ST Café လို့ အမည်ပေးထားပြီး တဆိုင်လုံးကို ဒိုရေမွန်အရုပ်များနဲ့ အလှဆင်ကာ ဒီဇိုင်းပြုလုပ်ထားတဲ့ ကော်ဖီဆိုင် တဆိုင်တဆိုင်နဲ့ ဒီတပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။
အပြင်ဘက်ကနေ ရုတ်တရက်ကြည့်လိုက်ရင် ကော်ဖီဆိုင်လို့မထင်ရဘဲ အရုပ်ဆိုင်တဆိုင်နဲ့ တူနေအောင် ဒိုရေမွန်အရုပ်တွေ စတစ်ကာတွေနဲ့ အလှဆင်ထားတာပါ။ ဆိုင်ထဲကို ဝင်လိုက်ရင် ခပ်တိုးတိုးငြိမ့်ငြိမ့် ဖွင့်ထားတဲ့ သီချင်းသံရယ်၊ တဆိုင်လုံး အပြာရောင်လွှမ်းနေတဲ့ ဒိုရေမွန်ရုပ်ပုံတွေ၊ ဒိုရေမွန်ကာတွန်းကားထဲက ဇာတ်ကောင်တွေရဲ့ ပုံတွေကို ဆိုင်နံရံတွေမှာ တွေ့မြင်ရမှာပါ။
ဒါ့အပြင် ဒိုရေမွန် အရုပ်စတစ်ကာများ ပါဝင်တဲ့ ပန်းကန်၊ ဇွန်း၊ ခက်ရင်း၊ တူ၊ ရေခွက်တို့ကို အစားအစာထည့်တဲ့အခါမှာ အသုံးပြုထားတာ တွေ့ရပါတယ်။

ဒီဆိုင်ကို လာရောက်စားသုံးသူတွေအနေနဲ့ အလှဆင်ထားတဲ့ ဒိုရေမွန်အရုပ်တွေနဲ့ အလှဓာတ်ပုံရိုက်ချင်တဲ့အခါ ရိုက်နိုင်ဖို့အတွက် နေရာသီးသန့်စီစဉ်ပေးထားတာကိုလည်း တွေ့ရပါတယ်။

အစားအသောက်တွေအနေနဲ့ အဆာပြေအစားအစာတွေအပြင် တရုတ်အစားအစာတွေလည်း ရရှိနိုင်ပါတယ်။ အဲ့ဒီထဲကမှ ST Pancake, Fruits Pancake Sakey, Green Angel Fried Noodle, Sweet & Soure Chicken with Rice, Korea Ice Sweet Red Bean, Lipstick Soda နဲ့ တုံယမ်းချဉ်စပ်ဟင်းတို့ကို မြည်းစမ်းကြည့်ခဲ့ပါတယ်။
ST Pancake, Fruits Pancake Sakey, Green Angel Fried Noodle, Sweet & Soure Chicken with Rice တို့က အတွဲလိုက်ရောင်းတာဖြစ်ပြီး တတွဲမှာ အာလူးချောင်းကြော်နဲ့ ကိုကာ၊ လိမ္မော်၊ Sprite တို့ထဲက နှစ်သက်ရာတခုနဲ့ တွဲဖက် စားသုံးနိုင်ပါတယ်။
အစားအသောက်တွေရရှိဖို့ သိပ်ပြီး အချိန်အကြာကြီး မစောင့်လိုက်ရဘဲ မှာယူပြီး သိပ်မကြာခင်မှာ တခုပြီးတခု ရှေ့ဆင့်နောက်ဆင့် ရောက်လာပါတယ်။

မြည်းစမ်းကြည့်တဲ့အခါ ST Pancake ဟာ ST Café ရဲ့ Special Menu ဖြစ်ပြီး ဂျပန်ကာတွန်းဇာတ်ကောင် ဒိုရေမွန်က Pancake ကို ကြိုက်လို့ ဒီလို လုပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ Pancake နဲ့အတူ စတော်ဘယ်ရီ၊ ချောကလက်၊ နို့ အရသာသုံးမျိုးနဲ့ ရေခဲမုန့် ပါဝင်ပြီး စတော်ဘယ်ရီသီးလည်း ပါတာမို့ ချိုချိုအေးအေး ခပ်မွှေးမွှေးပါပဲ။

Fruits Pancake Sakey က ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ Pancake, ကီဝီသီး၊ နာနတ်သီး၊ နဂါးမောက်သီးတို့ကို တုတ်ချောင်းလေးမှာ ထိုးထားတာမို့ တုတ်ထိုးစားရသလိုပါပဲ။ အသီးတွေရဲ့ ချိုချဉ်အရသာနဲ့ Pancake ရဲ့ စိမ့်တဲ့အရသာ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လျှာပေါ်မှာ စွဲပြီး ကျန်ခဲ့စေတဲ့ ချိုချဉ်စိမ့်အရသာကို ရရှိစေမှာပါ။

Green Angel Fried Noodle ကတော့ ခေါက်ဆွဲစိမ်းကြော်ပါ။ ခေါက်ဆွဲကို ပုံမှန်စားနေကျ ပုံစံတွေအတိုင်းပဲ ကြော်ထားတာဖြစ်ပေမယ့် ဂျုံ၊ ကြက်ဥနဲ့ ဆွမ်းမွှေးရွက်တို့ အဓိက ပါဝင် ပြုလုပ်ထားတဲ့ ခေါက်ဆွဲစိမ်းကတော့ စိမ့်ပြီး အိပါတယ်။ အီတဲ့ခံစားမှုကို မရဘဲ စားလို့ ကောင်းပါတယ်။

နောက်တခုကတော့ Lipstick Soda ပါ။ ကြိတ်ထားတဲ့ ဘယ်ရီသီး အရသာကို Soda အနေနဲ့ သောက်ရတာပါ။ Soda အပြင် Smoothie အနေနဲ့ရော Milkshake အနေနဲ့ပါ ရရှိနိုင်တယ်လို့ သိရပါတယ်။ သူ့အရသာက ချဉ်ပြုံးပြုံးရှိပြီး Soda ဖြစ်တဲ့အတွက် အနည်းငယ် ရှတတရှိပါတယ်။ သောက်လိုက်တဲ့အချိန်မှာ ခုနစားထားသမျှ အချို၊ အချဉ်၊ အစိမ့်အရသာအကုန်လုံးပျောက်ပြီး လည်ချောင်းထဲကို ချဉ်ရှရှအေးအေးလေး စီးဝင်သွားတဲ့အရသာက တကယ့်ကို လန်းဆန်းသွားစေပါတယ်။ ဒါကလည်း ST ရဲ့ Special Menu လို့ ပြောလို့ရပါတယ်။
“ဆိုင်က ဒီဇင်ဘာ ၃ ရက်နေ့ကမှ စဖွင့်တာပါ။ ကျနော်တို့ ဒီဆိုင်ဖွင့်ဖို့လိုအပ်တဲ့ ဒိုရေမွန်ပစ္စည်းတွေ စုပြီး ပြင်ဆင်နေရတာ သုံးလလောက် ကြာပါတယ်။ ဆိုင်ဖွင့်ချိန်ပိတ်ချိန်ကတော့ မနက် (၁၀)နာရီကနေ ည (၁၀) နာရီထိပေါ့။ ပိတ်ရက်က သင်္ကြန်ပိတ်ရက်ကလွဲရင် သိပ်မရှိပါဘူး။ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဧည့်သည်အလာများတယ်။ နိုင်ငံခြားသားဧည့်သည်တွေလည်း လာတယ်။ အထူးသဖြင့်တော့ ဂျပန်လူမျိုးတွေပေါ့။ ဒီအရုပ်က သူတို့ နိုင်ငံက ကာတွန်းကားထဲက ဇာတ်ကောင်ကိုး” လို့ ST Café မှ မန်နေဂျာဖြစ်သူ ကိုသန်းထွဋ်ဝင်းက ဧရာဝတီကို ပြောပြပါတယ်။
ဒိုရေမွန်အရုပ်တွေ၊ အကျႌ၊ ဘောပင်၊ နာရီ၊ ရေဗူး၊ ပိုက်ဆံအိတ်၊ ဦးထုပ် စတာတွေကို လိုချင်တဲ့သူတွေ ဝယ်ယူနိုင်အောင် ခင်းကျင်းပြသထားကာ ဇွန်းခက်ရင်း၊ တူနဲ့ ရေခွက်တို့ကိုတော့ လိုချင်ရင်တော့ သူတို့ကတဆင့် ပြန်မှာပေးတယ်လို့ သိရပါတယ်။
အစားအသောက်ဈေးနှုန်းတွေအနေနဲ့ ၈၀၀ ကနေ အများဆုံး ၅၀၀၀ အထိသာ ရှိတာမို့ သင့်တင့်တယ် ဆိုတာထက်ကို တန်တယ်လို့ ပြောရမှာပါ။ မွေးနေ့ပွဲ၊ ဧည့်ခံပွဲမျိုးတွေကိုလည်း လက်ခံကျင်းပတယ်လို့ သိရပါတယ်။
ဆိုင်လိပ်စာက အမှတ် ၈၉၊ ၈မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်ဖြစ်ပါတယ်။ Hotel Yangon ဘေးကပ်လျက် ရွှေတောင်ဟိုတယ်မှာပဲဖြစ်ပါတယ်။