စားသုံးသူများကို ကြိုတင် အသိပေးထားခြင်း မရှိဘဲ ဆိုင်၏ ဝန်ဆောင်မှု အတွက် ကောက်ခံသော ဝန်ဆောင်ခ (Service Charges) ပေးရခြင်းကို ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်ကြောင်း သိရသည်။
ယင်းသို့ ဝန်ဆောင်ခ ကောက်ခံခြင်းနှင့် ပတ်သက်ပြီး စားသောက်ဆိုင်များကို ဥပဒေအရ ကန့်သတ်ထားခြင်း မရှိသော် လည်း ဝန်ဆောင်ခ ကောက်ခံမည့်ကိစ္စနှင့် ကောက်ခံမှု နှုန်းထားများကို ဆိုင်၏ ဝင်ပေါက်များနှင့် Menu Book များတွင် ထင်သာမြင်သာစွာ အသိပေးထားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းလည်း စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ဧရာဝတီသို့ ပြောသည်။
ဦးဆွေတင့်ကြူးက“အခြားနိုင်ငံတွေမှာလည်း သူတို့ဆိုင်ရဲ့ ဝန်ဆောင်မှုအတွက် ကောက်တာတွေ ရှိပါတယ်။ ဒါပေမယ့် စားသုံးသူကို အရင် အသိပေးထားကြတယ်။ ဒီမှာက အဲဒီလို မဟုတ်ဘဲနဲ့ ဘေလ်ရှင်းတော့မှ သိရတာမျိုး ရှိတယ်။ သူတို့ က ဘာဝန်ဆောင်မှုမှ သေချာမပေးဘူး။ ကြိုလည်း အသိမပေးထားဘဲ Service Charges ကောက်တာကို မကျေနပ်ရင် တိုင်လို့ ရပါတယ်”ဟု ဆိုသည်။
၂၀၁၉ ခုနှစ် မတ်လတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားပြီး ဖြစ်သည့် စားသုံးသူ ကာကွယ်ရေး ဥပဒေ အရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ အဆိုပါ ဆိုင်များကို အရေးယူနိုင်ကြောင်း စားသုံးသူ ရေးရာ ဦးစီးဌာနထံမှ သိရသည်။
စားသုံးသူရေးရာ ဦးစီးဌာန အပြင် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (MRA) တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ထားကာ စားသောက်ဆိုင်များကို မိမိ ကောက်ခံမည့် Service Charges အစီအစဉ်များ ပွင့်လင်းမြင်သာစွာ ပြသထားရန် တိုက်တွန်းထားကြောင်း MRA ၏ ဥက္ကဋ္ဌ ဦးနေလင်း က ပြောသည်။
၎င်းက“ဒါကောက်ကြတယ် ဆိုတာက ဆိုင်တဆိုင်ချင်းစီရဲ့ စီမံခန့်ခွဲမှုနဲ့ ဆိုင်တာပေါ့။ တချို့ကျတော့ ဝန်ဆောင်ခ မကောက် တော့ဘဲနဲ့ အစားအသောက်ကို ဈေးတင်ပြီး ရောင်းကြတာလည်း ရှိကြတယ်။ အခြား နိုင်ငံတွေမှာလည်း Tip Money (ဝန်ဆောင်မှု ဆုကြေး) အစား ဝန်ဆောင်ခဆိုပြီး ကောက်ကြတာပေါ့”ဟု ပြောဆိုသည်။
ဆက်လက်၍ ဦးနေလင်းက“ဒါက မကောက်နဲ့လို့ ကျနော်တို့လည်း ပြောလို့မရဘူး။ ဒါပေမယ့် သူက Service Charges လည်း ကောက်သေးတယ် အပြင်အဆင်ကလည်းမကောင်း၊ စားပွဲထိုးကလည်း သေချာမလုပ်ပေး၊ ဝန်ဆောင်မှုကလည်း မကောင်းဘူး ဆိုရင်တော့ စားသုံးသူကလည်း နောက် ဒီလိုဆိုင်ကို ဘယ်လာစားတော့မှာလဲ။ စားသုံးသူက သူ့ဟာသူ ဆုံးဖြတ် သွားမှာပါ”ဟုလည်း ပြောသည်။
စားသောက်ဆိုင် အများစုသည် ဝန်ထမ်းများ၏ ဝန်ဆောင်မှု အတွက်ဟုဆိုကာ စားသုံးသူများ၏ စားသောက်မှုကျသင့် ငွေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ ကောက်ခံလျက် ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေ ကုမ္ပဏီဝန်ထမ်း မဇာခြည်က“အဲ့ဒါမျိုးတွေက စားပြီးဘေလ်ရှင်းတော့မှ သိရတာ။ ဟင်းပွဲ လာချ ခွက်လာချ ပေးတာလောက် အတွက်တော့ မပေးနိုင်ဘူးလေ။ တချို့ဆိုင်တွေ ဆိုရင် အဲကွန်းတောင် မရှိဘဲ Service Charges ကျတော့ ကောက်ကြတာ။ ပြီးတော့ ကောက်တဲ့ ရာခိုင်နှုန်းကလည်း နိုင်ငံတော်ကို တရားဝင် ပေးဆောင်နေရတဲ့ အခွန်ထက်တောင် များနေသေးတာ”ဟု ပြောသည်။
လက်ရှိ အချိန်တွင် စားသောက်ဆိုင်များနှင့် အများပြည်သူများကြား Service Charges နှင့် ပတ်သက်၍ အငြင်းပွားမှုများ မကြာ ခဏဖြစ်ပေါ်လျက် ရှိသော်လည်း စားသုံးသူ ရေးရာဦးစီး ဌာနသို့ တရားဝင် တိုင်ကြားခြင်းမျိုး မရှိသေးကြောင်း သိရ သည်။
You may also like these stories:
တိုင်ကြားမှုများရှိ၍ တယ်လီနော တာဝန်ရှိသူများကို စားသုံးသူရေးရာ ဦးစီးဌာနမှ ခေါ်တွေ့မည်
နိုင်ငံခြားအရက် အရောင်းဆိုင်များ ဆက်မရောင်းရန် ရန်ကုန်တွင် လိုင်စင်သိမ်း
စားသုံးသူကာကွယ်ရေး ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း