အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် နိုင်ငံတကာ၏ ကြောင်သူတော်ဝါဒလှိုင်းသစ်၊ မြန်မာနှင့်ပတ်သက်သည့် ရှုပ်ထွေးမှုများကို ရှင်းလင်းတင်ပြခွင့်ပြုပါ။
အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် “ဆွေးနွေးပွဲများအတွက် ဆွေးနွေးရေး (ပဏာမဆွေးနွေးပွဲများ)” ဆိုသည့် အယူအဆသစ်နှင့် အားလုံးအကျုံးဝင်သည့် တွေ့ဆုံဆွေးနွေးရေး အယူအဆဟောင်းကို ပြောဆိုနေကြပြီး တချိန်တည်းတွင် ထိုသို့လုပ်ခြင်းသည် ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက် အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ပြောကြသည်။
ထိုင်းနိုင်ငံသည် “အလွတ်သဘော” ဆွေးနွေးပွဲကို ဒီဇင်ဘာလတွင် ကျင်းပရန် လုပ်ဆောင်နေပြီး အာဆီယံသည် မြန်မာမီးခဲကို ထိုင်းလက်တွင် ခေတ္တအပ်ပြီး အပူလောင်ခံရန် ကျေကျေနပ်နပ် သဘောတူကြသည်။
ထိုင်း၏ သံတမန်ရေးအစီအစဉ်သည် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် မဟာမိတ်ဖွဲ့ခြင်းကို စွန့်လွှတ်ရန်၊ တရုတ်အာမခံသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရုတ်ကုမ္ပဏီများနှင့် ကုန်သွယ်ရေး၊ စီးပွားရေး၊ တရုတ်၏ နယ်မြေချဲ့ထွင်ရေး ပထဝီနိုင်ငံရေးဆိုင်ရာနှင့် စီးပွားရေးစီမံကိန်းများတွင် ပါဝင်ရေးအတွက် အလဲအလှယ်အနေဖြင့် မြန်မာ၏နိုင်ငံတော်၊ နိုင်ငံရေးနှင့် စီးပွားရေးအပေါ် စစ်တပ် လက်ရှိလွှမ်းမိုးမှုကို အညံ့ခံရေးကို လက်ခံရန် ဖိအားပေးဖျောင်းဖျသည့် တရုတ်၏ ဦးတည်ချက်ဘက်သို့ ယိမ်း၊ မယိမ်း စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော် အင်ဒိုနီးရှားနှင့် မလေးရှားက ဆက်ထိန်းထားလိုသည်ထက် ထိုင်း၏ ကနဦးခြေလှမ်းက ရှေ့သို့ဦးနိုင်ဖွယ်ရှိသည်။
တချိန်တည်းတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကို ပိုမိုတိုက်ရန် အရှိန်မြှင့်တင်နေပြီး လျှော့ချခြင်း မပြုပေ။
အပစ်အခတ်ရပ်စဲရေးနှင့် အားလုံးအကျုံးဝင်သော တွေ့ဆုံဆွေးနွေးရေးအတွက် အာဆီယံ၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် အိမ်နီးချင်းများအကြား ပိုမိုပြောဆိုခြင်းဆိုသည်မှာ စစ်ကောင်စီက နိုင်ငံမှပြည်သူများအပေါ် ပိုမိုခြိမ်းခြောက် ရန်လိုခြင်းဟု အဓိပ္ပာယ်သက်ရောက်သည်။
ထို့ကြောင့် မင်းအောင်လှိုင်သည် ၎င်းတို့လုပ်နေသည့်ကိစ္စများကို ဂရုမစိုက်ဘဲ ပြည်သူများကို ဆက်လက် စစ်ပွဲဆင်နေမည်ဖြစ်သောကြောင့် လက်ရှိ အစီအစဉ်များသည် ဘုံသဘောတူညီချက် ၅ ချက်ကဲ့သို့ပင် ကျဆုံးမည်ဖြစ်သည်။
ထို့ကြောင့် မင်းအောင်လှိုင်သည် ၎င်းတို့လုပ်နေသည့်ကိစ္စများကို ဂရုမစိုက်ဘဲ ပြည်သူများကို ဆက်လက် စစ်ပွဲဆင်နေမည်ဖြစ်သောကြောင့် လက်ရှိ အစီအစဉ်များသည် ဘုံသဘောတူညီချက် ၅ ချက်ကဲ့သို့ပင် ကျဆုံးမည်ဖြစ်သည်။
မြန်မာအကျပ်အတည်းကို ချဉ်းကပ်ပုံနည်းလမ်းတွင် တရုတ်သည် ကြီးမားသော အပြောင်းအလဲများ ပြုလုပ်ထားပြီး ဖြစ်သည်။ တရုတ်အစိုးရသည် မြန်မာစစ်ပွဲ၏ ရလဒ်ကို သြဇာလွှမ်းမိုးရန် တက်ကြွစွာ ဝင်ရောက်စွက်ဖက်နေပြီး စစ်ကောင်စီ ဆက်လက်ရှင်သန်ရန်နှင့် မြန်မာနိုင်ငံ၏ ၃ ပုံ ၂ ပုံကို ဆက်လက် ထိန်းချုပ်ထားနိုင်စေရေးအတွက် ကူညီရန် အလေးအနက် အားထုတ်မှုများ ပြုလုပ်နေသည်။
ထိုသို့လုပ်ခြင်းကြောင့် မင်းအောင်လှိုင်သည် နိုင်ငံကို ခြေမှုန်းစစ် အရှိန်မြှင့်တင်ရန် အတင့်ရဲစေသည်။
ထို့ကြောင့် အာဆီယံနှင့် ကုလသမဂ္ဂ အထူးသံတမန်တို့သည် အားလုံးအကျုံးဝင်သည့် တွေ့ဆုံဆွေးနွေးရေးအတွက် ပြင်ဆင်သည့်အနေဖြင့် “ဆွေးနွေးပွဲများအတွက် ဆွေးနွေးပွဲများ” ကို အဆင်ပြေအောင် ကြိုးစားနေချိန်တွင် မင်းအောင်လှိုင်သည် ထိုသို့ ပေးအပ်လိုက်သောအချိန်ကို သူ၏ရင်းမြစ်များ ပြန်လည်ခိုင်မာအောင် ကြိုးစားရန် အသုံးပြုမည်ဖြစ်သည်။
မြန်မာအကျပ်အတည်းအတွက် မည်သည့် ညှိနှိုင်းဖြေရှင်းမှုမဆို အခြေခံပြဿနာနှင့် ထိုအကျပ်အတည်းမှ စစ်ကောင်စီကျင်းပသည့် ရွေးကောက်ပွဲဖြင့် ထွက်ပေါက်ရှာရေးကြောင့် မင်းအောင်လှိုင်သည် လုံးဝ အောင်ပွဲခံရေးကို ဆက်လက် ရည်မှန်းနေမည်ဖြစ်သည်။ စစ်ကောင်စီအတွက် မည်သည့်ဆွေးနွေးပွဲ၊ မည်သည့် ယာယီ အပစ်အခတ်ရပ်စဲရေး၊ မည်သည့် လူသားချင်းစာနာမှု အကူအညီ၊ သန်းခေါင်စာရင်း သို့မဟုတ် ရွေးကောက်ပွဲမဆိုသည် စစ်ကို အခြားနည်းများဖြင့် ဆက်လက် တိုက်နေခြင်းသာဖြစ်သည်။
ယခုအချိန်တွင် စစ်ကောင်စီနှင့် စစ်တပ်သည် အင်အားချိနဲ့နေသည်။ ၎င်းတို့တွင် ငွေမရှိတော့ဘဲ ကြီးမားလှသည့် နိုင်ငံတခုလုံးမှ စစ်မျက်နှာ အများအပြားတွင် တိုက်ခိုက်ရန် အင်အား လုံလုံလောက်လောက် မရှိတော့ပေ။ ၎င်းတို့၏ စစ်လက်နက်ပစ္စည်းများသည် အသုံးမဝင်တော့ဘဲ ဒရုန်းစစ်ရေးနှင့် ဒစ်ဂျစ်တယ် ထောက်လှမ်းရေး စွမ်းရည်များကို မြှင့်တင်ရန် လိုအပ်နေသည်ကိုလည်း ၎င်းတို့ သဘောပေါက်နေသည်။
ယခုအချိန်တွင် စစ်ကောင်စီနှင့် စစ်တပ်သည် အင်အားချိနဲ့နေသည်။ ၎င်းတို့တွင် ငွေမရှိတော့ဘဲ ကြီးမားလှသည့် နိုင်ငံတခုလုံးမှ စစ်မျက်နှာ အများအပြားတွင် တိုက်ခိုက်ရန် အင်အား လုံလုံလောက်လောက် မရှိတော့ပေ။ ၎င်းတို့၏ စစ်လက်နက်ပစ္စည်းများသည် အသုံးမဝင်တော့ဘဲ ဒရုန်းစစ်ရေးနှင့် ဒစ်ဂျစ်တယ် ထောက်လှမ်းရေး စွမ်းရည်များကို မြှင့်တင်ရန် လိုအပ်နေသည်ကိုလည်း ၎င်းတို့ သဘောပေါက်နေသည်။
ထို့ကြောင့် မင်းအောင်လှိုင် အချိန်လိုအပ်နေသည်။ စစ်တပ်သည် အင်အားလျော့နည်းသွားသည် တပ်များကို ပြန်လည်ဖြည့်တင်းရန် အတင်းအကျပ် စစ်သားစုဆောင်းမှု ပြုလုပ်နေသည်မှာ ခြောက်လရှိပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် နိုင်ငံတကာလက်ခံမှု လိုအပ်နေပြီး ထိုသို့လက်ခံမှုရရန် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ဘရာဇီး၊ ရုရှား၊ အန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ စုပေါင်းထားသည့် BRICS တို့ကဲ့သို့ တရုတ်ဦးဆောင်သည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ရုရှားနှင့်တရုတ် ဦးဆောင်သည့် နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် ရရှိရန် နည်းလမ်းတွေ့ထားပြီး ဖြစ်သည်။
စစ်တပ်သည် ရုရှားနှင့် အီရန်မှ ဒရုန်းများ ပိုမိုရရှိရေးအတွက် အချိန်လိုအပ်နေပြီး ၎င်းတို့ကို အသုံးပြုရန် လေ့လာရေးအတွက်လည်း အချိန်ပိုမိုလိုအပ်နေသည်။ စစ်ကောင်စီသည် မြေနိမ့်ဒေသများမှ ဗမာတော်လှန်ရေးကို အကြောက်တရား စစ်ဆင်ရေးအတွက် အာရုံစိုက်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ထိုးစစ်များတွင် ပါဝင်မှု ရပ်တန့်စေရန် တရုတ်၏ ကူညီဖိအားပေးမှု လိုအပ်နေသည်။ စစ်ကောင်စီသည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းများတွင် အပြင်းအထန် ရက်ရက်စက်စက် တိုက်ခိုက်နိုင်ရေးအတွက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အပေါ်ယံ ပုံမှန်ဖြစ်မှု လိုအပ်နေသည်။
အခြေအနေအားလုံးကိုသိပြီး တရုတ်ပုံစံ အားလုံးကျယ်ပြန့်သည့် ဒစ်ဂျစ်တယ် ထောက်လှမ်းစောင့်ကြည်မှု လုပ်ရန် စစ်ကောင်စီသည် အိမ်ထောင်စုဇယားလုပ်ခြင်း၊ စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် နိုင်ငံသားများကို မှတ်ပုံတင်နှင့် ပြည်ပရောက်နိုင်ငံသားများကို နိုင်ငံကူးလက်မှတ်များ ပြန်လည်ထုတ်ပေးခြင်း၊ သန်းခေါင်စာရင်းနှင့် မဲစာရင်းစစ်ဆေးရေးအတွက် အချိန်ပိုမိုလိုအပ်နေသည်။
ဆွေးနွေးပွဲဖြစ်ရေးအတွက် ကြိုတင်ဆွေးနွေးပွဲများ၊ အလွတ်သဘော ဆွေးနွေးပွဲများနှင့် အနာဂတ် ရွေးကောက်ပွဲအတွက် ဆွေးနွေးပွဲများကို စစ်နှင့်အကျပ်အတည်းမှ ထွက်ပေါက်ရရန် အခွင့်အလမ်းအဖြစ် မင်းအောင်လှိုင်က အသုံးချမည်ဖြစ်သည်။ သူ၏ဆုံးရှုံးမှုများမှ နာလန်ထရန်နှင့် ပိုမိုပြင်းထန်သည့် နည်းလမ်းဖြင့် ပြန်လည် တိုက်ခိုက်ရန် သူ၏စွမ်းရည် ပြန်လည် ဖြည့်တင်းရေးအတွက် ထိုသို့သော ဆွေးနွေးပွဲများကို အခွင့်အလမ်းအဖြစ် အသုံးချမည်ဖြစ်သည်။
သို့သော် ထိုကိစ္စများကို ကိုင်တွယ်ရန် အခြားနည်းလမ်းတခု ရှိသည်။
အာဆီယံနှင့် ကုလသမဂ္ဂအထူးသံတမန်တို့သည် အားလုံးအကျုံးဝင်သည့် တွေ့ဆုံဆွေးနွေးရေး အစီအစဉ်များဖြင့် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းမှုဆိုသည့် မှားယွင်းသော ထင်ယောင်ထင်မှားဖြစ်မှုကို မဖန်တီးသင့်ပေ။ ထိုသို့လုပ်မည့်အစား ၎င်းတို့သည် “စစ်ကောင်စီမှအပ အားလုံးပါဝင်” သည့် ဆွေးနွေးပွဲအတွက် ဘေးကင်းလုံခြုံသောနယ်ပယ်နှင့် အခွင့်အလမ်း ပေးသင့်သည်။
ထိုင်း၊ စင်ကာပူ၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ဂျပန်တို့သည် စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှု လျှော့ချရန် လုပ်နိုင်ကြသည်။ အိန္ဒိယနှင့် သြစတြေးလျအပါအဝင် ထိုနိုင်ငံများသည် စစ်ကောင်စီ တိုက်လေယာဉ်များအတွက် မြန်မာသို့ လောင်စာ စီးဆင်းမှုလျှော့ချရေး နည်းလမ်းရှာရန်လည်း လိုအပ်နေသည်။
ထိုင်း၊ စင်ကာပူ၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ဂျပန်တို့သည် စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှု လျှော့ချရန် လုပ်နိုင်ကြသည်။ အိန္ဒိယနှင့် သြစတြေးလျအပါအဝင် ထိုနိုင်ငံများသည် စစ်ကောင်စီ တိုက်လေယာဉ်များအတွက် မြန်မာသို့ လောင်စာ စီးဆင်းမှုလျှော့ချရေး နည်းလမ်းရှာရန်လည်း လိုအပ်နေသည်။
အိန္ဒိယသည် မြန်မာစစ်တပ်သို့ လက်နက်များနှင့် စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံးကိရိယာများ ပေးပို့မှု ရပ်ရမည်ဖြစ်ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲအတုကို ထောက်ခံ၊ လက်ခံရန် အသင့်ရှိကြောင်း ပြသမှု ရပ်ဆိုင်းရမည် ဖြစ်သည်။
အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် မြန်မာ၏ လွတ်မြောက်ဒေသများသို့ ၎င်းတို့နယ်စပ်မှ လူသားချင်းစာနာမှုအကူအညီ စီးဆင်းမှုကို ခွင့်ပြုရမည်ဖြစ်သည်။
ထိုလက်တွေ့ကျသည့် အစီအမံများအားလုံးကို ခြောက်လထက်ကျော်အောင် လုပ်ဆောင်စရာ မလိုဘဲ မင်းအောင်လှိုင်ကို မကျေမနပ်ဖြစ်နေသည့် စစ်တပ်က ဖယ်ရှားမည်ဖြစ်သည်။ သူ့ကို ပြည်ပတနေရာရာသို့ ပို့ဆောင် သို့မဟုတ် သတ်ဖြတ် သို့မဟုတ် ဆူဒန်မှ အိုမာ အယ်လ် ဘာရှီးယားကဲ့သို့ ထောင်ချမည်ဖြစ်သည်။
မင်းအောင်လှိုင်ကို ဖယ်ရှားလိုက်သောအခါ လက်ရှိစစ်ကောင်စီလည်း ရှိတော့မည် မဟုတ်ပေ။ ထိုအခါမှသာ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးပွဲများ ဖြစ်နိုင်သည်။
နိုင်ငံရေးညီမျှခြင်းတွင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီရှိနေသမျှ ပြည်သူများအပေါ် စစ်တပ်၏ အကြောက်တရား ဖန်တီးရေးစစ်ပွဲ အဆုံးမရှိပေ။ ထို့ကြောင့် မြန်မာပြည်သူများ၏ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးတိုက်ပွဲ ရပ်တန့်နိုင်သည့် နည်းလမ်းလည်း မရှိပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ Why ASEAN Dialogue Initiatives With Myanmar Will Fail ကို ဘာသာပြန်သည်။ အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)
You may also like these stories:
မြန်မာ့အရေး ‘အလွတ်သဘော’ အစည်းအဝေး ထိုင်း ကျင်းပမည်
မြန်မာ စစ်ပွဲနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံ အကျပ်ရိုက်
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်
မြန်မာ စစ်လက်နက်ရောင်းဝယ်ရေးနှင့် ပတ်သက်သည့် ဘဏ်များကို ထိုင်း စုံစမ်းစစ်ဆေး
ထိုင်းက မြန်မာဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို အားသစ်လောင်း