လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် သူတို့၏မိသားစုဝင်များသည် ပထမဆုံးအကြိမ် တပ်ရင်းတပ်ဖွဲ့ ပြင်ပတွင် မဲထွက်ပေးရတော့မည်ဖြစ်သည်။ လွှတ်တော်က တပ်တွင်းမဲရုံများကို ပယ်ဖျက်လိုက်ခြင်းက တပ်တွင်းမဲဆန္ဒရှင်တွေအနေဖြင့် သူတို့ကြိုက်နှစ်သက်သည့် ပါတီကို တပ်ပြင်ပမဲရုံများတွင် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိလာလိမ့်မည်ဟု မျှော်လင့်ချက်များ မြင့်စေခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်၏ ခန့်မှန်းခြေ အင်အား လူ ၅၀၀၀၀၀ နှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် တပ်မတော်နှင့် ဆက်နွယ်နေသည့် မဲဆန္ဒရှင် ၁ သန်းကျော် ရှိသည်ဟု ခန့်မှန်းရသည်။ ၂၀၁၈ ခုနှစ်အထိ သူတို့သည် တပ်စခန်းများရှိ မဲရုံများ၌ သူတို့ အထက်လူကြီးများ၏ စောင့်ကြည့်မှု အောက်တွင်သာ မဲပေးခဲ့ရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်ခုနီးပါး အတွင်း မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်၊ ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တို့ တွင် အထွေထွေရွေးကောက်ပွဲ ၃ ခု ကျင်းပခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် တို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ၃ ခု ကျင်းပခဲ့သည်။
ရုတ်တရက် ကြည့်မည်ဆိုလျှင် တပ်မတော်မှ မဲဆန္ဒရှင်များက စစ်တပ်ဝင်းအတွင်းရှိ မဲရုံ တခုတွင် မဲပေးနေခြင်းက ကြီးမားသော ကိစ္စတခု မဟုတ်ဟု ထင်ရပါသည်။
သို့သော်လည်း တပ်မတော်က ကြားခံပါတီများမှ တဆင့် နိုင်ငံရေးတွင် ကြာရှည်စွာနှင့် နက်ရှိုင်းစွာပါ ဝင်ပတ်သက်မှုကို ထိန်းသိမ်းထားခဲ့သော မြန်မာနိုင်ငံတွင် တပ်စခန်းများ၌ မဲရုံများ ထားရှိခြင်းက ကြီးမားသော သက်ရောက်မှုများ ရှိနေသည်။ တပ်မတော် တပ်ဖွဲ့ဝင်များ၏ ဆန္ဒမဲက တပ်မတော်ကျောထောက်နောက်ခံပြုထားသော ပါတီ အကျိုးအမြတ်အတွက် အသုံးချခံနေရနိုင်သည် ဆိုသော သံသယများက ကြာမြင့်စွာကတည်းက ရှိနေခဲ့သည်။ နိုင်ငံအဝှမ်းရှိ တပ်မတော် မဲဆန္ဒရှင် အရေအတွက်က အတော်အတန် ကြီးမားပြီး ၎င်းတို့၏ ဆန္ဒမဲများကို ချယ်လှယ်ခြင်းက ရွေးကောက်ပွဲတခု၏ ရလဒ်ကို သက်ရောက်စေနိုင်ပါသည်။ ထို့အပြင် တပ်စခန်းများရှိ မဲရုံအများစုသည် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ရွေးကောက်ပွဲလေ့လာသူများအတွက် အကန့်အသတ်ဖြစ်နေသောကြောင့် ပွင့်လင်းမြင်သာမှုကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
ထိုသို့သော စိုးရိမ်မှုများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများက ယခင် ရွေးကောက်ပွဲများမတိုင်မီကတည်းက တပ်တွင်းမဲရုံများကို ပယ်ဖျက်ရန် တောင်းဆိုခဲ့ကြသည်။ ၎င်းက မေလအတွင်းတွင် အကောင်အထည် ပေါ်လာခဲ့သည်။ လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ များအား ပြင်ဆင်ခြင်းကို အတည်ပြုသည့်အခါ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ စံနှုန်းများနှင့် ကိုက်ညီစေရန် တပ်တွင်းမှ မဲရုံများကို တပ်ပြင်ထုတ်ရန် ရလဒ် ထွက်ပေါ်လာခဲ့သည်။
“တပ်အပြင်ဘက်ကို ထုတ်လိုက်တဲ့အတွက် NLD နိုင်မယ်လို့ ကျနော်တို့ ယူဆလို့ မရဘူး။ ဒါပေမယ့် တပ်မတော်သားတွေအတွက်ကတော့ အခွင့်အရေးတခုတော့ ရမယ်။ သူတို့နှစ်သက်တဲ့ပါတီကို သူတို့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိမယ်” ဟု နေပြည်တော်၌ ပြုလုပ်သော ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီး NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဇူလိုင်လ ၂ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ယခင်က တပ်တွင်းတွင် တပ်မတော်ကျောထောက်နောက်ခံပါတီကို မဲထည့်ဖို့ ပြောဆိုမှုများရှိခဲ့ကြောင်း တပ်မတော်အရာရှိဟောင်း ဦးကျော်စွာဝင်းက ဧရာဝတီသို့ ပြောသည်။
၂၀၁၄ ခုနှစ်တွင် NLD က ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုသည့် လက်မှတ်ရေးထိုးသော လှုပ်ရှားမှုတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့သောကြောင့် ရာထူးမှ ထုတ်ပယ်ခံရပြီး ထောင်ပါကျခဲ့သည့် ဗိုလ်မှူးဟောင်း ဦးကျော်စွာဝင်းက ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် တပ်တွင်း မဲရုံတခု၌ မဲရုံမှူးအဖြစ် တာဝန်ယူခဲ့ရသည်။
သူ တာဝန်ကျသည့် တပ်တွင်းမဲရုံတွင် တပ်မတော်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ရွေးချယ်ထားခြင်း မရှိသော မည်သည့်ဆန္ဒမဲ လက်မှတ်ကိုမဆို ပယ်မဲ လုပ်ခဲ့ကြောင်း သူက ပြန်ပြောပြသည်။
“ကျနော်တို့မဲရုံအနေနဲ့က USDP တခုတည်းယူတာ။ ကျန်တဲ့ပါတီပါလာရင် နောက်တခု ထပ်ကောက်ခြစ်ပြီး ပယ်မဲလုပ်ပလိုက်တာ” ဟု ဦးကျော်စွာဝင်းက ပြောသည်။ ထိုစဉ်က သူ့အထက်အရာရှိ၏ အမိန့်အတိုင်းလိုက်နာ၍ ထိုသို့လုပ်ခဲ့ရသည်ဟု သူက ဝန်ခံခဲ့သည်။ မဲပေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များအရ ရွေးချယ်မှုတခုထက် ပို၍ ရွေးချယ်ထားသော မဲကို ပယ်မဲအဖြစ် သတ်မှတ်ရသည်။
“ဒါကြောင့် ကျနော်တို့မှာ မဲ ၂ မျိုးပဲရှိတယ်။ USDP နဲ့ ပယ်မဲပဲ။ ကျန်တဲ့ပါတီ တမဲမှမရဘူး။ ကျနော်တို့လုပ်တဲ့ မဲရုံမှာတုန်းက” ဟုသူကဆက်ပြောသည်။ “အခုတော့ တပ်တွင်းမဲရုံတွေမရှိတော့ အဲ့ပြသနာမျိုး မရှိလောက်တော့ဘူး။”
ထို ၂၀၁၀ ရွေးကောက်ပွဲတွင် အံ့အားသင့်စရာမကောင်းစွာပင် USDP က အပြတ်အသတ် အနိုင်ရခဲ့ပြီး အာဏာရပါတီဖြစ်လာခဲ့သည်။ ထိုရွေးကောက်ပွဲကို NLD နှင့် တိုင်းရင်းသားပါတီများက အကြည်မရှိသဖြင့် ဝင်ရောက်မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ခဲ့ကြသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ အနေဖြင့် သူတို့တပ်မှူးများ၏ စောင့်ကြည့်မှုအောက်၌ ဆန္ဒမဲပေးရာတွင် သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိ မရှိဆိုသည်မှာ မေးခွန်းထုတ်စရာ အမြဲဖြစ်ခဲ့ကြောင်းဖြစ်သည်။
၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွ အချို့တပ်တွင်းမဲရုံများ၌ တပ်မတော်သားများကိုယ်စား အကြီးပိုင်းများကသာ ဆန္ဒမဲထည့်လိုက်ခြင်းမျိုးရှိသည်ဟု အသိတပ်သားအချို့က ပြောပြခဲ့ကြောင်း သူကပြောသည်။
တပ်မတော်သားအင်အား အများအပြားရှိသည့်နေရာများတွင် တပ်တွင်းမဲရုံများမှ ဆန္ဒမဲများက USDP ပါတီ မဲရလဒ်ကို မြင့်တက်စေမှုများရှိပြီး အချို့နေရာတွင် အနိုင်ရလဒ်ကိုပင် သေချာစေခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပြတ်အသတ် အနိုင်ရခဲ့ပြီး သမ္မတဖြစ်ရန် နှင့် အစိုးရဖွဲ့စည်းရန် ကိုယ်စားလှယ် နေရာ အလုံအလောက် ရရှိခဲ့သော်လည်း USDP က တပ်ရင်းတပ်ဖွဲ့ အင်အား ကြီးမားစွာ ရှိနေသည့် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရခဲ့သည်။ ဒေသတွင်းတွင် လူကြိုက်များသော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုပင် အနိုင်ယူခဲ့၏။
သို့သော်လည်း USDP ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က တပ်တွင်းမဲများနှင့်ပတ်သက်ပြီး စွပ်စွဲချက်များကို ပယ်ချလိုက်သည်။ မဲရုံများက စစ်တန်းလျားအတွင်း၌ ရှိသည်ဖြစ်စေ အပြင်ဘက်တွင် ရှိသည်ဖြစ်စေ ရွေးကောက်ပွဲတွင် ပါတီ၏ စွမ်းဆောင်နိုင်မှုနှင့် လုံးဝ မသက်ဆိုင်ကြောင်း ပြောသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူ၏ ပါတီက NLD ကို တပ်စခန်းမြို့များ ဖြစ်သည့် မန္တလေးတိုင်းမှ ပြင်ဦးလွင်နှင့် ရန်ကုန်တိုင်းမှ မင်္ဂလာဒုံနှင့် မှော်ဘီကဲ့သို့သော နေရာများတွင် ရှုံးနိမ့်ခဲ့ရကြောင်း သူက ထောက်ပြသည်။
“တပ်တွင်းမှာ မဲရုံထားတာက တပ်မတော်ရဲ့ လုံခြုံရေးအခြေအနေအတွက် ထားတယ်လို့ပဲ မြင်ပါတယ်။ တပ်ပြင်မှာထားထား တပ်တွင်းမှာထားထား ကျနော်တို့ကို ပေးမယ့်သူက ပေးမှာပါပဲ။ မပေးတဲ့သူက မပေးပါဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။
သို့သော် သူ၏မှတ်ချက်များကို မကြာသေးမီက ကချင်ပါတီများ ပေါင်းစည်း ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဒုတိယ ဥက္ကဋ္ဌ ဦးကွမ်ဂရောင် အောင်ခမ်းက လက်မခံပါ။
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးကွမ်ဂရောင်အောင်ခမ်းက ဒေသတွင်းတွင် လူကြိုက်များသော ကချင် ဖွံ့ဖြိုးရေးပါတီမှနေ၍ ကချင်ပြည်နယ်၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တနေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော်လည်း မဲရလဒ်တွင် USDP ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ကာ ဒုတိယသာ လိုက်ခဲ့သည်။ တပ်မတော်၏ ကြိုတင်မဲများ အားလုံးက USDP ကို မဲပေးခဲ့ပြီး ထို့ကြောင့်ပင် USDP ကအနိုင်ရခဲ့သည် သဘောရှိသည်ဟု သူကပြောသည်။
တပ်တွင်း မဲရုံများကို ဖယ်ရှားလိုက်ခြင်းက အပြောင်းအလဲများ ဖြစ်လာလိမ့်မည်ဟု သူ က မျှော်လင့်ထားသည်။
“ဒီမိုကရေစီစနစ်မှာ တပ်တွင်းဆိုတာထက် အပြင်မှာပေးသင့်တယ်။ ပေးဖို့လည်း လိုတယ်။ ဒါမှ တပ်တွင်းမိသားစုတွေလည်း လွတ်လွတ်လပ်လပ် ပေးပိုင်ခွင့်ရှိမယ်” ဟု သူက ပြောသည်။
မဲဆန္ဒရှင်များအတွက် မိမိတို့ ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းကို လွတ်လပ်စွာ မဲပေးခွင့်သည် ဒီမိုကရေစီ အခွင့် အရေးဖြစ်သည်ဟု သူက ထပ်ပြောသည်။
“အခုက စစ်တပ်က မဲအကုန်လုံးက ပါတီတခုထဲကို ပေးတဲ့ဟာကတော့ တရားမျှတမှု မရှိဘူးလို့ ပြောလိုပါတယ်” ဟု သူကပြောသည်။
NLD ဗဟို သတင်း ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် ကလည်း USDP ပါတီကပြောဆိုသည့် အထက်တွင် ဖော်ပြခဲ့သော တပ်စခန်းမြို့များ၌ သူတို့ပါတီ အနိုင်ရခဲ့ခြင်းမှာ တပ်နယ် အပြင်ဘက်တွင် နေထိုင်သော မဲဆန္ဒရှင်များ၏ မဲများကြောင့်ဟု ပြောကြားခဲ့သည်။ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်က ကျောထောက်နောက်ခံပေးထားသော ပါတီ (ထိုအချိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) က တပ်နယ်မြေများမှ မဲရုံများတွင် အပြတ်အသတ် အနိုင် ရပြီး အခြားပါတီများက မဲအနည်းငယ်သာရရှိခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း သူကပြောသည်။
သူက ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ၌ အထူးသဖြင့် ကချင် နှင့် ရှမ်းပြည်နယ်များနှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်များမှ တပ်တွင်းရှိ မဲရုံများနှင့် ပတ်သက်သော ပြဿနာများကိုလည်း ထောက်ပြခဲ့သည်။ ထိုနေရာများရှိ တပ် နယ်မြေများတွင် NLD က ၁ မဲပဲရပြီး အချို့နေရာများတွင် ၁ မဲမျှ မရရှိခဲ့ဟု သူက ဆိုသည်။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် USDP က ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွင် ပြည်နယ်လွှတ်တော် တနေရာ အနိုင်ရခဲ့ပြီး ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ၁ နေရာနှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁ နေရာ အနိုင်ရရှိခဲ့သည်။ ထိုနေရာများတွင် တပ်ဝင်း အတွင်း၌ ထားရှိသည့် မဲရုံအများအပြား ရှိခဲ့သည်။
“လာမယ့်ရွေးကောက်ပွဲမှာ တပ်မဲဆန္ဒရှင်တွေ တပ်ပြင်ထွက်ပေးမယ့်အတွက် NLD က မဲ ပိုရနိုင်ပါတယ် ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။
တပ်တွင်းမှ မဲရုံများအပြင် ကြိုတင်မဲက နောက်ထပ်စိုးရိမ်စရာတခု ဖြစ်သည်။
ဗိုလ်မှူးဟောင်း ဦးကျော်စွာဝင်းက ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တပ်မတော်သားများ၏ ကြိုတင်မဲကိစ္စကိုလည်း ပွင့်လင်းမြင်သာမှုရှိစေရန် သေချာလုပ်ဆောင်ရန် လိုအပ်ကြောင်း တောင်းဆိုသည်။
ယခင်ရွေးကောက်ပွဲများတွင် တပ်မတော်၏ ကြိုတင်မဲများနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ မသမာမှု သတင်းများ ရှိခဲ့သည်။ ထိုစဉ်က USDP မှ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သူ၏ မဲဆန္ဒနယ်ဖြစ်သော ရှမ်းပြည်နယ် လားရှိုးတွင် ကြိုတင်မဲများဖြင့် ခြယ်လှယ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ထိုစဉ်က ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက စွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပြီး ၎င်းရရှိသည့်မဲများသည် တရားဝင်မဲများဖြစ်သည်ဟု ပြောသည်။
ကြိုတင်မဲပေးခြင်းက အကောင်းဆုံး အဆင်အပြေဆုံး အနေအထား ရှိလျှင်ပင် စောင့်ကြည့်ရန် ခဲယဉ်းပြီး တပ်မတော်၏ ကြိုတင်မဲများက ပို၍ပင် ပွင့်လင်းမြင်သာမှု နည်းသည်ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ပြောသည်။ အချို့ ဖြစ်ရပ်များတွင် မဲများက ကြိုတင်မဲပေးရန် စီစဉ်ရေး တပ်မှူးများတွင်သာ တာဝန်ရှိသည့် အလွန်ဝေးလံခေါင်ဖျားသော တပ်စခန်းများမှ တိုက်ရိုက်ရောက်ရှိလာခြင်း ဖြစ်ပြီး မဲစာရင်းကိုလည်း ကြိုတင် မသိရှိရပါ။ ဆန္ဒမဲများကို ခြိမ်းခြောက်မှု မပါဝင်ဘဲ လျှို့ဝှက်စွာ ပေးရခြင်း ဟုတ် မဟုတ် နှင့် မဲဆန္ဒရှင်များက အမှန်တကယ် ကိုယ်တိုင် ပေးခြင်း ဟုတ် မဟုတ် ကဲ့သို့သော တရားဝင် ဖြစ်မှုဆိုင်ရာ ပြဿနာများလည်း ပေါ်ထွက်စေခဲ့သည်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တဦး ဖြစ်သည့် ဒေါ်မြနန္ဒာသင်းက တပ်စခန်းများရှိ မဲရုံများတွင် အရပ်ဘက်မဲရုံများထက် မဲဆန္ဒနယ်ပြင်ရောက် ကြိုတင်မဲအရေအတွက်က အမြဲတမ်း ပိုမိုများပြားသည်ဟု ဆိုသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနေ့၌ တပ်တွင်းမဲရုံများကို စောင့်ကြည့်လေ့လာဖို့ စစ်စခန်းများသို့ ဝင်ရောက်ရန် အခက်အခဲအချို့ ရှိခဲ့သော်လည်း သူ၏အဖွဲ့က ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင်တော့ တပ်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုက အနည်းငယ် ပိုအဆင်ပြေကြောင်း သူကပြောသည်။
“ဒါပေမယ့် ကြိုတင်မဲနဲ့ပတ်သက်ပြီး လေ့လာနိုင်မှုက နည်းခဲ့တယ်။ တပ်တွင်းကို မလုပ်နိုင်ခဲ့ဘူး” ဟု သူက ဆိုသည်။
သို့သော်လည်း မေလက အတည်ပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက်များအရ ယခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲပေးရန် တောင်းဆိုထားသည့် မဲဆန္ဒရှင်များ စာရင်းကို ထုတ်ပြန်မည် ဖြစ် သောကြောင့် တပ်မတော်၏ ကြိုတင်မဲပေးခြင်းက ပိုမို ပွင့်လင်းမြင်သာလာလိမ့်မည်ဟု သူက မျှော်လင့်သည်။ ထိုသို့ ထုတ်ပြန်သည့်အတွက် လေ့လာစောင့်ကြည့်သူများနှင့် အခြားသူများအနေဖြင့် ထိုနေရာတွင် ကြိုတင်မဲ မည်မျှရှိသည် ဆိုသည်ကို သိရှိရန် ပိုမိုလွယ်ကူစေလိမ့်မည် ဖြစ်သည်။
မဲရုံများကို တပ်နယ်မြေ အပြင်ဘက်သို့ ထုတ်ရန် ရွေးကောက်ပွဲဆိုင်ရာဥပဒေများအား ပြင်ဆင်ရာတွင် လွှတ်တော်၏ အောင်မြင်မှုသည် တပ်မတော်၏ ခုခံမှုကို ကျော်ဖြတ်ခဲ့ရသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြီးခဲ့သည့်နှစ် နှောင်းပိုင်း၌ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှ တပ်ဖွဲ့ဝင် များရော ၎င်းတို့၏ မိသားစုဝင်များပါ မဲပေးရန် သူတို့၏ အခြေစိုက်စခန်းများမှ ထွက်ခွာရန် မလွယ်ကူကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူတို့မှာ တနေ့လျှင် ၂၄ နာရီ တာဝန် ထမ်းဆောင်နေကြရသောကြောင့် ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
လွှတ်တော်၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေများအား ပြင်ဆင်ရန် အဆိုပြုထားသော အပြောင်းအလဲများကို ဆွေးနွေးနေချိန်တွင် ဗိုလ်မှူးချုပ် မောင်မောင်က အချို့နေရာများတွင် စစ်သည်များနှင့် ၎င်းတို့၏မိသားစုဝင်များ မဲပေးရန် ၎င်းတို့၏ စစ်တန်းလျားများမှ ထွက်ခွာရေးတွင် လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ပြဿနာများ ဖြစ်စေလိမ့်မည်ဟု နေပြည်တော်ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။
“အဲဒါ မှားတယ်လို့ ကျနော် ထင်ပါတယ်။ ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွေမှာ တပ်တွင်း မဲရုံတွေနဲ့ ပတ်သက်ပြီး ပြဿနာ မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲတွေက လွတ်လပ်ပြီး မျှတမှုရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အာဏာရပါတီက ဒီနေ့မှာ အာဏာရှိနေတာပေါ့။ အဲဒီအတွက် အကြောင်းပြချက် မရှိပါဘူး” ဟု သူက ပြောခဲ့သည်။
သူတို့ခုခံခဲ့ကြသည့်တိုင် လွှတ်တော်က တပ်တွင်းမှ မဲရုံများကို ဖျက်သိမ်းရေးက အောင်မြင်ခဲ့သည်။
သို့သော် ပြီးခဲ့သည့် ဇူလိုင်၂၅ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်တွင်းမဲရုံအားလုံးကို အပြင်ထုတ်မပေးနိုင်ဘဲ တချို့ကို တပ်တွင်းမှာ ဆက်ထားရမည်ဟု ပြောခဲ့သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားသည့် ဥပဒေများနှင့် စည်းမျဉ်းများအတ်ိုင်း ဆောင်ရွက်သွားမည်ဟု သူက ဆက်ပြောခဲ့သည်။
ပြည်တွင်းမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တခု ဖြစ်သော New Myanmar Foundation မှ ဒေါ်မြနန္ဒာသင်းက တပ်မတော်သားများ တပ်ပြင်ပ မဲရုံများတွင် မဲပေးခြင်းက ရွေးကောက်ပွဲစံနှုန်းအရ ပွင့်လင်းမြင်သာမှုရှိရေးကို သေချာစေလိမ့်မည်ဟု ဆိုသည်။
“တပ်တွင်းမဲရုံတွေကို အပြင်ထုတ်မှ ရွေးကောက်ပွဲဖြစ်စဉ်ကို ပိုပွင့်လင်းမြင်သာမှု ရှိလာစေမယ်။”
(San Yamin Aung ၏ Will Outlawing of Polling Stations on Military Bases Change Myanmar’s Electoral Landscape? ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော
ရခိုင်မြောက်ပိုင်းရှိ စစ်ဘေးသင့်ပြည်သူများ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေ
မဲစာရင်းအမှား နည်းရန် ကြိုးပမ်းမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော
No Vote ကမ်ပိန်း ရိုးသားရဲ့လား