မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲရာသီရောက်လာသောအခါ စီးပွားရေး၊ ကိုဗစ်-၁၉ နှင့် စစ်နှင့်ငြိမ်းချမ်းရေး ပြဿနာများသည် မဲဆွယ်တရားဟောရာတွင် လွှမ်းမိုးနေမည်ဖြစ်သည်။
သို့သော် နိုင်ငံတကာ အသိုင်းအဝန်းအတွက်မူ ခန့်မှန်းတွက်ချက်မှုများသည် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံခြားရေးမူဝါဒသည် မည်သည့်ဘက်သို့ ဦးတည်မည်ဆိုသည့်အပေါ် ဗဟိုပြုနေသည်။ တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်ခိုင်မာသည့်ဘက် သို့မဟုတ် ပိုမို လွတ်လပ်သော အနေအထားသို့ ဦးတည်မည်လားကို ခန့်မှန်းနေကြသည်။
ဘေ့ဂျင်းမှခေါင်းဆောင်များသည် မြန်မာစစ်အာဏာရှင်အစိုးရကို မျက်နှာသာပေးခဲ့ပြီး ထိုစဉ်က အတိုက်အခံခေါင်းဆောင်နှင့် ဒီမိုကရေစီသူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်ကို နက်ရှိုင်းစွာ သံသယရှိခဲ့ပြီး ယခုကာလကဲ့သို့ နောက်ပိုင်းတွင်မူ ကြီးမားသော အပြောင်းအလဲများဖြစ်လာခဲ့သည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရသည် ပိုမိုလိုလားပြီး ထိန်းချုပ်သြဇာလွှမ်းမိုးရန် ခက်ခဲသည့် စစ်ဗိုလ်ချုပ်များနှင့်ပတ်သက်ပြီး ပူပန်မှုများရှိကြောင်း တရုတ်အစိုးရကိုယ်စားလှယ်များက ပုဂ္ဂလိက ဆွေးနွေးပွဲများတွင် လျှို့ဝှက်မထားကြတော့ပေ။
တပ်မတော်၏ မဟာမိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ပြီး ယခုနိုဝင်ဘာတွင် အခြေအနေကောင်း မကောင်း ရှင်းရှင်းလင်း မသိရသေးပေ။
မြန်မာ့တပ်မတော်သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကိုင်တွယ်ရန်မှာ ၎င်းတို့၏ တာဝန်ဖြစ်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုမှုလျှော့ချရန် ကြိုးစားနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူ၏ ယခင်မဟာမိတ်များနှင့် လေးစားကြသူများ ရှိရာ အနောက်တိုင်းက ရိုဟင်ဂျာအကျပ်အတည်းနှင့်ပတ်သက်ပြီး ခပ်ခွာခွာနေလာသောကြောင့် စီးပွားရေးနှင့် အခြားအကူအညီများအတွက် ဘေ့ဂျင်းကို အားကိုးနေရသည်။
မြန်မာ့တပ်မတော်၏ ဖြိုခွဲမှုများကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လအစောပိုင်းမှ စတင်ပြီး ယနေ့တိုင် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာခေါ် ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်ဆလင်များသည် သိန်းနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေး ခိုလှုံနေကြသည်။
တချိန်က လူ့အခွင့်အရေး သူရဲကောင်းဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂနှင့် အခြားနိုင်ငံများက လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်နိုင်သည်ဆိုသည့် တပ်မတော်၏ စစ်ဆင်ရေးများအတွင်း သတ်ဖြတ်မှုများကို ရှုတ်ချရန် ငြင်းဆန်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ အနောက်နိုင်ငံများ၏ အချစ်တော်ဘဝမှ အပယ်ခံဘဝသို့ ရုတ်တရက် ချက်ခြင်းပြောင်းလဲသွားသည်။
မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသော နိုင်ငံခြားဆက်ဆံရေးတွင် တတိယအင်အားစုမှာ ဂျပန်ဖြစ်ပြီး ဂျပန်နိုင်ငံသည် ဒေသတွင်း ပထဝီ နိုင်ငံရေး အပြောင်းအလဲ အန္တရာယ်ကိုမြင်ပြီး အနောက်နိုင်ငံများ၏ ပြစ်တင်ရှုတ်ချမှုများတွင် ပါဝင်ခြင်းမရှိပေ။
သြဂုတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆု မိုတီဂျီသည် ပါပူဘာ နယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာသို့ လည်ပတ်ပြီး အရှေ့တောင်အာရှ ၄ နိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရပ်တည်မှု ခိုင်မာအောင် လုပ်ဆောင်သည်။ ကမ္ဘာတဝန်း ကူးစက်ရောဂါဖြစ်ပွားနေစဉ် ထိုသို့ သွားရောက်လည်ပတ်ခြင်းသည် ထိုခရီးစဉ်၏ အရေးပါမှုကို ပြသနေသည်။ တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာကို တန်ပြန်ရန်လည်း ဖြစ်သည်။
မိုတီဂျီသည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်ပါတွေ့ဆုံသည်။ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် နည်းပညာအကူအညီပေးမည်ဖြစ်ကြောင်း မိုတီဂျီက ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြုသည်။ နှစ်နိုင်ငံအကြား စီးပွားရေးသမားများနှင့်ကျောင်းသားများ ခရီးသွားလာခြင်းကို အဆင်ပြေအောင် လုပ်ဆောင်ပေးရန်လည်း နှစ်ဖက် ကတိပြုကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဆွေးနွေးရာတွင်မူ မိုတီဂျီက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံမည်ဟု ကတိပြုသည်။ မိုတီဂျီနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည့် တောင်တရုတ်ပင်လယ်ပြဿနာ အပါအဝင် ဒေသရေးရာများကို အမြင်ချင်းဖလှယ်ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးကို သဘောတူကြသည်ဟု အသေးစိတ်ပြောကြားခြင်း မရှိဘဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထူးဆန်းစွာ ဖေါ်ပြထားသည်။
မိုတီဂျီက ဒေါ်အောင်ဆန်းစုကြည်ကိုပေးသော ( ကိုဗစ်ကာလ အရေးပေါ် အကူအညီ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော် အပါအဝင်) အကူအညီသည် ဘေ့ဂျင်း၏ မြန်မာနိုင်ငံအပေါ် အကြီးအကျယ် လွှမ်းမိုးထားသော သြဇာကို တန်ပြန်နိုင်ခြင်း ရှိမရှိကိုမူ ဆက်လက်စောင့်ကြည်ရမည်ဖြစ်သည်။ တရုတ်၏ သြဇာကြီးမားမှုကို မြန်နှုန်းမြင့် ရထားလမ်းများ၊ အဝေးပြေးလမ်းများနှင့် မြန်မာနိုင်ငံမြစ်များတွင် ရေလမ်းအဆင့်မြှင့်တင်မှုများပြုလုပ်မည့် နိုင်ငံအစီအစဉ်ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) တွင် တွေ့ရမည်ဖြစ်သည်။
ထိုစီမံကိန်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာ့အခြေခံ အဆောက်အအုံ စီမံကိန်းဖြစ်သည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI)အတွက် အရေးပါသည့် အချိတ်အဆက်ဖြစ်ပြီး အမေရိကန်နှင့် စစ်အေးတိုက်ပွဲသစ် အတွက် တင်းမာမှုမြင့်မားနေချိန်တွင် အိမ်နီးချင်းအရှေ့တောင်အာရှ နိုင်ငံများတွင် BRI သည် ပိုမိုအရေးပါလာမည်မှာ သေချာသည်။
မြန်မာနိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်ထွက်ပေါက်ဖြစ်နေခြင်းသည် တရုတ်နိုင်ငံအတွက် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပသို့ ကုန်သွယ်ရာတွင် လတ်တလော အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်နှင့် ရေကြောင်းကျပ်သည့် မလက္ကာရေလက်ကြားတို့ကဲ့သို့ ထိခိုက်လွယ်သော ပင်လယ်ရေကြောင်းလမ်းများကို သုံးနေရခြင်းအတွက် အခြားလမ်းကြောင်းတခု ဖြစ်စေခဲ့သည်။
ဇန်နဝါရီလက မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အတွင်း ရှီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အများအားဖြင့် အရပ်သားများသာပါသည့် အစိုးရအရာရှိများနှင့် ဆွေးနွေးပွဲအတွင်း အခြေခံအဆောက်အအုံ စီမံကိန်း ၁၃ ခုအပါအဝင် နားလည်မှုစာချွန်လွှာ ၃၃ စောင်ထက်မနည်း လက်မှတ်ရေးထိုးခဲ့သည်။
၎င်းတို့တွင် ဒေါ်လာဘီလျှံပေါင်းများစွာ တန်သည့် ကျောက်ဖြူအနီး အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်ထူထောင်ရေး စီမံကိန်းပါဝင်ပြီး ထိုနေရာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနက်ဆိပ်ကမ်းတခုကို တည်ဆောက်နေသည်။
တဖက်တွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လက မော်စကိုခရီးစဉ်အတွင်း ရုရှားသတင်းကွန်ရက်များနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင်
မြန်မာနိုင်ငံတွင် အကြမ်းဖက်အုပ်စုများ ရှိနေခြင်းမှာ ၎င်းတို့ကိုထောက်ပံ့နေသည့် သြဇာကြီးမားသော အင်အားစုများရှိနေခြင်းကြောင့်ဖြစ်ကြောင်းပြောကြားလိုက်သဖြင့် လေ့လာသူများပင် အံ့အားသင့်ကုန်သည်။
ထိုစစ်ခေါင်ဆောင်က မည်သည့်အုပ်စုကိုမျှ အမည်ထုတ်ဖေါ်မပြောသော်လည်း သူသည် တရုတ်လုပ်လက်နက်များ တပ်ဆင်ထားသည့် အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရက္ခိုင့်တပ်မတော် (AA) ကို ရည်ညွှန်းကြောင်း ထင်ရှားသည်။
နိုဝင်ဘာလတွင် တပ်မတော်သည် ရှမ်းပြည်မြောက်ပိုင်းရှိ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုထံမှ အသစ်စက်စက် ဒုံးကျည်ပစ်လောင်ချာများနှင် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် တစင်းအပါအဝင် တရုတ်နိုင်ငံလုပ် လက်နက်အများအပြားကို ဖမ်းမိသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ဆုပေးဒဏ်ပေး စနစ်ကျင့်သုံးရာတွင် ချေးငွေများ၊ အကူအညီများ၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထောက်အပံ့များ တဖက်တွင်ပါဝင်ပြီး အခြားတဖက်တွင်မူ မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အများအပြားကို ကြီးမားလှသည့် တရုတ်လက်နက်မှောင်ခို ဈေးကွက်အား အသုံးပြုခွင့်ပေးထားသည်။
ကိုဗစ်-၁၉ အကျပ်အတည်းနှင့် အစိုးရအရာရှိများ၊ စစ်ခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း က်ိုယ်စားလှယ်များအကြား များပြားလှသည့် ဆွေးနွေးပွဲများရှိသော်လည်း မြန်မာပြည်တွင်းစစ်သည် နယ်စပ်ဒေသအများအပြားတွင် ဆက်ဖြစ်နေပြီး ထိုပြည်တွင်းစစ်ကို တရုတ်နိုင်ငံက အကြီးအကျယ် ပိုမိုသြဇာလွှမ်းမိုလာကြောင်းကိုလည်း အထင်အရှားတွေ့နေရသည်။
၂၀၁၁ ခုနှစ် မတ်လက အာဏာရပြီး မကြာမီ ယခင်သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦသိန်းစိန်က စတင်ခဲ့ပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရက ဆက်လက်အကောင်အထည်ဖေါ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့၏ ထောက်ခံမှုကို အကြီးအကျယ်ရခဲ့သည်။
သို့သော် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်မူ တိုင်းရင်းသားအဖွဲ့ လက်တဆုတ်စာသာ ပါဝင်ပြီး ထိုအဖွဲ့များအနက် အချို့မှာ လက်နက် သို့မဟုတ် ထိန်းချုပ်နယ်မြေရှိသော အဖွဲ့များ မဟုတ်ပေ။
တိုင်းရင်းသားလက်နက်ကိုင်များအားလုံး၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော အဖွဲ့များသည် NCA ကိုလက်မှတ်မထိုးကြဘဲ ထိုးမည့် အလားအလာလည်း မရှိပေ။
ထိုအုပ်စု စုစုပေါင်း ၈ ခုတို့သည် ဖယ်ဒရယ် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှု ကော်မတီ (FPNCC) ထီးရိပ်အောက်တွင် ရပ်တည်ပြီး အားလုံးသည် တရုတ်နှင့်နီးစပ်သည်ဟု သိထားကြသည်။
၎င်းတို့အနက် အင်အားအကြီးမားဆုံးမှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဖြစ်ပြီး တရုတ်လုပ် တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ စက်သေနတ်များ၊ မော်တာများ၊ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ၊ အပေါ့စား တပ်ဖွဲ့သယ်ဆောင်ရေး သံချပ်ကာယာဉ်များနှင့် အခြားယာဉ်များဖြင့် လက်နက်တပ်ဆင်ထားသည်။
AA သည် UWSA ၏ မဟာမိတ်ဖြစ်ပြီး အခြားသော FPNCC အဖွဲ့ဝင်များထံမှတဆင့် UWSA ၏ လက်နက်များကို ရရှိနေသည်။ အလားတူစွာပင် နိုင်ငံမြောက်ပိုင်းမှ အင်အားကြီးမားလှသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရှမ်းပြည်မြောက်ပိုင်း ကျယ်ပြန့်သောနယ်မြေတွင်လှုပ်ရှားသည့် ပလောင်တိုင်းရင်းသားတို့၏ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည်လည်း UWSA ထံမှ လက်နက်များရနေသည်။
အနောက်နိုင်ငံများနှင့် ဂျပန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ကောင်းပါဝင်ပြီး မိုတီဂျီကလည်း ဆယ်စုနှစ်များစွာကြာပြီဖြစ်သော ပြည်တွင်းစစ်အဆုံးသတ်ရေး အားထုတ်မှုများကို ထောက်ခံကြောင်း ကတိပေးခဲ့သည်။
သို့သော် မကြာသေးမီက ဆွေးနွေးပွဲများတွင် တရုတ် လုံခြုံရေး အရာရှိများက FPNCC အဖွဲ့ဝင်များအား အခြားငြိမ်းချမ်းရေး ကြားဝင်သူ အနောက်တိုင်းနှင့် ဂျပန်မှ အရာရှိများနှင့် မည်သည့်သဘောတူညီမှုကိုမျှ မပြုလုပ်ရန် ပြောသည်။
ထို့ကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ တုတ်ကို လက်လွတ်ခံရန် ရည်ရွယ်ချက် မရှိကြောင်းနှင့် အခြားပြင်ပမှဆောင်ရွက်သူများ ငြိမ်းချမ်းရေးုလုပ်ငန်းတွင် ပါဝင်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်းကို မကြာသေးမီ ဖြစ်ပေါ်တိုးတက်မှုများက ပြသနေသည်။
အနောက်နိုင်ငံများသည် ရိုဟင်ဂျာအကျပ်အတည်းတွင် နွံနစ်နေပြီး မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို ထိန်းသိမ်းတိုးတက်အောင် အစွမ်းကုန်လုပ်ဆောင်နေစေကာမူ တရုတ်နိုင်ငံသည် သြဇာအကြီးမားဆုံးဖြစ်နေသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်အနိုင်ရပြီး လက်ရှိ ဒီမိုကရက်တစ်ပုံစံ ဆက်လက်ဆောင်ရွက်ရေးကို ထောက်ခံမည်ဖြစ်သည်။
(Asia Times ပါ Bertil Lintner ၏ Why China wants Suu Kyi to win Myanmar’s polls ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တရုတ်က ရခိုင်အတွက် အကူအညီပေးပြီး BRI စီမံကိန်းများ အရှိန်မြှင့်ရန်ဆွေးနွေး
တရုတ်အရေးကျွမ်းကျင်သူ အလိုရှိသည်
တရုတ်အပေါ် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ မယုံကြည်မှုသည် လျှို့ဝှက်ချက် မဟုတ်တော့