ဆောင်းပါး

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၅)

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ အခြေခံ ဥပဒေပြဌာန်းပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး အစိုးရ ဖွဲ့နိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အစိုးရဖွဲ့နိုင်ခဲ့သည်။

ပြည်ခိုင်ဖြိုးအစိုးရနှင့် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်ထောင်စုအစိုးရဖွဲ့ပြီးနောက် ရခိုင်ပြည်နယ် အစိုးရ ကိုလည်း ပြည်ခိုင်ဖြိုးပါတီမှ ဝန်ကြီးချုပ် တာဝန်ယူပြီး ဖွဲ့စည်းခဲ့သည်။ ထိုပြည်နယ်အစိုးရအဖွဲ့တွင် လွှတ်တော် ကိုယ်စား လှယ် ၁၈ နေရာ အနိုင်ရသည့် ANP ပါတီမှ ဝန်ကြီး ၃ ဦး ပါဝင်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်ကလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်များကို ဘတ်ဂျက်တိုးမြှင့် ချထားပေးပြီး မြောက်ဦးလေယာဉ်ကွင်း အပါအဝင် တည်ဆောက်ရေးလုပ်ငန်းများ၊ ရခိုင်ပြည်နယ် လျှပ်စစ်မီးပေးရေးလုပ်ငန်းနှင့် စစ်တွေ-အမ်းကားလမ်း ဖောက် လုပ်ခြင်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်၍ ရခိုင်နိုင်ငံရေးပါတီနှင့် ရခိုင်လူထုအား ချွေးသိပ် ထားနိုင်ခဲ့သည်။ တချိန်တည်းတွင် ၂၀၁၂ ခုနှစ်နှင့် ရခိုင်နိုင်ငံရေးအင်အားစုများအား ကျောက်ဖြူ ညီလာခံ ကျင်းပ ခွင့်ပြုခဲ့သည်။

ထို့ပြင်၂၀၁၂ ခုနှစ် တနှစ်လုံးနီးပါး ရခိုင်-ဘင်္ဂါလီ မွတ်ဆလင်(ရိုဟင်ဂျာ) အရေးအခင်း ဖြစ်ပွားရာ ရခိုင်ပြည်နယ်၏ နိုင်ငံရေး မြှားဦးသည် ပြည်ခိုင်ဖြိုး အစိုးရဘက်သို့ ဦးတည် မလှည့်နိုင်ခဲ့ပေ။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်ခဲ့ပြီး အစိုးရနှင့်ဆွေးနွေးရာ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အနေဖြင့် လည်းကောင်း၊ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးညှိနှိုင်းမှု (NCCT) အဖွဲ့အနေဖြင့် လည်းကောင်း ရခိုင်လက်နက်ကိုင် ၃ ဖွဲ့ ဖြစ်သည့် ALP/ALA ၊ ANC/AA နှင့် ULA/AA တို့ ပါဝင်ခဲ့သည်။

ပြည်ခိုင်ဖြိုး အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တာဝန်ယူသူ ဦးအောင်မင်းက ၂၀၁၂ ခုနှစ် ကျောက်ဖြူတွင် ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံတွင် တောတွင်း ရခိုင်လက်နက်ကိုင်များအား တက်ရောက်ခွင့်ပြုခဲ့သည်ကို တွေ့ရသည်။

သို့သော် ပြည်ခိုင်ဖြိုး အစိုးရသက်တမ်းကုန်ဆုံးခါနီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆုံးအဖြတ်ကာလ ရောက်သောအခါ ကိုးကန့် MNDAA၊ တအာင်း TNLA၊ ရခိုင် ULA-AA အဖွဲ့ ၃ ဖွဲ့ အနေဖြင့် လက်နက်အပ်ရမည်ဖြစ်ပြီး NCA တွင် ပါဝင် လက်မှတ်ထိုးခွင့်မပြုဟု အစိုးရသဘောထားကို ဖော်ပြခဲ့သည်။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးရာတွင် ရခိုင်မှ ALP/ALA သာပါဝင်ခဲ့ပြီး ULA/AA က NCA ဘောင်အပြင်ဘက်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဘောင် အပြင်ဘက်သို့ ရောက်သွားသည်။ ANC/AA ကလည်း အားလုံးပါဝင်ရေးကို ရပ်ခံသည့် အဖွဲ့များနှင့်အတူ NCA လက်မှတ်မထိုးဘဲ နေခဲ့သည်။

သို့ဖြစ်ရာ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆုံးသတ်တွင် ရခိုင်ပြည်နယ် အစ မကောင်းခဲ့ဟု ဆိုရပါမည်။

NLD အစိုးရနှင့် ရခိုင်ပြည်နယ်

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် တပြည်လုံးအတိုင်းအတာအရ NLD ပါတီက အနိုင်ရခဲ့သည်။ ရခိုင်ပြည်နယ်တွင်လည်း ANP ပါတီက ပြည်နယ်လွှတ်တော်တွင် အမတ်နေရာအများစု အနိုင်ရသည်။

ရွေးကောက်ပွဲ အပြီးတွင် ANP ပါတီက NLD နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ကြေညာချက်ထုတ်ခဲ့ပြီး ကမ်းလှမ်းမှုမှာ ပြည်မနှင့်တိုင်းရင်းသားများကြား တန်းတူရည်တူ ပူးပေါင်းဆောင်ရွက်မှုကို လိုလား၍ ဖြစ်သည်။ အကယ်၍ တွေ့ဆုံ ဆွေးနွေးခဲ့ပါက NLD ပါတီမှ ဝန်ကြီးချုပ်တာဝန်ယူသည်ကို ANP က ကန့်ကွက်မည် မဟုတ်သည့်အပြင် ပြည်နယ်အစိုးရတွင်လည်း ပါဝင်ဆောင်ရွက်မည်သာဖြစ်သည်ဟု ဆိုသည်။

သို့သော် NLD က ANP အပါအဝင် ရွေးကောက်ပွဲတွင် အနိုင်ရသည့် မည်သည့် တိုင်းရင်းသားပါတီနှင့်မှ တွေ့ဆုံဆွေးနွေးမှု မပြုခဲ့ဘဲ ဗဟိုချုပ်ကိုင်မှုနှင့်သာ ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် ANP ပါတီက NLD ဖွဲ့စည်းသော ရခိုင်ပြည်နယ်အစိုးရတွင် ပူးပေါင်းပါဝင်မည် မဟုတ်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုအချိန်မှစ၍ NLD နှင့် ANP ပါတီ ကြားတွင် အဟ ဖြစ်ပေါ်လာခဲ့တော့သည်။

ပြည်ခိုင်ဖြိုး ဖွဲ့စည်းသော ရခိုင်ပြည်နယ်အစိုးရတွင် ပါဝင်ခဲ့ပြီး NLD အစိုးရဖွဲ့စည်းသော ပြည်နယ်အစိုးရတွင် မပါဝင်၍ ANP အား ပြစ်တင်မေးခွန်းထုတ်ကြသူများလည်း ရှိသည်။ ANP ပါတီသည် ပြည်နယ်ဝန်ကြီးချုပ် မလုပ်ရ၍လောဟု မေးခွန်း ထုတ်ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD က ရခိုင်တောင်ပိုင်းမြို့နယ် ၃၊ ၄ မြို့နယ်တွင်သာ အနိုင်ရခဲ့ပြီး ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် အပြတ်အသတ် အရေးနိမ့်ခဲ့သည်။

ဥပမာ မြောက်ဦးမြို့နယ်တွင် ANP က မဲ ၆ သောင်း ခန့်ဖြင့် အနိုင်ရပြီး NLD က မဲ ၁ ထောင်ခန့်သာ ရခဲ့သည်။ ဤသို့သော အခြေအနေအောက်တွင် NLD အစိုးရသည် ANP နှင့်သာမက ရခိုင်လူထုနှင့်ပါ ပဋိပက္ခများ စတင်ခဲ့သည်။

NLD အစိုးရ ဆုံးဖြတ်ချက်များအား ကန့်ကွက်ဆန္ဒပြမှုများ ရခိုင်မြောက်ပိုင်းတွင် ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၇ ခုနှစ် မေလအတွင်း ရခိုင်အမတ်အများစုရှိသည့် ရခိုင်ပြည်နယ်လွှတ်တော်က ဘူးသီးတောင် မောင်တော ဒေသတွင် မွတ်ဆလင်များနှင့် ပဋိပက္ခအသစ် စတင်လာနိုင်ကြောင်း ဆုံးဖြတ်ချက်ချပြီး သမ္မတထံ ပေးပို့ခဲ့သည်။ ထို့နောက် ANP ပါတီ ခေါင်း ဆောင်များသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံ၍ မောင်တောဒေသ ပြဿနာဖြစ်လာနိုင်မှုကို ဆွေးနွေး တင်ပြခဲ့သည်။

တဖက်ကလည်း ANP သည် NLD ကို စုံကန်၍ စစ်တပ်နှင့်ပေါင်းသည်ဟု စွပ်စွဲသည်။ ANP ပါတီဘက်ကလည်း NLD အစိုးရက ၎င်းတို့အား မျက်နှာမမူ၍ ပြည်နယ်လုံခြုံရေးအတွက် လုပ်သင့်သည်ကို လုပ်ရသည်ဟု တုန့်ပြန်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း မြောက်ဦးတွင် လူထုအဓိကရုဏ်း ၁ ခုဖြစ်ခဲ့ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့များ နှိမ်နင်းမှုကြောင့် အရပ်သား ၇ ဦးသေပြီး ၁၀ ဦးခန့် ဒဏ်ရာရခဲ့သည်။ ထိုအရေးအခင်းနှင့် တဆက်တည်းလိုပင် ANP ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်နှင့် ရခိုင်စာရေးဆရာ ၁ ဦးအား စာပေဟောပြောပွဲတွင် နိုင်ငံတော်အား ဆန့်ကျင် ဟောပြောသည် ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲချက်တင်၍ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့သည်။

ထိုနောက်ပိုင်းတွင် NLD အစိုးရနှင့် ANP ပါတီ၊ ရခိုင်လူထုကြား ပဋိပက္ခမှာ ပို၍၊ ပို၍ တိုးပွား ကြီးမားလာခဲ့သည်။

NLD အစိုးရသည် ၎င်းတို့အာဏာရပြီး မကြာမီ နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့၏ ဖိအားကြောင့် ရခိုင်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်ဆလင်(ရိုဟင်ဂျာ)ပြဿနာကို ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်း၍ စတင်ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းစ၍ ဘူးသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီ မွတ်ဆလင် (ရိုဟင်ဂျာ) တို့ ပုန်ကန်ထကြွမှု ဖြစ်ခဲ့့ပြီး ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။ ထိုဒေသတွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟူ၍ နိုင်ငံတကာက အစိုးရနှင့် တပ်မတော်အားစွပ်စွဲ ပြစ်တင်ခဲ့သည်။

လက်ရှိ ၂၀၂၀ ခုနှစ်တွင် OIC ၅၇ နိုင်ငံ ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုသည်ကို နိုင်ငံတကာတရားရုံး ICJ တွင် အစိုးရအနေဖြင့် ရင်ဆိုင်ဖြေရှင်းနေရသည်။ ၂၀၁၇ ဘင်္ဂါလီဒုက္ခသည်ပြဿနာတွင် ဒေသခံရခိုင်လူထုနှင့် ဘင်္ဂါလီ မွတ်ဆလင်(ရိုဟင်ဂျာ)တို့ အကြား ထိပ်တိုက်ဖြစ်သည် မဟုတ်ဘဲ အစိုးရ၊ တပ်မတော် နှင့် ဘင်္ဂါလီ မွတ်ဆလင်(ရိုဟင်ဂျာ)တို့ အကြား ထိပ်တိုက်တွေ့သည့် ပြသနာအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရသည်။

NLD အစိုးရတက်လာပြီးနောက် ယခင်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်ခံသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် ကော်မတီဌာနများ ဖွဲ့စည်းသည်နှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ၂၁ ရာစု ပင်လုံ ညီလာခံဟု နာမည်တပ်ခဲ့သည်။

NLD သည် ဒီမိုကရေစီအစိုးရဖြစ်သည့် အားလျော်စွာ ၂၁ ပင်လုံတွင် ယခင်နှင့်မတူသည့် အပြောင်းအလဲအချို့ တွေ့ရမည်လောဟု တိုင်းရင်းသားလက်နက်ကိုင်များက မျှော်လင့်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလက တိုင်းရင်းသား လက်နက်ကိုင်များ NCA ရေးထိုးရာတွင် မလောကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည် မဟုတ်ပါလော။

သို့သော် ၂၀၁၆ ခုနှစ် ပထမ ၂၁ ရာစုပင်လုံညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NCA ထီးရိပ်အောက်က သွားမည်ဆိုခဲ့သဖြင့် တိုင်းရင်းသားလက်နက်ကိုင်များ မျှော်လင့်ခဲ့သည့် အပြောင်းအလဲသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် NLD အစိုးရသည် NCA ထိုးထားသောအဖွဲ့များနှင့် သာမက မထိုးရသေးသော အဖွဲ့များနှင့်ပါ ဆက်လက် ဆွေးနွေးခဲ့သည်။ ၂၀၁၇ တွင် KIA/SSPP တို့သည် UWSA/ မိုင်းလား အဖွဲ့ အပါအဝင် အဖွဲ့ ၇ ဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖွဲ့လိုက်သော အခါ မူလ UNFC မှာ အားနည်းသွားခဲ့သည်။

၂၀၁၈ ခုနှစ် နှစ်ဆန်းတွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ LDU တို့ NCA လက်မှတ်ရေးထိုးခဲ့ရာ လက်နက်ကိုင်အားမရှိသော WNO “ဝ” အဖွဲ့နှင့် ANC/AA ခေါ်သည့် ရခိုင်အဖွဲ့တို့သည် လက်နက်ကိုင်အားလည်း မရှိတော့သည့်ပြင် တပ်ပေါင်းစု စုဖွဲ့မှု အားလည်းမရှိ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြင်သို့ ရောက်သွားသည်။ လိုင်ဇာတွင် ဗဟိုပြုနေသည့် ULA/AA ကတော့ မြောက်ပိုင်း ၇ ဖွဲ့နှင့်အတူ ဒုတိယနှင့် တတိယ အကြိမ် ၂၁ ရာစုပင်လုံညီလာခံအား လေ့လာသူအဖြစ် တရုတ်အစိုးရ၏ ညှိနှိုင်းပေးမှုအရ ဆက်လက် ပါဝင်နေခဲ့သည်။

ULA/AA အား ၂၀၁၈ ခုနှစ် တတိယအကြိမ်ညီလာခံအပြီး တပ်မတော်ကပါ ဆွေးနွေးရန် အသိအမှတ်ပြုခဲ့သည့်နောက် ၂၀၁၉ ခုနှစ်အတွင်း ဆွေးနွေးပွဲများ စတင်ခဲ့သည်။ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့တွင် ပါဝင်နေသည့် ULA/AA သည် bilateral အပစ်ရပ် လက်မှတ်မထိုးရသေးသည့် KIA၊ TNLA၊ MNDAA တို့နှင့်အတူ ၄ ဖွဲ့တွဲ၍ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း သာမက ပြည်ပတွင်လည်း ၆ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရခဲ့ပေ။ ၂၀၂၀ အတွင်း အကြောင်းကြောင်းများကြောင့် ဆွေးနွေးနိုင်ခြင်း မရှိတော့ပေ။

လက်ရှိအချိန်တွင် NCA ရေးထိုးထားသော ALP/ALA ကလည်း လောက်လောက်လား အင်အားမရှိ။ ထို့အတူ အင်အားမရှိသော ANC/AA ကလည်း ငြိမ်းချမ်းရေးစားပွဲဝိုင်း အပြင်ရောက်နေချိန်တွင် ULA/AA သည် အင်အား တောင့်တင်းလာပြီး ရခိုင်နိုင်ငံရေး၊ ရခိုင်ငြိမ်းချမ်းရေးတွင် အရေးပါသောအဖွဲ့ ဖြစ်လာသည်။

ထိုသို့သော အခြေအနေများအောက်တွင် ၂၀၂၀ မတ်လအတွင်း ULA/ AA အား NLD အစိုးရက မတရားသင်းအဖြစ် လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လည်းကောင်း ကြေညာခဲ့သည်။ AA အား အကြမ်းဖက်သမား ဟု ကြေညာပြီးနောက် ၂၀၂၀ ဧပြီလတွင် AA အကြမ်းဖက်အုပ်စု၏ အဖျက်အမှောင့် လုပ်ရပ်များကို ကာကွယ် စောင့်ရှောက် နေသော တပ်မတော် အရာရှိ အရာခံ အကြပ်တပ်သားများအား ချီးကျူးဂုဏ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး၍ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်လာသည်ကို တွေ့ရသည်။

၂၀၁၇ ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်က AA အပါအဝင် အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက်အဖွဲ့များ အဖြစ် ကြေညာရန် အဆိုတင်သွင်းစဉ်က NLD အမတ်အများစုပါသည် လွှတ်တော်က ပယ်ချခဲ့ဖူးသည်။

သို့သော် ယခုအချိန်တွင် NLD အစိုးရက AA အား အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခြင်းသည် နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ဆက်သွယ်၍ AA ၏ ဘဏ္ဍာရေးလမ်းကြောင်းအား ဖြတ်တောက်ရန် ရည်ရွယ်ပုံရသည်ဟု ဆိုကြသော်လည်း AA အား အကြမ်းဖက်အဖွဲ့ ကြေညာခြင်း၊ အကြမ်းဖက်အဖွဲ့အား ချေမှုန်းမည့် တပ်မတော်အား ချီးကျူးဂုဏ်ပြုခြင်းတို့သည် AA နှင့် ငြိမ်းချမ်းရေးလမ်းစပျောက်ပြီး အမြစ်ဖြတ်ချေမှုန်းရေးသို့ ဦးတည်ပြီလောဟု စဉ်းစားဖွယ်ရာ ဖြစ်သည်။

သို့သော်လည်း NLD အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က AA နှင့် ဆွေးနွေးပွဲတံခါး ဖွင့်ထားဆဲဟုဆိုရာ လက်ရှိ NLD အစိုးရ၏ AA အပေါ်ထားသည့် ပေါ်လစီသည် နှစ်ခွသဘောဆောင်သည်ဟု တွေ့ရှိရသော်လည်း စစ်ရေးဖြင့် အင်အားသုံး ဖြေရှင်းရေး ဘက်တွင် အားသာနေသည်ဟု ဆိုရမည်။

လတ်တလော ရခိုင်ပြည်နယ်တွင် စစ်မက်ဖြစ်ပွားပြီး အရပ်သားများ သေဆုံးဒဏ်ရာရခြင်း၊ ဖမ်းဆီးခံရခြင်း၊ ကျေးရွာများ မီးလောင်ခြင်းတို့ ဖြစ်ပွားနေချိန်တွင် NLD အများစု ပါဝင်သော လွှတ်တော်တွင် ဆွေးနွေးမှု ပြုလုပ်ခြင်း မရှိသလောက် ဖြစ်သည်။ ပလက်ဝမြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ၁ ဦး အဖမ်းခံရချိန်က လွှတ်တော်တွင် ဆွေးနွေး သဘောထား ထုတ်ပြန်သည်မှအပ NLD အများစုပါဝင်သည့် လွှတ်တော်များတွင် ရခိုင်အရေးဆွေးနွေးသည်ကို မတွေ့ရပေ။

အပိုင်း ၆ အား ဆက်လက်ဖော်ပြပါမည်

You may also like these stories:

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၃)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၄)

Did you find apk for android? You can find new Free Android Games and apps.
Loading