“ကျုပ်တို့အသက်ရှူမရ ဖြစ်နေပြီ” လို့ မြန်မာပြည် နေရာအနှံ့က အော်သံတွေထွက်ပေါ်လာနေတဲ့ လက်ရှိဘေးဒုက္ခဟာ လူဖန်တီးတဲ့ ဘေးဒုက္ခသက်သက်မဟုတ်ပါဘူး။ လူတယောက်တည်းက ဖန်တီးတဲ့ ဘေးဒုက္ခပါ။
ဒီဘေးဒုက္ခကို ဖန်တီးသူက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ သူရဲ့မအောင်မြင်သော်လည်း အပျက်အဆီးကြီးလှတဲ့ အာဏာချုပ်ကိုင်ဖို့ ကြိုးစားမှု ဆက်ဖြစ်နေသမျှ ဒီဘေးဒုက္ခကိုဖြေရှင်းလို့ ရမှာ မဟုတ်ပါဘူး။
ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင်၊ ရွေးကောက်ခံအနေနဲ့ လူထုရဲ့ ယုံကြည်မှုကို သိသိသာသာရထားတဲ့ အများကြိုက် အစိုးရဆီကအာဏာကိုသာ မလုခဲ့ရင် လက်ရှိအခြေအနေမျိုး ကြုံစရာမရှိပါဘူး။ ဘယ်အစိုးရပဲတက်တက် တခြားနိုင်ငံတွေမှာလိုပဲ ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုတွေ ရောက်လာမှာပါပဲဆိုတာမှန်ပါတယ်။ ဒါပေမယ့် လူထုရဲ့ယုံကြည်မှုရထားတဲ့ အစိုးရ အနေနဲ့ လူထုအပေါ်ရှိတဲ့ တာဝန်ယူ တာဝန်ခံမှုအရ အလျင်အမြန် လှုပ်ရှားပါလိမ့်မယ်။
ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ရွေးကောက်ခံ အစိုးရ လုပ်ခဲ့တာတွေကိုကြည့်ပါ။ ဆေးရုံတွေ အစိုးရယန္တရားတွေဟာ လည်ပတ်နေမှာဖြစ်ရုံသာမက ငါတို့တာဝန်ဆိုတဲ့ ပညာရှင်စိတ်ဓါတ်နဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ထက်ထက်သန်သန် အားထုတ်ကြိုးပမ်းကြမှာပါ။ ပြည်သူထဲက တက်ကြွလှုပ်ရှားတဲ့ ပရဟိတ လုပ်အားပေးအင်အားစုကြီးကလည်း ကျန်းမာရေးစနစ်ကို ဝိုင်းကူဖို့၊ ကျန်းမာရေး ရော စီးပွါးရေးပါ အခက်ကြုံနေတဲ့ မိသားစုတွေကို ကူညီဖို့ လုပ်ကြမှာပါ။ အသေးစားနဲ့ အကြီးစား စီးပွါးရေးလုပ်ငန်းတွေကလည်း အလှူဒါန နဲ့ တခြားအထောက်အပံ့တွေလုပ်ဖို့ တွန်းတွန်းတိုက်တိုက် လုပ်ကြပါလိမ့်မယ်။
အခုလက်ရှိမှာ အဲဒီလို အခြေအနေတွေ ဘာမှ ဖြစ်မနေပါဘူး။ မြန်မာပြည်သူတွေ အတုံးအရုံးသေဆုံးနေရတာဟာ ဗိုင်းရပ် ပြန့်နှံ့တဲ့ အကြောင်းတခုတည်းကြောင့် မဟုတ်ပါဘူး။ စီမံအုပ်ချုပ်မှုစွမ်းရည် ကင်းမဲ့တဲ့ နိုင်ငံဖြစ်နေတာကြောင့်ပါ။ အာဏာပိုင်နဲ့ ပြည်သူကြားမှာ ယုံကြည်မှု အသေးလေးက အစ ပြိုကွဲသွားတာကြောင့် စီမံအုပ်ချုပ်မှုစွမ်းရည် ကင်းမဲ့သွားတာပါ။
စစ်တပ်ဟာ ပြည်သူ့ဘဝကို နည်းနည်းမှ စိုးရိမ်သောက မရှိဘူးဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားပြီးသားပါ။ အခုက အဲဒီပြဿနာ တခုတည်း မဟုတ်ပါ။ လက်ရှိ ကိုဗစ်ဘေးဟာ အရပ်သားတွေကို အကြီးအကျယ်ထိသော်လည်း စစ်တပ်လည်း မလွတ်ပါဘူး။ စစ်ဝတ်စုံ၊ စစ်တပ်ရဲ့ ချွတ်ချွတ်ချော်ချော် အတွေးအခေါ် နဲ့ ဝါဒဖြန့်မုသားတွေဟာ စစ်သား၊ စစ်အရာရှိနဲ့ သူတို့ရဲ့မိသားစုတွေကို သေမင်းတမန် ဗိုင်းရပ်စ်ရန်ကနေ လွတ်အောင် လုပ်မပေးနိုင်ပါဘူး။
မြန်မာပြည်ရဲ့ လက်ရှိအကျပ်အတည်းမှာ စစ်ကောင်စီက ကိုဗစ်ထိန်းချုပ်ဖို့ ဆန္ဒနည်းနည်းပါးပါး ရှိစေအုံးတော့ အာဏာသိမ်းပွဲကြောင့် တိုင်းပြည်ရုပ်ပျက်သွားတာ၊ လူထုက မယုံကြည်တာ၊ စစ်ကောင်စီနဲ့ မပတ်သက်ချင်တာတွေကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့လူစုမှာ ရှိတဲ့ လုပ်နိုင်စွမ်းက သုညပါ။
မင်းအောင်လှိုင် အာဏာဖက်တွယ်ထားသမျှ တိုင်းပြည်ဟာ ကပ်ရောဂါချောက်ထဲ ဆက်ကျနေမယ်။ စီးပွါးရေး ဘုန်းဘုန်းလဲမယ်။ တနိုင်ငံလုံးမှာ ပဋိပက္ခတွေ အရှိန်မြင့်လာမယ်။ နိုင်ငံပြိုကွဲပြီး ပရမ်းပတာ အခြေအနေထဲ လုံးလုံးရောက်သွားပါမယ်။
အချိန်ကာလ တခုမှာတော့ အသည်းအသန်ဖြစ်နေတဲ့ ပြည်သူတွေနေရပ်စွန့်ကြမှာပါ။ အဲဒါကိုမြင်ရလို့ အံ့အားသင့်စရာ မရှိပါဘူး။ မီလိုဆီဗစ်ရဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ အကြမ်းဖက်မှုကြောင့် ကိုဆိုဗိုက အယ်ဘေးနီးယားတွေ အလုံးအရင်းနဲ့ ထွက်ပြေးတာ တွေ့ခဲ့ရပြီးပြီ။ ဆီးရီးယားက အာဆတ်ဟာ ရုရှားက ပူတင်ရဲ့ အကူအညီနဲ့ ပြည်သူ့ဆန့်ကျင်မှုကို နှိမ်နင်းတဲ့အခါမှာလည်း ပြည်သူအလုံးအရင်း ထွက်ပြေးခဲ့ရတာကို မြင်ခဲ့ကြရပြီးပါပြီ။
လက်ရှိမြန်မာ့အကျပ်အတည်းဟာ စုံလင်ရှုပ်ထွေးလှတာကြောင့် အချိန်တိုအတွင်းမှာ တခါတည်း ဖြေရှင်းလို့တော့ မပြီးပါဘူး။ သို့သော်လည်း လက်ရှိ အရေးပေါ် အခြေအနေမှာ ချက်ချင်းလုပ်ဖို့ လိုအပ်နေတာရှိပါတယ်။
နတ်ပေးတဲ့ဆေးလို ခုချက်ချင်းလုပ်ရင် ခုချက်ချင်းပဲ ပြည်ပျက်မယ့် အခြေအနေဆိုးကနေ လွတ်မြောက်ရာအနေအထားကို ရောက်စေနိုင်တာ ရှိပါတယ်။ အဲဒါကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ပါ။ သူ့ကို မဖယ်ရှားသရွေ့ တိုင်းပြည်ပြိုကွဲကျဆင်းနေတဲ့ လက်ရှိအနေအထားကို ရပ်တန့်လို့ မရနိုင်ပါဘူး။
မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ လူတစုကို ဖယ်ရှားလိုက်ရင် အကူးအပြောင်းကာလအဖွဲ့အစည်းတရပ် ဖွဲ့နိုင်တဲ့ အခွင့်အရေးပေါ်လာပါမယ်။ NUG၊ NUCC နဲ့ လူမျိုးစုအဖွဲ့တွေ၊ စစ်အာဏာရှင်အုပ်စုမဟုတ်တဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ပါနိုင်ပါတယ်။ ကြားကာလ အဖွဲ့ဟာ ရေတိုတာဝန်ယူပြီး အခြေခံကျတဲ့ ဟောဒီ အရေးပေါ်ကိစ္စတွေကို လုပ်ပေးရပါမယ်။
နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးတာ၊ အကြမ်းဖက်မှုအားလုံး အဆုံးသတ်တာ၊ CDM ဝန်ထမ်းတွေကို အာမခံချက် အပြည့်နဲ့ တာဝန်ပြန်ပေးတာ၊ လဲပြိုနေတဲ့ အဖွဲ့အစည်းတွေ ပြန်ဖွင့်ပေးတာ၊ ဘဏ်စနစ် ပြန်အသက်သွင်းတာ၊ ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ အားလုံးက စုစည်းကြိုးပမ်းကြတာ၊ လူသားဆန်မှု အကူအညီနဲ့၊ ပြည်သူချင်း ရိုင်းပင်းတဲ့ အစီအစဉ်တွေ ပြန်ဖွင့်ပေးတာ၊ ဖြစ်နိုင်သမျှ စီးပွါးရေးလုပ်ငန်းတွေ ပြန်စဖို့ လုပ်တာတွေ ပါရပါမယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းက ကြီးကြပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက အဖွဲ့တွေ စောင့်ကြည့်မယ့် ရှင်းလင်းတဲ့ရွေးကောက်ပွဲ အချိန်စာရင်း ထုတ်ပြန်ရပါမယ်။ ရွေးကောက်ပွဲရလာဒ်ကို အလေးထားပါမယ်လို့ သက်ဆိုင်သူအားလုံးက ကတိပြုရပါမယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့လူတစုကို ဖယ်ရှားဖို့က အခြေအနေ ၃ ခု လိုအပ်ပါတယ်။
ပထမတခုက ဧရာဝတီ မီဒီယာမှာ ဘာတေးလစ်တနာ ရေးခဲ့တာနဲ့ ဆိုင်ပါတယ်။ “NLD ကို ပိတ်ပင်မှုဖြင့် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြီးသွားလိမ့်မည်မဟုတ်” ဆိုတဲ့ ဆောင်းပါးထဲမှာပါ။ “စစ်အာဏာရှင် ဆန့်ကျင်ရေး ဖယ်ဒရယ် ဒီမိုကရေစီ လှုပ်ရှားမှုဘက်တွင် ငယ်ရွယ် ပျိုမြစ်၍ တီထွင်ဖန်တီးမှု ရှိသည့် နိုင်ငံရေးနှင့် ပြည်သူ့ရေးရာခေါင်းဆောင်များ အသစ်ပေါ်ထွန်းလာသည်။ သူတို့သည် နိုင်ငံရေး အပြောင်းအလဲ အတွက် အင်အား၊ ခံနိုင်ရည်နှင့် ဇွဲသန်မှုကို ထူးထူးကဲကဲ ပြနေကြသည်။ စစ်တပ်ဘက်တွင်လည်း ခေါင်းဆောင်ပိုင်းမှ ကမ္ဘာဦးဒိုင်နိုဆောကြီးများကို ဆန့်ကျင်သော လူငယ်စစ်အရာရှိ မျိုးဆက်တခု ပေါ်ထွက်ဖို့လိုနေသည်။”
တိုင်းပြည် အလုံးစုံ ဘေးဒုက္ခမှ ကယ်တင်ရန် အတော့်ကို လိုအပ်နေသည်မှာ “မြန်မာပြည်သည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ။ လမ်းပေါ်မှ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်သတ်နိုင်ခြင်းသည် တိုင်းပြည်အုပ်ချုပ်နိုင်ခြင်း မဟုတ်ဟူသည်ကို သဘောပေါက်သည့် အရာရှိအုပ်စု ထွက်ပေါ်လာရေးဖြစ်သည်။”
“ဝမ်းနည်းစရာ ကောင်းစွာ ထိုသို့ ထွက်ပေါ်လာမည့် အရိပ်အရောင်ကို မတွေ့သေးပါ” ဟု ဘာတေးလစ်တနာရေးထားတာ မှန်ပါတယ်။ ဒါပေမယ့် မဖြစ်သေးတာက မဖြစ်နိုင်တာတော့ မဟုတ်ပါ။ လက်ရှိကိုဗစ်ကပ်ဘေးရဲ့ပြင်းထန် ကျယ်ပြန့်မှုကို မမြင်တွေ့ခဲ့ကြရသေးပါ။ ရပ်ဝေးနယ်စပ်က တပ်ဖွဲ့တွေ တပြိုင်တည်း ဘက်ပြောင်းပြီး လူမျိုးစု လက်နက်ကိုင်များနဲ့ ပူးပေါင်းနိုင်ပါတယ်။ ဘက်ပြောင်းတဲ့ အစုအဖွဲ့အင်အားစုများဟာ မင်းအောင်လှိုင် သစ္စာခံတပ်များ လက်လွတ်စပယ် ဖိနှိပ်မှုတွေ ဆက်မလုပ်ရဲအောင် ခြိမ်းခြောက်နိုင်တဲ့အခါ၊ တံတိုင်းက အုတ်ချပ်အချို့ကို ဆွဲထုတ်လိုက်သလို အားလုံးပြိုဆင်းလာနိုင်တဲ့ အခြေအနေရှိပါတယ်။
မင်းအောင်လှိုင်နဲ့ သူ့လူစုဟာ တပ်ထဲမှာ ထောက်ခံမှု သိပ်ရကြတာ မဟုတ်ဘူးလို့ စစ်တပ်ကနေ ဘက်ပြောင်းခိုလှုံလာသူတွေ ပြောကြတာကို ယုံကြည်ပါတယ်။ ပြည်သူသာမက စစ်နှင့် ရဲ မိသားစုတွေ ကိုဗစ်ကပ်ဘေး မထိခင်ကတည်းက သူ့ကို မကြိုက်တဲ့ စိတ်က တပ်ထဲမှာ ရှိနေပြီးသားဖြစ်ပါတယ်။ လောလောဆယ် ပြဿနာက အရင်ဆုံး ဖြိုချမယ့် အုတ်တချပ် ဖြစ်ဖို့ တွန့်ဆုတ်နေတဲ့ ကိစ္စဖြစ်ပါသည်။
ဒုတိယ အချက်က လူမျိုးစု လက်နက်ကိုင် EAO များနဲ့ ပတ်သက်ပါတယ်။ EAO များဟာ သူတို့ရဲ့ ရေတိုအကျိုးအတွက် အဆုံးမှာ ဘယ်သူနိုင်မလဲ ထိုင်ကြည့်မယ်ဆိုတဲ့ ဗျူဟာနဲ့ စစ်အုပ်စုကို အင်နဲ့အားနဲ့ ဆန့်ကျင်တာ မရှိသေးပါဘူး။ EAO တွေကသာ ဗျူဟာကျကျ၊ ပီပီပြင်ပြင်လှုပ်ရှားကြရင်၊ ကချင် ကရင် ရခိုင် ရှမ်း တအာန်း မွန်အဖွဲ့တွေက ဝရဲ့ အကူအညီ ပါပါ မပါပါ တပြိုင်တည်း လှုပ်ရှားကြရင်၊ ထိန်းချုပ်နယ်မြေ သိသိသာသာ ဆုံးရှုံးသွားတဲ့ စစ်တပ်ဟာ အရှုံးသမား မင်းအောင်လှိုင်ကို အမြန်ဖယ်ရှားပြီး အပစ်ရပ် ညှိနှိုင်းရေး စကားပြောလာပါလိမ့်မယ်။
တတိယအချက်နဲ့ နောက်ဆုံး အချက်က အိမ်နီးချင်းတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက မြန်မာစစ်အုပ်စုကို အဖြေရရေးရဲ့ အစိတ်အပိုင်းတခုလို့ သတ်မှတ်နေသမျှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ ခက်နေပါလိမ့်မယ်။ သူဟာ ကြုံနေရတဲ့ ပြဿနာအားလုံးရဲ့ အကြောင်းတရားပါ။ အဖြေရဖို့ ကိစ္စမှာ သူပါမှ ရမယ်လို့ တွေးနေသမျှ ပြဿနာပြေလည်ရေးဟာ ပုလင်းလည်ပင်း အဝကျင်းသလို ထာဝရ ဖြေရှင်းမရ ဖြစ်နေပါလိမ့်မယ်။
ခုပြောခဲ့တဲ့ အခြေအနေ ၃ ခုဟာ မဖြစ်နိုင်ပုံ ရပါလိမ့်မယ်။ ဒါပေမယ့် ဒီလောက် ရှုပ်ထွေး၊ ဒီလောက် အပျက်အစီးကြီးမားတဲ့ အကျပ်အတည်းမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့၊ အကန့်အသတ် မထားတဲ့ အဖြေတွေကိုပဲ မြင်ကြည့်၊ ပြောကြည့်၊ တွန်းကြည့်၊ စွန့်စားကြည့်ကြရမှာ ဖြစ်ပါတယ်။
(အီဂေါဗလာဇီဗစ်သည် ချက်နိုင်ငံ ပရာ့ဂ်ဟာမြို့တွင် အခြေစိုက်သော နိုင်ငံရေးသုတေသီတဦးဖြစ်သည်။ ၎င်းဇာတိ ဘော့စနီးယား ဟာဇီဂိုဗီးနားတွင် စစ်ပွဲကာလ ကြမ်းကြုတ်ရက်စက်မှုများကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး မြန်မာအပါအဝင် ပဋိပက္ခဒေသ အများအပြားသို့ သွားရောက်၍ နိုင်ငံရေးသိပ္ပံနှင့် လူအခွင့်အရေးဆိုင်ရာ သင်တန်းများလည်း ပို့ချခဲ့ဖူးသည်။)
You may also like these stories:
ဘော့စနီးယားအတွေ့အကြုံမှ မြန်မာကို ကြည့်ခြင်း
အကြမ်းမဖက်နှင့် အကြမ်းဖက်နည်းလမ်းများအပေါ် ကျိုးကြောင်းဆင်ခြင်ခြင်း
လူသားချင်းစာနာမှုကို အာရုံစိုက်ခြင်းက မြန်မာ့အကျပ်အတည်းကို ပိုမိုဆိုးရွား ရှည်ကြာစေနိုင်သည်