ကိုဗစ်-၁၉ အလွန် မြန်မာကို ဘယ်လိုမြင်ချင်လဲ

အောင်ဇော်
တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း မေလ ၁၇ရက်နေ့ နံနက်ပိုင်းက Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးစစ်တမ်းကောက်ယူစဉ် / အောင်ကျော်ထက်
Want create site? Find Free WordPress Themes and plugins.

ကိုဗစ်-၁၉ ရောဂါ အမြင်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံသည် ကံကောင်းနေဆဲဖြစ်သည်။ ယခုအချိန်ထိ နည်းပါးသော ကူးစက်မှု၊ သေဆုံးမှုများကိုသာ တွေရသေးသည်။ ၁၃-၆-၂၀၂၀ ရက်အထိ ရောဂါဖြစ်ပွားမှု ၂၆၁ ခု၊ သေဆုံးမှု ၆ ခုနှင့် ပြန်လည်ကောင်းမွန်လာသူ ၁၆၇ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ သို့သော် ထိုအောင်မြင်မှုဇာတ်လမ်းကို ပိုမိုနက်ရှိုင်းသော မေးခွန်းတခုက စိန်ခေါ်နေသည်။ ထိုမေးခွန်းမှာ ကိုဗစ်အလွန်ခေတ် မြန်မာနိုင်ငံကို ပြန်လည်ပုံသွင်းရန် မည်မျှကောင်းကောင်း ပြင်ဆင်ထားသနည်းဟူသော မေးခွန်းပင်ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ရသည့် စီးပွားရေး ပြန်လည်နာလန်ထရေးအတွက် အမေရိကန်ဒေါ်လာ ၃.၅ ဘီလျှံ (ကျပ် ၄.၁၇ မှ ၄.၈၆ ထရီလျှံ) အထိ သို့မဟုတ် မြန်မာနိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှု ဒေါ်လာ ၇၀ ဘီလျှံကျော်၏ ၅ ရာခိုင်နှုန်းအထိ သုံးရန် အစိုးရက ပြင်ဆင်ထားသည်။ ထိုသို့စီစဉ်ထားသည့် အသုံးစရိတ်သည် စီးပွားရေးပြန်လည်နာလန်ထရေး၊ လူမှုဖူလှုံရေးနှင့် ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်သည်။

ရောဂါကူးစက်မှုကို ကိုင်တွယ်ရန် အခြားနိုင်ငံများ၏ လုပ်ဆောင်မှုများကို ကြည့်သောအခါ ရှေ့တွင် မသေချာ မရေရာမှုများကို တွေ့ရသော်လည်း ထိုစိန်ခေါ်မှုများသည် အခွင့်အလမ်းများကိုလည်း ပေးနေတာကတော့ အမှန်ပင်။ မြန်မာခေါင်းဆောင်များနှင့်နိုင်ငံသားများအနေဖြင့် ထိုစိန်ခေါ်မှုများကို ကျော်လွှားပြီး ကူးစက်ရောဂါလွန် အနာဂတ်နိုင်ငံအတွက် ရည်မှန်းချက်တခု ချမှတ်ရန် လွန်စွာ လိုအပ်ပြီ ဖြစ်သည်။

ကိုဗစ် ၁၉ ရောဂါကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပုံမှန် တယ်လီကွန်ဖရင့် အစည်းအဝေး ပြုလုပ်ခြင်းအား လူအများ ကြည့်ရှုစေရန် တိုက်ရိုက်လွှင့်ထုတ်ပြသသည်

ထိုဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်သော မြန်မာနိုင်ငံ၏ တုံ့ပြန်ဆောင်ရွက်မှုများအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးလုပ်သားများ၊ အစိုးရအရာရှိများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အပတ်စဉ် အွန်လိုင်းဆွေးနွေးပွဲများ ကျင်းပသည်။

မြန်မာ့တပ်မတော် ခေါင်းဆောင်များကလည်း တိုင်းရင်းသားဒေသများမှ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ရောဂါရှာဖွေစမ်းသပ်ရေး ကိရိယာများအပါအဝင် ကိုဗစ်နှင့်ပတ်သက်သည့် အကူအညီများပေးကာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို အောက်ခြေတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်အရှေ့ပိုင်း တြိဂံဒေသတိုင်း စစ်ဌာနချုပ်တွင် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ခေါင်းဆောင်များနှင့် လွန်ခဲ့သော နှစ်ပါတ်က တွေ့ဆုံခဲ့သည်။ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကျန်းမာရေး ကိစ္စများကို ကိုင်တွယ်ရာတွင် တပ်မတော်က ထိုလက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီမည်ဖြစ်ကြောင်း ပြောဆိုကတိပေးခဲ့သည်။

ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ၊ N95 မျက်နှာဖုံးနှင့်မျက်နှာအကာအကွယ်များနှင့် လက်သန့်စင်ဆေးရည်များ မျှဝေခြင်းအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများနှင့် အကူအညီများကို တွေ့ရသည်မှာ အားတက်ဖွယ်ဖြစ်ရသည်မှာ အသေအချာပင်။ ထို့အပြင် မြန်မာနိုင်ငံသားများက ဆင်းရဲသောမိသားစုများနှင့် အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် အစားအစာနှင့် ကယ်ဆယ်ရေး ပစ္စည်များကို ရက်ရောစွာ လှူဒါန်းသည့် မြန်မာတို့၏ စရိုက်လက္ခဏာဖြင့် ပေးအပ်မျှဝေသည်ကိုလည်း တွေ့ရသည်။

သို့သော် မိမိတို့သည် အနာဂတ်ရင်ဆိုင်ရမည့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လိုအပ်ချက် သို့မဟုတ် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ ပြန်လည်သုံးသပ်ရန်နှင့် ဂေဟဗေဒစနစ် ထိခိုက်မှုများကို ကုစားရန် ကြိုးစား သင့်မသင့် နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအရာရှိများ ပြောဆိုသည်ကိုတော့ မကြားရသလောက်ပင်ဖြစ်နေသည်။

ကူးစက်ရောဂါစတင်ဖြစ်ပွားပြီးနောက် တိရိစာ္ဆန်များမှ လူသို့အချို့သော ဗိုင်းရပ်စ်များကူးစက်သည့် နည်းလမ်း၊ ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံဝူဟန်ရှိ သားရိုင်းဈေးတခုမှ စတင်ဖြစ်ပွားသည်ဟူသည့် ခန့်မှန်းချက်များနှင့် လင်းနို့များနှင့်သင်းခွေချပ်များကို နိုင်ငံတကာသတင်းများတွင်အထင်အရှား သရုပ်ဖေါ်ထားသည်များကိုတော့ နေ့စဉ်နီးပါး မိမိတို့များစွာ ကြားသိဖတ်ရှုနေရသည်။

ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ (SARS)၊ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ (MERS) ၊ ကြက်ငှက်တုတ်ကွေး၊ ဝက်တုတ်ကွေး စသည်တို့ကို ဖြစ်ပွားစေသည့် ပြင်းထန်သော ဗိုင်းရပ်စ်များသည် တိရိစာ္ဆန်များမှ လူသားများသို့ကူးစက်ပြီး အသေအပျောက်များသော ကူးစက်မှုဖြစ်ပေါ်စေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကို သဘာဝတရားက လက်စားချေခြင်းဟု ဆိုကြသည်။ မြန်မာနိုင်ငံမှ လူအများအပြားကလည်း ယုံကြည်ယူဆ ပြောဆိုကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဝခေါင်းဆောင်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆေးပစ္စည်းများ ပေးသည်

ထိုသို့ဆိုလျှင် မိမိတို့သည် သဘာဝတရားနှင့် မည်သို့သော ဆက်ဆံရေးမျိုး ထားရှိသင့်ပါသနည်း။

ကမ္ဘာ၏ ကျန်အစိတ်အပိုင်းများကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း သဘာဝပတ်ဝန်းကျင်တရားအပေါ် လေးစားမှု အလွန်ပင် ကင်းမဲ့လှသည်။ လမ်းများအခြေခံအဆောက်အအုံများ ပိုမိုတည်ဆောက်ရန်၊ သတ္တုတွင်းများ ပိုမိုတူးဖေါ်ရန်၊ စက်ရုံများ ပိုမိုတည်ဆောက်ရန်နှင့် လယ်မြေများ ပိုမိုဖေါ်ထုတ်ရန် မိမိတို့သည် သဘာ၀၀န်းကျင်များကို ဖျက်ဆီးခဲ့ကြသောကြောင့် ပိုမိုပြင်းထန်သော ဗိုင်းရပ်စ်ပိုးများ မိမိတို့ထံရောက်လာသည်ကို လက်ငင်း ကြုံတွေ့ခဲ့ရသည်။ သဘာဝသစ်တောများကို ရှင်းလင်းခြင်းဖြင့် မိမိတို့သည် သဘာ၀တောရိုင်းတိရိစာ္ဆန်များ ကျင်လည်ကျက်စားသည့် နေရာများကို ဖျက်ဆီးခဲ့ကြပြီး ၎င်းတို့ကို မိမိတို့နှင့် ပိုမိုနီးကပ်လာစေကာ တိရိစာ္ဆန်များမှ လူသားများသို့ ရောဂါကူးစက်မှု အခွင့်အလမ်းကို ပိုမိုဖြစ်နိုင်စေခဲ့သည်။

၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ် သုံး ခုအတွင်း မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှု၊ သတ္တုတူးဖေါ်ခြင်းနှင့်ငါးဖမ်းခြင်းလုပ်ငန်းများ အရှိန်အဟုန် မြင့်မြင့်မားမားနှင့် ပေါ်ပေါက်လာခဲ့တော့သည်။ မြန်မာနိုင်ငံသည် ဆင်းရဲသော နိုင်ငံတနိုင်ငံတော့မဟုတ်ပေ။ မိမိတို့သည် ကျောက်မျက်များ၊ ကျောက်စိမ်းများ၊ ပတ္တမြားများ၊ ရွှေ၊ တွင်းထွက်များ၊ မြစ်ချောင်းများနှင့်နက်ရှိုင်းသော သစ်တောများ ကြွယ်ဝသည့် နိုင်ငံတခုဖြစ်သည်။

သို့သော် ချမ်းသာကြွယ်ဝမှုများကို မည်သူတို့ ထိန်းချုပ်ထားသနည်း

Economist Intelligence Unit’s ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ၏ ပို့ကုန်များတွင် တွင်းထွက်ပစ္စည်းနှင့် ၎င်းတို့နှင့် ပတ်သက်သည့် ပို့ကုန်များ အများဆုံးပါဝင်ပြီး ၂၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထိုပို့ကုန်များတွင် အဓိကအားဖြင့် ကျောက်စိမ်းနှင့် ပတ္တမြားကဲ့သို့သော အဖိုးတန်ကျောက်မျက်များနှင့် စက်မှုလုပ်ငန်းသုံး သတ္တုတွင်းထွက်များ ပါဝင်ကြသည်ဟု ဖော်ပြထားသည်။

“အစိုးရ၏ တွက်ချက်မှုများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ကျောက်စိမ်းများ၏ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပြီး ပတ္တမြားထုတ်လုပ်မှုမှာ ကမ္ဘာတွင် စတုတ္ထအများဆုံးဖြစ်သည်။ ထိုကျောက်မျက်များ၏ အများစုကို လက်ဝတ်ရတနာ ထုတ်လုပ်ရန် ဒေသတွင်း ဈေးကွက်များသို့ တင်ပို့ကြပြီး အများအားဖြင့် မှောင်ခိုနည်းလမ်းဖြင့်တင်ပို့ကြသည်။ သမိုင်းကြောင်းအရ ဆိုရပါက ထိုသို့လုပ်ခြင်းကြောင့် ကျောက်မျက်ထုတ်လုပ်ရောင်းချသည့် ကွင်းဆက်တွင်ပါဝင်သည့် စစ်ဖက်အရာရှိများအကြား အဂတိလိုက်စားမှုကို ဖြစ်စေသည်။ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း တခုဖြစ်သည့် Global Witness ၏အဆိုအရ ၂၀၁၄ ခုနှစ်တွင် နိုင်ငံ၏ စုစုပေါင်းထုတ်ကုန်၏ ထက်ဝက်နီးပါးနှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံတန်ဖိုးရှိသော ကျောက်စိမ်းများကို စစ်ဖက်ထိပ်တန်းအရာရှိများက ထိန်းချုပ်ခဲ့သည်” ဟု ထိုအစီရင်ခံစာက ဆက်လက်ဖေါ်ပြခဲ့သည်။

အရှိအတိုင်းပြောရလျှင် လက်တဆုပ်စာမျှသော တကိုယ်ကောင်းဆန်သော မသမာ ဝိသမလောဘသမားများသည် သဘာ၀ ပတ်ဝန်းကျင်ကို အဓမ္မပြုကျင့်ပြီးနောက်ပိုင်း လွန်စွာ ချမ်းသာကြွယ်ဝလာခဲ့ကြသည်။ ထို ယူနီဖောင်းဝတ် ထိပ်တန်းပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၊ ပြည်တွင်းလုပ်ငန်းရှင်ကြီးများနှင့် အိမ်နီးချင်းနိုင်ငံများမှ လောဘကြီးသော စီးပွားရေးသမားများသည် စိမ်းလန်းသော သစ်တောများကို မြေလှန်၊ အဖိုးတန်ကျောက်မျက်များကို တူးဖေါ်ပြီး မြစ်များကို ခမ်းခြောက် ညစ်ညမ်းစေသကဲ့သို့ ကြီးမားသော ရေကာတာများတည်ဆောက်ရေး သစ်တောကြီးများကို ရှင်းလင်းရန် ပူးပေါင်းကြံစည်ခဲ့ကြတော့သည်။

နိုင်ငံ၏ ကြီးမားလှသော သတ္တုမိုင်းများ၊ ငါးဖမ်းလုပ်ငန်းနှင့်သစ်တောများမှ နိုင်ငံအတွက် အကျိုးပြုမှုသည် ခြိမ်းခြောက်ခံနေရသည်။ သဘာဝသယံဇာတများကို စီမံခန့်ခွံမှု အလွန်ကို လွဲမှားခဲ့သောကြောင့် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို ထိခိုက်စေမည်ကို သံသယဖြစ်ရန်မလိုပေ။

ထိုသို့သော မှားယွင်းစီမံခန့်ခွဲမှုနှင့် အသုံးချအမြတ်ထုတ်မှုက ရာသီဥတုပြောင်းလဲမှုဆိုသော Climate Change ကို ပိုမိုဆိုးရွားစေခဲ့သည်။ ကောင်းမွန်စွာ လည်ပတ်နေသော ဂေဟဗေဒ စနစ်များနှင့် သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်သည် နိုင်ငံ၏ လူမှု၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတိုးတက်မှုများကို တည်ဆောက်ရမည့် အခြေခံဖြစ်ကြောင်းကို အစိုးရက စာရွက်ပေါ်တွင် အသိအမှတ်ပြုသည်။ ထို့ကြောင့်လည်း အနာဂတ် မူဝါဒများနှင့် စီမံကိန်းများအားလုံး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ စဉ်းစားသုံးသပ်မှုများ စနစ်တကျ ထည့်သွင်းခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် ပတ်ဝန်းကျင်ရေရှည်တည်တံခိုင်မြဲမှု အယူအဆကို ထည့်သွင်းထားသည့် အမျိုးသားတိုးတက်ရေးမူဘောင်လည်း ရှိနေသည်။ သို့သော် လက်တွေ့မှာ အခြေခံကျသော ပြဿနာအများအပြားကို မဖြေရှင်းသေးဘဲ ရှိနေသည်။

၂၀၁၅ ခုနှစ် ဖားကန့်တွင် မြေပြိုပြီး လူအများအပြားသေဆုံးခဲ့ရာ စက်ယန္တရားများ သုံးပြီး အလောင်းရှာဖွေစဉ်

ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ကုလသမဂ္ဂကို ရည်ညွှန်းကိုးကားခြင်းအတွက် နားလည်မှုပေးစေလိုသည်။ ထိုအဖွဲ့အစည်း၏ ကြေညာချက်များသည် အမြဲမဟုတ်ရင်တောင်မှ အခါအားလျှော်စွာ မှန်ကန်နေတတ်သည်။ “ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများအရ ကမ္ဘာတွင်ထိခိုက်လွယ်ဆုံးသော နိုင်ငံများအနက် တနိုင်ငံဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြသည်။ ပိုမိုပြင်းထန်များပြားသော ရေလွှမ်းမိုးမှုများ၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့် မိုးခေါင်ရေရှားမှုများသည် အသက်ဆုံးရှုံးမှု အကြီးအကျယ်ဖြစ်စေပြီး အခြေခံအဆောက်အအုံနှင့် စီးပွားရေးကို ထိခိုက်စေကာ နိုင်ငံ၏ ကျော်ကြားလှသော ဇီဝမျိုးစုံ မျိုးကွဲစုံလင်မှုနှင့် သဘာဝသယံဇာတများအပေါ် ပိုမို ဖိအားပေးလာသည်” ဟု ကုလသမဂ္ဂက အစီရင်ခံစာက ဖေါ်ပြခဲ့သည်။

မိမိတို့အနေဖြင့် ကမ္ဘာတဝှမ်းကူးစက်ရောဂါကို စမ်းတဝါးဝါး ရင်ဆိုင်နေရချိန်တွင် နိုင်ငံတဝှမ်းတွင် အထင်အရှား မြင်တွေ့နေရပြီဖြစ်သော ရာသီဥတုပြောင်းလဲမှုပြဿနာကိုလည်း ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကြောင့် ပြင်းထန်သော ရေလွှမ်းမိုးမှုများ၊ ဆိုးရွားသည့် အပူပိုင်းမုန်တိုင်းများနှင့် အခြား သဘာ၀ဘေးအန္တရာယ်များကို မကြာသေးမီနှစ်များအတွင်း ပိုမိုမြင်တွေ့လာခဲ့ရသည်။

လွန်ခဲ့သော ရက်များအတွင်း ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် သမိုင်းဆရာ ဦးသန့်မြင့်ဦးက “ကျနော်တို့ဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကိုလည်း ကျနော်တို့ ရင်ဆိုင်နေရတယ်။ ဒီ ကူးစက်ရောဂါက နောက်ထပ် မရေရာမှု တခု ထပ်မံ လွှမ်းခြုံလိုက်တယ်။ ကမ္ဘာကြီးမှာ ပြောင်းလဲနေတဲ့ နည်းလမ်းတွေကို မြန်မာနိုင်ငံအနေနဲ့ ရှင်းရှင်းလင်းလင်းမြင်ပြီး အနာဂတ်အတွက် ရွေးချယ်စရာကို အခြေအမြစ်ကျကျ ပြန်လည်သုံးသပ်သင့်တယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိကူးစက်ရောဂါနှင့် စီးပွားရေး အကျပ်အတည်းမှ ပြန်လည်နာလန်ထရန် စီစဉ်နေချိန်တွင် နိုင်ငံအတွက် ရည်မှန်းချက်မှာ အလုပ်အကိုင်များ ဖန်တီးပေးပြီး ပိုမိုတန်းတူညီမှုနှင့် ပိုမိုကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို ပေးနိုင်သည့်ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုသာ ဖြစ်သင့်သည်။

မြန်မာ၏ အခြေခံအဆောက်အအုံ ပရောဂျက်များနှင့် အခြား မဟာစီမံကိန်းကြီးများသည် ရာသီဥတုပြောင်းလဲမှု အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သင့်သည်။ သဘာဝပတ်ဝန်းကျင်ကို မိမိတို့၏ မိတ်ဆွေကောင်းနှင့် မိသားစုဝင်အဖြစ် သတ်မှတ်ခြင်းသည် ပထမဦးစွာ စတင် ချမှတ်ကျင့်သုံးရမည့် သဘောထားဖြစ်သည်။

မိမိတို့တွင် ဒီကပ်ရောဂါကြောင့် အနာဂတ်ကို ပြန်ပြီးပုံဖော်စိတ်ကူးနိုင်သလို Reset ဟုခေါ်သော အသစ်လဲ ပြန်စနိုင်ခွင့်ရှိနေပါသည်။ အမြင်ကျယ်သော Vision ရှိသော ခေါင်းဆောင်များကလည်း ဒီလို အနာဂတ်လမ်းကြောင်းကို ပြန်လည်ချမှတ်ရန် အခွင့်အလမ်းအား လက်လွှတ်ခံမည် မဟုတ်ဟု ယုံကြည်ယူဆမိပါသည်။

( Aung Zaw ၏ What Do We Want a Post-Pandemic Myanmar to Look Like? ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ

စီးပွားရေးမှာ အစိုးရ ဦးဆောင်ဖို့ လိုတယ်

COVID-19 ရိုက်ခတ်မှု အစိုးရ၏ ကုစားရေး အစီအစဉ်အပေါ် အမြင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading