ဆောင်းပါး

UWSA နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

သြဂုတ်လကုန် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ဒီမိုကရေတစ် မဟာမိတ်တပ်မတော်(NDAA) သို့မဟုတ် မိုင်းလားအုပ်စုတို့ ထောက်ခံ ပါဝင်လာပါသည်။

မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံရန် ရှမ်းပြည်နယ် အခြေစိုက် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် မိုင်း လားအုပ်စုမှ အဆင့်မြင့် ကိုယ်စားလှယ်များ နေပြည်ေတော်သို့ သွားရောက်ခဲ့ပြီးနောက်  ယင်းသို့ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပန်ဆန်းတွင် အခြေစိုက်သော UWSA က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရှောင်လွဲမရသော ပြဿနာတခု ဖြစ်သည်။ UWSA မပါဝင်ပါက အစိုးရက ချုပ်ဆိုနိုင်သော မည်သည့် ငြိမ်းချမ်းရေးစာချုပ်မဆို ပြီးပြည့်စုံခြင်းမရှိဘဲ ရေရှည်ခံမည် မဟုတ်ပါ။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ကဲ့သို့သော အခြား တိုင်းရင်းသား လက်နက်က်ိုင်အဖွဲ့ များနှင့် ယှဉ်လျှင် UWSA ၏ အနေအထားကို ပြင်ပကမ္ဘာက အနည်းငယ်သာ သိရှိထားခဲ့သည်။ ထိုသို့ ဖြစ်ရခြင်း မှာ ၎င်းတို့၏ သီးခြားနေလေ့ရှိသည့် သသောသဘာဝအရ သာမက အမေရိကန်နိုင်ငံ၏ ပိတ်ဆို့ အရေးယူမှု ပစ်မှတ်ဖြစ်စေခဲ့သော မူးယစ်မှောင်ခိုမှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားမှုကြောင့်လည်း ဖြစ်သည်။

မည်သို့ဆိုစေ UWSA ၏အနေအထားနှင့် ရည်မှန်းချက်များကို တိကျစွာ နားလည်ထားခြင်းသည် မကြာမီ ကျင်းပတော့မည့် ပင်လုံညီလာခံနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မရှိမဖြစ် လိုအပ်သော အချက်ဖြစ်ပါသည်။

UWSA ၏ ထူးခြားသောလက္ခဏာမှာ မည်သည့်အခါကမျှ သို့ မဟုတ် လတ်တလော အချိန်အထိ လွတ်လပ်ရေး မတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အစိုးရအရာရှိများ နှင့် တွေ့ဆုံမှုများ၊ သီးခြား မူဝါဒဆွေးနွေးပွဲများတွင် UWSA က ၎င်းတို့ကိုယ်၎င်းတို့ မြန်မာနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အမြဲယူဆပြီး ထိုသို့ ဆက်လက်ရပ်တည်သည်။

ဤအချက်သည် ကာလရှည်ကြာစွာ ရပ်တည်ခဲ့ကြသော အခြားအဖွဲ့များ၏ ရည်မှန်းချက်များနှင့် အခြေခံအားဖြင့် ကွဲပြားသည်။ သို့သော် တပြားတည်းသော ဒင်္ဂါး၏ အခြားတဘက်တွင်မူ UWSA က ဗဟိုအစိုးရထံမှ ရယူရန်ကြိုးစားနေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်က လွန်စွာ မြင့်မားနေခြင်းဖြစ်သည်။

UWSA ၏ အမြင်တွင် မြန်မာ ဗဟိုအစိုးရသည် ကချင်ပြည်နယ်ကဲ့သို့ မဟုတ်ဘဲ ဝဒေသကို လွန်ခဲ့သည့် ဆယ်စုနှစ် ၄ ခုလုံး ထိရောက်စွာ ထိန်ုးချုပ်နိုင်ခြင်းမရှိဘဲ UWSA ကသာ နို်င်ငံရေး အရ၊ စီးပွားရေးအရ နှင့်စစ်ရေးအရ အမြဲတမ်း စီမံခန့်ခွဲနေသည့် နေရာအဖြစ် ယူဆထားသည်။

UWSA က တနိုင်ငံလုံးရှိ အခြားဒေသများထက် ၎င်းတို့ဒေသတွင် စီးပွားရေး နှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးမှု သာလွန်ခြင်းကို ဂုဏ်ယူပြီး ထိုအနေအထားကို ဗဟိုအစိုးရသို့ လက်လျှော့ပေးအပ်ရန် ရည်ရွယ်ချက်မရှိပါ။

UWSA က လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဆင့်မှ တိုင်းရင်းသား ပြည်နယ်တခု အဖြစ် မြှင့်တင်ပေးရန် တောင်းဆ်ိုထားသည်။ ထိုအနေအထားသည် နိုင်ငံရေးအရ ပိုမိုကြီးမားသော တရားဝင်ဖြစ်မှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် စီးပွားရေးအခွင့်အရေးများ ပါဝင်မည်ဟု ယုံကြည်ရသည်။

UWSA ၏ အမြင်တွင် ပြည်နယ်အဆင့်အတန်းမှာ လိုလားဖွယ် ဖြစ်သော်လည်း မရှိမဖြစ် လိုအပ်သည်တော့ မဟုတ်ပါ။ ထိုကိစ္စကို ညှိနှိုင်း ဆွေးနွေးမည့် အကြောင်းအရာအဖြစ် တင်သွင်းလိုသော်လည်း အဆုံးအဖြတ် ပေးသောအချက် ဖြစ်လာဖွယ်ရာ မရှိပါ။

သို့သော် ဝတို့အတွက် ပြည်နယ်အဆင့်အတန်းမှာ အဆုံးအဖြတ် ပေးသောအချက် (ပိုင်နက်နယ်မြေ) နှင့် နီးကပ်စွာ ဆက်စပ်နေသည်။ လက်ရှိအချိန်တွင် UWSA က နယ်မြေ ၂ ခုကို ထိန်းချုပ်ထားသည်။ တခုမှာ တရုတ်နယ်စပ်နှင့် နီးကပ်သော အစဉ်အလာ အခြေစိုက်စခန်း ဖြစ်သည့် ပန်ဆန်းကို ဗဟိုပြုပြီး အခြားတခုမှာ ထိုင်းနှင့် နယ်နမိတ် ထိစပ်နေသော ၁၇၁ စစ်ဒေသ ဖြစ်သည်။ ထိုဒေသကို ၁၉၉၀ ခုနှစ်များအလယ်မှစ၍ မြန်မာ့တပ်မတော်နှင့် လက်တွဲ၍ ဘိန်းဘုရင်ခွန်ဆာ ထံမှ သိမ်းယူခဲ့ ခြင်းဖြစ်သည်။

စစ်တပ်က ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မြောက်ပိုင်းရှိ မြို့နယ် ၆ ခုကိုသာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွင် ပါ၀င်သော နယ်မြေအဖြစ် ပြဌာန်းသည့်အတွက် ၁၇၁ စစ်ဒေသ၏ အနေအအထားမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။

UWSA ကမူ ထိုတောင်ပိုင်း အခြေခံဒေသသည် ခွန်ဆာနှင့် သွေးမြေကျ ခက်ခက်ခဲခဲတိုက်ခဲ့သော စစ်ပွဲများအတွက် စစ်အစိုးရက ပေးသော လျော်ကြေးဟု ရှုမြင်သည်။ သို့သော် ထိုကဲ့သို့သော ကိစ္စကို စာဖြင့် အထင်အရှား သဘောတူထားခြင်းမျိုး မရှိခဲ့သလို မကြာသေးမီနှစ်များကလည်း မြန်မာ့တပ်မတော်က မကြာခဏ စိန်ခေါ်ခဲ့သည်။

UWSA ၏ အမြင်အရကြည့်ပါက ဖြစ်နိုင်ချေတခုမှာ ထိုတောင်ပိုင်းနယ်မြေသည် ဝအထူးဒေသသစ်တခု ဖြစ်လာနိုင်သည်။ အစိုးရက UWSA ကို မြောက်ပိုင်းတွင် နယ်မြေသစ် ကြီးကြီးမားမား လျော်ကြေးမပေးခဲ့လျှင် သူတို့က တောင်ပိုင်းနယ်မြေကို လိုလိုချင်ချင် စွန့်လွှတ်မည်မဟုတ်ပေ။

UWSA က ယခင်သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ် တွင် ပြုလုပ်ခဲ့သော တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ သံသယ အများအပြား ရှိခဲ့ကြသော်လည်း လက်တွေ့တွင် UWSA ၏ စဉ်းစားပုံ ယုတ္တိဗေဒမှာ ရှင်းလင်းပါသည်။ ၁၉၈၉ မှစ၍ UWSA နှင့် အစိုးရကြားတွင် ပဋိပက္ခ မရှိခဲ့ပါ။ ထို့ကြောင့် မည်သည့် ပစ်ခတ်မှုမျှ မရှိလျှင် မည်သည့်အတွက် အပစ်အခတ်ရပ်စဲရန် လိုသနည်း ဟူ၍ ဖြစ်သည်။

UWSA က အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ဟူသော ဝေါဟာရသည် ၎င်းတို့နှင့် အစိုးရအကြား ဆက်ဆံရေးကို အကြီးအကျယ် နက်ရှိုင်းစွာ သရုပ်ပျက်စေသည်၊ ငြိမ်းချမ်းရေး ဟူသော ဝေါဟာရနှင့်သာ ပို၍ အဆင်ေပြသည်ဟု ခံစားရသည့် သဘောဖြစ်သည်။

UWSA ၏ တနို်င်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် စိတ်အားထက်သန်မှု မရှိခြင်းမှာ မြန်မာအစိုးရဘက်မှ မကြာခဏ ပြောင်းလဲမှုနှင့် ရှေ့နောက်မညီမှုများကြောင့်လည်း ပါသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အဆိုမပြုမီက ယခင်အစိုးရနှင့် ညှိနှိုင်းနေသော အဆင့် ၃ ဆင့် သဘောတူညီချက်ကို UWSA က အလေးထားသည်။ သူတို့က ထိုအစီအစဉ်၏ ပထမ ၂ ဆင့် ဖြစ်သည့် ပြည်နယ်နှင့် ပြည်ထောင်စု အဆင့်တွင် ပြီးစီးခဲ့ပြီးဖြစ်၍ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးခြင်းသည် နောက်ပြန်ရောက်သွားခြင်းဟု မြင်သည်။

UWSA အတွင်းမှ သဘောထား တင်းမာသူများက အစ်ိုးရသည် မည်သည့် အနာဂါတ်သဘောတူညီမှုကို မဆို စွန့်ပစ်နိုင်သည်ဟု ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် အဆင့် ၃ ဆင့် ငြိမ်းချမ်းရေးမူဘောင်မှ လျော့ရဲသည့်အပိုင်းများကို မပြုပြင်ဘဲ သို့မဟုတ် မှန်ကန်သော ရှင်းလင်းချက် မပေးဘဲ တိတ်တဆိတ် စွန့်ပစ်လိုက်သောကြောင့်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုသော ဝေါဟာရကို သုံးသည်ဖြစ်စေ မသုံးသည် ဖြစ်စေ ထိုအချက်က UWSA ပင်လုံညီလာခံတွင် ပါဝင်ခြင်းအပေါ် ကြီးမားသော သက်ရောက်မှုရှိမည် မဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ အမျိုူသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာခြင်းသည် ဒီမိုကရေစီ၏အောင်ပွဲဖြစ် ကြောင်း နှင့် ထိုအစိုးရသည် လူနည်းစု တိုင်းရင်သားများအတွက် တရားမျှတ၊ သမာသမတ်ရှိပြီး တန်းတူညီမျှသော အစိုးရဖြစ်မည်ဟု မျှော်လင့်ကြောင်း UWSA က အသိအမှတ်ပြုခဲ့သည်ကို ပြောရန် လိုမည်မဟုတ်ပါ။

သို့သော် စစ်ဘက်က ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်၊ မဆောင်ရွက်မည် အထူးသဖြင့် စစ်တပ်က နိုင်ငံရေးတွင် မည်မျှ ဩဇာ သက်ရောက် ပါဝင်နေမည်တို့ကို စောင့်ကြည့်ဦးမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဗမာလူမျိုး တယောက် ဖြစ်နေသည့်အတွက် တိုင်းရင်းသား လူနည်းစုများအပေါ် မည်မျှ သဘောထားကြီး မျှတနိုင်မည်အပေါ် သံသယ ထားရှိသည်မှာ UWSA တဖွဲ့တည်း မဟုတ်ပါ။

UWSA က မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကြားတွင် တရားမဝင် ခေါင်းဆောင်မှု ရှိနေသည့် အနေအထားကို ကျေနပ်နေခဲ့သည်။ ပထဝီအနေအထားအရ နီးစပ်မှုနှင့် သမို်င်း အစဉ်အလာအရ မိုင်းလားအုပ်စုနှင့် မဟာမိတ်ဖြစ်နေခြင်းကိုလည်း ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ထိုအဖွဲ့ ၂ ဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအဝင် အကြောင်းကိစ္စ အများအပြားတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

၂ ဖွဲ့လုံးက ယခင်အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် မပါ၀င်ခဲ့သည့် လက်နက်ကိုင် အဖွဲ့ များဖြစ်သော ကိုးကန့်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရခိုင့်တပ်မတော် (AA) တို့ကို ထောက်ခံခဲ့သည်။ ၂၀၁၅ ခုနှစ်က ပန်ဆန်းတွင် ထိပ်သီးဆွေးနွေးပွဲ ၂ ခုကို လက်ခံ ကျင်းပပေးခဲ့ခြင်းဖြင့် UWSA အပေါ် ထောက်ခံမှု အတန်အသင့်ရခဲ့ပြီး တိုင်းရင်းသား အဖွဲ့များအကြား သြဇာကို ကျစ်လစ်သိပ်သည်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က UWSA ကို တန်းတူအဖြစ် မြင်သော တခုတည်းသော တိုင်းရင်းသား အဖွဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ နှစ်ဖွဲ့လုံးက ထိုအချက်ကို တရားဝင် အသိအမှတ်ပြု ထားခြင်း မရှိသော်လည်း ၎င်းတို့က တဖွဲ့နှင့်တဖွဲ့ လုပ်ဖော်ကိုင်ဖက်များအဖြစ် သာမက ပြိုင်ဘက်များအဖြစ်လည်း မြင်ကြသည်။ UWSA က KIA အတွင်းမှ အုပ်စုကွဲအချို့က အပေးအယူ လုပ်လွန်းသည်ဟု ဝေဖန်ခဲ့သလို KIA ကလည်း UWSA သည် ထူးမခြားနား အခြေအနေတွင် ကျေနပ်လွန်းနေပြီး အနာဂတ်အတွက် ဗျူဟာမြောက်အမြင်မရှိဟု ယူဆကြသည်။

UWSA က အနာဂတ်အတွက် စိတ်ကူးတခု ရှိပါသလား။ ရှိပါသည်။ သို့သော်လည်း ၎င်း၏အမြင်က လက်ရှိ အခြေအနေကို ပိုမို အားကိုးလွန်းနေသည်။

အရာရာထက် ပို၍ UWSA က လက်ရှိ ရနေသော အခြေအနေ (အဆင့်မြင့်သော ကိုယ်ပိုင်အုပ်ချုပ်ရေး) ကို ထိန်းသိမ်းထားလိုသည်။ သူတို့က ပြည်နယ်အဆင့်ရလိုသည် သို့သော် ထိုအဆင့်ကိုမရလျှင်လည်း စစ်ပွဲကို ရွေးချယ်မည် မဟုတ်ပေ။ သို့သော်လည်း လက်ရှိအာဏာနှင့် ပိုင်နက်ကို UWSA က အလွယ်တကူ စွန့်လွှတ်မည်ဟု မျှော်လင့်ပါက ယင်းသည် စိတ်ကယောင်ကတန်းဖြစ်ခြင်းသာ ဖြစ်သည်။

UWSA ၏ အနာဂတ် စီးပွားရေးက အကန့်အသတ်ရှိနေသည်။ သူတို့၏ နယ်မြေက ကျောက်စိမ်းမထုတ်နိုင်သလို သစ်လည်း များများ မထွက်ပါ။ ဇောက်ထိုးကျနေသော နိုင်ငံတကာ ကုန်စည်စျေးနှုန်းများ ကလည်း ဖွံ့ဖြိုးလာစဖြစ်သည့် သတ္တုတူးဖော်ရေးလုပ်ငန်းကို အားလျော့စေသည်။ သူတို့အဖွဲ့၏ အဓိက စီးပွားရေး အဆက်အသွယ်မှာလည်း အိမ်နီးချင်း တရုတ်နှင့် ထိုင်းတို့သာ ရှိသည်။

ဒေသခံများက ခက်ခဲစွာ ဘဝရပ်တည်နေရသော်လည်း ပြင်ပကမ္ဘာက ကျင့်ဝတ်အရ အပြစ်တင် ဝေဖန်ခြင်း ခံနေရသည့် မူးယစ်ေဆးမှောင်ခိုခြင်းနှင့် ကာစီနိုလောင်းကစားအပါအဝင် တရားမဝင် စီပွားရေးလုပ်ငန်း အများအပြားက ဆက်လက်တည်ရှိနေသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့် ညှိနှိုင်းရာ၌ ရွေးချယ်ချက်တခု ဖြစ်လာနိုင်ဖွယ် မရှိသော်လည်း UWSA ခေါင်းဆောင်များက ၎င်းတို့၏ စီးပွားရေး တိုးတက်လာရန်နှင့် တိုးချဲ့နိုင်ရန် ကြိုးစားနေသည်။

၎င်းတို့အဖွဲ့၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကုန်သွယ်ဆက်ဆံရေး အများအပြားကို တရုတ်က အားပေးနေသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲတွင် UWSA က တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး ဆက်ဆံရေးရှိပြီး တရုတ်နိုင်ငံ၏ စာနာထောက်ထားမှုကို အများဆုံးရရှိနေသည့် အသွင်ရှိပါသည်။

UWSA ခေါင်းဆောင်အချို့မှာ ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းခဲ့သော တရုတ်ပြည်မှ ပညာတတ်လူငယ်များဖြစ်ပြီး ဝပြည်နယ် တခု ထူထောင်ရေးအတွက် တိုက်ပွဲဝင်ကြသည်။ ပန်ဆန်းမှ မြစ်တဘက်ကမ်း တရုတ်နိုင်ငံ မန်းဂမြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဝဒေသ အကြား စည်ကားသော ကုန်သွယ်ရေး ဗဟိုချက်အဖြစ် ဆက်လက် တည်ရှိနေသည်။ တရုတ်၏ သီးနှံအစားထိုးစိုက်ပျိူးရေး အစီအစဉ်များမှာလည်း UWSA ထိန်းချုပ်ဒေသများတွင် အများအပြား ရှိနေသည်။

တရုတ်နိုင်ငံက UWSA နှင့် မြန်မာအစိုးရအကြား ပဋိပက္ခကို မမြင်လိုဘဲ အန္တရာယ်များသော ဇာတ်ဝင်ခန်းကို ရှောင်ရှားရန် ၂ ဘက်လုံးကို ဖိအားပေးပါလိမ့်မည်။ သို့သော် UWSA နှင့် တရုတ်နိုင်ငံအကြား သမိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာနှင့် အရေးပါသော ဆက်ဆံရေးက UWSA ၏ သေနင်္ဂဗျူဟာများနှင့် ရပ်တည်မှုများအပေါ် မည်သည့်အကဲဖြတ်မှုအတွက်မဆို အခြေခံအုတ်မြစ်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ရန် တရုတ်က UWSA ကို ဖိအားပေးမည် မဟုတ်သကဲ့သို့ UWSA က လက်မခံလိုမှုများကို လက်ခံရန်လည်း တွန်းအားပေးမည် မဟုတ်ပေ။ တရုတ်နှင့် UWSA တို့၏ အမြင်၌ ဤကဲ့သို့သော ဖြေရှင်းမှုမျိုးသည် ပျက်စီးလွယ်၍ ရေရှည်ခံမည်မဟုတ်ဘဲ အနာဂတ် မတည်ငြိမ်မှုကို မျိုးစေ့ချခြင်းသာ ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yun Sun ၏ The UWSA and the Peace Process ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။  Yun Sun သည် ဝါရှင်တန် ဒီစီ အခြေစိုက် ကမ္ဘာ့ ဆိုင်ရာ လုုံခြံုရေးဆိုင်ရာ ပညာရှင်အဖွဲ့တခုဖြစ်သည့် Henry L. Stimson Center မှ အကြီးတန်းသုတေသီဖြစ်ပြီး Brookings Institution တွင်လည်း ပြင်ပသုတေသီ အဖြစ် ဆောင်ရွက် နေသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ်မှ စတင်လေ့လာနေခဲ့သူ ဖြစ်သည်။)

Loading