တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းဆည်းလိုက်တဲ့ မြို့တွေကို လေကြောင်းကနေ ဗုံးကြဲဖို့ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွန့်၊ တပ်ကြပ်ကြီးဖိုးစီ စတဲ့ စစ်တပ်ကို ထောက်ခံတဲ့ တယ်လီဂရမ် ဝါဒဖြန့် အကောင့်တွေကနေ လှုံ့ဆော်မှုတွေကို လုပ်ဆောင်နေတာတွေ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အပါအဝင် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ စဉ့်ကူး စတဲ့ မြို့တွေ တော်လှန်ရေးပူးပေါင်းတပ်တွေလက်ထဲ ကျသွားပြီးတဲ့ နောက် အခုလို လှုံဆော်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာတာဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန် နဲ့ ရခိုင်ပြည်နယ် မြောက်ဦး စတဲ့ မြို့နယ်တွေက ဈေး၊ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အဦးတွေကို တိုက်လေယာဉ် တွေနဲ့ ဖျက်အားပြင်း ဗုံးတွေ ကြဲချပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေရ တယ်လို့ ညီနောင်မဟာမိတ် အဖွဲ့တွေက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်က အရပ်သား ပစ်မှတ်တွေကို လေကြောင်းကနေ ဦးတည်တိုက်ခိုက် နေတာကို ရပ်တန့်ပေးဖို့ နိုင်ငံတကာ နဲ့ အာဆီယံကို တောက်လျောက် တောင်းဆိုမှုတွေ ပြုလုပ်နေ ပေမယ့်လည်း ထိရောက်မှုမရှိသေးပါဘူး။
#မြန်မာ #ဧရာဝတီ #လေကြောင်းဗုံးကြဲ #အရပ်သားပစ်မှတ် #ဝါဒဖြန့် #လှုံဆော်