တောနက်ပြီး တောင်ကုန်း၊ တောင်တန်းများ ပတ်ပတ်လည် ဝန်းရံထားသည့် ကုလား တန်မြစ် ကြောင်းကို အားထားမှီခိုနေရသည့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့တို့၏ အပြန်အလှန် ထိုးစစ်ဆင်ပြီး စစ်ရေး အရှိန်မြင့်နေမှုက နှစ်ပတ်ကျော်အထိ ကြာမြင့် လာနေသည်။
စစ်ရှိန်အလွန်မြင့်နေသည့်အတွက် ကျောက်တော်- ပလက်ဝ လိုင်းစက်လှေများမှာ ယနေ့ထိ ရပ်တန့်နေမှုကြောင့် ပလက်ဝ မြို့နယ်အတွင်း ဆန်အပါအဝင် စားနပ်ရိက္ခာများနှင့် လူသုံးကုန် ပစ္စည်းများမှာ ပြတ်လုလု အနေအထား ရောက်ရှိနေသလို ဒေသခံပြည်သူများမှာ ကျီးလန့်စာ စားဘဝဖြင့် အသက်ရှင်သန်နေရသည်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေ၏။
ပလက်ဝမြို့ခံ ကိုဘုထန်ပိုင်းကတော့ ခရီးလမ်းများ ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်းးများ အဆမတန် မြင့်မား နေပြီး မြို့ပေါ်ဆန်ဆိုင်များမှာလည်း ရောင်းချ စရာများ မရှိတော့သည့်အတွက် စိတ်ပျက်နေပုံရသည်။ ဆန်များ ပြတ်လပ်သွားသဖြင့် ဆိုင်ခန်းများ အားလုံးပင် ပိတ်သွားပြီ ဖြစ်သည်ဟု ညည်းညူသည်။
ကိုဘုထန်ပိုင်း က “အခု ဖြစ်နေတာက ကုန်ဈေးနှုန်း အဆမတန် တက်တယ်ဆိုတာထက် တက်စရာ ပစ္စည်းကို မရှိတာဗျ။ ဆန်ဆိုင်တန်းတွေဆို ရောင်းစရာ မရှိလို့ အကုန်ပိတ်ထားတယ်။ ကြက်ဥဆို လည်း ၁ ထောင်ဖိုး ၃ လုံးနဲ့ ဝယ်နေရတယ်။ တခြားကုန်တွေလည်း ဒီလိုပဲ။ လူတွေကလည်း ရှာဖွေ စားသောက်ဖို့ တောနား တောင်နားတောင် မကပ်ရဲကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဆန်နှင့်ရိက္ခာများ ပြတ်တောက်မှုနှင့် ကြုံတွေ့နေရသည့်အတွက် သဘာဝ ဘေးနှင့် စစ်ဘေး ရှောင်များအတွက် ရည်ရွယ်ပြီး စုဆောင်းထားသည့် ဆန်အိတ် ၁၀၀၀ နီးပါး ကျေးရွာအုပ်စု အလိုက် ခွဲတန်းဖြင့် ဝေငှပြီး ဖြေရှင်နေရ ကြောင်းလည်း ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးရွာအုပ် ချုပ်ရေး အဖွဲ့ဝင်များက ပြောသည်။
ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းက “အခက်အခဲကတော့ တော်တော် ဖြစ်ပါတယ်။ ဆန်တအိတ်ကို ၂ သောင်းကျော်ကနေ ၃ သောင်းကျော်အထိ ဖြစ်နေတယ်။ အလွယ်တကူလည်း ဝယ်ဖို့ ရှာမရဘူး။ မြို့နယ်ထွေအုပ်က ကျေးရွာအုပ်စု ၁ ခုကို ဆန် ၁၀ အိတ်စီ ပေးပါတယ်။ အဲဒါနဲ့ ကျနော်တို့ စားသောက်နေရတာ။ အဲဒီဆန်တွေ ကုန်ရင်တော့ ဘယ်လို လုပ်ရမယ် မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မီးလက်ဝ ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၁၆၀၀ ကျော်ရှိကာ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၈ နာရီ အချိန်ခန့်လည်း ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ဆန် တလုံး ကျရောက် ပေါက်ကွဲမှုကြောင့် ၆ တန်း ကျောင်းသား ၁ ဦးထိခိုက်ဒဏ်ရာ ရှိခဲ့သည့်အတွက် ပလက်ဝ ဆေးရုံ သို့ ပို့ ဆောင် ထားကြောင်း အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်း က ဆိုသည်။
ထိုသို့ ရိက္ခာအခက်အခဲများနှင့် ကြုံတွေ့နေပြီး စစ်ရေး အခြေအနေများကြောင့် မီးလက်ဝ ကျေးရွာ အောက်ဘက် ခြမ်းက ဒေသခံရွာသားအချို့မှာ မြို့ပေါ်သို့ စစ်ရှောင်သွားကြောင်းလည်း အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းက ရှင်းပြသည်။
ဆိုးဝါးနေသော အခြေအနေနှင့် ကြုံတွေ့နေရသည့် ပလက်ဝမြို့နယ်အရေးကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့အား တင်ပြထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှစ်စစ်ဝန်ကြီး ဦးစိုးထက်က ပြော သည်။
လျှစ်စစ်ဝန်ကြီး ဦးစိုးထက်က “ နိုင်ငံတော်အကြီးအကဲတွေလည်း ဒီကိစ္စကို အကုန်သိပါတယ်။ ကျနော်တို့လည်း ဖြစ်နိုင်ခြေအကုန်လုံးကို တင်ပြထားတယ်။ လောလောဆယ် မလုပ်နိုင်သေးပေမယ့် လုပ်မယ့် အစီအမံတွေကိုလည်း လူကြီးတွေ စဉ်းစားပြီး လုပ်တော့ လုပ်မှာပါ” ဟု ပြောသည်။
ချင်းပြည်နယ် အစိုးရအနေဖြင့်တော့ ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြကာ ထိုပြဿနာကို ဖြေရှင်းရန် လမ်းကြောင်း အမျိုးမျိုးဖြင့် စဉ်းစားနေကြောင်း၊ မကြာမီ အချိန်တခုတွင် မူဝါဒ တခု ချက်မှတ်ပြီး ရိက္ခာသယ် ယူရေး လမ်းကြောင်း အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောသည်။
ထိုသို့ လမ်းခရီးများ ဖြတ်တောက်သွားရခြင်းမှာ ကုလားတန်မြစ်ကြောင်းအတွင်း သွားလာနေသည့် စက်လှေများကို AA တပ်ဖွဲ့ဝင်များက ဟန့်တားပြီး အနှောင့်အယှက်ပေးနေသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးထက်က ပြောသည်။
ဦးစိုးထက်က “ကုလားတန် မြစ်ကြီးက အကျယ်ကြီးပဲ အဲဒါကို ဘယ်သူမှ မတားဆီးဘဲနဲ့ သွားခွင့်ပေးလိုက်ရင် ပြီးနေတာပဲ။ အခု AA က စက်လှေတွေကို တားဆီးမှုတွေ လုပ်နေတာ တော်တော်ကို ဆိုးပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA သတင်းနှင့် ပြန်ကြားရေးဌာနကတော့ ပလက်ဝမြို့နယ်အတွင်း တပ်မတော်မှ ညမထွက်ရ အမိန့်များ ထုတ်ပြန် ထားသလို အင်တာနက်လိုင်းများပါ ဖြတ်တောက်ထားသည့် အပြင် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွား ရေလမ်းများ ပိတ်ဆို့ထားသဖြင့် ထိုသို့ စားနပ်ရိက္ခာနှင့် လူအသုံးအဆောင် ပစ္စည်း ပြတ်တောက် သွားခြင်းသာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က “ဒီဟာကတော့ ပြောင်းပြန် ပြောနေတာလို့ ပြောလို့ ရတာပေါ့။ ကုလားတန် မြစ်ကြောင်းမှာ ကျနော်တို့ဘက်က နေပြီးတော့ ပိတ်ဆို့ထားတာ တခုမှ မရှိဘူး” ဟု တုန့်ပြန်သည်။
သို့သော်လည်း AA ၏ သတင်းပြန်ကြားရေးဌာနမှ ခရီသွားပြည်သူများ အနေဖြင့် ကျောက်တော်-ပလက်ဝမြို့နယ်သို့ ဆန်အပါအဝင် လူသုံးကုန်ပစ္စည်းများ သယ်ဆောင်မည် ဆိုလျှင် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များ ပါရှိမည်ဆိုပါက လိုအပ်သော အကူအညီများကို ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
စစ်ရေးကာလ ပြင်းထန်နေသည့် အချိန်ဖြစ်သည့်အတွက် တပ်မတော်၏ ရိက္ခာ ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများ ပါရှိလာမှုကို စိစစ်တွေ့ရှိပါက ၎င်းတို့ အနေဖြင့် ထိန်းသိမ်း ကန့်သတ်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဖေဖော်ဝါရီ လဆန်းပိုင်းကတည်း တပ်မတော်နှင့် AA အဖွဲ့တို့သည် ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ် မီးချောင်းတံတားထိပ်နှင့် ကျောက်တော်မြို့နယ် အတွင်းက ကုလားတန်မြစ် အရှေ့ဘက်ကမ်း တင်းမကျေးရွာနှင့် ဝက်မကျကျေးရွာကြားတို့တွင် နှစ်ဘက် အပြန်အလှန် ထိုးစစ်ဆင်ပြီး တိုက်ပွဲဖြစ်ပွားလျှက် ရှိသည်။
မီးချောင်းတံတား အနီးရှိ တပ်မတော်တပ်စွဲထားသည့် ဗျူဟာကုန်းကို AA အဖွဲ့က အင်အား အလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်နေသလို စစ်ကူလာသည့် တပ်မတော်စစ်ကြောင်းကိုလည်း ကျောက်တော်မြို့နယ်အတွင်းက တင်းမကျေးရွာနှင့် ဝက်မကျကျေးရွာကြားတွင် ဖြတ်တောက် တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိ ကျောက်တော်မြို့နယ်နှင့် ပလက်ဝ မြို့နယ်အစပ် မီးချောင်းတံတား တပ်မတော်ဗျုဟာ ကုန်သည် ကုလာတန်မြစ်ကြောင်း စိုးမိုးရေးနှင့် ကျောက်တော်- ပလက်ဝ ကားလမ်းကို ထိန်းချုပ် နိုင်ရေးအတွက် အဓိက အချက်အချာ ကျသည့် နေရာတခုဖြစ်သည့်အတွက် နှစ်ဘက်တပ်များက မဆုတ်တမ်း တိုက်ခိုက်မည့် အနေအထားတွင် ရှိနေသည်။
နှစ်ပတ် ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး အပြန်အလှန်ထိုး စစ်ဆင်တိုက်ခိုက်နေမှုများ ကြောင့်ကျောက်တော် -ပလက်ဝ ပြေးဆွဲနေသော လိုင်းစက်လှေများမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က တည်း ယနေ့ အထိ ရပ်တန့်သွားခဲ့သည်။
ကုလားတန် မြစ်အရှေ့ဘက်ခြမ်းတွင် ဖောက်လုပ်ထားသည့် ကျောက်တော်- ပလက်ဝ ကားလမ်မှာလည်း တိုက်ပွဲများကြောင်း၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကတည်း ခရီးသွား လာမှု မရှိတော့ပဲ ပိတ်ထားခဲ့ရသည်။
လတ်တလော ဖြစ်နေသော ထိုတိုက်ပွဲများကြောင့် လမ်းခရီးများ ပြတ်တောက်သွားသည့်အတွက် ပလက်ဝမြို့နယ် အတွင်းမှ ဒေသခံ ပြည်သူ ၁၀၀ ဝန်းကျင် မှာလည်း ကျောက်တော်မြို့ပေါ်တွင် သောင်တင်နေကြောင်း ကာယကံရှင် ပလက်ဝ မြို့ခံများက ပြောသည်။
ယင်းသို့ သောင်တင်နေသူများထဲတွင် တချို့က အခြေအနေ ကြည့်ပြီး တောလမ်းအတိုင်း ပလက်ဝ မြို့နယ်အတွင်းသို့ ပြန်သွားကြသူများ ရှိသလို တချို့ ဈေးဝယ်လာသူများမှာ ကုန်ပစ္စည်းများ များပြားသဖြင့် လိုင်းစက်လှေများ ပြေးဆွဲမည် အချိန်ကို စောင့်ဆိုင်းနေကြဆဲဖြစ်သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ချင်းတိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့်အတူ ရခိုင်တိုင်းရင်း သားများလည်း နေထိုင်လျှက်ရှိကာ ချင်းပြည်နယ် အစိုးရအဖွဲ့၏ မှတ်တမ်းအရ လူဦးရေ ၁၁၀၀၀ ကျော် ရှိပြီး ထိုအထဲတွင် ရခိုင်တိုင်းရင်းသားမှာ ၁၈ ရာခိုင်နှုန်းခန့် ရှိကြောင်းသိရသည်။
အရပ်ဘက် ရခိုင်လူမှုအဖွဲ့ အစည်းများ၏ အဆိုအရတော့ ပလက်ဝ မြို့နယ်အတွင်း ရခိုင်တိုင်း ရင်းသားများ ၄၀ ရာခိုင်နှုန်းကျော် ရှိကြောင်း ပြောသည်။
ပလက်ဝ မြို့နယ်အတွင်း ချင်းတိုင်းရင်းသား မျိုးနွယ်စုဝင် ၅၃ မျိုးအနက် ခူမီး၊ မြို၊ မြာ၊ ခမီး၊ လေးဒူ၊ ခေါင်ဇို၊ ဒိုင် စသည့် ချင်းမျိုးနွယ်စု ၉ မျိုး ရှိပြီး မြို့ပေါ်တွင် ခူမီးလူမျိုးများနှင့် ရခိုင်တိုင်းရင်းသား အများအပြားနေထိုင်ကြကြောင်းလည်း သိရသည်။
ချင်းတိုင်းရင်းသားများသည် ပလက်ဝ မြို့နယ်အတွင်း AA ဝင်ရောက်၍ စစ်ရေးလှုပ်ရှားနေမှုကို လုံးဝ အလို မရှိကြသလို ရခိုင်လူမျိုးများ လွှမ်းမိုးသွားမည်ကိုလည်း စိုးရိမ်ပူပန်မှု ရှိနေကြသည်။
ပလက်ဝ မြို့ခံ တဦးက “ကျနော်တို့ AA ကို ချစ်လည်း မချစ်ဘူး။ မုန်းလည်း မမုန်းဘူး။ ရခိုင်တော်လှန်ရေး လုပ်တာမှာ မဆိုင်တဲ့ ကျနော်တို့ ချင်းလူမျိုးတွေ ဒုက္ခရောက်တာ လုံးဝ သဘာဝ မကျဘူး။ အဲဒါကြောင့် သူတို့ကို ကျနော်တို့ ပလက်ဝကနေ ထွက်သွားစေချင်တယ်” ဟု ၎င်းသဘောထားကို ဖွင့်ဟသည်။
ဆင်းရဲ မွဲတည်မှုနှင့် အတူ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်များဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် လက်နက်ကိုင် ပဋိပက္ခမှာ နှစ်အတော်ကြာ တိတ်ဆိတ်နေခဲ့သော်လည်း ၂၀၁၅ ခုနှစ် မတ်လ အတွင်း မှာတော့ ရခိုင်ပြည်နယ် အတွင်းက ကျောက်တော် မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ် တို့တွင် တပ်မ တော်နှင့် (AA) တိုက်ပွဲစတင်ခဲ့သည်။
နှစ်ဘက်တိုက်ပွဲများကြောင့် ပလက်ဝ မြို့နယ်အတွင်းမှ ရခိုင်အပါအဝင် ချင်းတိုင်းရင်းသားများမှာ နှစ်ဘက် တပ်များ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံကြရလေ့ ရှိသည့်အတွက် အချိန်မရွေး အသက် အန္တရာယ် ကျရောက် နိုင်သည့် အခြေ အနေနှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။
ထိုသို့သော အခြေအနေများကြောင့် ရက္ခိုင်စစ်တပ် (AA) ၏ စစ်ရေးလှုပ်ရှားမှုများကို ရခိုင်ပြည်နယ်အတွင်း ပြုလုပ်စေချင်ပြီး ပလက်ဝ မြို့နယ်အတွင်း ခြေကုပ်စခန်းယူကာ စစ်ရေးလှုပ်ရှား မှုကို ချင်းတိုင်းရင်းသားများက အလိုမရှိကြပေ။
တပ်မတော်က ပလက်ဝမြို့နယ်အတွင်း AA စစ်ရေး လှုပ်ရှားမှုကို တားဆီးနိုင်ရေး အတွက် ဒေသခံ ချင်းတိုင်းရင်းသား ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ပြည်သူ့ စစ်ကဲ့သို့ လျို့ဝှက်သင်တန်းများ ပေးပြီး ချင်းလူငယ်များကို စည်းရုံး လုပ်ဆောင်နေမှုများ ရှိကြောင်းလည်း စွပ်စွဲသံများလည်း ကြားရသည်။
သို့သော်လည်း ထိုစွပ်စွဲချက်များမှာ မဟုတ်မှန်ကြောင်း ပလက်ဝ မြို့နယ်အတွင်းက ချင်းတိုင်းရင်းသား ခေါင်းဆောင်များက ငြင်းဆိုထားသည်။
တဖက်တွင် AA အပေါ် ထောက်ခံသူ ဒေသခံ တချို့လည်းရှိ နေသည့်အတွက် AA က ၎င်းတို့ အတွက် အလွန်တရာ မဟာဗျူမြောက်ဖြစ်သည့်အတွက် ပလက်ဝမြို့နယ်ကို စစ်ရေးလှုပ်ရှားမှုကာလ ရှိနေ သရွေ့ ထွက်ခွာလိမ့်မည် မဟုတ်ကြောင်း စစ်ရေး ၊ နိုင်ငံရေး အကဲခတ် သူများက ပြောဆိုကြသည်။
ချင်းတိုင်းရင်းသားများ၏ သဘောထားမှာ ချင်းအမျိုးသား တပ်ဦး (CNF) အနေဖြင့် AA တပ်ဖွဲ့ ဝင်ရောက် စစ်ရေးလှုပ်ရှားမှုကို အတိုင်းအတာ တခုထိ မဟန့်တား နိုင်မှု အပေါ် အားမလို အားမရ ဖြစ်သည်။
ချင်းတိုင်းရင်းသား တဦး က “CNF က ကိုယ့်လူမျိုးတွေ ဒီလောက် ဒုက္ခရောက်နေတာမှာ ဘာတခုမှ မလုပ်နိုင်ဘူး။ ကိုယ်လူမျိုးကိုတောင် မကာ ကွယ်နိုင်ရင် ဘာလို့ အဲဒီလက်နက်ကိုင်ထားတာလဲ။ ကျနော်ကတော့ အဲလို မေးချင်တယ်” ဟု ဝေဖန်သည်။
CNF ၏ သဘောထားကို မေးမြန်းကြည့်ရာတွင် ပလက်ဝ အရေးနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေထက် ပိုမို ဆိုးဝါးသွားမည်ကို မလိုလားသဖြင့် တစုံတရာ မှတ်ချက်မပေးလိုကြောင်း CNF ခေါင်းဆောင်များက ဆိုသည်။
CNF မှာအစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့တခုဖြစ်ပြီး ၎င်းတို့၏ တည်ရှိမှုကို အနောက်မြောက်တိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေတွင်သာ သဘောတူ လက်မှတ်ရေးထိုး ထားသည့်အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်သည့် ပလက်ဝ မြို့နယ်တွင် လှုပ်ရှားမှု မရှိကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်မှာလည်း ရခိုင်မြောက်ပိုင်းက မြို့နယ်များ နည်းတူ အင်တာနက် လိုင်းများနှင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခံထားရသည့်အတွက် ဓားစာခံဘဝ အလိုလို ရောက်နေရသည့် ဖြစ်ရပ်အပေါ် ခံပြင်း မိကြောင်း ချင်းတိုင်းရင်းသားများ ဆိုကြသည်။
တောတောင်ထူထပ်ပြီး ဆက်သွယ်သွားလာရေး ခက်ခဲကြမ်းတမ်းသော နယ်စပ်ဒေသများတွင် အစိုးရအား တော်လှန် ပုန်ကန်သူများက ခြေကုပ်စခန်းများ ယူကာ စစ်ရေးလှုပ်ရှားမှုကို တော်လှန်ရေး သမိုင်းတလျှောက်တွင် တွေ့မြင်ရသည်။
ရခိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် AA အဖွဲ့သည်လည်း ၎င်းတို့၏ အဓိက ခြေကုပ်စခန်းကို ကုလားတန် မြစ်ကြောင်း၏ အရှေ့ဘက်နှင့် အနောက်ဘက် တောတောင်ထူထပ်သော နေရာများနှင့် ချင်းပြည်နယ် ၊ ပလက်ဝ မြို့နယ် အထက်ပိုင်းတို့တွင် အခိုင် အမာ ခြေကုပ်ယူထားကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာ စောင့်ကြည့်သူများက ဆိုသည်။
ချင်းပြည်နယ် ထဲက ပလက်ဝမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသတခုဖြစ်သလို ဒေသ၏ ပထဝီအနေထားမှာလည်း တောင်ကုန်း ၊ တောင်တန်းများ ၊ လျိုမြောင်များ ဖြင့် တည်ရှိကာ တောင်ခါးပတ် လမ်းများကို အသုံးပြုသွားလာရသော တောင်ပေါ် ဒေသ ၁ခုလည်း ဖြစ်သည်။
ထိုအခြေအနေများက AA တပ်ဖွဲ့ဝင်များအတွက် အလွန်တရာ ဟာဗျူမြောက် ဖြစ်သလို အိန္ဒိယနိုင်ငံ ၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံတို့နှင့် နယ်စပ်ချင်း ထိစပ်နေမှုကလည်း စစ်ရေးအတွက် အထောက်အကူ ပြုရာ ထွက်ပေါက်တခု ဖြစ်နေသလားဆိုသည့် သုံးသပ်ချက်များလည်း ရှိသည်။
ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၏ ကုန်စည်စီးဆင်းမှုထွက်ပေါက်မှာ ကစ္ဆပနဒီ မြစ်ဟု ခေါ်သော ကုလားတန်မြစ် ကြောင်းကို အမှီပြုကာ အသုံးပြုနေသည့် တခုတည်းသော ရေလမ်းထွက်ပေါက်ဖြစ်သည်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်း မီဇိုရမ်ပြည်နယ်နှင့် ပင်လယ်ထွက်ပေါက် တခုဖြစ်သည့် ရခိုင်ပြည်နယ် ၊ စစ်တွေမြို့သို့ ကုန်စည် စီးဆင်းရန် ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး (KMTTP) စီမံကိန်း ကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်လျှက် ရှိသည်။
ထိုကုလားတန်စီမံကိန်း တည်ဆောက်ရေးကို AA တပ်ဖွဲ့ဝင်များက မကြာခဏ နှောင့်ယှက်ကာ ပလက်ဝ တံတား စီမံကိန်းအတွက် ရေယာဉ်များဖြင့် မြစ်ကြောင်းအတိုင်း သွယ်ယူသည့် တံတား သံဘောင်ပစ္စည်းများကိုလည်း မီးရှု့ိဖျက်စီးကြောင်းလည်း တပ်မတော်က စွပ်စွဲလေ့ ရှိသည်။
AA ကတော့ ကုလားတန်စီမံကိန်းအပေါ် နှောင့်ယှက် ဖျက်စီးစရာ မရှိကြောင်း၊ ဆောက်လုပ်ရေး ပစ္စည်းများ တင်ဆောင်သွားလာမည်ဆိုပါက ၎င်းတို့ အား သတင်းပို့ပြီးမှ သွားရမည် ဖြစ်ကာ တပ်မတော် ရေယာဉ်များဖြင့် စစ်ဆင်ရေး ပုံစံ တင်ဆောင်ပြီး သွားမည်ဆိုပါက ပစ်ခတ်ရမည် ဖြစ်ကြောင်း တုန့်ပြန်ထားသည်။
အိန္ဒိယနိုင်ငံမှ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် အရပ်သားများ အတွက် အမေရိကန် ဒေါ်လာ ၂၃၅၄၅၆ တန်ဖိုးရှိသော ဆန်အပါအဝင် ကယ်ဆယ်ရေး ပစ္စည်းများ အား ပြည်နယ် အစိုးရအဖွဲ့သို့ ပေးအပ်သည့် အခမ်းအနားကို ပြီးခဲ့သော ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားအပြီးတွင် အိန္ဒိယသံအမတ်ကြီးအား ကုလားတန်မြစ်ကြောင်း စီမံကိန်း တည်ဆောက် လုပ်ငန်းများနှင့်ပတ်သက်ပြီး လုံခြုံရေး အခြေအနေနှင့် AA ခေါင်းဆောင်များ၏ ထုတ်ဖော် ပြောကြား ထားမှု အပေါ် သတင်းမီဒီယာများက မေးမြန်းရာတွင် စီမံကိန်း တည်ဆောက်ရာတွင် လုံခြုံရေး ဆိုင်ရာ အခက်အခဲတချို့ ရှိသည်မှာ မှန်သော်လည်း အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ကုလားတန်စီမံကိန်းမှာ ရခိုင်ပြည်သူများ အကျိုးဖြစ် ထွန်းမည့် စီမံကိန်း တခုဖြစ်သည့်အတွက် အဆင်ပြေ ချောမွေ့ သွားမည်ဟုသာ ယုံကြည် လက်ခံထားကြောင်းသာ တုန့် ပြန်ဖြေဆိုခဲ့ပြီး AA အဖွဲ့နှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု ပြောဆိုသွားခြင်း မရှိပေ။
လေ့လာ စောင့်ကြည်သူများကတော့ အိန္ဒိယ နိုင်ငံသည် နယ်စပ်ဒေသက AA အဖွဲ့အပေါ် အလွန်တရာ သတိထား ကိုင်တွယ်နေပြီး ၎င်းတို့ တည်ဆောက်နေသော ကုလားတန်စီမံကိန်းမှာ ရခိုင်ပြည်နယ်၏ မြို့တော်လည်းဖြစ် ၊ ပင်လယ် ဆိပ်ကမ်းမြို့လည်း တခုဖြစ်သည့် စစ်တွေမြို့တွင် အခြေတည်နေသည်။
အခြားတဘက်တွင် AA အဖွဲ့မှာလည်း ရခိုင်လူထု၏ ထောက်ခံမှုကို တခဲနက် ရရှိထားသည့်အချက်များကို ထည့်သွင်း စဉ်းစားကာ နှစ်ဘက်လုံးနှင့် အဆင်ပြေမည့် လမ်းကြောင်းကို ရွေးချယ်ကာ အိန္ဒိယ နိုင်ငံက လက်ခံ ကျင့်သုံးနေဟန်ရှိကြောင်း သုံးသပ်ကြသည်။
AA နာမည်ဖြင့် အစောဆုံး ဖွဲ့စည်းခဲ့သော ဗိုလ်ရာဇာ (ခ) ခိုင်ရာဇာနှင့် သူ၏ တပ်မှူးများကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် အက်ဒမန်ကျွန်းစုရှိ လန်ဖောကျွန်းတွင် အိန္ဒိယစစ်တပ်က လုပ်ကြံ သတ်ဖြတ်ခဲ့မှု မှာလည်း အိန္ဒိယ နိုင်ငံအတွက် သမိုင်းဆိုး တခု အဖြစ် တည်ရှိနေသည်။
ရခိုင်တော်လှန်ရေး ခေါင်းဆောင် ခိုင်ရာဇာနှင့်အတူ တပ်ဖွဲ့ဝင် ၆ ဦး လုပ်ကြံသတ်ဖြတ်ခံရမှု အပေါ် ရခိုင်ပြည်သူများ ရင်ထဲတွင် နာကျည်းချက်များ ကိန်းဝပ်နေသည့်အတွက် တချိန်ချိန်တွင် ပေါက်ကွဲ ထွက်လာကာ ကုလားတန်စီမံကိန်း အပေါ် ထိခိုက်မည့် အရေးကိုလည်း အိန္ဒိယအစိုးရအနေဖြင့် စိုးရိမ် ပူပန်မှု ရှိကြောင်းလည်း စစ်ရေး လေ့လာသူများက ဆိုသည်။
AA ၏ စစ်ရေးလှုပ်ရှားမှု အခြေအနေတွင် နယ်စပ်ချင်း ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ သဘောထားနှင့် နိုင်ငံခြားရေး ပေါ်လစီမှာလည်း ကြားနေ ဝါဒကို ကျင့်သုံးကာ AA အတွက်တော့ အတိုင်း အတာ တခုထိ နားလည် မှု ရရှိထားဟန် ရှိကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်များ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် အိုးအိမ်ပျက်သုဉ်းကာ ထွက်ပြေး ရောက်ရှိလာသည့် အကြောင်းအရာများကြောင့် မြန်မာအစိုးရနှင့် သံခင်းတမံခင်းမှာ အဆင်မပြေသည့် အခြေတွင် ရှိသည်။
ဘင်္ဂလားဒေ့ရ်ှ၏ နိုင်ငံနယ်စပ်မျဉ်းများမှာ ရခိုင်ပြည်နယ်အထဲက ဘူးသီးတောင်၊ မောင်တောမြို့ နယ်စပ်များနှင့် ထိစပ်နေပြီး ချင်းပြည်နယ် ၊ ပလက်ဝ မြို့နယ် အနောက်ဘက်ခြမ်းနှင့်လည်း ထိစပ်နေသည်။
ထိုသို့သော အခြေအနေများကြောင့် နယ်စပ်ဒေသ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံတို့၏ နယ်စပ် ထွက်ပေါက်များမှာ ပြီးပြည့်စုံသည့် စစ်ရေး ထွက်ပေါက်တခု မဟုတ်သော်လည်း AA အဖွဲ့၏ စစ်ရေး လှုပ်ရှားမှုအတွက် အတိုင်းအတာ တခုထိ အရေးပါနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပြုသည်။
ထိုဒေသတွင် တပ်မတော်နှင့် တိုက်ခိုက်မှုများ နှစ်ချီကြာမြင့်လာပြီဖြစ်သည့် AA ၏ လက်နက်နှင့် လူအင်အား အပေါ် စိတ်ဝင်စားမှုများ ရှိလာသလို တောတောင်ထူထပ်သော ပလက်ဝမြို့နယ်တွင် ခေတ်သစ် ရခိုင် လက်နက်ကိုင်အဖွဲ့ AA အတွက်တော့ မဟာဗျူဟာမြောက် စစ်ရေး လူပ်ရှားမှု ထွက်ပေါက်တခု ဖြစ်သည်ကိုတော့ ငြင်းနိုင်မည် မဟုတ်ပါ။
သို့အတွက်ကြောင့် AA အပေါ် ချင်းလူထုက မလိုလားသော်လည်း နယ်စပ်ဒေသ အိမ်နီးချင်းနိုင်ငံ များနှင့် ရခိုင်ပြည်နယ်သို့ ကူးလူးဆက်သွယ်ရန် လွယ်ကူလွန်းသော ပလက်ဝမြို့နယ်အတွင်း AA စစ်ရေး လှုပ်ရှားမှုမှားမှာ ဆက်ရှိနေမည်ဖြစ်သည်။
ထိုကဲ့သို့ စစ်ရေးလှုပ်ရှားမှုများ ရှိနေသမျှ ပလက်ဝ ဒေသသည် စစ်ပွဲကြားမှ မြေဇာပင် အဖြစ်သာ ဆက်လက် ကြုံတွေ့ရနိုင်ပြီး ထိုအခြေအနေများကြောင့် ဒေသခံများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဆုတ်ယုတ်နိုင်သည့် အကျိုးဆက်များလည်း ခါးစည်းခံရတော့မည်သာ …။
You may also like these stories:
တိုက်ပွဲကြောင့် ပလက်ဝမြို့ရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ
ပြောင်းလဲနေသော ရခိုင်စစ်ပွဲ မြေမျက်နှာပြင်
အခြေနေဆိုးလာသည့် ပလက်ဝအရေး ဖြေရှင်းရန် ပြည်ထောင်စု အစိုးရထံ တင်ပြ