မလေးရှားနိုင်ငံ၊ ဆီလန်ဂေါ (Selangor) ပြည်နယ်ရှိ ဆယ်ရီ ကမ်ဘန်ဂန် (Seri Kembangan) မြို့က ကွာလာလမ်ပူမြို့ တောင်ဘက် ၂၂ ကီလီုမီတာ အကွာတွင် ရှိပြီး မလေးရှား အစိုးရရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော် ပူထရာဂျယ (Putrajaya) နှင့် မိနစ် ၂၀ ခန့်သွားရသည့် ခရီးအကွာအဝေးတွင် ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်း ၆၀ လောက်ကဆိုလျှင် ဆယ်ရီ ကမ်ဘန်ဂန်သည် သံဖြူတွင်းများ၊ ရာဘာစိုက်ခင်းများ နှင့် ဥယျာဉ် စိုက်ခင်းငယ်များ ပြန့်ကျဲနေသည့် နေရာတခု ဖြစ်ခဲ့သည်။ ထိုနေရာသည် မလေး-တရုတ် အသိုင်းအဝိုင်းများ နှင့် တရုတ် နိ်ုင်ငံတောင်ပိုင်းမှ ခရီးကြမ်းနှင်ပြီး ရောက်ရှိလာကြသည့် ဟက်က (Hakka) တရုတ်များ အများဆုံးနေထိုင်ခဲ့ကြသည့် နေရာဖြစ်သည်။ သူတို့က မြေဆီမြေနှစ် မကောင်းသည့် မြေပေါ်တွင် နေထိုင်ရန် ကျင့်သားရခဲ့ပြီးသူများ ဖြစ်သည်။
၁၉၅၀ အစောပိုင်းနှစ်များအတွင်း ဗြိတိသျှကိုလိုနီ အာဏာပိုင်များက ကွန်မြူနစ် သူပုန်များကို နှိမ်နင်းသည့် အချိန်တွင် အခြေ ချနေထိုင်သူ အများစုကို ဆယ်ကင်ချန် နှင့် ဂျင်ဂျန် အစရှိသည့် ရွာသစ်များတွင် စုပေါင်းနေထိုင်စေခဲ့သည်။
တချိန်က လူသူအရောက်အပေါက် မရှိခဲ့သည့်နေရာသည် နှစ်ပေါင်းများစွာအတွင်းတွင် အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး ရွေးချယ်ချင်စရာ နေရာအကွက်အကွင်းတခု ဖြစ်လာခဲ့သည်။ ထိုနေရာ၏ အမှတ်တံဆိပ်ဖြစ်သည့် ဓနသဟာယ အားကစားကွင်း၊ မြင်းစီးကလပ်တခု၊ မဟာသီယာ ခေတ်က တည်ဆောက်ခဲ့သည့် Palace of the Golden Horses အဆင့်မြင့် ဟိုတယ်ကြီး၊ မရေမတွက်နိုင်သော စက်ရုံငယ်များ၊ မြို့နယ်များ၊ ဈေးဝယ် စင်တာများ နှင့် အိမ်ယာ စခန်းများ ရှိလာသည်။
တရုတ်နှစ်ကူးတွင် ရောက်လာသည့် ကြက်နှစ်ကို သူတို့ ဘယ်လို မြင်ကြသလဲဆိုသည်ကို ခံစား ကြည့်နိုင်ဖို့ အတွက် ငယ်ရွယ်သည့် မလေး-တရုတ် မိသားစုတခု နှင့်အတူ အချိန်ဖြုန်းရန် ကျနော်ရောက်ခဲ့ပါသည်။
လတ်တလောမှာ တွေ့ရှိခဲ့ရသည်ကတော့ သူတို့၏ အခြေအနေ မကောင်းပါ။ ပညာရှင် အဖွဲ့အစည်းတခု ဖြစ်သည့် The Asian Strategy and Leadership Institute (ASLI) က မလေး-တရုတ် အသိုင်းအဝိုင်း အရေအတွက် ကျဆင်း နေသည်ဟု သတိပေးထားသည်။
၁၉၅၇ ခုနှစ်က မလေး-တရုတ် အရေအတွက်က နိုင်ငံလူဦးရေ၏ ၃၇ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ASLI ၏ အဆိုအရ နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းအခြေချသည့် ပုံစံသာ ပြောင်းလဲမသွားခဲ့လျှင် ၂၀၃၀ ရောက်သည့် အခါ မလေး-တရုတ် အရေ အတွက်က ၁၉ ဒသမ ၆ ရာခိုင်နှုန်း အထိ ကျဆင်းသွားနိုင်သည်ဟု သိရပါသည်။ ထို့အပြင် ၂၀၁၁ ခုနှစ်က ကမ္ဘာ့ဘဏ်၏ လေ့လာမှုတခုတွင် မလေး-တရုတ်များ၏ ၅၇ ရာခိုင်နှုန်းခန့်က စင်ကာပူနိုင်ငံသို့ ရွှေ့ပြောင်း သွားခဲ့ကြောင်း ဖော်ပြထားသည်။
၂ ယောက်လုံး အသက် ၃၀ ကျော် အရွယ်ဖြစ်သည့် ချာလင် လီ (Charlyn Lee) နှင့် စတီဗင် ချန်း (Steven Chan) တို့က သူတို့၏ သမီးငယ် ၂ ယောက် နှင့်အတူ ဆူညံသံများနှင့် ကင်းဝေးရာ တဘက်ပိတ်လမ်း တခုအတွင်းက ၂ ခန်းတွဲ အိမ်တလုံးတွင် နေထိုင်ကြပါသည်။ စတီဗင် ချန်း၏ မိဘများက သူတို့၏ ညာဘက်က အိမ်မှာ ရှိနေကြသည်။
မလက်ကာပြည်နယ်သူ ချာလင် လီ က နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ပွဲတော်များကို အလွန် မျှော်လင့်တတ်သူဖြစ်သည်။ လူဦးရေ များပြားသည့် မိသားစုတွင် ပေါက်ဖွားခဲ့သည့် ချာလင် လီ က ဆွေမျိုးမိတ်ဆွေများ နှင့် ပြန်လည် ဆုံတွေ့ရသည်ကို ပျော်ရွှင်သလို သူ၏ ကလေးများကိုလည်း ခြင်္သေ့ အကနှင့် အန်ပေါင်း ပေးခြင်းကဲ့သို့သော သူတို့၏ ရိုးရာ အစဉ်အလာများ နှင့် ကြုံတွေ့စေချင်သူ ဖြစ်ပါသည်။
စတီဗင် ချန်း က အောင်မြင်သည့် စတီးပိုက် လုပ်ငန်းတခုကို လုပ်ကိုင်နေသူဖြစ်သည်။ သူ့ ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းကို နိုင်ငံခြားသို့ တင်ပို့နေသည်။
သူကလည်း သူ၏ အနာဂတ်ကို အလွန်ဂရုစိုက်သူ ဖြစ်သည်။ အထူးသဖြင့် လက်ရှိ ကြုံတွေ့နေရသည့် စီးပွားရေး စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဖြစ်သည်။ အမှန်တကယ်အားဖြင့် မလေးရှား ရင်းဂစ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် ပြည်တွင်း ဝယ်လိုအား နည်းပါးလာခြင်းတို့က သူ၏ စက်ရုံကို မထိခိုက်စေနိုင်ခဲ့ပါ။ “ဒေသတွင်းမှာ မလေးရှားနိုင်ငံက ကုန်ပစ္စည်း ထုတ်လုပ်ဖို့ အကောင်းဆုံး နေရာတခုပါ။ ကုန်ကျစရိတ်ကလည်း မျှတပြီး ကုန်ရကျိုး နပ်ပါတယ်။ တခြား နိုင်ငံတွေမှာတော့ နိုင်ငံရေးသမားတွေ များတာပဲ ရှိတယ်” ဟု သူကပြောသည်။ စတီဗင် ချန်း ပြောသည့် နိုင်ငံရေးသမား ဆိုသည်မှာ မလို လားအပ်သည့် ဗျူရိုကရေစီ အတားအဆီးများ ဖြစ်သည်။
တခြားသော စီးပွားရေးသမားများလိုပင် သူက နိုင်ငံရေး မရေရာမှုကို သဘောမကျပါ။ “သူတို့တွေ ရွေးကောက်ပွဲကို ပြီးအောင် လုပ်သင့်တယ်။ ဒါမှလည်း ကျနော်တို့ အလုပ်လုပ်လို့ ရမှာ” ဟု စတီဗင် ချန်း က ပြောသည်။
ဟက်ကမျိုးနွယ် ဖြစ်ရခြင်း အတွက် စတီဗင် ချန်း အလွန်ဂုဏ်ယူသည်။ “ကျနော့် အဖေက ကျနော်တို့ရဲ့ အမှီအခိုကင်းတဲ့ စိတ်ဓာတ်နဲ့ သည်းခံကျော်ဖြတ်နိုင်မှုရဲ့ အရေးကြီးပုံကို အမြဲတမ်း သင်ပေးတယ်” ဟု သူကပြောသည်။
တိုက်ဆိုင်စွာပင် ချာလင် လီ ၏ မိခင်မှာလည်း ဟက်က မျိုးနွယ်တဦး ဖြစ်သည်။
စတီဗင် ချန်း က ဆီလန်ဂေါရှိ မြို့နယ်တခုဖြစ်သော ဘာလာကွန်ရှိ မျိုးနွယ်စု ကွန်ရက်များ၏ အကူအညီဖြင့် ရပ်ရွာနှင့် ဆက်ဆံရေး အဆင်ပြေအောင် ပြုလုပ်နိုင်ခဲ့သည်။ ဝန်ထမ်းခန့်ထားခြင်း နှင့် စီးပွားရေး လုပ်ကိုင်ရာတွင် မိသားစု အသိုင်းအဝိုင်း၏ ဓလေ့ စရိုက်အတိုင်း ဆောင်ရွက်သည်။
သို့သော်လည်း ရာဇဝတ်မှုများ နှင့် ပတ်သက်၍ ကျနော်တို့ စပြောဖြစ်သည့်အခါ သူတို့လင်မယား၏ အနေအထားက ချက်ချင်း ပြောင်းသွားသည်။ သူတို့ ၂ ယောက်လုံးက တရားဥပဒေစိုးမိုးရေးက အခြေခံကျသော ပြဿနာတခု အဖြစ် သဘောထားကြကြောင်းကတော့ ထင်ရှားပါသည်။ သူတို့ကို ထိခိုက်စေနိုင်သည့် အရာဖြစ်သည်။ သူတို့မှာ ကလေးငယ် ၂ ယောက် ရှိသည့်အတွက် စိုးရိမ်ကြသည်။
“ကျနော့် သမီးလေးတွေ ဘေးကင်းလုံခြုံ ရေးအတွက် ဒေသခံ လုံခြုံရေးတွေကို တလကို မလေးရှား ရင်းဂစ် ၁၅၀ ကနေ ၂၀ဝ လောက်အထိ ပေးနေရတယ်” ဟု စတီဗင် ချန်း က ကျနော့်ကို ပြောပြသည်။
“ဇိုရီ ကို ကျမကိုယ်တိုင် နေ့တိုင်း ကျောင်းလိုက်ပို့တယ်။ သွားကြိုတယ်။ ကလေးထိန်းကျောင်းတွေနဲ့ မူလတန်း ကျောင်းတွေမှာလည်း တင်းကျပ်တဲ့ စည်းကမ်းတွေစပြီး ကျင့်သုံးနေပြီ။ ကလေးတွေကို အပြင်ဘက် လမ်းပေါ်ကို ထွက် ကစားခွင့် မပြုဘူး” ဟု ချာလင် လီ က ရှင်းပြသည်။
မလေးရှား နိုင်ငံတွင် နေထိုင်သည့် တရုတ်လူမျိုးတဦး ဖြစ်ပြီး မန်ဒရင်းတရုတ် ဘာသာစကား တတ်သည့် ချာလင် လီ က တရုတ်နိုင်ငံမှ နာမည်ကျော် နန်ကျင်း တက္ကသိုလ်တွင် ၂ နှစ် ပညာသင်ကြားခဲ့သူ ဖြစ်သော်လည်း သူသင်ကြားခဲ့ရသည့် စနစ်ကို လုံးဝ မနှစ်မျို့သူ ဖြစ်သည်။
“အဲဒီမှာက အလွတ်ကျက်ရတာတွေ များလွန်းတယ်။ ကျမက ကလေးတွေကို ကစားရင်းနဲ့ သင်ယူစေချင်တယ်။ အပြင်မှာလည်း အချိန်ပေးရမယ်။ စာသင်နေရုံ သက်သက်နဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သူက ပြောသည်။
နောက်ဆုံးတွင် ချာလင် လီ က ဥပဒေဘာသာတွဲ ပြောင်းယူပြီး အင်္ဂလန်နိုင်ငံမှ Leeds တက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့သည်။ အင်္ဂလန်မှာ သူပိုပြီး ပျော်ရွှင်ခဲ့ရပါသည်။
သို့သော်လည်း နောက်ပိုင်းတွင် သူ့အတွက် စိတ်ပျက်စရာ ဖြစ်လာသည်။ ရှေ့နေတယောက် အဖြစ်သူ လက်တွေ့ဆင်းခွင့် မရခဲ့ပါ။ အာဏာပိုင်များက သူ့ပညာအရည်အချင်း အထောက်အထားများကို လက်မခံခဲ့ကြ၍ ဖြစ်သည်။ “ကျမ ၃ ကြိမ် အသနားခံခဲ့တယ်။ သူတို့က ကျမရဲ့ တရုတ် ပုဂ္ဂလိက အထက်တန်းကျောင်းက ဒီပလိုမာ လက်မှတ်ကို လက်မခံတာ မတရားဘူးလို့ ထင်ပါတယ်။”
ထို့ပြင် ယခုအချိန်အထိ ချာလင် လီ က တရုတ်နိုင်ငံနှင့် ပတ်သက်၍ အကောင်းမမြင်သေးပါ။ “နန်ကျင်း တက္ကသိုလ်က ကျောင်းသားတွေက စာနဲ့ ပတ်သက်ရင် စိတ်အစွဲကြီးလွန်းတာ ကျမတွေ့ခဲ့ရတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် တခုက ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင် အရမ်းကြိုးစားကြတယ်။ သူတို့တခြား ဘာမှ မလုပ်ကြဘူး။ ကလေး တယောက်ပဲ မွေးရတဲ့ မူဝါဒကြောင့် သူတို့က ရန်လိုပြီး ထောင့်မကျိုးတဲ့ အခြေအနေ ရောက်သွားတယ်။ ကျမတို့က သူတို့လို မဟုတ်ဘူး” ဟု သူကပြောသည်။
မလေးရှားနိုင်ငံတွင် မွတ်စလင်မဟုတ်သူများ အပေါ်တွင်ပါ Shariah ဥပဒေ အရ အုပ်ချုပ်မှု သက်ရောက်စေရန် အားထုတ်နေမှုများနှင့် ပတ်သက်၍ စိုးရိမ်မှု ရှိသော်လည်း တိုင်းပြည်မှာ တခါတရံ အကဲဆတ်တတ်သည့် လူမျိုးရေး အခြေအနေနှင့် ပတ်သက်၍ သူတို့ လင်မယားက အကောင်းမြင်ထားကြပါသည်။ “လူမျိုးရေး ကိစ္စတွေက နိုင်ငံရေး သက်သက်ပါ။ မလေးရှား နိုင်ငံသား လူမျိုးပေါင်းစုံက ဟန်ချက်ညီညီမျှမျှနဲ့ အတူယှဉ်တွဲ နေနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု စတီဗင် ချန်း က ပြောသည်။
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးထဲတွင် စတီဗင် ချန်း နှင့် ချာလင် လီ တို့၏ အခြေအနေက အရှေ့တောင်အာရှမှ တရုတ်လူမျိုးများ ကြုံတွေ့နေရသည့် ကွဲပြားခြားနားသော လူမှုရေး၊ ယဉ်ကျေးမှု နှင့် ပညာရေးဆိုင်ရာ များကို ရောစပ် လက်ခံ ကျင့်သုံးခြင်းအကြောင်းကို ဖော်ပြနေပါသည်။ သူတို့က ဟက်က တရုတ်မျိုးနွယ်၏ စရိုက်လက္ခဏာကို စွဲမြဲစွာ ခံယူ ထားကြသော်လည်း ပြုပြင်ဆန်းသစ်ဖို့ ကြောက်ရွံ့နေမည့်သူများ မဟုတ်ပါ။
အကယ်၍ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆို ဆော့ကစားခြင်းက သူတို့၏ ကလေးငယ်များအတွက် ရေရှည် တိုးတက်မှုကို ရမည်ဆိုလျှင် သူတို့ လုပ်ကြမည်သာ ဖြစ်သည်။
သို့သော်လည်း သူတို့က နိုင်ငံရပ်ခြားသို့ အလွယ်တကူ ပြောင်းရွှေ့ကြမည် မဟုတ်ပါ။ “နိုင်ငံခြားကို ပြောင်းဖို့ ကျမတို့ ဘယ်တုန်းကမှ အလေးအနက်ထားပြီး မစဉ်းစားခဲ့ဘူး။ ကျမတို့ အိမ်က ဒီမှာပါ” ဟု ချာလင် လီ က ပြောသည်။ ဟက်က မျိုးနွယ်များ၏ ခိုင်မာသော စိတ်ပိုင်းဖြတ်နိုင်မှုကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။
(ကရင်မ် ရတ်စ်လာမ် (KarimRaslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦးဖြစ်သည်။)