ကသည်းနှင့် မြန်မာ ဆက်နွယ်မှုမှာ ယခုမှ မဟုတ်ပါ၊ ရှေးကပင် ပဏ္ဏာဆက်နိုင်ငံဖြစ်ခဲ့ပြီး ကသည်းစော်ဘွားများနှင့် မြန်မာမင်းများအကြား သမီး ကညာဆက်သည့် အလေ့အထရှိသည်။
ညောင်ရမ်းခေတ် တနင်္ဂနွေမင်း (၁၇၁၄ – ၁၇၃၄) လက်ထက် အင်အား ၃သောင်းခန့်ရှိ ကသည်းတပ် စစ်ကိုင်းကောင်းမှု တော် အရောက် ချီလာပြီး ကျောင်းကန်၊ ဘုရားများကို မီးရှို့ဖျက်ဆီးကာ အင်းဝကိုမူ ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ဘာသာရေးအရ ဧရာဝတီမြစ်၌ ရေချိုးကာ တပ်ခေါက်ပြန်သွားခဲ့ကြောင်း ရာဇဝင်ရှိခဲ့သည်။
တတိယမြန်မာနိုင်ငံ ထူထောင်သူ အလောင်းမင်းတရားလက်ထက်မှာတော့ ကသည်းစော်ဘွားအချင်းချင်း နန်းလုမှုကို အကြောင်းပြုပြီး ကသည်းပြည်တွင်းရေးကို မြန်မာတို့က ဝင်ရောက်စွက်ဖက်သလို မိမိလိုလားသူကို ထီးနန်းတင်ပေးသည့် အလေ့လည်း ရှိခဲ့သည်။
၁၇၅၈ ခုနှစ်၌ ကသည်းစော်ဘွား ဂေါ်ရသျှား အုပ်ချုပ်သော မဏိပူရနိုင်ငံကို သွားရောက်တိုက်ခိုက် သိမ်းပိုက်၍ ချန္ဒရ မော်နီကို နန်းတင်ကာ ကသည်းသုံ့ပန်းများ ဖမ်းခေါ်ဆောင်၍ စစ်ကိုင်းနယ် တဝိုက် နေရာချပေးခဲ့ကြောင်း၊ သုံ့ပန်းထဲတွင် မြင်းစီးကျွမ်းကျင်သူတို့ကို စစ်မှုထမ်းစေပြီး မြန်မာ့တပ်မတော်တွင် ကသည်းမြင်းတပ်အဖြစ် စတင်ပါဝင်ခဲ့ရာ ကသည်းမြင်း သည် ကျော်များကို အုပ်ချုပ်ရသည့် အက္ကပတ် မြင်းဝန်မှာ ထင်ရှားသည်။
အလားတူ ဆင်ဖြူရှင်မင်းလက်ထက်မှ ဘကြီးတော်မင်းတိုင် မြန်မာဘုရင်များက မဏိပူရနယ်ကို အကြိမ်ကြိမ် တိုက်ခိုက် သိမ်းပိုက်၍ ကသည်းမြင်းသည်တော်၊ ဗေဒင်နက္ခတ် ကျွမ်းကျင်သူ ဟူရားပုဏ္ဏားများ၊ သမားတော်များ၊ သဘင် ပညာ သည်များနှင့် ပိုးထည်ချိတ်ထည်ရက်လုပ်သည့် လက်မှုပညာသည်များကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ အင်းဝနှင့် မိုးကုတ်နယ်တို့တွင် အသီးသီး နေရာချထား ပေးခဲ့ကြောင်း သမိုင်းမှတ်တမ်း များအရ သိရသည်။

အင်္ဂလိပ်- မြန်မာ ပထမစစ် အရင်းခံတွင် မဏိပူအရေးလည်းပါ၏၊ ဘကြီးတော်ဘုရား နန်းတက်ရာ မဏိပူရ စော်ဘွား မတက်ရောက်ခြင်းကြောင့် မြန်မာက မြဝတီမင်းကြီးဦးစ၊ စစ်သူကြီး မဟာဗန္ဓုလတို့ကို စေလွှတ်နှိမ်နင်းရာမှ အင်္ဂလိပ်တို့နှင့် ရန်မီးပွားခဲ့ရသည်၊ ထို့အတွက် အာသံ၊ မဏိပူရတို့သည် မြန်မာနှင့် ရှည်ကြာသည့် ဆက်ဆံရေး၊ သမိုင်းကြောင်း ရှိသည် ဟု ဆိုရမည်။
မြန်မာ့စွယ်စုံကျမ်း၌ ၁၉၃၁ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက် သန်းခေါင်စာရင်းအရ မြန်မာပြည်၌ ကသည်းဦးရေ ၆၀၀၀ခန့် နေထိုင်ကြောင်း ဖော်ပြထားပြီး ဒေသအသီးသီးတွင် ငြိမ်းချမ်းစွာနေထိုင်သည့် ကသည်းလူမျိုးများနှင့် စပ်လျဉ်း၍ ကသည်းဈေး၊ ကသည်းတန်း၊ ကသည်းစု စသည်တို့မှာလည်း ထင်ရှားသည်။
၂၀၀၈ ဖွဲ့စည်းပုံနှင့်ဆန့်ကျင်နေသည့် ကသည်းသူပုန်ကိစ္စ
လက်ရှိ မြန်မာနိုင်ငံ၏ လည်ပတ်နေသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ယန္တရားများက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို အာဏာသိမ်း တပ်မတော်အစိုးရက ဦးဆောင်၍ ၁၉၉၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၁၄ နှစ်ကြာ ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၄၂ (ခ) တွင် “နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု”ဟု အတိအလင်းပြဌာန်းထားပြီး ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးဝန်ကြီးဌာနများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကာ ဒေသခံပြည်သူများ၏ ဘဝလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း ချင်းပြည်နယ်ရှိ အရပ်ဘက်အဖွဲ့ အစည်းများက ထောက်ပြ ပြောဆိုကြသည်။
“ဖွဲ့စည်းပုံ ပုဒ်မ ၄၂ (ခ) မှာ မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမှ မြန်မာ့မြေပေါ် တပ်ချခွင့်မပြုလို့ ပြဌာန်းထားပြီးသားပါ။ အဲဒီ အတိုင်းပဲ သွားရမှာ။ အဲတော့ ဖွဲ့စည်းပုံကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတဲ့သူတွေအားလုံး၊ အထူးသဖြင့် နယ်စပ် လုံခြုံရေးတာဝန်ယူထားတဲ့ တပ်မတော်အနေနဲ့ ကသည်းသူပုန်တွေကိစ္စကို ဖွဲ့စည်းပုံပါပြဌာန်းချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်”ဟု ဇိုမီးကျောင်းသားနှင့်လူငယ်အဖွဲ့ တာဝန်ခံ ကိုကင်းမ်သွမ်က ပြောဆိုသည်။
ကသည်းသူပုန်များ၏ တည်ရှိမှုသည် မြန်မာနိုင်ငံ၏ ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုပြီး တီးတိန်တွင် ကျောင်းဆရာမတဦး အသတ်ခံရစဉ်က ဒေသခံများ ကန့်ကွက် ဆန္ဒပြမှု ကို ထောက်ပြပြောဆိုသည်။
“အဲဒီမှာရှိနေတဲ့ တချို့ လူတွေက စီးပွားရေး လုပ်ငန်းအရပဲ ဖြစ်ဖြစ်၊ သူတို့နဲ့ ဆက်စပ်လို့ပဲ ဖြစ်ဖြစ် အသတ်ခံရတဲ့လူတွေ တမူးမြို့ ပေါ်မှာတောင် အသတ်ခံရတဲ့သူတွေ ရှိတာမျိုးတွေ ရှိတယ်။ သူတို့ မကျေနပ်လို့ မိုလို့ မိုင်းထောင် ဖောက်ခွဲခဲ့ တာလည်း ရှိတယ်။ ဒါက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပါတယ်”ဟု ၎င်းက ပြောသည်။

အစိုးရ အဆက်ဆက်က ကသည်းသူပုန်များကို လက်ခံထားသည် ဆိုသည့် အချက်ကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းသည်။ မသိသည့် ကိစ္စမျိုးသာ ဖြစ်မည်ဟုဆိုသည်။
ကသည်းသူပုန်တွေ ဘာလုပ်နေကြလဲ
ဧရာဝတီက နောက်ဆုံး ရရှိထားသည့် အချက်များအရ ကသည်းတို့သည် တမူးဒေသကို စွန့်ခွာပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မဏိပူရ် ၃ ပွင့်ဆိုင်ရာ ဆုံချက် တွန်းဇံနယ်စပ်ရှိ ဘိန်းစိုက်ခင်းများဆီသို့ ရောက်ကုန်ကြပြီ ဖြစ်ကြောင်း သိရသည်။
“ဘိန်းတွေကို စိုက်တယ်။ ဟုမ္မလင်းဘက်ကို တက်တယ်။ နန့်ချောင်းကနေ ဆင်းပြီး အဲဒီ မူးယစ်ဆေးဝါးတွေက ဖားကန့် အထိ ရောက်သွားတယ်။ တမူးက ရွာတိုင်းနီးပါးမှာ ဘိန်းစားတွေ ဆေးစွဲတဲ့သူတွေ အများကြီးပဲ။ သူတို့ဆီက လွယ်လွယ်နဲ့ ရတာကိုး”ဟု ဒေသခံတဦးက ပြောသည်။
အိန္ဒိယနိုင်ငံဘက်တွင် မိုရေးမြို့ မှ အစိုးရ ဝန်ထမ်းများပင်လျှင် ကသည်းလက်နက်ကိုင်များကို ဆက်ကြေးပေးနေရသည်။
မိုရေးမြို့မှ သူဌေးများ မြန်မာနိုင်ငံ၊ တမူးဘက်ခြမ်းသို့ ဈေးလာဝယ်သည့်အခါ သေနတ်ထောက် ခေါ်ယူ၍ ဓါးပြတိုက် ပိုက်ဆံ တောင်းကြသည်။
“သူတို့မရှိရင် ဒေသဖွံ့ ဖြိုးရေးက ချက်ချင်းတက်သွားမှာ။ သူတို့က ပြဿနာတခုခုဖြစ်တိုင်း အင်ဖာ-တမူးလမ်းကို ပိတ်ထား လေ့ရှိတယ်။ မသွားရဲကြဖူး။ အစပိုင်းမှာ စွန့်စားသွားတဲ့ကားတွေလည်း အပစ်ခံရတယ်။ နောက်ပိုင်း မသွားရဲကြတော့ ဘူး”ဟု ဒေသခံတဦးက ပြောသည်။
ကသည်း သူပုန်များ မြန်မာနိုင်ငံဘက်သို့ အလွယ်တကူ ဝင်ထွက်နိုင်သည့် အဓိက အကြောင်းရင်းမှာ မြန်မာ-အိန္ဒိယ နယ်စပ်တွင် ၉ မှတ်တိုင်မှာ ၂ ဖက် သူပိုင်ငါပိုင် အငြင်းပွားနေသဖြင့် ခြံစည်းရိုးခတ်ရန် လိုအပ်နေခြင်း ဖြစ်ပြီး ယင်းအချက် ကို ကသည်းတို့က အခွင့်ကောင်းယူနေခြင်း ဖြစ်ကြောင်း သိရသည်။
တချို့ ကသည်း တပ်ဖွဲ့ဝင်များမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထံတွင် သင်တန်း တက်ခဲ့ဖူးကြောင်း ပြောဆိုမှုများ ရှိပြီး၊ တရုတ်နှင့် နီးစပ်မှုအရ ကသည်းများ၏ နောက်ကွယ်တွင်လည်း တရုတ်ရှိနိုင်ကြောင်း၊ တရုတ်သည် အိန္ဒိယနိုင်ငံကို အင်အား ချိန်ခွင် ညှိရန် ကသည်းတို့ကို အသုံးချနေသည်ဟု ဒေသခံ တချို့က ယုံကြည်ကြသည်။
၁၉၈၀ ခုနှစ်တွင် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တချို့ သည် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှတဆင့် တရုတ်တို့ထံ ချည်းကပ်ခဲ့ရာ အစပိုင်းတွင် အကြိမ်ကြိမ် ငြင်းဆိုခြင်းကို ခံခဲ့ရသည်ဟု ဆွီဒင်နိုင်ငံသား ဂျာနယ်လစ် ဘာတေးလဒ်တနာ၏ ကျောက်စိမ်းမြေ စာအုပ်တွင် ဖော်ပြထားသည်။

သိုသော် နောက်ပိုင်းတွင် ကသည်းသူပုန်များသည် တရုတ်အကူအညီကို ရရှိခဲ့ကြပြီး ပြည်တွင်းရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တချို့ မှ တဆင့် ချိတ်ဆက်နိုင်ခဲ့သည်ဟု စုံစမ်း သိရှိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်တွင် အစိုးရ၊ တပ်မတော်တို့သည် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး ပိုကောင်းလာအောင် ကြိုးစားလာရသည်မှာ ရခိုင် ပြည်နယ်ရှိ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးတချို့ တွင် အိန္ဒိယနိုင်ငံ၏ စစ်ဘက်နည်းပညာ အကူအညီများကို ရရှိ၍ ဖြစ်ကြောင်း သတင်းရင်းမြစ်တချို့က ဧရာဝတီသို့ ပြောသည်။
အကြောင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ရက္ခိုင့် တပ်မတော် (AA) ၊ ARSA တို့၏ လှုပ်ရှားမှုများကို သိရှိနိုင်ရန် အိန္ဒိယစစ်တပ်မှ ဂြိုတ်တု အကူအညီ ရရှိနိုင်ရေး အချက်တို့ကြောင်း ဖြစ်သည်။ ထို့ကြောင့်လည်း မကြုံစဖူး ကသည်းသူပုန်များကို အိန္ဒိယဘက်သို့ ပြန်ပို့ပေးခဲ့ခြင်းပင် ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ
အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ
မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ
ကသည်းလက်နက်ကိုင်အဖွဲ့ အလိုမရှိကြောင်း ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်