အသုံးအနှုန်းပြဿနာ၊ ဝေါဟာရပြဿနာ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရင်၊ နားလည် သဘောပေါက်မှု မရှိရင် ပြဿနာ တော်တော်ရှုပ်ပါတယ်။
အထိမခံဘဲ Seansitive ဖြစ်လွန်းရင်လည်း အမှိုက်ကစ ပြာသာဒ် မီးလောင်တဲ့အဖြစ် အပျက်တွေ အများကြီး ရှိခဲ့ဖူး တာပဲ။
အပြောမတတ်တော့ ဆဲသလိုဆိုတဲ့ စကားလိုပဲ အထိမခံ၊ အပြောမခံတဲ့ လူမျိုးဆိုရင် ပေါက်ကွဲတတ်တာဟာ လူမှု ဆက်ဆံရေး နယ်ပယ်မှာရော၊ လူတန်းစား အသီးသီးမှာရော ရှိနေပါတယ်။
နိုင်ငံရေးနယ်ပယ်၊ အုပ်ချုပ်ရေး နယ်ပယ်မှာ အဲဒီလို အသုံးအနှုန်းတွေကို ဝန်ချ တောင်းပန်ရတာတွေ၊ ပြောပြီးတဲ့ စကား ပြန်ရုပ်သိမ်း ရတာတွေလည်း ရှိခဲ့ဖူးပါတယ်။
ဥပမာ – ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ အရပ်ဘက်ကသာ စစ်ဘက် အပေါ် လွှမ်းမိုးရမယ် ဆိုတဲ့ စာအုပ်ကြီးပါ ဥပဒေတွေကို ပြောလို့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ စစ် အာဏာရှင် အရိပ် လွှမ်းမိုးတဲ့ အခြေအနေတွေကြောင့် ပြောပြီးသား စကားကို ပြန်ရုပ်သိမ်းရတာ ကြုံဖူးပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ညွှန်ကြားရေးမှူးချုပ် အဆင့်သာ ရှိတယ်လို့ အင်္ဂါစဉ်ဆိုတဲ့ စာအုပ်ကြီးပါ အမှန်အတိုင်း ပြောမိလိုက်တာကြောင့် တပ်မတော်က ကန့်ကွက်ပြီး အရေးယူဖို့ တောင်းဆိုတာကြောင့် ပြန် တောင်း ပန် ရတဲ့ သတင်းကို သိရှိပြီးပါပြီ။
အဲဒီလိုပဲ တော်လှန်းရေသမား၊ သူပုန်၊ သောင်းကျန်းသူ၊ အဖျက်သမား စတဲ့ ဝေါဟာရတွေနဲ့ စွပ်စွဲခံရတဲ့ လက်နက် ကိုင် တော်လှန်ရေးတွေ အပေါ် အကြမ်းဖက်သမားလို့ အမည်ပေးပြီး လွှတ်တော်မှာ အဲဒီလို အကြမ်းဖက်သမား အသုံးအနှုန်းသုံးဖို့ တင်ပြတာကြောင့် ပြည်နယ် လွှတ်တော်တခုမှာ လက်ခံလိုက်ရတာကိုလည်း ကျနော်တို့ သိရှိခဲ့ပြီး ပါပြီ။
တကယ်တော့ အကြမ်းဖက်သမား ဆိုတဲ့ ဝေါဟာရဟာ နောက်ပိုင်းမှ ပေါ်လာတာပါ။
၁၉၄၇ ခုနှစ်နောက်ပိုင်းမှာ ပါလက်စတိုင်း ဒေသကို ဂျူးတွေက အင်္ဂလိပ်၊ ပြင်သစ် အကူအညီနဲ့ လက်နက်ကိုင် တိုက်ခိုက်ကာ ပါလက်စတိုင်း သန်းပေါင်း များစွာ၏ ဆိုင်းနိုင်း ကျွန်းဆွယ်နဲ့ ဂိုလန်ဒေသဆီ မောင်းထုတ်လိုက်ပါတယ်။
အဲဒီနောက် ဂျော်ဒန်မြစ် အနောက်ဘက် ခြမ်းနဲ့ အရှေ့အလယ်ပိုင်း ဒေသဆီ ရောက်သွားတာကြောင့် ပါလက်စတိုင်း တွေက ချောင်ပိတ်ခံရပြီး လေယာဉ်အပိုင် စီးတာတို့၊ ထရပ်ကား အပြည့် ဗုံးတွေတင် စစ်စခန်းတွေထဲ အသေခံ ဗုံးခွဲ တာတို့ ကြောင့် အကြမ်းဖက်သမား ဆိုတဲ့ ဝေါဟာရ အဲဒီကစပြီး ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ဝေါဟာရ ဖြစ်လာ ခဲ့ပါတယ်။
အကြမ်းဖက်သမားတွေ အားကောင်းလာခဲ့တာ အမေရိကန်လို နိုင်ငံမျိုးမှာတောင် တုန်လှုပ်ခဲ့ရသလို မြန်မာနိုင်ငံ အနောက်ဘက် ခြမ်းမှာလည်း ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) လို အကြမ်းဖက် သမားတွေဟာ မြန်မာ့ပိုင်နက်ကို စော်ကားလာတဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရတာပါပဲ။
ဒါပေမယ့် အကြမ်းဖက်သမားဟာ သူပုန်မဟုတ်သလို နိုင်ငံရေးအရ အစိုးရကို ဆန့်ကျင် တိုက်ခိုက်တဲ့ သောင်းကျန်းသူ လည်း မဟုတ်ပါဘူး။
အင်္ဂလိပ် အဝေါ်ဟာရ အရဆိုရင် အကြမ်းဖက်သမားဟာ Terrorist ဖြစ်ပြီး သောင်းကျန်းသူ၊ သူပုန်ဆိုရင် Rebellion, Revolutionary, Insurgent လို့ပဲ ကမ္ဘာက အသိအမှတ်ပြုပါတယ်။
တံတား ဖျက်ဆီး မီးရှို့တာတွေ ရှိချင်ရှိမယ်၊ မိုင်းဗုံး ထောင်တာတွေလည်း ရှိချင်ရှိလိမ့်မယ်၊ ဒါက တားဆီး တိုက်ခိုက် တာ ဖြစ်တယ်၊ ပြည်သူတရပ်လုံး ထိခိုက်အောင် တိုက်ခိုက်တာ မဟုတ်ဘူး၊ ဒါကြောင့် အကြမ်းဖက်သမားလို့ မသုံးနှုန်း နိုင်ပါဘူး။
ယခုတလော ဝေါဟာရ ပြဿနာတခု ပေါ်လာတာကတော့ အာဏာရှင် ဆိုတာပါပဲ။ အာဏာရှင် ဆိုတာက အကြမ်း ဖက် သမားလို နောက်မှပေါ်တာ မဟုတ်ဘူး။
ဟိုးရှေး အတည်အတေ ရောမခေတ် လောက် ကတည်းကိုက အာဏာရှင် ဆိုတာကို သုံးနှုန်းခဲ့ကြတာပဲ၊ အာဏာရှင်၊ စစ်အာဏာရှင်၊ တပါတီ အာဏာရှင် စတဲ့ ဝေါဟာရတွေကို ကျင့်သုံးတဲ့ သူတွေ ကိုယ်တိုင်လက်ခံပြီး ကျိုးကြောင်း ဆီလျော်တဲ့ အခြေအနေတရပ်မှာ ပေါ်ပေါက်လာတာ ဖြစ်တာကြောင့် ဖြစ်တည်နေတဲ့ အခြေအနေအရကို အာဏာရှင် ဆိုတာ၊ စစ်အာဏာရှင် ဆိုတာကို လက်မခံလို့ မရပါဘူး။
ပညာရှင်တွေက ရေးသားခဲ့တဲ့ အဘိဓာန်တွေထဲမှာလည်း ပါပြီးပါပြီ။ Dictionary of Politics ထဲမှာလည်း ဒီ အသုံး အနှုန်း တွေကို အဓိပ္ပာယ် ဖော်ဆောင် ထားခဲ့ကြပါတယ်။
ဆိုလိုတာကတော့ လူထုက ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီ စနစ်က ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲအရ အာဏာ ရလာတဲ့ လူထု အစိုးရကို တပ်က အာဏာသိမ်းပြီး ခဏပဲဖြစ်စေ၊ နှစ်ပေါင်းများစွာပဲ ဖြစ်စေ၊ လူထုဆန္ဒ မပါဘဲ အာဏာ ရယူ အုပ်ချုပ် နေရင် အာဏာရှင် စနစ်လို့ သတ်မှတ်ရပါတယ်။
တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီးက အဆုံးအဖြတ် ပေးပြီး ဗိုလ်ချုပ်တစုက စီမံခန့်ခွဲနေရင် စစ်အာဏာရှင် စနစ်လို့ သတ်မှတ်ရပါတယ်။ ဒါဟာ အမှန်တကယ်ဖြစ်တည် တည်ရှိနေတာပါပဲ။ မိမိဆန္ဒနဲ့ ဒီဝေါဟာရ ပေါ်လာတာ မဟုတ်ပါ ဘူး၊ တမင်သက်သက် ပြစ်တင်ရှုတ်ချတဲ့ ဝေါဟာရလည်း မဟုတ်ပါဘူး။
အာဏာရှင်စနစ် ဆိုတာကို Dictatorship လို့ Dictionary of Politics အဘိဓာန်မှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
ပဒေသရာဇ် စနစ် ကျဆုံးပြီးတဲ့နောက် အရင်းရှင်စနစ် လွှမ်းမိုးလာတဲ့ ကာလ၊ လွှတ်တော် ဆိုတာက အာဏာယူပြီး လူထုက မိမိတို့ ကိုယ်စားလှယ်တွေကို ရွေးချယ် တင်မြှောက်ကာ ပါလီမန် ထူထောင်၊ ပါလီမန်ကပဲ အစိုးရအဖွဲ့ ဖွဲ့၊ ဒါကို လူထုအစိုးရ၊ ပါလီမန် အစိုးရလို့ သတ်မှတ်တဲ့ လစ်ဘရယ် ဒီမိုကရေစီ ခေတ်မှာ လူတစု ဒါမှမဟုတ် တပ်က အာဏာ သိမ်းယူပြီး အုပ်ချုပ်တဲ့အခါ၊ ဒါမှမဟုတ် လူထု တင်မြှောက်တဲ့ အစိုးရအဖွဲ့ ယာယီ အကျပ်အတည်း တွေ့နေ တဲ့ အခါ၊ တပ်ကို ယာယီအာဏာ အပ်တဲ့အခါ အာဏာအပ်ခံရတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်ကောင်စီဟာ စစ်အာဏာရှင် တွေ ဖြစ်လာတယ်၊ စစ်အာဏာရှင် စနစ်လို့လည်း ဝေါဟာရ တွင်လာပါတယ်။
လူထုကရွေးတဲ့ ပါတီမျိုးကလည်း မိမိပါတီပဲ အာဏာရအောင် အတင်းအကြပ် အာဏာနဲ့ ခြိမ်းခြောက်၊ မိမိ လက်အောက် က တပ်နဲ့ ခြိမ်းခြောက်ပြီး အာဏာနဲ့ ထင်ရာစိုင်းလာရင်လည်း အာဏာရှင် ဖြစ်လာတာပါပဲ။
သမိုင်းမှာ ဖြစ်ပေါ်ခဲ့ရာမှာ ဂျူးလီးယက်ဆီဇာ တို့၊ နပိုလီယံ တို့ဆိုတာဟာ အာဏာရှင်တွေ ဖြစ်သလို ဟစ်တလာတို့၊ မူဆိုလီနီတို့၊ ဖရန်ကိုတို့၊ တိုကျိုတို့ ဆိုတာကလည်း အာဏာရှင်တွေပဲ။ ရက်စက် ရမ်းကားလွန်းတော့ ဖက်ဆစ်တွေ တောင်ဖြစ်လာတာပဲ မဟုတ်လား။
ဂရိ နိုင်ငံတွေမှာဆိုရင်လည်း တခါတရံ အကြွင်းမဲ့ အာဏာကျင့်သုံးပြီး အုပ်ချုပ်တာမျိုး ရှိခဲ့ပါတယ်။ အဲဒီအခါ အာဏာ ရှင် ဖြစ်လာတာပဲ။ ဘီစီ ၅၉၄- ၅၉၃ ကာလတွေမှာ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
တိုင်းပြည် အကြပ်အတည်း တွေ့တယ်ဆိုပြီး တပ်က အာဏာ သိမ်းပြီး အများဆန္ဒနဲ့ မအုပ်ချုပ်ဘဲ စစ်ကောင်စီ ဗိုလ်ချုပ်ကြီးကပဲ အုပ်ချုပ်ရင် အာဏာရှင်၊ စစ်အာဏာရှင်လို့ပဲ ဆိုရပါ မယ်။
မြန်မာနိုင်ငံမှာ ၁၉၅၈ ကနေ ၁၉၆၀ အထိ ဦးနုရဲ့ သဘောတူချက်နဲ့ အာဏာ သိမ်းလိုက်တဲ့ စစ်ကောင်စီ ခေတ်ကို အာဏာရှင် ခေတ်၊ အာဏာသိမ်းတဲ့ ခေါင်းဆောင်ကို စစ်အာဏာရှင်လို့ ခေါ်ရပါမယ်။ ဒါဟာ မလိုလို့ ခေါ်ဝေါ်တာ မဟုတ်ပါဘူး။ ဒါဟာ ဝေါဟာရ အသုံးအနှုန်းလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ကွန်မြူနစ်တွေ အာဏာရတဲ့ ကာလ၊ တော်လှန်ရေး အဖြစ်နဲ့ လူတန်းစား တိုက်ပွဲ သတ်မှတ်ပြီး အရင်းရှင် လူတန်းစား ကို တိုက်ခိုက်ပြီး အာဏာရယူ အုပ်ချုပ်တဲ့ အချိန်ကို ပစ္စည်းမဲ့ အာဏာရှင် စနစ်လို့ ကွန်မြူနစ် ပါတီနဲ့ ကွန်မြူနစ်တွေ ကိုယ်တိုင် လိုလိုလားလား ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။
ဒါကိုသူတို့က ဘော်ရှီဗစ်တွေရဲ့ ပစ္စည်းမဲ့ အာဏာရှင်စနစ် Dictatorship of the Proletariat လို့ သုံးနှုန်းကြပါတယ်။ ကွန်မြူနစ်တွေရဲ့ ပစ္စည်းမဲ့ အာဏာဆိုတာဟာ အလုပ်သမား လူတန်းစားရဲ့ အာဏာကို ခေါ်ပါတယ်။
အလုပ်သမား လူတန်းစားဆိုတာ တိုင်းပြည်မှာ အများဆုံးနဲ့ အင်အားအကောင်းဆုံး ဖြစ်တဲ့ စက်ရုံ၊ အလုပ်ရုံက အလုပ် သမားတွေ၊ မဟာမိတ်ဖြစ်တဲ့ လယ်သမားတွေရဲ့ အာဏာကို ဆိုလိုတာပါ။ အောက်ခြေ လူတန်းစား၊ တိုင်းပြည်ရဲ့၈၀ ရာခိုင်နှုန်း ကျော်ရှိတဲ့ လူတွေရဲ့ အာဏာကို ခေါ်တာပဲ ဖြစ်ပါတယ်။
လစ်ဘရယ် ဒီမိုကရေစီ စနစ်ရဲ့ လွှတ်တော် ဆိုတာဟာ အလုပ်သမား၊ လယ်သမားတွေ အာဏာရတဲ့၊ စိုးပိုင်တဲ့ လွှတ်တော် မဟုတ်ပါဘူး။ အဲဒီ လွှတ်တော်ဟာ အရင်းရှင် လူတန်းစားရဲ့ လွှတ်တော်ဖြစ်ပါတယ်။ အောက်ခြေ လူတန်းစား အာဏာရတာ မဟုတ်ပါဘူး။ အရင်းရှင် လူတန်းစား အာဏာရတာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။
၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ ဘော်ရှီဗစ်တွေက တော်လှန်ရေး ဆင်နွှဲပြီး အာဏာ သိမ်းယူတာဟာ ပစ္စည်းမဲ့ အာဏာရှင် စနစ်ကို ထူထောင်လိုက်တာ ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။
ဒါကြောင့် အာဏာရှင်ဆိုတဲ့ Dictatorship ကို လေးလေးနက်နက် လိုလိုလားလား သဘောတွေ့တွေ့ လက်ခံ ခေါ်ဝေါ် ကြတာက ကွန်မြူနစ်တွေပါပဲ။
ဖော်ပြခဲ့တဲ့ သတ်မှတ်ချက်တွေ၊ အခြေအနေတွေနဲ့ ကိုက်ညီရင် အာဏာရှင်စနစ် ဆိုတာ ရှိသလို၊ အာဏာရှင် ဆိုတာ လည်း ရှိတာပါပဲ။ အဲဒါကို Dictionary of Politics ဆိုတဲ့ အဘိဓာန်မှာ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆို ထားခဲ့ပါ တယ်။
ဒါကြောင့် အာဏာရှင်တို့၊ အာဏာရှင် စနစ်တို့၊ စစ်အာဏာရှင်တို့၊ စစ်အာဏာရှင် စနစ် Military Dictatorship ဆိုတာ တွေဟာ သမိုင်းမှာ အမှန်တကယ် ဖြစ်တည်ခဲ့သလို ဒီစနစ်တွေ လွှမ်းမိုးမှုဟာလည်း ယခုထက်တိုင် တည်ရှိနေခဲ့ပါ တယ်။
မြန်မာနိုင်ငံမှာလည်း ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်အထိ တကြိမ်၊ ၁၉၆၂ ကနေ ၁၉၇၄ ခုနှစ်အထိ တကြိမ် တည်ရှိ ခဲ့ပြီး ၁၉၇၄ ကနေ ၁၉၈၈ အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ တပါတီ အာဏာရှင်စနစ် ဖြစ်တည်ခဲ့သလို ၁၉၈၈ ကနေ ၂၀၁၀ အထိ စစ်အာဏာရှင်စနစ် အာဏာသိမ်းပြီး လွှမ်းမိုးခဲ့၊ အုပ်ချုပ်ခဲ့တယ် မဟုတ်ပါလား။
ယခုအချိန်ထိ စစ်အာဏာရှင်စနစ် အောက်မှာ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ကို ကျင့်သုံးနေရတာကြောင့် စစ်အာဏာရှင် စနစ် လွှမ်းမိုးနေဆဲဆိုတာ လက်ခံဖို့ လိုပါတယ်။
အမှန်တရားကို အမှားတရား မဖြစ်ဖို့လည်း လိုပါတယ်။ ဒီဖြစ်စဉ်ကို အစိုးရက လွှတ်တော်ကိုယ်စားလှယ် တိုင်းက၊ ပါတီဝင်တိုင်းက လက်ခံမှသာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နိုင်ပါလိမ့်မယ်။ ။
Ref: The Routledge Dictionary of Politics
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။