ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီကို အတည်ပြု ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုလုံးကို AAက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ခုခံတိုက်ခိုက်နေတဲ့ အဲ့ဒီဌာနချုပ်အထဲမှာ ကွပ်ကဲနေတဲ့ ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို AAက ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။
အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ရခိုင်ပြည်နယ် တခုလုံးအပြင် ချင်းပြည်နယ်တောင်ပိုင်းကိုပါ ကွပ်ကဲရတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ အကြီးဆုံး တိုင်းစစ်ဌာနချုပ်ထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ပြီးခဲ့တဲ့ ဩဂုတ်လမှာ သိမ်းပိုက်လိုက်ပြီးနောက် အခု နပခ ဟာ စစ်ကောင်စီ လက်လွှတ်ရတဲ့ ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် တခု ဖြစ်လာခဲ့ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy