နိုင်ငံတဝန်း မြေပြင်ထိုးစစ်ရှုံးနိမ့်မှုတွေ၊ စစ်အင်အားပြုန်းတီးမှုတွေကို အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ၂၀၂၅ နှစ်စပိုင်းက စတင်ကာ ထိုးစစ်တွေ ပြန်လည် ဖော်ဆောင်လာနေတာတွေ့ရပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို အခု ဇူလိုင်လအတွင်းမှာပဲ ပြန်လည်သိမ်းပိုက်ခဲ့သလို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ကရင်နီပြည် က ၁၁၁၁ စစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တပ်သားနဲ့ လက်နက်အင်အား ပြုန်းတီးမှုဒဏ်ကို အပြင်းထန်ဆုံး ရင်ဆိုင်ခဲ့ရတာပါ။
ဒီရှုံးနိမ့်မှုတွေကို တရုတ်အစိုးရက ကျားကန်ပေးနေပြီး တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားတော်လှန်ရေးတပ်တွေကို တိုက်ပွဲတွေ ရပ်ဖို့ အပြင်း အထန် ဖိအားပေးတာ၊ သိမ်းပိုက်မြို့တွေကို စစ်ကောင်စီထံ ပြန်အပ်ခိုင်းတာတွေ လုပ်ဆောင်နေတာပါ။
ဒါ့အပြင် တရုတ်ဟာ စစ်ကောင်စီကို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ အဆင့်မြင့်ဒရုန်းတွေကို ရောင်းချပေးနေသလို နည်းပညာ အထောက်အကူ တွေလည်း ပေးနေတာကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












