တပ်မတော်နှင့် အရပ်ဖက် နိုင်ငံရေးအင်အားစုများအကြား ဆယ်စုနှစ်များစွာ ရှိနေသည့် နိုင်ငံရေး သဘောထား ကွဲလွဲမှုများကို ပေါင်းကူးပေးနိုင်သည့် တခုတည်းသော မျှော်လင့်ချက်အဖြစ် တွေ့ဆုံဆွေးနွေးရေး နည်းလမ်း (Dialogue) သို့မဟုတ် စေ့စပ်ညှိနှိုင်း အဖြေရှာခြင်း (Negotiation) ကို အများစုက ဖက်တွယ်ထားကြသည်။
၁၉၈၈ ခုနှစ် စစ်တပ် အာဏာ မသိမ်းခင်ကပင် ထိုအယူအဆ ခေတ်စားလာခဲ့သည်ဟု ဆိုရမည်။ ထိုအချိန်မှစ၍ ယနေ့အချိန်ထိ နှစ်ဖက် ခေါင်းဆောင်များ အကြိမ်ကြိမ် တွေ့ဆုံမှုများရှိခဲ့သည်။ သို့သော် ထိုတွေ့ဆုံမှုများသည် စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများဟု ကျနော်တို့ အတိအကျ မပြောနိုင်ပေ။
နိုင်ငံရေးလောကသို့ ဝင်ရောက်လာပြီး မကြာမီ ၁၉၈၈ ခုနှစ် သြဂုတ်လ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရ ဦးနေဝင်းအစိုးရထံ စာရေးသား၍ ထိုစဉ်က ဖြစ်ပွားနေသော ကျောင်းသား လှုပ်ရှားမှုကို ငြိမ်းချမ်းစွာ အဖြေရှာရန် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့သည်။ သို့သော် သူမ၏ တောင်းဆိုမှုအတွက် အကြောင်းပြန်ကြားမှု မရရှိခဲ့ပေ။
ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်အတွင်း ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံ ပါတီခေါင်းဆောင်၊ ထို့နောက် ယခုလက်ရှိ နိုင်ငံ့ခေါင်းဆောင်တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့် စစ်အစိုးရမှ ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံခဲ့သည်။
ထိုသူများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်နှင့် လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်သည်။
သို့ရာတွင် ထိုတွေ့ဆုံမှုများမှ တိကျသည့် နိုင်ငံရေးရလဒ် တစုံတရာ မရရှိခဲ့သည့်အပြင် တိုင်းပြည်၏ နိုင်ငံရေးပြသနာများ အတွက် အမှန်တကယ် အဖြေရှာရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည့် လက္ခဏာပင် မတွေ့ရပေ။
ထိုတွေ့ဆုံပွဲများသည် စစ်အစိုးရများအတွက် မြန်မာနိုင်ငံတွင် “တွေ့ဆုံဆွေးနွေးမှုများ” ရှိနေကြောင်း ပြည်တွင်း ပြည်ပမှ ထင်မြင်စေရန်အတွက် ဓာတ်ပုံ အရိုက်ခံသည့် ပွဲများသက်သက် အဖြစ်သာ မြင်ကြသည်။
ပြန်စဉ်းစားကြည့်လျှင် ထိုတွေ့ဆုံမှုများသည် ဟန်ပြထက်မပိုပါ။
ဇန်နဝါရီလ နှောင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ယခင် စစ်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပူးပေါင်းကော်မတီ တရပ်ဖွဲ့ရန် စတင်လိုက်သောအခါ ပြည်ထောင်စု လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ်နှင့် ဗိုလ်ချုပ်ဟောင်းများ ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီမှ ကိုယ်စားလှယ်များက တညီတညွတ်တည်း ကန့်ကွက်ကြသည်။
လွှတ်တော်တွင် ယခုကဲ့သို့ ထိပ်တိုက်တွေ့မည့်အစား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တဖက်၊ တပ်မတော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က တဖက် ပြေလည်သည့် သဘောတူညီချက် ရအောင် ဆွေးနွေး သင့်သည်ဟု တချို့နိုင်ငံရေး လေ့လာသုံးသပ်သူများက ယူဆကြသည်။ ထိုအမြင်သည် ယေဘုယျအားဖြင့် ကောင်းသော်လည်း လက်တွေ့တွင် မဖြစ်နိုင်ပါ။
မြန်မာနိုင်ငံတွင် “တွေ့ဆုံ ဆွေးနွေးအဖြေရှာသည့် ယဉ်ကျေးမှု” (Culture of dialogue) အသားမကျသေး သောကြောင့် တွေ့ဆုံဆွေးနွေးမှုများ မဖြစ်မြောက်ခြင်းဖြစ်ကြောင်း တချို့က မြင်ကြသည်။ အမှန်အားဖြင့်မူ ညှိနှိုင်း ဆွေးနွေးမှုများ ဖြစ်မြောက်ရန်အတွက် အလေ့အထ ရှိနေရန် မလိုပါ။ လိုအပ်သည်က တကယ် ညှိနှိုင်း ဆွေးနွေး အဖြေရှာချင်သည့် နိုင်ငံရေး ဆန္ဒရှိဖို့သာဖြစ်သည်။ နှစ်ဖက်စလုံးတွင် ပြဿနာများကို ဖြေရှင်းရန် စစ်မှန်သော နိုင်ငံရေးဆန္ဒ ရှိနေပါက တွေ့ဆုံဆွေးနွေးရေးသည် လွယ်လွယ်ကူကူ ဖြစ်နိုင်ပါသည်။
ယခုအချိန်အထိ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုများ ရှိမနေခြင်းက နှစ်ဖက်စလုံး (သို့မဟုတ်) တဖက်မှ ခေါင်းဆောင်များတွင် အမှန်တကယ် ဆွေးနွေးအဖြေရှာဖို့ ဆန္ဒရှိမနေခြင်းကို ပြသနေသည်။
ဘာအတွက်ကြောင့်နည်း။ မဆွေးနွေးချင်သူများသည် နိုင်ငံရေး အခြေအနေကို မပြောင်းလဲ လိုသောကြောင့် ဖြစ်သည်။ မည်သူတို့နည်း။ သမိုင်းအရ ဗိုလ်ချုပ်ဟောင်းများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်များစွာ တွေ့ခဲ့သော်လည်း ဆွေးနွေးအဖြေရှာရေးအတွက် မည်သည့်အခါကမျှ အလေးအနက် လမ်းဖွင့်မပေးခဲ့ပေ။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရပြီးနောက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက အာဏာရှိ ဗိုလ်ချုပ်ကြီးများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သည်။ တွေ့ဆုံဆွေးနွေးရေးကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း နိုင်ငံရေး အင်အားစုများက တောင်းဆိုခဲ့ကြသည်။ သို့သော် တကယ် မဖြစ်မြောက်ခဲ့ပေ။
“ဗိုလ်ချုပ်တွေနဲ့ ညစာစားပွဲက တကယ်တော့ ဗိုလ်ချုပ်မှူးကြီးကပဲ တဖက်သက် တချိန်လုံးပြောနေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထိုစဉ်က တပ်မတော်အကြီးအကဲ ဦးသန်းရွှေကို ရည်ရွယ်ကာပြောကြောင်း ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ရာဇာလီ အစ္စမေးလ်က သူ၏ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးများနှင့် အစည်းအဝေးများအကြောင်း ပြောရာတွင် ဖော်ပြခဲ့သည်။
ယခုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးသော်လည်း ရာဇာလီ ပြောပြသည့်အတိုင်း တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ တပ်မတော် ခေါင်းဆောင်များ၏ သဘောထားက ကြီးကြီးမားမား ပြောင်းလဲသည့်ပုံ မရှိပေ။ ပြုပြင် ပြောင်းလဲရေးသမားဟု သတ်မှတ်ကြသည့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်သည်ပင် သူ သမ္မတအဖြစ်ရှိနေစဉ် ၂၀၁၁ မှ ၂၀၁၆ အတွင်း တွေ့ဆုံပွဲများ ကျင်းပခဲ့သော်လည်း အမှန်တကယ် ညှိနှိုင်း ဆွေးနွေးမှုများ မဖြစ်ခဲ့ပေ (ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခုနှစ် သြဂုတ်လကတွေ့ဆုံပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ လွှတ်တော်အတွင်း စတင် ဝင်ရောက်ခဲ့သည်မှာ မှန်သော်လည်း ထိုနောက်ပိုင်း တွေဆုံမှုများက အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အသီးအပွင့်တစုံတရာ မရှိခဲ့ပေ)။
၂၀၁၆ ခုနှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရမလာမီနှင့် ရလာပြီးနောက်ပိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား အစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပခဲ့သည်။ ထို တွေ့ဆုံမှုများသည်လည်း အမှန်တကယ် ဆွေးနွေး နိုင်ခဲ့ခြင်းမျိုး မဖြစ်ခဲ့ပေ။
ထို့ကြောင့် ရွေးကောက်ပွဲကတိကို ဖြည့်ဆည်းရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရပ်ဖက်နှင့် စစ်ဖက်တို့အကြား တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ယူရန် မျှော်လင့်ခြင်းသည် ကျိုးကြောင်း ဆီလျှော်မှုမရှိသလို လက်တွေ့လည်းမကျပေ။
ထို့ကြောင့်ပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ရန် ပူးတွဲကော်မတီကို ၎င်းတို့ ကိုယ်စားလှယ်များ အများစုရှိနေသည့် လွှတ်တော်တွင် ဖွဲ့စည်းရုံမှတပါး တခြား ရွေးစရာ နည်းလမ်း မရှိပေ။ ထိုဆောင်ရွက်ချက်ကို ဖွဲ့စည်းပုံ ပြင်ဆင်ရေး လိုလားကြသည့် ပြည်သူလူထုနှင့် တိုင်းရင်းသား ပါတီအများစုက ထောက်ခံကြသည်။ သို့သော် တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက သဘောမတူကြပေ။ ထိုနည်းလမ်းသည်ပင် တပ်မတော်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဝင်ရောက် ဆွေးနွေးစေသည့် တခုတည်းသော နည်းလမ်း ဖြစ်လာခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ယခု နိုင်ငံရေး တွန်းအားပေးမှုမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမှန်တကယ် ပြင်ဆင်နိုင်မည်ဆိုသည်ကို နိုင်ငံရေး လေ့လာသုံးသပ်သူတချို့က သံသယ ရှိကြသည်။ မှန်ပါသည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်၏ အကျိုးစီးပွားကို ကာကွယ် ထားသောကြောင့် ကျနော်တို့ ယခု ဆောင်ရွက်မှုမှ အများကြီး မမျှော်လင့်နိုင်ပါ။ သို့သော် တခြား တဖက်ကကြည့်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လူထုထောက်ခံမှု ကြီးမားလှသောကြောင့် ယခု ဆောင်ရွက်ချက်သည် လုံး၀ မအောင်မြင် နိုင်ပါဟု ကြိုတင် ခန့်မှန်းရန်မှာလည်း စောလွန်းလှသေးသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့ အတွက် တခုတည်းသော ရွေးချယ်စရာကို ယူခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိနှင့် ယခင် တပ်မတော် ခေါင်းဆောင်များသည် စေ့စပ်ညှိနှိုင်းမှုကို၊ အထူးသဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်မည့် ဆွေးနွေးမှုကို စိတ်ဝင်စားမှုမရှိကြောင်း သမိုင်းက ပြသနေပေသည်။
( Kyaw Zwa Moe ၏ With Only One Side Listening, Dialogue on Charter Was Never an Option ကို ဘာသာပြန်ဆိုသည်။)