါ် အာဏာမရှိသည့် ရွေးကောက်ခံ အစိုးရတခုအတွက် လမ်းခင်းရန် အခြေခံဥပဒေတခု ရေးဆွဲခဲ့ချိန်တွင် ထိုအစီအစဉ်ကို “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဟု အမည်တပ်ခဲ့ကြသည်။ ပွင့်လင်း လွတ်လပ်သော နိုင်ငံရေးပြိုင်ဆိုင်မှုက မတည်ငြိမ်မှုသို့ ဦးတည်၍ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး စစ်တပ်သာလျှင် တည်ငြိမ်မှုနှင့် အောင်မြင်ကြီးပွားမှုကို သေချာစေနိုင်သည်ဟု သူတို့က ဆိုခဲ့သည်။
ထို့ကြောင့် ရယ်စရာကောင်းသည်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြင့် စစ်တပ်က တိုင်းပြည်ကို နောက်တကြိမ် ထိန်းချုပ်လိုက်သည့် အချိန်မှစ၍ ထွန်းကားလာသော တခုတည်းသောအအရာမှာ ကသောင်းကနင်း အဖြစ်များသာ ဖြစ်သည်။
စစ်တပ်က လက်နက်မဲ့ ဆန္ဒပြသူများကို စတင် ပစ်ခတ်ခဲ့ချိန်မှစ၍ အရေအတွက် နည်းပါးသွားခဲ့သော်လည်း နေ့စဉ် ဆန္ဒပြပွဲများက ဆန့်ကျင်ရေး အားထုတ်မှုများ ဖြစ်သည်။ ဆန့်ကျင်ပုန်ကန်သော ဒေသများ သို့ စစ်သားများက ဂမူးရှူးထိုး ဝင်ရောက်လာကြပြီး ကြုံသလို ရိုက်နှက်သတ်ဖြတ်နေကြသည်။ အလောင်းများ ထုတ်ပေးရန် ဝမ်းနည်းပူဆွေးနေကြသည့် ဆွေမျိုးများထံမှ ငွေတောင်းယူခဲ့ကြပြီး ဖမ်းဆီးထားသော အမျိုးသမီးငယ်များအား ရိုက်နှက်ညှဉ်းပမ်းကြသည့်အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများလည်း ဖြစ်ပွားနေသည်။
အထွေထွေသပိတ်က အစိုးရအုပ်ချုပ်ရေးယန္တရားနှင့် စီးပွားရေးလုပ်ငန်းများကို ချည့်နဲ့သွားစေခဲ့သည်။ ကျန်းမာရေး ပညာရေးကဲ့သို့ အများပြည်သူဝန်ဆောင်မှုများ အကြီးအကျယ် ရပ်တန့်သွားသည်။ နယ်စပ်ဒေသများတွင်လည်း အစိုးရနှင့် ဆယ်စုနှစ်များစွာ တိုက်လိုက် ရပ်လိုက် လုပ်နေခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၀ ခန့်တွင် အချို့က စစ်စခန်းများ သို့မဟုတ် လက်နက်များကို သိမ်းယူရန် အကျပ်အတည်းကို အခွင့်အရေးယူခဲ့ကြသည်။ စစ်တပ်က ထိုဒေသရှိ ရွာများပေါ်သို့ ဗုံးကြဲ၍ ဒုက္ခသည်များ ထပ်မံမွေးထုတ်ပြန်သည်။
မြန်မာနိုင်ငံသည် ကျရှုံး တိုင်းပြည်တခု ဖြစ်လာနေကြောင်း စိုးရိမ်တကြီး သတိပေးသံများ ထွက်ပေါ်လာသည်။
မြန်မာနိုင်ငံသည် ယခုအချိန်အထိ ဆီးရီးယား၊ အာဖဂန် နစ္စတန်တို့ကဲ့သို့ အလုံးစုံ ဥပဒေမဲ့ မဖြစ်သေးသော်လည်း ထိုလမ်းကြောင်းသို့ ဦးတည်နေပြီး အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူလူထုအပေါ် တရားလက်လွတ်ပြုမူမှုများက အရေးယူမှုမရှိဘဲ check and balance စောင့်ကြည့်ထိန်းချုပ်ရေးစနစ်က ပျက်စီးသွားပြီဖြစ်သည်။
နိုင်ငံတခုကို အတူတကွ တာဝန်ယူလုပ်ခြင်းက စိတ်ချယုံကြည်မှု ပျောက်ကွယ်သွားသည့်အခါ မည်မျှခက်ခဲကြောင်းကို သတိပေးနေသည်။ လူထုကျန်းမာရေးနှင့် လူမှုစီးပွားရေးအတွက် အစိုးရ၏ ဝန်ဆောင်မှု ပြိုကျသွားသော မြန်မာနိုင်ငံ ကျဆုံးခြင်းက ပြည် သူ ၅၄ သန်းကို ကပ်ဘေးဒုက္ခတခု ကြုံလာစေသည်သာမက ဒေသတွင်းတလျှောက် ရိုက်ခတ်သွားနိုင်သည့် အန္တရာယ်များကိုလည်း ဖန်တီးပေးနေသည်။
ပြည်တွင်းစစ် ကျယ်ပြန့်လာခြင်း
ပြဿနာများက ပိုကောင်းလာဖွယ် မမြင်ဘဲ ပိုဆိုးလာမည့် အနေအထား ရှိသည်။ စစ်အာဏာသိမ်းဆန့်ကျင်သူများ ကြောက်ရွံ့နာခံလာစေရန် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အကြမ်းပတမ်း ကိုင်နေသည်။ ဆန္ဒပြသူများ အများမြင်ခဲ့ပြီးသည့်အတိုင်း ဦးခေါင်းနှင့် နောက်ကျောတွင် အပစ်ခံရနိုင်ကြောင်း စစ်တပ်က ဗြောင်ခြိမ်းခြောက် သတိပေးသည်။
အာဏာသိမ်း တပ်ဖွဲ့က ပစ်သတ်၍ သေဆုံးမှုက ၇၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ဧပြီလ ၉ ရက် တနေ့တည်း ပဲခူးမြို့တွင် လူ ၈၀ ကျော်ကို စစ်တပ်က ပစ်ချခဲ့သည်။ နေရာအများအပြားတွင် ပြန်လည်တိုက်ခိုက်ရန် ဆန္ဒပြသူများက လက်လုပ် လက်နက်များကို အသုံးပြုခဲ့ကြသည်။ အချို့က နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံတွင် စစ်ပညာသင်ကြားရန် ကြိုးစားကြသည်။
ဖမ်းဆီးခြင်းမှ လွတ်မြောက်သွားခဲ့သော လွှတ်တော်ကိုယ်စားလှယ် တစုက ဖက်ဒရယ် တပ်မတော်တခု ဖွဲ့စည်းရေး အကြောင်းပြောနေကြသည်။ လက်တွေ့တွင် အကျိုးစီးပွားနှင့် နိုင်ငံရေး ရည်မှန်းချက် အမျိုးမျိုး ကွဲပြားနေသော တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံရေး ဦးဆောင်မှု တခုတည်းအောက်တွင် ချက်ခြင်းစုစည်း၍ မရနိုင်သေးပေ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမြင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာလူမျိုးကြီးဝါဒ၏ တစိတ်တပိုင်း ဖြစ်နေသေးပြီး တန်းတူညီမျှရေးကို လက်ခံကျင့်သုံးခြင်း မရှိဟု မြင်သည်။ သို့ရာတွင် စစ်ကောင်စီ တပ်များအား တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်များသည် ယခုအချိန်သည် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများကို ပိုမိုခိုင်မာစေပြီး အင်အားတိုးချဲ့ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း အမြင်တူကြသည်။
ဧပြီလ ၁၆ ရက်နေ့တွင်မူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) ကို ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်များအပြင် အရပ်ဘက် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းနိုင်ခဲ့သည်။
အမှန်တကယ်တွင်လည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်အကြား ပြဿနာမျှသာ မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီတိုက်ပွဲသည် ဘုံရန်သူဆန့်ကျင်ရေးအတွက် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစုများကို စုစည်းပေးခဲ့သော်လည်း တိုင်းရင်းသားအချင်းချင်းအကြားကွဲလွဲချက်များ အထူးသဖြင့် ဗမာအသိုက်အဝန်းနှင့် ပတ်သက်သည့် ကွဲလွဲချက်များကို ပေါင်းကူးပေးရန် အထောက်အကူမပြုခဲ့ပေ။
လတ်တလော အပြင်းအထန်ကြုံတွေ့နေရသော နိုင်ငံရေးအခြေအနေ၏ တောင်းဆိုမှုအောက်တွင် CRPH သည် တိုင်းရင်းသားလူနည်းစုများ၏ ပူပန်မှုများကို ကာလကြာမြင့်စွာ လျစ်လျူရှုထားခဲ့သည့် အမှားကို သဘောပေါက်ပြီး တိုင်းရင်းသားအတွက် ခိုင်မာသော ကိုယ်စားပြုမှုပေးရာတွင် အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်သည်။ ယခုအခါတွင် NUG သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ညီညွတ်ရေး အလံတော်ဖြစ်မည်ဟု မျှော်လင့်ရသည်။
သို့သော် အကယ်၍ လက်နက်ကိုင်အဖွဲ့များ အားလုံးက သဘောတူ စစ်တပ်အား ပြန်တိုက်ခဲ့ကြလျှင်ပင် စစ်တပ်တခုကို ဖယ်ရှားရန်နှင့် အာဏာသိမ်းမှုတခုကို ပြောင်းလဲရန် ပစ်အားမရှိသေးပါ။ ထိုနည်းတူ စစ်တပ်သည်လည်း သူတို့ကို အနိုင်ယူနိုင်ခဲ့ခြင်း မရှိပါ။ ယခုအခါ ပြည်သူလူထု၏ ထောက်ခံမှု လုံးဝကင်းမဲ့သည့် နီးပါးဖြစ်နေသော မြန်မာစစ်တပ်၏ စိတ်ဓာတ်ရေးရာက အတော်ပင် ကျဆင်းသွားနေသည်။
တိုင်းပြည်စီးပွားရေး ပြိုကျခြင်း
အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ကိုယ်ကိုယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လိုသူများဟု ပုံဖော်ပြီး စီးပွားရေးမူဝါဒများအား မပြောင်းလဲဘဲ စီးပွားရေး စီမံခန့်ခွဲရာတွင် အတွေ့အကြုံရှိသူတချို့ကိုပင် နေရာပေးခဲ့သည်။ သို့သော် စစ်ကောင်စီတပ်ဖွဲ့များက လက်နက်မဲ့အရပ်သားများကို အကြမ်းဖက်မှု မြင့်မားလာခြင်းနှင့် စစ်ကောင်စီကို နိုင်ငံတဝန်း အာဏာဖီဆန်ခြင်းတို့ကြောင့် ယခင်နှစ်က ကိုဗစ် ၁၉ ကူးစက်ရောဂါနှင့်ပတ်သက်သည့် ပိတ်ဆို့မှုများဖြင့် ချည့်နဲ့ပြီးဖြစ်သော တိုင်းပြည်စီးပွားရေးက အဟန့်အတား မရှိ ကျဆင်းသွားခဲ့သည်။
ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အလုပ်အကိုင် ဆုံးရှုံးခြင်းနှင့် စားသောက်ကုန်ဈေးနှုန်းများ တက်လာခြင်းတို့က မြို့ပြဒေသများတွင် အဆိုးရွားဆုံး ရိုက်ခတ်နေပြီး လာမည့် ၃ လနှင့် ၆ လအတွင်း လူ ၃ ဒဿမ ၄ သန်းနှင့်အထက် စားနပ်ရိက္ခာ အခက်အခဲ ကြုံနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့တွင် ဆိုသည်။ စစ်အာဏာမသိမ်းမီ WFP က လူပေါင်း ၂ ဒဿမ ၈ သန်းကို ထောက်ပံ့နေခဲ့သည်။
ရှိပြီးဖြစ်သော ဆင်းရဲမွဲတေမှု၊ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအကျပ်အတည်းတို့အပြင် ဖေဖော်ဝါရီလကုန်မှ စ၍ ဆန်နှင့် စားသုံးဆီဈေးမှာ ၅ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်းစီ တက်သွားခြင်းသည် မိသားစုများ အစားလျှော့စားရခြင်းနှင့် အာဟာရဓာတ် မပြည့်သော အစားအစာများ စားရခြင်းတို့ ကြုံတွေ့စေကာ အကြွေးလည်း တင်လာနေပြီ ဖြစ်ကြောင်း WFP က ဆိုသည်။
အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအပေါ် အကြီးအကျယ် အကျိုးသက်ရောက်စေပြီး ယခုအခါ ရပ်ဆိုင်းလုနီးပါး ဖြစ်သည်။ စစ်တပ်နှင့် စီးပွားရေးအရ ဆက်နွယ်သော မြန်မာနိုင်ငံမှ နိုင်ငံစုံ ကုမ္ပဏီများ ရှေ့ရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။ ၎င်းတို့ပိုင် အစုရှယ်ယာကို ပြန်ရောင်းထုတ်မည် သို့မဟုတ် ရာနှုန်းပြည့် ဝယ်ယူမည်ကို ဆုံးဖြတ်ကြရသည်။ အချို့က ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထုခွဲရောင်းချခြင်းနှင့် အရင်းအနှီးများ ပြန်လည်ထုတ်ယူခြင်း မပြုလျှင်ပင် ထပ်မံရင်းနှီးမြှုပ်နှံခြင်းကို ရပ်ဆိုင်းထားကြမည့် အလားအလာရှိသည်။
တချိန်တည်းတွင် ကမ္ဘာ့ဘဏ်၊ ဂျပန် ODA၊ ကိုရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရံပုံငွေ (EDCF) တို့ကဲ့သို့ နိုင်ငံတကာ အထောက်အပံ့များလည်း အနည်းဆုံး ယာယီအားဖြင့်ဖြစ်စေ ရပ်ဆိုင်းကုန်သည်။ လမ်း တံတားနှင့် အခြားအခြေခံ အဆောက်အဦး စီမံကိန်းများ၊ စက်မှုဇုန်နှင့် မြို့သစ်စီမံကိန်းများ ရပ်ဆိုင်းကုန်ပြီး ထိုစီမံကိန်းများအတွက် လာရောက်လုပ်ကိုင်နေသော နိုင်ငံခြား အလုပ်သမားများ မိခင်နိုင်ငံ ပြန်ဖို့ ဖြစ်လာခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ရန် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများကို အောင်မြင်စွာ တိုက်တွန်းနိုင်သောကြောင့်လည်း မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ရပ်ဆိုင်းနေသည်။
အကျပ်အတည်းကာလအတွင်း အခွန်ကောက်ခံနိုင်ခြင်း မရှိသလောက်ဖြစ်နေသောကြောင့် စစ်ကောင်စီသည် ငွေသားအကျပ်အတည်းနှင့် ရင်ဆိုင်နေရပုံပေါ်သည်။ ATMs စက်မှဖြစ်စေ ဘဏ်မှတိုက်ရိုက်ဖြစ်စေ တနေ့လျှင် ငွေ ၅ သိန်းသာ ထုတ်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် ဗဟိုဘဏ်က စည်းမျဉ်းသစ်ကို ထုတ်ပြန်လိုက်ပြီး ဘဏ်များကလည်း တိုက်ရိုက်ငွေထုတ်ယူသူများအတွက် တနေ့လျှင် တိုကင် ၂၀ မှ ၃၀ အထိသာ ချထားပေးသည်။
ရာနှင့်ချီသော လူများသည် စီးပွားရေးမြို့တော်ရန်ကုန်ရှိ ATM ငွေထုတ်စက်များ၏ရှေ့တွင် တန်းစီပြီး စောင့်ဆိုင်းနေကြသော မြင်ကွင်းသည် ရန်ကုန်တွင် ထုံးစံတခုဖြစ်လာသည်။ စစ်ကောင်စီက မတ်လတွင် မိုဘိုင်းအင်တာနက်များကို ဖြတ်တောက်လိုက်သောအခါ ဆူပါမားကက်များနှင့် ဈေးဝယ်စင်တာများလည်း ကတ်ဖြင့်ငွေပေးချေခြင်းကို လက်မခံနိုင်တော့ပေ။
ဖော်ပြပါ အချက်အားလုံးကြောင့် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှု ၁၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဟူသော ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်မှာ အံ့ဩစရာ မဟုတ်တော့။ တချို့က ကမ္ဘာ့ဘဏ်၏ ခန့်မှန်းတွက်ချက်မှုက အတော်ပင် လျော့ပေါ့ထားကြောင်း ဆိုသည်။ ကမ္ဘာ့ကြွေးမြီပြန်လည်ပေးဆပ်နိုင်မှုအဆင့် သတ်မှတ်သည့် လုပ်ငန်း Fitch Ratings ၏ လက်အောက်ခံ Fitch Solutions ကမူ ကမ္ဘာ့ဘဏ်ထက် ၂ ဆပိုပြီး ၂၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကြောင်း ခန့်မှန်းသည်။
ယင်းသည် ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ အထွေထွေစားသုံးမှု၊ အခွန်ဝင်ငွေ၊ အစိုးရအသုံးစရ်ိတ် စသည့် တိုင်းတာမှု စံနှုန်းများလုံးနီးပါးတွင် အကြီးအကျယ် ကျဆင်းသွားတော့မည်ဟု ဆိုနေခြင်းပင်။
“နိုင်ငံအတွင်း မြင့်မားလာသော လူမှုမတည်ငြိမ်မှုသည် အသုံးစရိတ်အရ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ သွင်ပြင်အားလုံးကို ချည့်နဲ့သွားစေမည်ဟု မိမိတို့ယူဆသည်။ ဖြစ်မလာနိုင်ဟု မိမိတို့ယူဆနိုင်သည့် အဆိုးဆုံး အခြေအနေ မရှိပေ။ (မည်သည့်အဆိုးရွားဆုံးအခြေအနေမဆို ဖြစ်လာနိုင်သည်) ” ဟု Fitch ကဆိုသည်။
တပ်မတော်သာ အမိအဖ
အာဏာသိမ်းပြီး တနှစ်ခွဲ သို့မဟုတ် ၂ နှစ် ကြာလျှင် ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲမည်ဆိုသည်မှာ လူထုက အကြီးအကျယ် ထောက်ခံသော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကန့်ထားပြီး လုပ်မည့် အကြံအစည်ဖြစ်သည်။ ထိုအကြံအစည် အကောင်အထည်ဖော်ရန် မလွယ်ပါ။ အကယ်၍ ထိုသို့ အတင်းအကျပ်လုပ်ခဲ့လျှင်လည်း ယနေ့ အာဏာဖီဆန်သလို အတိုက်အခံအင်အားစုနှင့် လူထုက ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဖြစ်သည်။
ထွက်ပေါက်ပိတ်နေသော မြန်မာစစ်တပ်သည် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းယူအပြီး အထီးကျန်မှုကို ရင်ဆိုင်ဖြတ်သန်းခဲ့ပြီး ကြံ့ကြံ့ခံခဲ့သလို ယခုအကြိမ်တွင်လည်း နေပြည်တော် ကတုတ်ကျင်းထဲမှ အချိန်ဆွဲနိုင်သမျှ ဆွဲကာ တောင့်ခံနေဦးမည်ဖြစ်သည်။
စစ်တပ်သည် နိုင်ငံအတွင်း အခွင့်ထူးခံ နယ်ပယ်တခုကို သိမ်းပိုက်ထားကြပြီး ကျန်လူမှုအသိုင်းအဝိုင်းမှ သီးခြားဖြစ်သော ထိုလောကတွင် စစ်သားများသည် အရပ်သားပြည်သူများအထက် များစွာမြင့်မားသည်ဟု ဝါဒဖြန့်ချိ ဦးနှောက်ဆေးထားသည်။
တိုင်းပြည်မပြိုကွဲ မပျက်စီးစေရန် “တပ်မတော်သာလျှင် တခုတည်းသော နိုင်ငံတော်အဖွဲ့အစည်း” ဟု စစ်သားတိုင်းကို သင်ကြားထားပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တနိုင်ငံလုံး အုံကြွမှုကို သွေးထွက်သံယို နှိမ်နင်းအပြီး ၎င်းတို့၏ ဆောင်ပုဒ်မှာ “တပ်မတော်သာ အမိ တပ်မတော်သာ အဖ”ဟူ၍ ဖြစ်သည်။
တပ်တွင်းပုန်ကန်မှု ဖြစ်ရန်လည်း မမြင်ရသေးပါ။ ဖြစ်ရန် အလားအလာရှိလျှင်လည်း “ကျူပင်ခုတ် ကျူငုတ်မကျန်စေရ”ဆိုသည့် ၎င်းတို့၏ ဆောင်ပုဒ်အတိုင်း မိသားစုဝင်များအား လက်စားချေ ဒုက္ခပေးတတ်သည်။
မြန်မာစစ်ဗိုလ်ချုပ်များသည် အထိအခိုက် အပွန်းအပဲ့ ကြီးမားစွာ ခံနိုင်ကြသည်။ တိုင်းပြည်၏ စီးပွားရေး ပြိုကွဲသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ယခင် စစ်အစိုးရလက်ထက်ကကဲ့သို့ နိုင်ငံမှ သယံဇာတများကို ရောင်းချပြီး ရပ်တည်နိုင်မည်ဟု ယုံကြည်နေပုံရသည်။
သတ္တုတွင်းထွက်ကြွယ်၀သော မြန်မာနိုင်ငံတွင် ကျောက်စိမ်းနှင့် ပတ္တမြားသိုက်များသာမက ရွှေ၊ ကြေးနီ၊ သံဖြူ၊ သလင်းကျောက်၊ မြေရှားသတ္တုများနှင့် ကမ်းလွန် သဘာ၀ ဓါတ်ငွေ့ သိုက်များလည်း ရှိသည်။
မကြာသေးမီရက်များအတွင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာရသည့် ၁၀ ရက်ကြာ ကျောက်မျက်၊ ကျောက်စိမ်းနှင့် ပုလဲလေလံတင်ပွဲက အာဏာသိမ်းစစ်ကောင်စီသည် ၎င်း၏ ဝင်ငွေအတွက် နိုင်ငံ၏ သယံဇာတများကို ယခင်စစ်အစိုးရများကဲ့သို့ မှီခိုအားထားတော့မည်ဖြစ်ကြောင်း သက်သေပြနေသည်။
သေချာသည်မှာ လက်တွင် သွေးစွန်းပြီး ဂုဏ်သိက္ခာ ကင်းမဲ့နေသော အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ပါးစပ်မှ တဖွဖွ ရွတ်ဆိုနေသော တိုင်းပြည်နှင့် ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ပေးနေသူများ မဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်နေသူများ ဖြစ်ပေတော့သည်။
ကိုးကား ။ ။ The Economist, Nikkei Asia, Reuters
You may also like these stories:
စစ်ကောင်စီကို ဘယ်လိုချေမှုန်းကြမလဲ
စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်
စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ