၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်တွင် အရေးပေါ်အစည်းအဝေး ကျင်းပသည်။ MNDAA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဖုန်တာ့ရွှင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ထိပ်ထန်းအရာရှိနှင့် တပ်မှူး အနည်းဆုံး ၂၅ ဦး တက်ရောက်သည်။
ထိုအစည်းအဝေး၏ အဓိကအချက်မှာ မဟာမိတ်များနှင့်၊ အထူးသဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSPP/SSA-N) နှင့် တင်းမာမှုများကို ဖြေရှင်းရေး ဖြစ်သည်။ MNDAA နှင့် SSA-N တပ်များ ဇွန်လ ၁ ရက်နေ့တွင် ပဋိပက္ခဖြစ်ပွားပြီးနောက် ထိုအစည်းအဝေး ကျင်းပခြင်းဖြစ်သည်။
တင်းမာမှုလျှော့ချရန် ကြိုးစားသည့်အနေဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် MNDAA နှင့် SSPP/SSA-N တို့သည် သိန္နီမြို့နယ်တွင် အဆင့်မြင့်အစည်းအဝေး ကျင်းပသည်။ ထိုအစည်းအဝေးသည် ဆုံးဖြတ်ချက် မချနိုင်ဘဲ ပြီးဆုံးပြီး နှစ်ဖက်အကြား ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန် သဘောတူကြသည်။
တင်းမာမှုလျှော့ချရန် ကြိုးစားသည့်အနေဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် MNDAA နှင့် SSPP/SSA-N တို့သည် သိန္နီမြို့နယ်တွင် အဆင့်မြင့်အစည်းအဝေး ကျင်းပသည်။ ထိုအစည်းအဝေးသည် ဆုံးဖြတ်ချက် မချနိုင်ဘဲ ပြီးဆုံးပြီး နှစ်ဖက်အကြား ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန် သဘောတူကြသည်။
တချိန်တည်းတွင် SSPP/SSA-N နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ဇွန်လ ၁၅ ရက်နေ့၊ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် နေရာ သုံးခု၌ တိုက်ပွဲများ ဖြစ်ကြသည်။ SSPP/SSA-N နှင့် TNLA နှစ်ဖွဲ့လုံးက ရန်စခြင်းအတွက် တဖက်နှင့်တဖက် အပြစ်တင်ကြသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ MNDAA နှင့် TNLA တို့အကြား တပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်း၊ စစ်ဆေးရေးဂိတ်များ၊ စခန်းများကို အတင်းအကျပ် ဖယ်ရှားခြင်းစသည့် ဖြစ်ရပ်များကိုလည်း အမြဲလို ကြားသိနေရသည်။
ထိုလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးသည် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ဖွဲ့စည်းသည့် မြန်မာတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း မဟာမိတ်ဖြစ်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်သည်။
ထိုမဟာမိတ်အဖွဲ့၏ အခြားအဖွဲ့ဝင်များတွင် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အာရက္ခတပ်တော် (AA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့ ပါဝင်သည်။
အဓိကကျသည့် မေးခွန်းမှာ အဖွဲ့အတွင်း တင်းမာမှုများ မြင့်မားပြီး FPNCC ပြိုကွဲမည်လားဆိုသည့် မေးခွန်းဖြစ်သည်။ ထို့ကြောင့် ထိုအဖွဲ့သည် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကဲ့သို့ အလားတူလမ်းကြောင်း ရောက်တော့မည်လားဟု မေးစရာဖြစ်လာသည်။ UNFC သည် နောက်ဆုံးတွင် လုပ်ငန်းလည်ပတ်ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်တွင် ဖျက်သိမ်းလိုက်ပုံရသည်။
အဓိကကျသည့် မေးခွန်းမှာ အဖွဲ့အတွင်း တင်းမာမှုများ မြင့်မားပြီး FPNCC ပြိုကွဲမည်လားဆိုသည့် မေးခွန်းဖြစ်သည်။ ထို့ကြောင့် ထိုအဖွဲ့သည် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကဲ့သို့ အလားတူလမ်းကြောင်း ရောက်တော့မည်လားဟု မေးစရာဖြစ်လာသည်။ UNFC သည် နောက်ဆုံးတွင် လုပ်ငန်းလည်ပတ်ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်တွင် ဖျက်သိမ်းလိုက်ပုံရသည်။
၂၀၁၇ ခုနှစ်တွင် စာရေးသူသည် “UNFC ကို ဖျက်သိမ်းတော့မည်လော” ခေါင်းစဉ်ဖြင့် ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။ အဖွဲ့ဝင်ခန့်အပ်မှု ပြဿနာများ၊ ညှိနှိုင်းဆောင်ရွက်မှု ပြဿနာများ၊ ဘဏ္ဍာရေး ပြဿနာများနှင့် ထိရောက်မှုမရှိသော အင်စတီကျူးရှင်းများ စသည့် မဖြေရှင်းနိုင်သေးသော ပြဿနာများသည် အဖွဲ့ပြိုကွဲခြင်း ဖြစ်နိုင်သည်ဟု ထိုဆောင်းပါးတွင် စာရေးသူ ရေးသားခဲ့သည်။ မိမိတို့ တွေ့ခဲ့သည့်အတိုင်း ထိုအဖွဲ့သည် ထိုအရေးပါသော စိန်ခေါ်မှုများကို မဖြေရှင်းနိုင်ခဲ့ပေ။
ယခုအခါ FPNCC သည် အလားတူပြဿနာများ ရင်ဆိုင်နေရသည်။ သို့သော် UNFC နှင့်မတူဘဲ FPNCC သည် ပိုမိုကြီးမားသည့် ပြဿနာ နှစ်ခုဖြင့် ရုန်းကန်နေရသည်။ တရုတ်၏ ကြီးမားလာသောသြဇာနှင့် အဖွဲ့ဝင်များအကြား ပိုင်နက်အငြင်းပွားမှု ပြင်းထန်လာခြင်းတို့ ဖြစ်သည်။
ကြီးမားလာနေသော တရုတ်သြဇာ
တရုတ်သြဇာ အနည်းငယ်စွာ သက်ရောက်သော သို့မဟုတ် လုံးဝမရှိသော UNFC နှင့်မတူဘဲ တရုတ်သည် FPNCC ကို စတင်သန္ဓေတည်စဉ်ကပင် သြဇာလွှမ်းမိုးထားသည်။ တရုတ်အစိုးရသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ရန်အတွက် အဖွဲ့ဝင်များအပေါ်၊ အထူးသဖြင့် UWSA အပေါ် ကြီမားသော နိုင်ငံရေးသြဇာ ထူထောင်ထားသည်။
၂၀၁၆ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလ ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲတွင် မြန်မာအစိုးရက UWSA ကို အပြည့်အဝ အဖွဲ့ဝင်အဆင့်အစား လေ့လာသူအဆင့်သာ ပေးသောကြောင့် UWSA က နောက်တနေ့တွင် နုတ်ထွက်သွားရာမှ FPNCC ပေါ်ပေါက်လာသည်။
ထိုအခွင့်အလမ်းကို အရယူပြီး တရုတ်နိုင်ငံသည် UNFC နှင့်အပြိုင် ပိုမိုခိုင်မာသော မဟာမိတ်ဖွဲ့ရန် UWSA ကို တွန်းအားပေးသည်။ UWSA သည် အခြားအဖွဲ့များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပြီး ရှစ်လ မပြည့်မီ FPNCC ဖွဲ့စည်းသည်။
ထိုလုပ်ငန်းစဉ်တခုလုံးတွင် တရုတ်အစိုးရက သက်ဆိုင်သည့် အဖွဲ့များနှင့် အနီးကပ် ထိတွေ့ဆက်ဆံရန် အာရှရေးရာအထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်ကို စေလွှတ်သည်။ နောက်ဆက်တွဲ ငြိမ်းချမ်းရေး ညီလာခံများ၊ ဆွေးနွေးပွဲများတွင် မစ္စတာ ဆွန်ကော့ရှန်က မြန်မာအစိုးရနှင့် ထိုမဟာမိတ်အကြား ညှိနှိုင်းပေးသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း FPNCC အပေါ် တရုတ်သြဇာလွှမ်းမိုးမှုသည် ပိုမိုနက်ရှိုင်းလာသည်။ တရုတ်သည် FPNCC နှင့် ထိတွေ့ဆက်ဆံရန် မစ္စတာ ဆွန်ကော့ရှန်ကို ဆက်ခံသူ မစ္စတာ တိန့်ရှီကျွင်းကို စေလွှတ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း FPNCC အပေါ် တရုတ်သြဇာလွှမ်းမိုးမှုသည် ပိုမိုနက်ရှိုင်းလာသည်။ တရုတ်သည် FPNCC နှင့် ထိတွေ့ဆက်ဆံရန် မစ္စတာ ဆွန်ကော့ရှန်ကို ဆက်ခံသူ မစ္စတာ တိန့်ရှီကျွင်းကို စေလွှတ်သည်။
မစ္စတာ တိန့်ရှီကျွင်းသည် ထိုအဖွဲ့ကို အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကင်းကင်းနေရန် ထိုမဟာမိတ်အဖွဲ့ကို ဖိအားပေးသည်။ NUG ကို အနောက်တိုင်း လက်ဝေခံအဖြစ် သတ်မှတ်သည်။ KIA မှအပ ထိုအဖွဲ့ဝင်များ အားလုံးသည် NUG နှင့် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ရှားကြသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် MNDAA က NUG နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း လူသိရှင်ကြား ကြေညာသည်။ အလားတူစွာပင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ယခုနှစ် မေလက တွေ့ဆုံစဉ် NDAA ခေါင်းဆောင်များက ၎င်းတို့အဖွဲ့သည် မည်သည့်တော်လှန်ရေးအုပ်စု၊ နိုင်ငံရေးအဖွဲ့ကိုမှ လက်ခံမထားကြောင်းပြောပြီး NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို သွယ်ဝိုက်ရည်ညွှန်းခြင်းဖြစ်သည်။
AA, MNDAA, TNLA တို့နှင့် စစ်တပ်ကြား ငြိမ်းချမ်းရေးကြားဝင်သူအဖြစ် တရုတ်သည် ပိုမိုအရေးပါသောအခန်းမှ ပါဝင်လာသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ထိုအဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရသော်လည်း ထိုနှစ် ဇွန်လတွင် ပျက်စီးသွားသည်။ ထို့နောက် တရုတ်က ယခုနှစ် ဇန်နဝါရီလတွင် မြန်မာစစ်တပ်နှင့် MNDAA အကြား အပစ်အခတ်ရပ်စဲရေး ကြားဝင်ဆောင်ရွက်သည်။
ပိုမိုအရေးပါသောကိစ္စမှာ တရုတ်သည် MNDAA တပ်များ လားရှိုးမှ ထွက်ခွာပြီး မြန်မာစစ်တပ် ပြန်လည် ဝင်ရောက်ရေး အဆင်ပြေအောင် လုပ်ရာတွင် အခရာကျသောအခန်းမှ ပါဝင်သည်။ အခြေအနေကို စောင့်ကြည့်ပြီး တည်ငြိမ်စေရန် တရုတ်လုံခြုံတပ်များ သို့မဟုတ် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များကို ရှမ်းပြည်မြောက်ပိုင်း မြို့တော်တွင် ဗြောင်ကျကျ ချထားသည်။
အမည်မဖော်လိုသည့် MNDAA အရာရှိတဦး၏အဆိုအရ ထိုသို့ တပ်ဖြန့်ချခြင်းသည် လားရှိုးကို တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခြေမှ ကာကွယ်ပေးရန် နှစ်ဖက် လုံခြုံရေးအစီအမံ၏ တစိတ်တပိုင်းဖြစ်သည်ဟု သိရသည်။
ထိုအဖြစ်အပျက်များသည် FPNCC အဖွဲ့ဝင်များအကြား တင်းမာမှုများ ဖြစ်စေသည်။ TNLA နှင့် ပတ်သက်သည့် သတင်းရင်းမြစ်တခု၏ အဆိုအရ ထိုအဖွဲ့ခေါင်းဆောင်များသည် စစ်တပ်နှင့် MNDAA အပစ်အခတ်ရပ်စဲပြီး လားရှိုးမှ ဆုတ်ခွာခြင်းကို မကျေနပ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် TNLA အနေဖြင့် နယ်စပ်တွင် အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းရေးအတွက် နယ်မြေစွန့်လွှတ်ပြီး MNDAA အတိုင်းလုပ်ရန် ဖိအားပေးနေသည်။ ထို့ကြောင့် TNLA သည် နောင်ချိုတွင် မလှုပ်သာမလှည့်သာဖြစ်ပြီး စစ်တပ်၏ တန်ပြန်ထိုးစစ်ကို ခံနေရသည်။
တရုတ်နိုင်ငံသည် TNLA အနေဖြင့် နယ်စပ်တွင် အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းရေးအတွက် နယ်မြေစွန့်လွှတ်ပြီး MNDAA အတိုင်းလုပ်ရန် ဖိအားပေးနေသည်။ ထို့ကြောင့် TNLA သည် နောင်ချိုတွင် မလှုပ်သာမလှည့်သာဖြစ်ပြီး စစ်တပ်၏ တန်ပြန်ထိုးစစ်ကို ခံနေရသည်။
ထို့ပြင် FPNCC အဖွဲ့ဝင် သုံးခုဖြစ်သော UWSA, SSPP/SSA-N နှင့် NDAA တို့သည် လွန်ခဲ့သောအပတ်က နေပြည်တော်တွင် ကျင်းပသည့် “ငြိမ်းချမ်းရေးဖိုရမ်” တွင် ပါဝင်ခြင်းကို တရုတ်က ထိုအဖွဲ့များနှင့် စစ်ကောင်စီအကြား ကြားဝင်ဆောင်ရွက်ခြင်းဖြင့် အဆင်ပြေအောင် လုပ်ခဲ့ပုံရသည်။
ထို့ကြောင့် တရုတ်၏ ကျယ်ပြန့်လာသောသြဇာသည် FPNCC ၏ ညီညွတ်ရေးအတွက် ကြီးမားသည့် အတွင်းပိုင်း စိန်ခေါ်မှု ဖြစ်လာနေပြီး ထိုမဟာမိတ်အဖွဲ့ စိတ်ဝမ်းကွဲမည့် အလားအလာ ဖြစ်ပေါ်စေသည်။
ပိုင်နက်အငြင်းပွားမှုများ
ထိုမဟာမိတ်အဖွဲ့များအကြား ပိုင်နက်အငြင်းပွားမှုများသည် နောက်ထပ် စိန်ခေါ်မှုတခုဖြစ်သည်။ ညီနောင်မဟာမိတ်များသည် ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် MNDAA, TNLA, KIA နှင့် SSPP/SSA-N အကြား အငြင်းပွားမှုများ ဖြစ်ပွားသည်။
စစ်ဆေးရေးစခန်းများ ဖျက်သိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းခြင်းနှင့် ထိတွေ့ တိုက်ခိုက်မှု စသည့် ဖြစ်ရပ်များအကြား တင်းမာမှု မြင့်မားလာသည်။
ကြီးမားလာသည့် တရုတ်ဩဇာလွှမ်းမိုးမှုကို မတွန်းလှန်နိုင်သော၊ မတွန်းလှန်လိုသော FPNCC အဖွဲ့ဝင်များအကြား အဖွဲ့အတွင်း ပြင်းထန်လာသည့် နယ်နိမိတ်အငြင်းပွားမှု ပေါင်းစပ်လိုက်သောအခါ မဟာမိတ်အဖွဲ့အတွင်း ညီညွတ်ရေးနှင့် အဖွဲ့သက်တမ်းရှည်ခြင်းမှာ မရေမရာဖြစ်လာသည်။
အဖွဲ့ဝင်အချို့သည် အဖွဲ့ဥက္ကဋ္ဌ UWSA သို့ တရားဝင် တိုင်ကြားမှုများ လုပ်ခဲ့ကြသော်လည်း FPNCC သည် ထိုကြီးထွားနေသည့် တင်းမာမှုများကို မဖြေရှင်းနိုင်ပေ။ ထိုသို့ မဖြေရှင်းနိုင်ခြင်းသည် အတွင်းပိုင်း ပြဿနာများကို ဖြေရှင်းရန် UWSA တွင် စွမ်းဆောင်ရည် သို့မဟုတ် စိတ်အားထက်သန်မှု မရှိခြင်းကို မီးမောင်းထိုးပြနေသည်။
UWSA သည် တရုတ်အစိုးရ၏ ညွှန်ကြားချက်များအတိုင်း လိုက်လုပ်လာပုံရသည်။ ဥပမာအားဖြင့် MNDAA က မြန်မာစစ်တပ်နှင့် အပစ်ရပ်ရန် ငြင်းဆန်သောအခါ တရုတ်ဖိအားအောက်တွင် UWSA သည် MNDAA ထိန်းချုပ်နယ်မြေများသို့ ကုန်သွယ်ရေး ကန့်သတ်မှု ပြုလုပ်သည်။ ဇန်နဝါရီလတွင် MNDAA က အပစ်အခတ်ရပ်စဲရေး သဘောတူသောအခါမှသာ ထိုကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းသည်။
ကိုဗစ်နိုင်တင်း ဖြစ်ပွားပြီးနောက် ငါးနှစ်အတွင်း FPNCC ထိပ်သီးဆွေးနွေးပွဲ တကြိမ်သာ ပြုလုပ်ပြီး KIA ၏ အထူးတောင်းဆိုမှုကြောင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပန်ဆန်း၌ လုပ်ခြင်းဖြစ်သည်။ ထိုစိန်ခေါ်မှုများကို ဖြေရှင်းရန် မည်သည့် နောက်ဆက်တွဲ အစည်းအဝေးမှ မလုပ်သောကြောင့် မဟာမိတ်အဖွဲ့၏ တုံ့ဆိုင်းနေမှုကို မီးမောင်းထိုးပြနေသည်။
ကြီးမားလာသည့် တရုတ်ဩဇာလွှမ်းမိုးမှုကို မတွန်းလှန်နိုင်သော၊ မတွန်းလှန်လိုသော FPNCC အဖွဲ့ဝင်များအကြား အဖွဲ့အတွင်း ပြင်းထန်လာသည့် နယ်နိမိတ်အငြင်းပွားမှု ပေါင်းစပ်လိုက်သောအခါ မဟာမိတ်အဖွဲ့အတွင်း ညီညွတ်ရေးနှင့် အဖွဲ့သက်တမ်းရှည်ခြင်းမှာ မရေမရာဖြစ်လာသည်။
ထိုအငြင်းပွားမှုများကို မဖြေရှင်းနိုင်ပါက FPNCC သည် သူရှေ့က မဟာမိတ်အဖွဲ့ကဲ့သို့ အလားတူ ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Joe Kumbun ၏ Myanmar’s Strongest Armed Ethnic Alliance is Faltering ကို ဘာသာပြန်သည်။ ဂျိုးခွန်ဘန်းသည် လွတ်လပ်သော နိုင်ငံရေးလေ့လာသုံးသပ်သူတဦး၏ ကလောင်အမည် ဖြစ်သည်။)
You may also like these stories:
တုတ်ပြပြီး မုန့်ဝေနေတဲ့ တရုတ်လုပ် ဆွေးနွေးပွဲများ
တရုတ်အနေနဲ့ မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ (ရုပ်/သံ)
တရုတ်က နှစ်ဖက်စလုံးကို ဖိအားပေးဖို့ ကြိုးစားမှာ (ရုပ်/သံ)
ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ
UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း














