ပန်းချီဆရာ မောင်ခိုင်မာရဲ့ ပန်းချီကားတွေထဲမှာ အဆောက်အဦတွေကို အရောင်တွေ ရဲရဲရင့်ရင့် သုံးစွဲပြီး Birdseye View, Earthworm View, တွေနဲ့ အပြင်မှာ မြင်တွေ့နေကျမျိုး မဟုတ်ဘဲ ဖန်တီးတင်ပြ ထားတဲ့ Expressionism ပန်းချီကားတွေ ပါ။ ပြီးတော့ Distort (ရွဲ့စောင်း) လုပ်ပြီး၊ သူ့စိတ်အာရုံအမြင် Perspective နဲ့ Line, Tone, Color တွေကို ကြည့်ရှုသူကို ပသာဒဖြစ်၊ ဆွဲဆောင်စေတာ တွေ့ရပါတယ်။
“ကျနော့် ပန်းချီကားက မြင်နေကျ ရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေ အဆောက်အဦတွေကို တွေ့ရမှာပါ။ ဒါပေမယ့် တကယ့် အပြင်မှာ တွေ့ရတာမျိုးတော့ မဟုတ်ဘူးပေါ့။ သာမန် မြင်နေရတဲ့ အနေအထား မြင်ကွင်း (Normal View)၊ ပြီးတော့ Birdseye View နဲ့ Earthworm View တွေကို Subject တွေရဲ့ နီးဝေးအမြင် သဘောတရား (Perspective) အရ ပေါင်းစပ် ဖွဲ့စည်း ပါတယ်။ အရောင်တွေကို အရှိအတိုင်း သုံးစွဲတာက အရောင်တွေရဲ့ သန့်စင်မှုကို နှစ်သက်လို့ပါ” လို့ ရှင်းပြပါတယ်။
ပန်းချီ မောင်ခိုင်မာရဲ့ အစောပိုင်း လက်ရာတွေ၊ ၂၀၀၆ ကနေ ၂၀၀၇ ခုနှစ်တွေ တုန်းကတော့ Tone အား ကောင်းကောင်းနဲ့ Subject တွေကို Composition အကြပ်နဲ့ ရေးဆွဲတင်ပြတာ တွေ့ရပါတယ်။ အဲဒီလို ဖန်တီးဖို့ သူဖြတ်သန်းခဲ့တဲ့ ခေတ်ကာလ အခြေအနေက သူ့ အနုပညာအပေါ် ရိုက်ခတ်မှု ရှိနေသလားလို့ မေးကြည့်ပါတယ်။
“ကျနော့် ပန်းချီးကားတွေမှာ အဲဒီလိုနိုင်ငံရေး လူမှုရေး ဝန်းကျင် အနေအထားက ရိုက်ခတ်တာမျိုး မရှိပါဘူး။ အဲဒီ အချိန်က ကျနော် ရှာဖွေ စမ်းသပ် ဖန်တီး ရေးဆွဲနေတဲ့ အချိန်ပါ။ အထူးသဖြင့် Composition အကြပ်ထဲမှာ Tone အား ကောင်းကောင်းနဲ့ ရုန်းကြွနေတာ၊ တိုးထွက်နေတာကို အာရုံရောက်နေမိတာ ဖြစ်မယ် ထင်ပါတယ်” လို့ ရှင်းပြပါတယ်။
ဒါပေမယ့် ၂၀၀၈ ကနေ ၂၀၁၀ အတွင်းမှာတော့ ပန်းချီကားရဲ့ Foreground, Middle ground နဲ့ Backgroud တွေမှာ Middle ground ကို Tone အား ကောင်းကောင်းနဲ့ အလင်းပါအောင် ဂရုစိုက် ရေးဆွဲတာ တွေ့ရပါတယ်။ အဲဒီလို ဖန်တီးလာမှုနဲ့ ပတ်သက်ပြီး အလင်း အမှောင်နဲ့ Tone အနုအရင့်ကို ရှာဖွေပြီး စမ်းသပ်ရေးဆွဲတာလို့ ပြောပြ ပါတယ်။
၂၀၁၀ နောက်ပိုင်းမှာတော့ သူဟာ Tone Line Foreground, Middle ground နဲ့ Backgroud အား၊ Line အားနဲ့ အရောင်အားကောင်းကောင်းတွေ ဖန်တီး လာမှု အပေါ် တခြားပန်းချီဆရာ တချို့နဲ့ နှိုင်းယှဉ်ပြောဆိုတာလည်း ရှိပါတယ်။ အဲဒီအပေါ် ပန်းချီမောင်ခိုင်မာက –
“ကျနော်ရဲ့ လိုင်းအသွက်နဲ့ ရေးဆွဲတာမျိုး၊ အတိအကျ မဟုတ်ဘဲ စိတ်ကူးရှိသလို ဖန်တီးယူတာကို ဟန်အနေနဲ့ တဦးတယောက်နဲ့ တူနေသလို ဖြစ်နေတာမျိုး ရှိချင်လည်း ရှိနေနိုင်ပါတယ်၊ ဒါပေမယ့် ကျနော် သွားချင်တဲ့ အနေ အထားနဲ့ ကျနော့်ရဲ့ သဘောထား ရည်ရွယ်ချက်က လုံးဝကွဲပြားနေတာ တွေ့နိုင်ပါတယ်” လို့ ပြောပြပါတယ်။
အနုပညာ ဖန်တီးတင်ပြရာမှာ တချို့က ဒဿန အမြင်တရပ်ရပ်ကို ထည့်သွင်းဖန်တီးတတ်ကြသလို၊ တချို့ကတော့ သဘာဝတရားကို အလေးဖန်တီးကြပြန်ပါတယ်။ ဒါပေမယ့် သူကတော့ သူ့စိတ်ခံစားမှုကို ထင်ဟပ်ပြဖို့ အားသန်သူ ဖြစ်တယ် လို့လည်း ပြောပါတယ်။
မောင်ခိုင်မာကို ၁၉၈၀ ခုနှစ်၊ စစ်တွေမြို့မှာ ဦးစိန်မောင်လှနဲ့ ဒေါ်မြသန်းကြည်တို့က မွေးဖွားပြီး သူငယ်စဉ် ကတည်းက ဂွမြို့မှာ နေထိုင်ကြီးပြင်းခဲ့ပါတယ်။ မွေးချင်းမောင်နှမ ၃ ဦးရှိပြီး၊ သူ့ရဲ့ ဆွေမျိုး အသိုင်းအဝိုင်းမှာ အနုပညာမျိုးရိုး မရှိဘူးလို့ သိရပါတယ်။ မောင်ခိုင်မာဟာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးနောက် ၂၀၀၀ ပြည့်နှစ်မှာ ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ၂၀၀၄ မှာ ရန်ကုန် အမျိုးယဉ်ကျေးမှုတက္ကသိုလ်က ပန်းချီအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပြီး သူဟာ အုပ်စုပြပွဲ အတော်များများမှာ ပါဝင် ပြသခဲ့ပါတယ်။
သူ့ဘဝနဲ့ အနုပညာ စတင်ဆက်စပ်လာတဲ့ အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။
“ကျနော် ငယ်ငယ်ကတည်းက အများဆုံး ထိစပ်ခဲ့တာက ကာတွန်းနဲ့ သရုပ်ဖော်ပုံတွေပါ။ တခါတလေ ကူးဆွဲလိုက်၊ တခါတလေ အလွတ်ရေးဆွဲလိုက်နဲ့ ပေါ့။ နောက်ပိုင်း ကျနော် ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးချင်လာတယ်။ ဒါနဲ့ ၁၀ တန်းအောင်ပြီးတော့ ကျနော် ယဉ်ကျေးမှု တက္ကသိုလ် ဆက်တက်ဖြစ်ပါတယ်။ တက္ကသိုလ် တက်နေတဲ့ နှစ်တွေမှာ လည်း ကာတွန်းတွေ သရုပ်ဖော်ပုံ တချို့လည်း မဂ္ဂဇင်း တချို့မှာ ရေးဆွဲခဲ့ဖူးပါတယ်။ နောက်ပိုင်း အဆက်အသွယ် အရရော တခြားကိစ္စတွေကြောင့် ဆက် မလုပ်ဖြစ်တော့ဘူး။ နောက်ပိုင်းမှာ ပန်းချီကို ပိုပြီး အာရုံရောက်သွားတယ်။ ဒါပေမယ့် ကျနော့်ပန်းချီလက်ရာတွေထဲမှာ ကာတွန်းနဲ့ သရုပ်ဖော် ငွေ့အသက်တွေ ပါဝင်နေဆဲပါ” လို့ သူက ပြောပါတယ်။
သူဟာ ကာတွန်း၊ သရုပ်ဖော်တွေ အပြင် ဟာသ ဝတ္ထုတိုတချို့လည်း ရေးခဲ့သူပါ။ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲ ဖြစ်တဲ့ About Yangon (ရန်ကုန်အကြောင်း) ပန်းချီပြပွဲကို လောကနတ် ပြခန်းမှာ ၂၀၁၃ ခုနှစ် မတ် ၄ ကနေ ၉ ရက်နေ့အထိ ခင်းကျင်း ပြသခဲ့ပါတယ်။ My Yangon My Home အနုပညာ လှုပ်ရှားမှုမှာလည်း ဒုတိယ တကိုယ်တော် ပန်းချီပြပွဲကို ပြသနိုင်ခဲ့တာ တွေ့ရပါတယ်။
သူဟာ ရခိုင်တိုင်းရင်းသား ပန်းချီဆရာတဦး ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေး ပြောင်းလဲလာမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ လို့ မေးကြည့်တော့ မောင်ခိုင်မာက –
“ကျနော့် အနေနဲ့ ပြောင်းချင်ယောင်ဆောင်နေဆဲပဲ လို့ မြင်ပါတယ်။ စောစောက ပြောခဲ့သလို ကျနော့် အနုပညာ ဖန်တီးမှု အပေါ်မှာတော့ သက်ရောက်မှု မရှိပေမယ့် လက်ရှိ ပြောင်းလဲမှုတွေက ပြောင်းချင်ယောင် ဆောင်နေဆဲပါပဲ၊ အကောင်းဆုံး အပြောင်းအလဲကိုတော့ ကျနော် တယောက်တည်းမှ မဟုတ်ဘူး၊ အားလုံးမျှော်လင့်နေတာပါ” လို့ ပြောပါတယ်။
အနုပညာသမား တဦးအတွက် ဘာအရေးအကြီးဆုံးလို့ ယူဆပါသလဲ လို့ သူ့ကို မေးဖြစ်ပါတယ်။ အရပ်မြင့်မြင့် အသားမဖြူမညို ပန်းချီမောင်ခိုင်မာက အေးဆေးတည်ငြိမ်စွာနဲ့ အခုလို ပြန်ပြောပြပါတယ်။
“ကျနော့် အနေနဲ့ အနုပညာသမား တယောက်ဟာ ဖန်တီးတဲ့ အခါ ကိုယ့်ဆီမှာ ရှိသလောက်နဲ့ ရိုးရိုးသားသား ဖန်တီးဖို့ လိုတယ်လို့ ယူဆပါတယ်။ ကိုယ့်ဆီမှာ အများကြီး မရှိဘဲနဲ့ အများကြီးရှိသလို ထင်ရအောင် လုပ်ပြတာမျိုး အနုပညာ သမား တယောက် အတွက် မဖြစ်သင့်ဘူးလေ။ တခုခု ပိုလွန်သွားရင် မကောင်းတော့ဘူး၊ ပျက်သွားပြီ လို့လည်း ခံယူထားပါတယ်” လို့ ပြောပြပါတယ်။
သူ ဆက်လက် လုပ်ဆောင်မယ့် အစီအစဉ် တချို့အကြောင်းကိုလည်း သူက အခုလို ပြောပြပါတယ်။
“နောက်ဆက်လုပ်သွားမယ့် စီးရီး အနေနဲ့ Figure တွေ ရေးဦးမယ်၊ Nude ပန်းချီတွေလည်း ရေးဦးမယ်လို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် ချက်ချင်းတော့ မဖြစ်နိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့် အတွက် ရည်ရွယ်ရာ စိတ်ကူးက အရေးကြီးသလို အဲဒီစိတ်ကူးကို ရည်ရွယ်တဲ့ အတိုင်း ဖန်တီးယူဖို့ ကျတော့ ကျနော် သေချာအောင် ရှာဖွေရတယ်၊ ဆန်းစစ်ရတယ်။ ဒါကြောင့် အချိန်နည်းနည်း စောင့်ရတယ်”
သူဟာ တက္ကသိုလ် ပထမနှစ်တက်ရောက်စဉ် မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ကိုယ့်ကိုယ်ကို မိတ်ဆက် ပြောခဲ့တုန်းက ပန်းချီဆရာ ဖြစ်ဖို့ထက် အနုပညာရှင် တဦးဖြစ်ဖို့ ရည်ရွယ်ပါတယ်လို့ ပြောခဲ့ပါတယ်။ တကယ်လို့ အနုပညာရှင် မဖြစ်ရင် ဘာဖြစ်မယ် ထင်သလဲလို့ ထပ်ဆင့်မေးတဲ့ အခါ သူက –
“အဲဒီလို အနုပညာရှင် မဖြစ်ရင် ဘာဖြစ်မလဲ ဆိုပြီးတော့ မတွေးခဲ့ဖူးဘူး။ အနုပညာက ကျနော် လိုလားရာ ယုံကြည်ရာ ဖြစ်နေလို့ပါပဲ” လို့ ပြောပါတယ်။ ။