စစ်အာဏာသိမ်းမှုက ဖွင့်လှစ်ပေးလိုက်သော မျှော်လင့်ခြင်းတံခါးများ

ဆလိုင်းဟင်နရီလျန်
စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြမှုများ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၁ ခုနှစ်သည် ဆယ်စုနှစ်ကြာ အရှိန်အဟုန်ဖြင့် စီးဆင်းနေသော မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရေစီး ရုတ်တရက် ရပ်တန့်သွားသည့်နေ့ အဖြစ် မြန်မာ့ သမိုင်းတွင် မှတ်တမ်းဝင်သွားခဲ့ချေပြီ။ မြန်မာ့နိုင်ငံရေးသည် လျှို့ဝှက်နက်နဲသည်။ ရှုပ်ထွေးကွေ့ကောက်၍ မာယာများသဖြင့် ခန့်မှန်းရခက်လှသည်။ သို့သော် အာဏာသိမ်းတတ်သည့် တပ်မတော်၏ စရိုက်၊ အလေ့အထသည် တချိုးတကွေ့တွင် ပေါ်လာတတ်စမြဲဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း ယခင်နည်းတူအာဏာသိမ်း လိုက်ခြင်းသာဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ၊ မည်သည့်အကြောင်းကြောင့်ပင် အာဏာသိမ်းခဲ့ စေကာမူ၊ ယခု လက်ရှိ စစ်အာဏာသိမ်းမှုက ပြည်သူများအတွက် နိုင်ငံရေး အခွင့်အလမ်းများစွာကို ဖန်တီးပေးလိုက်သည်။ ပြည်သူတို့၏ မှေးမှိန်ကွယ်ပျောက်လုနီးနီး ဖြစ်နေသော မျော်လင့်ခြင်းကို ပြန်လည် လင်းလက် တောက်ပ စေခြင်းပင်ဖြစ်သည်။ နှစ်ပေါင်းများစွာပိတ်လျှက်ရှိသော နိုင်ငံရေးတံခါးများသည်လည်း ယခု ဖွင့်ဟလျက်ရှိနေပြီဟု ထင်မြင်မိသည်။ စစ်အာဏာသိမ်းမှုက ဖွင့်လှစ်ပေးလိုက်သော
မျှော်လင့်ခြင်းတံခါး (၅) ခုကိုဖော်ပြသွားပါမည်။

၁။ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး

ဗြိတိသျှ ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်လပ်ရေးရယူပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ထူထာင်ရန် ဖေဖော်ဝါရီလ ၁၂ ရက်၊ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားပြုသည့် ပြည်မရှိတိုင်းရင်းသားများ၊ ကချင် တိုင်းရင်းသားများကို ကိုယ်စားပြုသည့် ကချင်ခေါင်းဆောင်များ၊ ချင်းတိုင်းရင်းသားများကို ကိုယ်စားပြုသည့် ချင်း ခေါင်းဆောင်များ နှင့် ရှမ်းတိုင်းရင်းသားများကို ကိုယ်စားပြုသည့် ရှမ်းခေါင်းဆောင်များသည် ပင်လုံစာချုပ်ကို အောင်မြင်စွာချုပ်ဆိုခဲ့ကြပါသည်။

သို့သော် နိုင်ငံရေးကံကြမ္မာ အလှည့်အပြောင်းနှင့် ခေါင်းဆောင်များ၏ နိုင်ငံရေးအမြင် ကျဉ်းမြောင်း တိမ်းစောင်းမှုကြောင့် ပင်လုံစာချုပ်ကတိကဝတ်ပါ ရပိုင်ခွင့်များဖြစ်သည့် ဒီမိုကရေစီ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (ပြဌာန်းခွင့်)နှင့် အမျိုးသားတန်းတူရေး အစရှိသည့်အရာများကို လက်လွတ်ဆုံးရှုံးခဲ့ပါသည်။ ထို့အပြင် ၁၉၆၂ ခုနှစ်တွင် စတင်မွေးဖွားခဲ့သော အာဏာရှင်ခေါင်းဆောင် များသည် အာဏာရှင်စနစ်ဖြင့် ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့သည်မှာ ယနေ့အချိန်ထိပင်ဖြစ်ပါသည်။ မြန်မာပြည်သူများသည် ရာစုနှစ်ဝက်ကျော် လူ့အခွင့်အရေးချိူးဖောက်ခြင်းခံခဲ့ရသည်။ ဒီမိုကရေစီစနစ် တိမ်ကောပျောက်ကွယ် ဆိတ်သုဉ်းခဲ့ရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ စစ်တပ်က မိမိတို့သည် စည်းကမ်းပြည့်ဝပြီး ခေတ်မှီ တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ဟူသည့်ဆောင်ပုဒ်ဖြင့် မြန်မာ့ ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်မည်ဟူ၍ လမ်းကြောင်းပြောင်းကြွေးကြော်လာခဲ့ကြသည်။ သို့သော် စစ်အာ ဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့သည် ပြည်သူတို့လိုလားတောင့်တနေသော ဖက်ဒရယ် ဒီမိုကရေစီကို တောင်းဆိုရသော အခွင့်အရေးလမ်းပွင့်လာသည်။ တနည်းအားဖြင့်ဆိုရလျှင်၊ နှစ်ပေါင်း (၇၀) ကျော် တိမ်မြှပ်နေခဲ့သော ပင်လုံစာချုပ်ကတိကဝတ်ပါ ရပိုင်ခွင့် အိမ်မက်ကို အကောင်အထည် ဖော်ခွင့်တည်းဟူသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ဦးတည်နေသည့် တံခါးပွင့်ခဲ့ချေပြီ။

၂။ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းနှင့်အညီ အခြေခံဥပဒေ ရေးဆွဲရေး

ပင်လုံစာချုပ်ပါ ကတိကဝတ်များကို ၁၉၄၇ အခြေခံဥပဒေ၌ပင် အပြည့်အဝ ထည့်သွင်း ရေးဆွဲထားခြင်း မရှိခဲ့ချေ။ ၁၉၆၂ အာဏာသိမ်းမှုနောက်ပိုင်းတွင်မှု ပင်လုံစာချုပ်နှင့်တကွ ၎င်း၏ ကတိကဝတ်များသည် ခေတ်အဆက်ဆက် မေ့ပျောက်ခြင်းခံခဲ့ရသည်။ ဤသို့ဖြင့် ၂၁ ရာစု မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်သည် မိမိတို့၏ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး အကာအကွယ် ပေးရန်နှင့် အမျိုးသားနိုင်ငံရေးစနစ်ကို လက်တွေ့အထည်ဖော်ရာတွင် အထောက်အမ ဖြစ်စေရန် ၂၀၀၈ အခြေခံဥပဒေကို ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူကာ မိမိတို့ စိတ်ကြိုက် ရေးဆွဲခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အကြီးမားဆုံး စိန်ခေါ်မှု၊ အဟန့်အတား တခုဖြစ်သည်။ အချို့က ၂၀၀၈ အခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် ပြင်ဆင်ရေးသားရန် အခက်ခဲဆုံး ခြေဥ ဖြစ်သည်ဟုလည်း ဆိုကြသည်။

NLD အစိုးရလက်ထက်တွင် ၂၀၀၈ ခြေဥ ပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း ဒီမိုကရေစီ စံနှုန်းမှီရန်အထိ ထိရောက်မှုမရှိခဲ့ချေ။ သို့သော် စစ်အာဏာသိမ်းမှု စတင်သည့်နေ့မှစ၍ ယခုဆိုလျှင် ၂၀၀၈ အခြေခံဥပဒေကို ထာဝရအပြီး ဖျက်သိမ်းနိုင်မည့် အလားအလာနှင့် ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းနှင့်အညီ အခြေခံဥပဒေ ရေးဆွဲနိုင်မည့် အခွင့်အလမ်းတို့ကို ပြည်သူတို့ရရှိထားပြီ ဖြစ်ပါသည်။ စစ်အာဏာသိမ်းမှု မရှိခဲ့လျှင်မူ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူများသည် စစ်တပ်က ရေးဆွဲထားသော ၂၀၀၈ ခြေဥ အောက်တွင် အကျပ်အတည်း၊ အကန့်အသတ်ဖြင့်သာ ဦးဆောင်လှုပ်ရှားနေကြရဦးမည်သာ။

၃။ ဖက်ဒရယ်ပြည်ထောင်စု စစ်တပ် ထူထောင်ရေး

တပ်မတော်သည် မြန်မာ့နိုင်ငံရေးလောကသို့ ပထမဦးဆုံးအနေဖြင့် ၁၉၅၈ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်နေဝင်းကို ယာယီ(ကြားဖြတ်) ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် ဦးနု အနိုင်ရရှိခဲ့ သောလည်း ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း ဦးဆောင်၍ နိူင်ငံတော် အာဏာကိုသိမ်းယူခဲ့သည်။ ဤသို့ဖြင့် တိုင်းပြည်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ် အုပ်ချုပ်မှုအောက်တွင် ၂၆ နှစ်လုံးလုံး ကျရောက် ခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်စောမောင် ခေါင်းဆောင်၍ အာဏာသိမ်းယူခဲ့ပြီး နိူင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီ ပေါ်ပေါက်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဧပြီလတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိူင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး ကောင်စီ ဥက္ကဋ္ဌရာထူး အာဏာကို ရယူခဲ့သည်။ ထို့နောက် ၁၉၉၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၁ ခုနှစ် မတ်လအထိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။
စစ်အစိုးရ အုပ်ချုပ်သည့်ကာလအတွင်း အခြေခံဥပဒေကိုရေးဆွဲပြီး လူထုဆန္ဒခံယူပွဲဖြင့် မေလ ၂၀၀၈ ခုနှစ်တွင် အခြေခံဥပဒေကို ပြဌာန်းအတည်ပြုခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေသည် စစ်တပ်အား နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိန်းချုပ်နိုင်ရန် အခွင့်ထူးပေးထားသည်။

ဤသို့ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင် ဦးဆောင်မှုဖြင့် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည်။ စစ်တပ်၏ ခေတ်အဆက်ဆက် အာဏာသိမ်းမှုက ပြည်သူတို့၏ စစ်တပ်အပေါ်ထားရှိသော ယုံကြည်မှုကို ဆိတ်သုဉ်းပျက်ပြား၊ စိတ်ပျက်စေခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို အမြန်ဆုံးဖွဲ့စည်းရန် မျှော်လင့်တောင်းဆိုနေကြသည်။ ဤတကြိမ်သည် အာဏာသိမ်း စစ်တပ်၏ နေဝင်ချိန် နိဂုံးဖြစ်နိုင်သကဲ့သို့ ပြည်သူတို့အပေါ်သစ္စာရှိစွာ ကာကွယ်ပေးမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အမှန်တကယ် ပေါ်ပေါက်လာမည့် အကောင်းဆုံးအချိန်ခါသာမညလည်း ဖြစ်ပါသည်။

၄။ အာဏာရှင်မျိုးဆက်နှင့် စနစ်ကို အမြစ်ဖြတ် ချေမှုန်းရေး

၁၉၈၈ ခုနှစ် ဒီမိုကရေစီတော်လှန်ရေးနောက်ပိုင်း မြန်မာ့စစ်တပ်သည် မိမိတို့၏ နိုင်ငံရေးစနစ်နှင့် အမြင်တို့ကို ပြည်သူများလက်ခံလာစေရန်ကြိုးစားလာကြသည်ကိုတွေ့မြင်ရသည်။ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် စည်းကမ်းရှိသော ဒီမိုကရေစီ နိုင်ငံတော်ကြီးကိုတည်ထောင်မည်ဟုလည်း သန္နိဋ္ဌာန်ချထားသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဇောက်ချလုပ်လာသည်။ အထူးသဖြင့် သမ္မတဦးသိန်းစိန် လက်ထက်တွင် ပြည်သူများက စတင်အသိအမှတ်ပြုစရှိခဲ့သည်။ နိုင်ငံတကာ၌လည်းမျက်နာပန်းပွင့်လာကာ ယုံကြည်မှုကို အတိုင်းအတာတခုထိ တည်ဆောက် နိုင်ခဲ့သည်။ ၎င်းတို့သည် ပြည်သူများက အာဏာရှင်ဟု အမည်နာမ ခေါ်ဝေါ်သမုတ်ခြင်းကို ပပျောက်စေခြင်းရန်နှင့် ပြည်သူများက စစ်တပ်ကိုလက်ခံလာစေရန် ကြိုးစားပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းသည့် ဖေဖါ်ဝါရီလ ၁ ရက်နေ့သည် ပြည်သူတို့၏ စစ်တပ် အပေါ်ထားရှိသော သဘောထား၊ အမြင်တို့ လုံးလုံးလျှားလျှား ပြောင်းလဲသွားသည့်နေ့ဟုဆိုရပါမည်။ စစ်တပ်က ပြည်သူလူထုနှင့် နိုင်ငံတကာရှေ့မှောက်တွင် ကြိုးစားတည်ဆောက်နေသည့် ယုံကြည်မှု ပျက်သုန်းပျောက်ကွယ်သွားသည့်နေ့ တနေ့ဖြစ်သည်။ သို့ဖြစ်၍ စစ်အာဏာသိမ်းမှု စတင်သည့် နေ့မှ စ၍ ပြည်သူတို့၏ ကြွေးကြော်သံသည် စစ်အာဏာရှင်မျိုးဆက်နှင့် စနစ်ကို အမြစ်ဖြတ် ချေမှုန်းရေး ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်သာမက စစ်အာဏာရှင်မျိုးဆက်ကို ဖြတ်တောက်ရန် တောင်းဆိုလျှက်ရှိနေကြသည်။

၅။ ထာဝရငြိမ်းချမ်းရေး တည်ဆောက် နိုင်မယ့်အရေး

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် လွတ်လပ်ရေးရယူပြီးသည်နှင့်တပြိုင်နက်ဆိုရမလို စစ်မီးသည် တဟုန်တည်း တောက်လောင်လာပြီး တောမီးသဖွယ်ပျံ့နှံ့လာခဲ့သည်။ အကျဉ်းအားဖြင့် ဆိုရလျှင် ဗမာတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များက အခြားတိုင်းရင်းသား ခေါင်းဆောင်များ နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ကမကထ လုပ်ခဲ့သည့် ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် လှစ်လှူရှုခဲ့ခြင်းစသည့် အကြောင်းအရာများကြောင့် ပြည်တွင်းစစ် အစပြိုး ခဲ့ရသည်။

ဤသို့ဖြင့် ၁၉၄၉ ခုနှစ် ဇနဝါရီလတွင် ကရင်တိုင်းရင်းသားလူမျိုးစုတို့သည် တော်လှန်ရေးကို စတင်ခဲ့သည်။ ယင်းခုနှစ်တွင်ပင် မွန်တိုင်းရင်းသားလူမျိုးစု၊ ကရင်နီ တိုင်းရင်းသားလူမျိုးစု တို့သည်လည်း လက်နက်ကိုင် တော်လှန်ရေးတွင် ကရင်တိုင်းရင်းသား လူမျိုးစုနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေး စစ်မီးသည် ၁၉၅၉ ခုနှစ်တွင် ရှမ်းပြည်နယ်တွင်သော်လည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် ကချင်ပြည်နယ်တွင်သော်လည်းကောင်း အသီးသီး လောင်ကျွမ်းခဲ့သည်။ ယခုလက်ရှိ ၂၁ ရာစုမြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်သည့် အဖွဲ့အစည်းပေါင်း (အသေး၊အကြီး) ရာနှင့်ချီ ရှိသည်ဟု သိရှိရပါသည်။ မြန်မာ့ ပြည်တွင်းစစ်သည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော စစ်ကြီး တခုအဖြစ် မှတ်တမ်းတင်ရ မည်ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်ဟူသောဦးတည်ချက်ဖြင့် သမ္မတကြီး ဦးသိန်းစိန် သည် ၂၀၁၁ ခုနှစ်မှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ သမ္မတကြီး ဦးသိန်းစိန်၏ ဦးဆောင်မှုဖြင့် မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုအောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၅ ခုနှစ်တွင် ကနဦး လက်မှတ်ရေးထိုး ခဲ့ကြသည်။ ယင်းစာချုပ်သည် နှစ်ပေါင်း (၇၀) ရှည်လျားခဲ့သော ပြည်တွင်းစစ်နှင့် နှစ်ပေါင်း ၅၀ ကျော် ကြာညောင်းခဲ့သည့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ် ပေးမည့် မျော်လင့်ချက်ကို ဖော်ဆောင်ပေးခဲ့သည်။ ၎င်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်တွင်မူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ ဟူ၍ ဆက်လက်ဖော်ဆောင်လျှက်ရှိသည်။

သို့သော် စစ်အာဏာသိမ်းသည့် ဖေဖါ်ဝါရီလ ၁ ရက်နေ့မှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရွှေ့လျှားမှုများသည် လုံးလုံးရပ်တန့်သွားပြီဖြစ်သည်။ NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းထားရန် ကြေညာခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ၏ အနာဂတ် အခန်းကဏ္ဍသည်လည်း မုန်ဝါးလျှက်ရှိနေသည်။ သို့ဖြစ်၍ ပြည်သူတို့သည်သာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရမည့် လူထုတရပ်ဖြစ်လာပါသည်။ ပြည်သူတို့၏ ဆန္ဒနှင့် ထပ်တူကျသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် အခွင့်အရေးသည် ပြည်သူတို့ လက်ဝယ်ရောက်ရှိ နေပြီ ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့်ဆိုရသော စစ်အာဏာသိမ်းမှုကြောင့် ထွက်ပေါ်လာသည့် အထက်ဖော်ပြပါ အခွင့်အလမ်း (၅) မျိုးသည် မြန်မာ့လွတ်လပ်ရေးရရှိသည့် အချိန်မှစ၍ ဒီတကြိမ်တခါသာ ရရှိသည့် အခွင့်အရေးဖြစ်သည်ဆိုလျှင် မှားမည်မထင်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရေးထိုးခဲ့သော ပင်လုံစာချုပ်ပါ ကတိကဝတ်များဖြစ်သည့် ဒီမိုကရေစီ အခွင့်အရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် (ပြဌာန်းခွင့်) နှင့် အမျိုးသားတန်းတူရေး အစရှိသည်တို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့် စစ်အာဏာသိမ်းမှုကြောင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် အကြောင်း တရားဖန်လာသည့် အခွင့်အရေးကို အချိန်မလွန်မှီ အမိအရ ဖမ်းဆုပ်ပွေ့ဖက်ရန် လိုအပ်ပါသည်။ အမိမြန်မာနိူင်ငံတော်ရှိ ပြည်သူများသည် ကမ္ဘာသူ ကမ္ဘာသားများနှင့် ရင်ပေါင်တန်းနိုင်ရန်နှင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်နိုင်ရန် တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု တည်းဟူသော လောကပါလတရား အုတ်မြစ်ပေါ်၌ အစဉ်ထာဝရ တည်တံ့ခိုင်မြဲမည့် ဖယ်ဒရယ်ပြည်ထောင်စုကို စုပေါင်းညီညာစွာ တည်ဆောက်ကြပါစို့။

(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင် နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။)

You may also like these stories:

ကြောက်ရွံ့ခြင်းက စစ်တပ်မကွဲအောင် စွဲကပ်ထားသည်

မြန်မာပြည်ကို ကယ်တင်ရန် တာဝန်နှင့် အခွင့်အရေး

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

Did you find apk for android? You can find new Free Android Games and apps.
Loading