မြန်မာနိုင်ငံမှ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ က တလကျော်ကြာခဲ့ပြီ ဖြစ်သည်။ ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြသူများကို ရက်စက်စွာနှင့် ပြင်းထန်သော အင်အားကို အသုံးပြု၍ နှိမ်နှင်းခြင်းက သူတို့၏ အသက် အန္တရာယ်ကို စွန့်စား၍ လမ်းပေါ်ထွက်လာကြသည့် ပြည်သူအရေအတွက်ကို လျှော့ချကောင်း လျော့ချနိုင်ခဲ့မည်ဖြစ်သော်လည်း စစ်အာဏာရှင် အုပ်ချုပ်မှု စစ်စစ်တခုကို ပြန်လည်အသက်သွင်းလာခြင်းအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများက များမကြာမီ အချိန်အတွင်း ရပ်ဆိုင်းသွားမည်ကို ညွှန်ပြနေခြင်း မရှိပါ။ သို့သော်လည်း ကမာ္ဘက အံ့အားအသင့်ဆုံး ဖြစ်ခဲ့ရသည်မှာ ပြည်သူလူထုအပေါ် မြန်မာစစ်တပ်နှင့် ရဲများ၏ အကြမ်းဖက်မှု ဖြစ်သည်။
လူ ၇၀ ကျော်သေဆုံးခဲ့ရပြီး သေနတ်ဒဏ်ရာရရှိခဲ့သူ အများအပြား ရှိခဲ့သည်။ ဆန္ဒပြသူများအပေါ် စာနာမှုထားလိမ့်မည်ဟု စစ်တပ်က ထင်မြင်ယူဆခြင်း ခံရသူ အချို့နှင့်အတူ ဆန္ဒပြသူ တထောင်ကျော် အဖမ်းခံခဲ့ရသည်။ ဖြုတ်ချခံလိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရကို ငွေကြေး ထောက်ပံ့မှုပေးသည်ဟု သံသယရှိသည့် ထင်ရှားသော စီးပွားရေး လုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များပင် ချက်ချင်း ထိန်းသိမ်းခြင်း ခံခဲ့ရပြီး စရဖ ဟု ခေါ် ကြသည့် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၏ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။
သေဆုံးခဲ့ရ သူ ၃ ပုံ ၁ ပုံကျော်မှာ ဦးခေါင်းကို ကျည်ဆံဖြင့် ပစ်သတ်ခံခဲ့ရသော ဆယ်ကျော်သက်များ ဖြစ်နေခြင်းက လုံခြုံရေးတပ်ဖွဲ့များကြားတွင် လက်ဖြောင့် သေနတ်သမားများ လှုပ်ရှားနေကြောင်းကို ဖော်ပြနေသည်။ စစ်သားများက ကြက်ခြေနီ အမှတ်အသား ထင်ထင်ရှားရှား ပါသည့် လူနာတင်ယာဉ်ကို ရပ်တန့်စေ၍ ဆေးဝန်ထမ်းများကို ဆွဲထုတ်ကာ အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြသည်ကို ဗီဒီယိုမှတ်တမ်းများက ဖော်ပြနေသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်တွင် ဒဏ်ရာရနေသော ဆန္ဒပြသူများကို မကုသပေးရန် ယူနီဖောင်းဝတ်များက ဆေးဝန်ထမ်းများကို အမိန့်ပေးခဲ့သည်။ ရန်ကုန်တွင် အမျိုးသားတဦးကို ဖမ်းဆီးရမိပြီးနောက်မှ ရဲက ပစ်သတ်ခဲ့သည်။ မန္တလေးတွင် စစ်သားတဦးက ဆေးရုံတခု အတွင်းသို့ သူ၏ ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်နေသည်ကို ဗီဒီယို မှတ်တမ်းတွင် တွေ့ရသည်။
စစ်သားတစုကို လက် ၃ ချောင်း သင်္ကေတ ပြသခဲ့သဖြင့် ကလေးမြို့တွင် ဆယ်ကျော်သက် လူငယ်လေးတယောက် ပစ်သတ်ခံခဲ့ရသည်။ မတ်လ ၃ ရက်နေ့က ရန်ကုန်ဆင်ခြေဖုံးရှိ မြောက်ဥက္ကလာပတွင် စစ်တပ်က ဆန္ဒပြပွဲကို ဖြိုခွဲရန် ကြိုးစားသည့် အချိန်တွင် အတွဲလိုက်ပစ်နေသော မောင်းပြန်ရိုင်ဖယ် သေနတ်သံကို ကြားရသည် ။ မတ်လ ၂ ရက်နေ့တွင်လည်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မြိတ်မြို့တွင် ရဲများနှင့် စစ်သားများက အကြမ်းဖက် နှိမ်နင်းသည့်အချိန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို ရိုက်နှက်ခဲ့ပြီး သူ၏ အိမ်ကိုလည်း လုယက်ခဲ့သည်။ သူတို့က ပရိဘောဂများကို ဖျက်ဆီး၍ ATM ကဒ်နှင့် ငွေကျပ်သိန်း ၄၀၀၀၀၀ ကို ယူသွားခဲ့ကြသည်။ အခြားနေရာများတွင် ရဲများနှင့် စစ်သားများက ပြည်သူများ၏ မော်တော်ဆိုင်ကယ်နှင့် ကားများကို ရိုက်နှက်ဖျက်ဆီးခဲ့ကြသည်။
ဆန္ဒပြသူများနှင့် အခြားသူများအပေါ် ဆန့်ကျင်ကျူးလွန်သော ရက်စက်မှုများ စာရင်းက များစွာ ပို၍ ရှည်လျားနိုင်ပါသည်။ သို့သော် ယခုအချိန် လူအများက မေးနေကြသော မေးခွန်းမှာ စစ်သားများနှင့် ရဲများက ဤသို့သော အကြမ်းဖက်မှုကို မတွန့်ဆုတ်ဘဲ ကျူးလွန်ရန် စစ်ခေါင်းဆောင်ပိုင်းက မည်သို့ လုပ်ထားခဲ့ပါသနည်း ဆိုသည်ပင်။
သူတို့ အထက်လူကြီးများ၏ အမိန့်ကို ငြင်းဆန်ရန် ရဲတပ်ဖွဲ့ဝင် အစုအဖွဲ့ငယ်များကသာ သတ္တိရှိခဲ့ပြီး မည်သည့် စစ်သားကမျှ ထပ်တူပြုမူခြင်း မရှိသည်မှာ အဘယ်ကြောင့် နည်း။
တိုင်းပြည်ကို အုပ်ချုပ်နေသည့် စစ်အစိုးရ၊ အနောက်တိုင်းပညာရှင် အချို့နှင့် တတ်ယောင်ကား လေ့လာဆန်းစစ်သူများက မပြောင်းမလဲ ပြောဆိုနေသည့် ယုံတမ်းစကားမှာ စစ်တပ်တွင် အာဏာမရှိပါက တိုင်းပြည်အပိုင်းပိုင်း ပြိုကွဲသွားလိမ့်မည် ဟူ၍ ဖြစ်သည်။ အနောက်တိုင်း ပညာရှင်တဦးက လက်နက်ကိုင်တပ်ဖွဲ့များသည် လူမျိုးစုအရ ကွဲပြားခြားနားသော တိုင်းပြည်ကို အတူတကွ ဖြစ်စေရန် ကပ်ထားသော “ကော်” ဟု ဆိုသည်။
အာဏာသိမ်းမှုနှင့် ၎င်းနောက်ဆက်တွဲဖြစ်ရပ်များက ပြည်သူလူထုကြား ကြွင်းကျန်နေသော ထိုသို့သော နတ်သမီး ပုံပြင်များကို အဆုံးသတ်ခဲ့သည်။ စစ်တပ်၏ “မျိုးချစ်စိတ်” ထက် များစွာ ပိုမို၍ အားကောင်းသည့် အချက်တချက်မှာ ၁၉၆၂ ခုနှစ်တွင် ပထမဆုံး အာဏာသိမ်းပြီးကတည်းက သူတို့သည် တိုင်းပြည်တခုအတွင်းမှ အခွင့်ထူးခံ နောက်ထပ်တိုင်းပြည်တခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တိုင်းပြည်၏ စီးပွားရေးမှ အခွင့်အရေးများ၊ အခွင့်ထူးများနှင့် အာဏာများသည် သူတို့ မစွန့် လွှတ်လိုသည့် အချက်များ ဖြစ်သည်။ သူတို့၏ အုပ်ချုပ်မှုကို ဆန့်ကျင်သူများကို ချေမှုန်းရန် (မည်မျှ ရက်စက်ကြမ်းတမ်းသည် ဖြစ်စေ) ဘာမဆိုလုပ်ရန် ပြင်ဆင်ထားခဲ့ကြသည်။
စစ်တပ်က ၎င်း၏ လုပ်ပိုင်ခွင့် အာဏာမှန်သမျှကို စွန့်လွှတ်ရေး သို့မဟုတ် ၂၀၁၆ မှ ၂၀၂၁ ခုနှစ် ကာလအတွင်း NLD အစိုးရက ကြိုးစားခဲ့သည့် ၎င်း၏ အခွင့်အာဏာများအား အဆင့်လျှော့ချရေးကို ငြင်းပယ်ရသည့် အကြောင်းပြချက်မှာ အကြောက်တရားသာ ဖြစ်သည်။
၎င်းသည် အခြားအရာများထက် ပို၍ လက်နက်ကိုင်တပ်ဖွဲ့များကို စည်းလုံးစေသည့် “ကော်” ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဲ့သို့ အားနည်းသည့် စစ်အရာရှိတဦး အနေဖြင့် သူ့တွင် အာဏာမရှိပါက ထောင်ကျခြင်း၊ တိုင်းပြည်မှ ထွက်ပြေးရခြင်း သို့မဟုတ် ထိုထက် ပို၍ ဆိုးသည့် အခြေအနေ ကြုံရမည်ကို သိကောင်းသိထားနိုင်ပါသည်။ အထူးသဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်များကို ကြည့်လျှင် အခြားသော အဆင့်မြင့် အရာ ရှိများအတွက်လည်း အလားတူပင် ဖြစ်သည်။
မြို့ပြနေ ပြည်သူများ ယခု ကြုံတွေ့နေရသော လူသတ်မှု၊ ခိုးမှုနှင့် ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်း တို့သည် တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာဒေသများတွင် ကျေးရွာများ မီးလောင်ကျွမ်းခြင်းနှင့် အမျိုးသမီးငယ်များ အဓမ္မပြုကျင့်မှုများနှင့် အတူ ဆယ်စုနှစ်များစွာ ခံစားခဲ့ရသည့် အရာများ ဖြစ်သည်။
ထိုကဲ့သို့သော ရက်စက်မှုမျိုးတွင် ပါဝင်ပတ်သက်ခြင်း မရှိသော စစ်အရာရှိကို ရှာတွေ့ရန် ခက်ခဲပါလိမ့်မည်။ သူတို့နှင့် သူတို့၏ စစ်သားအများအပြားက စိုးရိမ်ကြသည်မှာ အကယ်၍ စစ်တပ်က အာဏာကို စွန့်လွှတ်လိုက်လျှင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် ရင်ဆိုင်ရတော့မည်ကို ဖြစ်သည်။
မြန်မာစစ်တပ်အတွင်း လုံးလုံးလျားလျား ပုန်ကန်အုံကြွမှု သို့မဟုတ် မကျေမနပ် ဖြစ်နေသော စစ်အရာရှိများ၏ တန်ပြန် အာဏာသိမ်းမှုတို့က ဖြစ်နိုင်ခြေ အလွန်နည်းသည့် ဇာတ်ကြောင်းများ ဖြစ်သော်လည်း ထိပ်တန်းခေါင်းဆောင်ပိုင်းကို စည်းလုံးအောင် ဆက်လက် ထိန်းသိမ်းထားနိုင်သည့် နောက်ထပ်ကြောက်ရွံ့မှုတခုမှာ အမှီအခိုကင်းသည့် စိတ်ထားရှိသူတဦး၏ (ရဲဘော် ရဲဘက်အချို့နှင့်အတူလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်) သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေမည့် ကြီးကျယ် ပြင်းထန်သော ခြေလှမ်းဖြစ်သည်။
၁၉၆၃ ခုနှစ် နှောင်းပိုင်းတွင် အင်္ဂလိပ်အမည် Johnny Liars ဟု သိကြသည့် ကျော်စွာမြင့်ဟု ခေါ်သော အင်္ဂလိပ်-ဗမာ ကပြား ကိုယ်ရေးလက်ထောက် ဗိုလ်ကြီး တဦးက ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို စတင်ခဲ့ပြီး နောက်ပိုင်းတွင် သူ့တိုင်းပြည်၏ စီးပွားရေး မည်သို့ ယိုယွင်းပျက်စီးသွားကြောင်းကို မြင်တွေ့ခဲ့ရသည်။ ထို့နောက် သူက ထိုစဉ်က စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းကို လုပ်ကြံရန် ကြိုးစားခဲ့သည်။
ကြိုးစားမှု ကျရှုံးခဲ့သော်လည်း ဗိုလ်ကြီး ကျော်စွာမြင့်က ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီး ထိုမှတဆင့် သြစတြေးလျသို့ ရောက်သွားခဲ့သည်။ ဦးနေဝင်းက သူ့နောက်သို့ လိုက်ရန် ဧဂျင့်များ စေလွှတ်မည်ကို စိုးရိမ်သည့်အတွက် သူက အခြားသော ပြည်ပရောက် မြန်မာများနှင့် ရောနှောနေရန်ကိုပင် ငြင်းဆန်ခဲ့သည်။ သူ၏ဇနီး၊ အမေနှင့် အစ်မများ ထောင်ချနှိပ်စက်ခြင်း ခံခဲ့ရသည်။ ထိုအဖြစ်အပျက် နောက်ပိုင်းတွင် အင်္ဂလိပ်-ဗမာ ကပြား အားလုံးကို စစ်တပ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် ဘေးဖယ်ထားခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်ထားရှိသူ အနည်းငယ်ထဲတွင် ဗိုလ်ကြီး ကျော်စွာမြင့်၏ သူငယ်ချင်း ဖြစ်ပြီး ဆန်းဒ်ဟပ်စ် Sandhurst စစ်တက္ကသိုလ်ဆင်း အရာရှိတဦးဖြစ်သည့် ဒေးဗစ်အေဘယ် David Abel လည်း ပါဝင်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို သွေးထွက်သံယို ဖြိုခွင်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သည့် အစိုးရများတွင် သူက ဝန်ကြီး ဖြစ်လာခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ဗိုလ်သင်တန်း အပတ်စဉ် ၂၉ မှ အကောင်းဆုံး ဗိုလ်လောင်းဆုဖြင့် ကျောင်းဆင်းခဲ့သည့် လူငယ် ဗိုလ်ကြီးတဦးဖြစ်သော အုန်းကျော်မြင့် သည်လည်း ၁၄ နှစ်တာ မှားယွင်းသော အုပ်ချုပ်ရေးကြောင့် တိုင်းပြည်က ဝမ်းနည်းကြေကွဲဖွယ် အခြေအနေသို့ ကျရောက်ခဲ့ရခြင်းကို ခံစားခဲ့ရသည်။ သူက အစိုးရကျဆုံးရေးကို မျှော်လင့်၍ သူ၏ ရဲဘော်ရဲဘက်များနှင့်အတူ ဦးနေဝင်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့ပြန်သည်။ ထိုကြိုးစားမှုလည်း မအောင်မြင်ခဲ့ပါ။ ဗိုလ်ကြီး အုန်းကျော်မြင့်ကို သေဒဏ်ချမှတ်ပြီး နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။ အခြားသူများကို ထုတ်ပယ် လိုက်ပြီး ကြံစည်မှုနှင့် လုံးဝ မပတ်သက်သည့် ဗိုလ်သင်တန်း အပတ်အစဉ် ၂၉ မှ အတန်းဖော်များကိုလည်း ဘေးဖယ်ထားခဲ့သည်။ ဗိုလ်ကြီး အုန်းကျော်မြင့်အား ရုံးတင် စစ်ဆေးရာတွင် မျက်မြင်သက်သေများထဲမှ တဦးမှာ သန်းရွှေ အမည်ရှိ အငယ်တန်းစစ်အရာရှိတဦး ဖြစ်ပြီး သူက ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စစ်အာဏာရှင် ဖြစ်လာကာ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း အငြိမ်းစားယူသည့် အချိန်အထိ အာဏာ ဆက်လက်တည်မြဲခဲ့သည်။
သူ၏ အသက်ကို ရယူရန် ကြိုးပမ်းမှု ၂ ခု ပေါ်ပေါက်အပြီးတွင် ဗိုလ်ချုပ်ကြီးနေဝင်းက သူ၏ စစ်ထောက်လှမ်းရေး ဌာနကို အင်အားခိုင်မာအောင် ပြုလုပ်ခဲ့ပြီး သူ၏ ကိုယ်ပိုင် ကာကွယ်ရေး အစောင့်အကြပ်အဖြစ် ထားရှိခဲ့သည်။ ၎င်းကို နိုင်ငံတဝန်းတွင် MI ဟု လူသိများလာခဲ့သည်။ ထိုအဖွဲ့အစည်းကို အကြိမ်ပေါင်းများစွာ ပြန်လည်ပုံဖော်ခြင်း၊ ရှင်းထုတ်ခြင်းများ ရှိခဲ့သော်လည်း ၎င်း၏ အဓိကရည်ရွယ်ချက်မှာ အရာရှိများအတွင်းမှ သဘောထားကွဲလွဲသည့် အရိပ်အယောင် မှန်သမျှကို ဖော်ထုတ်နိုင်ရေး စစ်တပ်ကို ထောက်လှမ်းရန် ဖြစ်သည်။ ယနေ့ခေတ် စရဖ ကဲ့သို့ နောက်ဆုံး လတ်တလော ပြန်လည်ဖွဲ့စည်းမှုက ဆက်လက်ရှိနေဆဲဖြစ်သည်။ အထွဋ်အထိပ် အာဏာပိုင်ကို စိန်ခေါ်မှုမှန်သမျှ လုံးဝ မဖြစ်နိုင်ခဲ့သလို ယနေ့တိုင်လည်း ထိုနည်းတူပင်။
မည်သို့ပင်ဖြစ်စေ ၁၉၆၂ ခုနှစ်မှစ၍ တိုင်းပြည်၏ အာဏာအကြီးဆုံး အဖွဲ့ အစည်းအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သော စစ်တပ်အတွင်းမှ လူအချို့ ပါဝင်ပတ်သက်မှု မရှိဘဲ မြန်မာနိုင်ငံတွင် အပြောင်းအလဲ ဖြစ်ပေါ်နိုင်သည်ဟု စိတ်ကူးကြည့်ရန် ခက်ခဲပါသည်။ အတိအကျ မည်သို့ဖြစ်လာမည်ဆိုသည်ကို ခန့်မှန်းရန် မြန်မာနိုင်ငံမှ ကျော်ကြားသော ရှေ့ဖြစ်ဟော ဆရာများနှင့် နက္ခတ်ဗေဒင် ဆရာများပင် မရဲဝံ့ကြပါ။
သို့သော်လည်း သေချာပေါက်ပြောနိုင်သည်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းမှု ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ၏ ဆုံးဖြတ်ချက်ကို ချခဲ့ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံက ယခင်နှင့် တူမည် မဟုတ်တော့ပါ။
သူနှင့် သူ၏ သစ္စာခံ နောက်လိုက်များသည် တိုင်းပြည်တခုလုံး ၁၉၈၈ ခုနှစ်ကပင် မမြင်ခဲ့ဖူးသည့် ကြီးမားသော ဆန္ဒပြပွဲများဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရေး နိုးကြားလာကြရန် ရန်စခဲ့ကြပြီး ဖြစ်သည်။ ကွန်ပြူတာ ကျွမ်းကျင်သော လူငယ်များ၏ ကျေးဇူးကြောင့် အင်တာနက်မှ တဆင့် ပြင်ပကမာ္ဘသို့ သတင်းမပို့နိုင်သော၊ မထုတ်လွှင့်နိုင်သော အဖြစ်အပျက် မရှိတော့ပါ။
ဆန္ဒပြပွဲများအတွင်း မကြာခဏ ကြားရသော မှတ်ချက်တခုမှာ “ခင်ဗျားတို့ မျိုးဆက်မှားပြီး ပြဿနာရှာမိပြီ” ဟူ၍ ဖြစ်သည်။ အရည်အချင်းရှိသည့် လူငယ်များက မြန်မာနိုင်ငံ၏ အနာဂတ်ကို ကိုယ်စားပြုပါသည်။ မည်သည့်အရာမဆိုက သူတို့ လွတ်မြောက်နိုင်သည်ဟု ထင်ကြသည့် အတိတ်ကာလတွင် နေထိုင်နိုင်သော စစ်ဗိုလ်ချုပ်များ မဟုတ်ကြတော့ပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Fear is the Glue That Holds Myanmar’s Military Together ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အရေးတကာ့ အရေးအပါဆုံး လမ်းဆုံလမ်းခွ သို့မဟုတ် မြန်မာနိုင်ငံကို ပြန်လည်ပုံဖေါ်ခြင်း
R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး
မြန်မာပြည်ကို ကယ်တင်ရန် တာဝန်နှင့် အခွင့်အရေး
မြန်မာစစ်အာဏာသိမ်းမှု သို့မဟုတ် အမှောင်ခေတ်သို့ ပြန်သွားခြင်း