ဦးခင်ညွန့်က စာရေးဆရာတဲ့လား

သွေး (စစ်ကိုင်း)
ထောက်လှမ်းရေးအကြီးအကဲဟောင်းကို အကန်တော့ခံ စာရေးဆရာအဖြစ် ထည့်သွင်းခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ကန်တော့ခဲ့တယ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှု တိုးတက်မြင့်မား လာဖို့အတွက် ”စာပေ” ရဲ့ အခန်းကဏ္ဍဟာ အထူးပဲ အရေးကြီးပါတယ်။ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို ထင်ဟပ်စေအောင်၊ ရသမြောက်အောင် ရေးသားကြတဲ့ စာရေးဆရာတွေဟာလည်း ခေတ်အဆက်ဆက် ရှိပါတယ်။

စာရေးဆရာ တယောက်ဟာ သူဖြတ်သန်း နေရတဲ့ခေတ်နဲ့ ကင်းကွာလို့မရသလို၊ တဖက်ကလည်း အာဏာရှင်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ စာရေးဆရာတွေ ဒုနဲ့ဒေးပါ။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံမှာ ပြည်သူတွေ ဘက်က ရပ်တည်ခဲ့တဲ့ အထင်ကရ စာရေးဆရာကတော့ ဆရာမောင်သော်က ဖြစ်ပါတယ်။

ဒီ အရေးတော်ပုံကြီး ဖြိုခွင်းခံရပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင် ရာမှာလည်း စာရေးဆရာတွေထဲက ဆရာ မောင်သော်က၊ ဟံသာဝတီ ဦးဝင်းတင်၊ မောင်မိုးသူ၊ မောင်စူးစမ်းနဲ့ ဆရာ ဦးဝင်းခက်တို့ ပါဝင်ခဲ့ကြပါတယ်။

အထူးသဖြင့် ဆရာမောင်သော်ကဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံထောက်ခံခဲ့မှုကြောင့် စစ်အစိုးရဲ့ ဖမ်းဆီးနှိပ်စက်မှု ခံခဲ့ရပြီး ထောင်ဒဏ် အနှစ် (၂ဝ) အထိ ချမှတ်ခံခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ် ဇွန်လမှာ အင်းစိန်အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ရ ပါတယ်။

ဆရာမင်းလူရဲ့ စာတွေဟာ လူငယ်ရော၊ လူကြီးတွေပါ နှစ်သက်ကြတဲ့စာတွေပါ။ စစ်အစိုးရလက်ထက်မှာ ”ဘာတွေဖြစ်ကုန်ကြပြီလဲ” ဆိုတဲ့ ကဗျာရှည်ကို ရေးသား ခဲ့တဲ့အတွက် ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ကဗျာရွတ်သူတွေ၊ အမှတ်တရ ကဗျာရေးတဲ့ ကဗျာဆရာတချို့ကိုလည်း ကလောင် ပိတ်ပစ်ခဲ့ပါတယ်။

ဒါကြောင့် စာရေးဆရာ၊ ကဗျာဆရာတွေဟာ ပြည်သူတွေဘက်က ရပ်တည်ပြီး အာဏာရှင်ကို အတိအလင်း ဆန့်ကျင်ခဲ့တာ တွေ့နိုင်ပါတယ်။ အဲဒီလို စာရေးဆရာတွေ ရှိခဲ့ပေမယ့်လည်း တချို့ စာရေးဆရာတွေဟာတော့ ခေတ် အဆက်ဆက် အစိုးရတွေ အကြိုက် လိုက်နေ၊ လိုက်ရေးပြီး အခွင့်အရေးယူခဲ့ ကြပါတယ်။

အာဏာရှင် အစိုးရတွေ အကြိုက် လိုက်ရေးတဲ့ စာရေးဆရာတွေဟာ တစ်နည်းအားဖြင့် ပြည်သူကို ဝါဒမှိုင်းဖြန့်ဖြူးတာပါပဲ။ စာပေနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေမှာ နေရာပေး၊ အခွင့်အရေးပေး ခံခဲ့ရသလို တချို့ဆို အမျိုးသားစာပေဆု အကြိမ်ကြိမ် ချီးမြှင့်ခံခဲ့ရတဲ့အထိ ရှိခဲ့ပါတယ်။

ပြည်သူ့ဘက်ကပဲ တစိုက်မတ်မတ် ရပ်တည်ခဲ့ကြတဲ့ စာရေးဆရာတွေဟာ အကျဉ်းထောင်ကို မမှုခဲ့သလို၊ အာဏာရှင် ကိုလည်း ဒူးမထောက်ခဲ့ပါဘူး။ အမျိုးသမီး စာရေးဆရာမတွေထဲက ဆိုရင် ဆရာမ မသီတာ (စမ်းချောင်း) ဟာ စစ်အစိုးရကနေ ထောင်ဒဏ်အနှစ် (၂ဝ) အထိ ချမှတ်ခံခဲ့ရသူဖြစ်ပြီး (၁၉၉၃) ခုနှစ်ကနေ (၁၉၉၉) ခုနှစ် အထိ အင်းစိန်ထောင်တွင်း အကျဉ်းကျခဲ့တာပါ။ ဒီမိုကရေစီ စနစ်ဆီ ဦးတည်တဲ့ အရပ်သား အစိုးတရပ် ပေါ်ပေါက်ရေးမှာ စာပေပညာရှင်တွေရဲ့ ပါဝင်မှုကို ချန်လှပ်ထားလို့ မရတာ အမှန်ပါ။

သိပ်မကြာသေးမီက ရန်ကုန်မှာ ကျင်းပပြုလုပ် ခဲ့တဲ့ မြန်မာနိုင်ငံ သက်ကြီး စာပေပညာရှင်များ ကန်တော့ပွဲမှာ စစ်အစိုးရ လက်ထက် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်ကို အကန်တော့ခံ စာရေးဆရာ အဖြစ် ထည့်သွင်း ခဲ့တဲ့အတွက် ပွဲစီစဉ်တဲ့ စာရေးဆရာ အသင်းကို ဝေဖန်မှုတွေ ဆူဆူညံညံ ထွက်ပေါ်ခဲ့ပါတယ်။

ပြည်သူတွေကို၊ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်ခဲ့တဲ့ သူတယောက်ကို စာရေးဆရာ တယောက်အဖြစ် သတ်မှတ်တာ သင့်တော်ပါရဲ့လား ဆိုတဲ့ မေးခွန်းတွေရှိခဲ့သလို သူ့ကို ကန်တော့ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုပါ ပြည်သူတွေက ဝေဖန်ခဲ့ပါတယ်။

ဒီနေရာမှာ ဆက်ပြီး စဉ်းစားစရာတခုက ”စာရေးဆရာအသင်း” ဟာ မြန်မာတနိုင်ငံလုံးက စာရေး ဆရာတွေကို ကိုယ်စား ပြုတာလား ဆိုတာပါပဲ။ စာရေးဆရာ သမဂ္ဂရှိသလို၊ စာရေးဆရာအသင်းလည်း ရှိပြီး အသင်း ဝင်ခြင်း မဝင်ခြင်း၊ သမဂ္ဂဝင်ခြင်း မဝင်ခြင်းဟာ စာရေးဆရာတဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်သာ ဖြစ်ပါတယ်။

ကျမကိုယ်တိုင် ဘယ် အသင်းအဖွဲ့ကိုမှ ဝင်မထားတဲ့ စာရေးဆရာ တယောက်ဖြစ်ပြီး စာရေးဆရာအသင်းဟာ စာရေးဆရာ အားလုံးကို ကိုယ်စားမပြုတာ ထင်ရှား နေပါတယ်။ ဒါ့အပြင် ကျမရဲ့အမြင်မှာ ဗိုလ်ချုပ်ခင်ညွန့်ဟာ စာရေးဆရာအဖြစ် သတ်မှတ်ထိုက်သူ တယောက် မဟုတ်ပါဘူး။ ဒီလုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ စာရေး ဆရာအသင်းက နုတ်ထွက်ကြတဲ့ စာရေးဆရာတွေလည်း ရှိခဲ့ပါတယ်။

အတိုက်အခံကနေ အစိုးရဖြစ်လာတဲ့အထိ ကြမ်းတမ်းတဲ့ခရီးကို ဖြတ်သန်းခဲ့ရတဲ့ ဒီမိုကရေစီခရီးကြမ်းကို နားလည် ပေးနိုင်ပေမယ့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ အပြုအမူဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တစုံတရာ အထောက်အကူ မပြုနိုင်ပါဘူး။ အစိုးရ တရပ်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ထောက်ပြရေးသား ရမှာက စာရေးဆရာတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

ဆရာမကြီး လူထုဒေါ်အမာ၊ ဆရာ လူထုဦးလှ၊ ဆရာ ဒဂုန်တာရာ၊ ဆရာ ဗန်းမော်တင်အောင်၊ ဆရာ မြသန်းတင့် တို့ကို ပြည်သူတွေက ခုထက်ထိ လေးစား ချစ်ခင်နေကြတာဟာ သူတို့ဟာ စာရေးဆရာတွေအနေနဲ့ ပြည်သူဘက်က ရပ်တည်ပြီး ကလောင်တာဝန် ကျေပွန် ခဲ့လို့ပါ။

အခုအခါမှာတော့ အစိုးရ ဘာလုပ်လုပ် မှန်တယ်၊ ကောင်းတယ်ဆိုပြီး၊ အစိုးရကို မတို့ထိရတဲ့အရာအဖြစ် သဘောထားပြီး အစိုးရဘက်က ဘက်လိုက်နေတဲ့ စာရေးဆရာတွေ ရှိလာနေတာကို စိတ်မကောင်းစရာအဖြစ် တွေ့မြင်နေရပါတယ်။ ဒီလိုဆိုရင် စောဒကတက်ချင်သူတွေက ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ တရပ်ကို ဝေဖန်စရာလားလို့ မေးပါလိမ့်မယ်။ ဒါပေမယ့် ပြည်သူက ရွေးထားတဲ့ အစိုးရ ဖြစ်နေတဲ့ အတွက်ကြောင့်ပဲ ပြည်သူဖြစ်တဲ့ စာရေးဆရာတွေဟာ ပြည်သူတွေဘက်က ရပ်တည်ပြီး ဝေဖန်ထောက်ပြတာတွေကို တလေးတစား နားထောင်ပြီး ပြုပြင်သင့်တာတွေကို ပြုပြင်ရပါလိမ့်မယ်။

ကုန်ဈေးနှုန်း တက်တာကနေ အခြေခံလူတန်းစား တွေရဲ့ ဘဝကို ဘယ်လိုထိခိုက်လဲ၊ ပြည်တွင်းစစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူတွေ ဘယ်လိုဒုက္ခတွေ တွေ့ကြုံ နေရလဲ၊ လုပ်ခလစာ နည်းပါးတဲ့ အလုပ်သမလေးတွေ ဘယ်လို ရှင်သန်နေရသလဲ စတဲ့ ပြည်သူတွေ တွေ့ကြုံ နေရတာတွေကို စာရေးဆရာတွေက အနုပညာအဖြစ် ကိုယ်ချင်းစာတရား အခြေခံပြီး ဖန်တီးရမှာပါ။ အစိုးရတရပ်က ကောင်းတာလုပ်နေရင် ကောင်းအောင်လုပ်ဖို့က အစိုးရ ရဲ့ တာဝန်ဖြစ်လို့ အထူးတလည် ချီးကျူးစရာ မလိုပါဘူး။

အရေးကြီးတာက စာရေးဆရာတွေဟာ ဘယ်အစိုးရ လက်ထက်မှာပဲဖြစ်ဖြစ် အစိုးရကို သစ္စာခံဖို့၊ ဘုန်းတော်ဘွဲ့ရေးသားဖို့ မလိုဘူး ဆိုတာပါပဲ။ ပြည်သူတွေရဲ့ ခံစားချက်ကို နှလုံးသားနဲ့ မျှဝေခံစားပြီး အမှန်တရားနဲ့ တရားမျှတမှုဘက်က ရပ်တည်မှသာ စာရေးဆရာ တယောက်ရဲ့ တာဝန်ကျေပွန်မှာ ဖြစ်ပါကြောင်း။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading