မြန်မာပြည် လက်နက်ကိုင် ပဋိပက္ခများ အကြောင်း ပြောပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုသာ အလေးပေး ပြောဆိုလေ့ရှိပြီး မြန်မာ-အိန္ဒိယနယ်စပ်၌ လှုပ်ရှားနေသည့် ကသည်း လက်နက်ကိုင် တော်လှန်သူများ အကြောင်းကို ပြောဆိုလေ့ မရှိပါ။
ကသည်းလက်နက်ကိုင်များသည် မြန်မာမြေတွင် နေကာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို တော်လှန်၍ မဏိပူရ်ပြည်နယ် လွတ်မြောက်ရေး တောင်းဆိုနေကြသူများဟု သိကြသော်လည်း လူသိပ်မသိသည့် အချက်မှာ ယင်းအဖွဲ့များကြောင့် မြန်မာပြည်သူများ စိတ်မသက်သာ ဖြစ်နေမှုပင်ဖြစ်၏။
အိန္ဒိယ- မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့မှ ဒေသခံ အများစုကမူ “ကသည်း”ဟု ဆိုလိုက်သည်နှင့် ဝေးဝေးရှောင်လို ကြသည်။ အကြောင်းက လက်နက်ရှိသူတို့ ထုံးစံအတိုင်း လက်နက်အားကိုး ဗိုလ်ကျလေ့ ရှိသောကြောင့် ဖြစ်သည်။
တမူးမြို့သည် စစ်ကိုင်းတိုင်း အထက်ပိုင်း နယ်စပ်မြို့ ဖြစ်ပြီး အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက် အရေးပါ သည့်မြို့လည်း ဖြစ်သည်။ တဖက်တွင် အိန္ဒိယအရှေ့မြောက် အစွန်ဆုံးဒေသ မဏိပူရ်ပြည်နယ်နှင့် ထိစပ်နေသည်။
တမူးဒေသခံ လွှတ်တော် ကိုယ်စားလှယ်တဦးက“ဒေသခံတွေက ကသည်းတွေကို မကြိုက်ဘူး။ နယ်မြေချဲ့တယ်။ အနိုင် ကျင့် ဗိုလ်ကျတယ်။ လက်နက်ရှိတော့ ကျယ်တာပေါ့။ ဆက်ကြေးတောင်းရင် ပေးရတယ်။ တမူးဈေးထဲအထိ ဝင်ပြီး ဆက် ကြေးတောင်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တမူးခရိုင်ရှိ နယ်မြေခံ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မသိကျိုးကျွံ ပြုထားသည့်အတွက် ကသည်းသူပုန်များက မြန်မာပိုင်နက် တမူးမြို့နယ်ထဲ ဝင်ရောက်နေထိုင်ကြသည်မှာ ဆယ်စုနှစ်တခု ရှိခဲ့ပြီ ဖြစ်သည်။
ဒေသရှိ လူနေရပ်ကွက်များ အတွင်း လက်နက် ခဲယမ်းများသိုလှောင်ခြင်း၊ သူပုန်အဖွဲ့ဝင် အချင်းချင်း လုပ်ကြံသတ်ဖြတ် ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခြင်း၊ ဆက်ကြေးကောက်ခြင်း စသည့် လုပ်ရပ်များကြောင့် တမူး ဒေသခံများ က မနှစ်မြို့ကြပါ။
ကသည်းများသည် တမူးမြို့ ပေါ်တွင် ပေါ်ပေါ်ထင်ထင်ပင် နေခဲ့သည်။ ရောက်စ အရေအတွက်မှာ ရာဂဏန်း အထိ ရှိပြီး၊ နောက်ပိုင်း တမူးမြို့ အနီး ဟဲဆင်းရွာသို့ ပြောင်းရွေ့ သွားကြသည်။ ယခုအခါ ဟဲဆင်းရွာမှ ယူးမြစ် အရှေ့ ဘက် တောတွင်းသို့ ပြောင်းရွေ့နေကြသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ခြေချလာသည့် ကသည်းများကြောင့် လူမှုရေး ပြဿနာတချို့လည်း ရှိကြကြောင်း သိရသည်။
ကသည်းသူပုန်အဖွဲ့များအကြောင်း
၁၉၆၄ ခုနှစ်မှ စတင်၍ မဏိပူရ်ပြည်နယ်အား အိန္ဒိယနိုင်ငံမှ ခွဲထက်၍ သီးခြားလွတ်လပ်သော နိုင်ငံတခု တည်ထောင်ရန် ကြိုးပမ်းသောအဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့သည်။
အစောဆုံး တည်ထောင်သည့်အဖွဲ့မှာ ပြည်ထောင်စု အမျိုးသား လွတ်မြောက် ရေး တပ်ဦး (United National Liberation Front-UNLF) ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ တည်ထောင်စဉ်က လက်နက် ကိုင် တိုက်ခိုက်ခြင်း မရှိသော်လည်း ၁၉၈၇ ခုနှစ်တွင် မဏိပူရ် ပြည်သူ့ တပ်မတော် (Manipur People Army – MPA) ကို ဖွဲ့စည်းကာ လက်နက်စွဲကိုင်တော်လှန်မှု စတင်ခဲ့သည်။
UNLF နောက်ပိုင်း မဏိပူရ်ပြည်နယ် ခွဲထွက်ရေးအတွက် လက်နက်ကိုင်တော်လှန်သည့်အဖွဲ့ အများအပြား ပေါ်ပေါက် ခဲ့သည်။
၁၉၇၇ ခုနှစ်တွင် ကသည်း ပြည်သူ့လွတ်မြောက်ရေးပါတီ – People’s Revolutionary Party of Kangleipak – PREPAK) အဖွဲ့၊ ၁၉၇၈ ခုနှစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA အဖွဲ့၊ ၁၉၈၀ ခုနှစ်တွင် ကသည်းကွန်မြူနစ်ပါတီ – Kangleipak Communist Party – KCP အဖွဲ့တို့ အသီးသီး ပေါ်ထွက်လာခဲ့သည်။
ထို့ပြင် ၁၉၉၄ ခုနှစ်တွင် Kanglei Yawol Kanna Lup – KYKL ဟူသည့် လက်နက်ကိုင်သူပုန်အဖွဲ့ ပေါ်ပေါက်ခဲ့ပြီး
PREPAK အဖွဲ့မှ ကွဲထွက်သည့်အဖွဲ့တခုမှာ ၂၀၀၆ ခုနှစ်တွင် ညီညွတ်သော ကသည်း ပြည်သူ့ပါပါတီ – United People’s Party of Kangleipak – UPPK အဖြစ် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်။
ကသည်းသူပုန်များတွင် အဖွဲ့ငယ်များစွာရှိသော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အဖွဲ့ ၆ ဖွဲ့မှာ အင်အားအကြီးဆုံးနှင့် အထင်ရှားဆုံးအဖွဲ့များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ကသည်းသူပုန်များမှာ မဏိပူရ်ပြည်နယ်အတွင်း ဘဏ်ဓားပြတိုက်ခြင်း၊ မဏိပူရ်ရဲတပ်ဖွဲ့နှင့် မဏိပူရ်ရိုင်ဖယ် တပ်ဖွဲ့ တို့ကို ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခြင်း၊ ဗုံးခွဲခြင်း၊ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် အစိုးရ အဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ နယူးဒေလီ ဗဟိုအစိုးရက အထူး သတိထားစောင့်ကြည့်ခံ နေရသည့်သူပုန်အဖွဲ့များ ဖြစ်သည်။
အိန္ဒိယ – မြန်မာ နယ်စပ်အရေး စောင့်ကြည့်လေ့လာသူတို့ အဆိုအရ ကသည်းသူပုန်အဖွဲ့ အားလုံး၏ အင်အားမှာ ၃ ထောင် နီးပါး ရှိမည်ဟု ခန့်မှန်းကြသည်။
ကသည်းလက်နက်ကိုင်များ မြန်မာဘက်ခြမ်း ဝင်ရောက်လာမှုကို ဆက်လက်ဖော်ပြပါမည်။
You may also like these stories:
အိန္ဒိယ အစိုးရကို တော်လှန်သည့် ကသည်းသူပုန် ၂၂ ဦးကို မြန်မာ ပြန်လွှဲပေး
ကသည်းလက်နက်ကိုင်အဖွဲ့ အလိုမရှိကြောင်း ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်