ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းတို့ကို ထောက်ခံပေးမည့် ပြည်ပနိုင်ငံကြီး များ၏ အားပေးအားမြှောက်မှုမပါဘဲ အာဏာသိမ်းပွဲ မလုပ်ဆောင်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ခန့်မှန်း ပြော ဆိုနေကြသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာစစ်ဗိုလ်ချုပ်များသည် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သော နိုင်ငံတကာ ဖိအားများ ကို ပြည်ပနိုင်ငံများ အထူးသဖြင့် တရုတ်နှင့် ရုရှား ထောက်ခံမှု မရှိဘဲ ရင်ဆိုင်နိုင်မည်မဟုတ်သည့် အတွက်ဖြစ်ပြီး လက်တွေ့တွင်လည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၌ မြန်မာပြည်မှ အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ဆုံးဖြတ်ရန် အဆိုကို ယင်းနှစ်နိုင်ငံကပင် တားမြစ်ကန့်ကွက်ခဲ့သည်။
သို့သော် အချို့သော နိုင်ငံရေး လေ့လာသူများက တရုတ်နိုင်ငံထက်စာလျှင် ရုရှားက မြန်မာစစ်ဗိုလ်ချုပ်များကို အာဏာ သိမ်းရန် သွေးထိုးမြှောက်ပင့်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
ဖေဖော်ဝါရီလ ၉ ရက်က Nikkei Asia သတင်းတွင် ဖော်ပြထားသော Myanmar embraces Russian arms to offset China’s influence ဆောင်းပါးတွင် မြန်မာနိုင်ငံ၏ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု၌ ရုရှား၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ အာရှသံတမန် အသိုင်းအဝိုင်းက အနည်းငယ်သာ အံ့အားသင့်ခဲ့ရကြောင်း ရေးသားထားသည်။
အဘယ်ကြောင့်ဆိုသော် အာဏာမသိမ်းမီ ၂ပတ်အလို ဇန်နဝါရီလ ၂၂ ရက်က ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေရှိုဂုနှင့် ဒုကာကွယ်ရေးဝန်ကြီးတို့ မြန်မာနိုင်ငံသို့ ရောက်လာကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် စစ်ခေါင်းဆောင်များနှင့် သီးသန့်ဆွေးနွေးခဲ့ခြင်းက အာဏာသိမ်းရန် ရုရှားဘက်မှ အခါတော်ပေး မီးစိမ်းပြခဲ့ခြင်းလော ဆိုသည်မှာ သံသယဝင်စရာ ဖြစ်နေသည်။
အဆိုပါ ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်သည် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမှုမရှိဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်သာ တွေ့ဆုံခဲ့သည်မှာ ထူးခြားသည်ဟု ဆိုရမည်။
သံတမန် လုပ်ငန်းစဉ်အရ နိုင်ငံတနိုင်ငံ၏ တရားဝင် အစိုးရခေါင်းဆောင်များနှင့် မဖြစ်မနေ တွေ့ဆုံရမည် ဖြစ်သော်လည်း ထိုသို့ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ပေ။
ထိုစဉ်က ရုရှားကာကွယ်ရေးဝန်ကြီး ခရီးစဉ်နှင့် ပတ်သက်၍ ဧရာဝတီမှ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အောက်ရှိ နိုင်ငံရေးရာ ဦးစီးဌာနကို စုံစမ်းရာ အဆင့်မြင့်အရာရှိတဦးမှ ရုရှားခရီးစဉ်သည် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ တိုက်ရိုက် အကြောင်းကြားထားခြင်း မရှိခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။
“ဒါက စစ်ဘက်ဆိုင်ရာ ကိစ္စဖြစ်တဲ့အခါကျတော့ သူတို့စစ်ဘက်အချင်းချင်း ချိတ်ဆက်ပြီးတော့လာတာပါ။ အရင်ကလည်း ဒီလိုပဲ လုပ်လေ့ရှိပါတယ်။ နိုင်ငံတော် သမ္မတရုံးလည်း ခရီးစဉ်ကို မသိဘဲတော့ မနေပါဘူး။ သမ္မတရုံးကိုတော့ သူတို့ အကြောင်း ကြားကြမှာပါ” ဟု ၎င်းအရာရှိက ထိုစဉ်က မရေမရာ ဖြေကြားသည်။
ထို့အပြင် ရုရှားနိုင်ငံသည် မြန်မာစစ်တပ်အား အာဏာသိမ်းစေခြင်းဖြင့် မိမိနိုင်ငံတွင်း ဖြစ်ပျက်နေသည့် အရေးအခင်းများ ကို ကမ္ဘာက အာရုံပြောင်းသွားစေရန် ပြုလုပ်ခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။
အဘယ်ကြောင့်ဆိုသော ရုရှား အတိုက်အခံ ခေါင်းဆောင် အဲလက်စ်ဆီ နာဗယ်နီမှာ ဆိုက်ဘေးရီးယား ခရီးစဉ်အတွင်း အဆိပ်ဖြင့် လုပ်ကြံခံရမှုမှာ ရုရှားအာဏာပိုင်များ၏ လက်ချက်ဟု အနောက်နိုင်ငံများက စွပ်စွဲနေပြီး အဲလက်စ်ဆီ ဂျာမနီ တွင် ဆေးကုပြီးနောက် ပြန်လာရာ မော်စကိုလေဆိပ်တွင် ရုရှားအာဏာပိုင်တို့က ဖမ်းဆီးခဲ့သဖြင့် ရုရှားနိုင်ငံတဝှမ်း ဆန္ဒပြ မှုများ ဖြစ်ပွားနေသဖြင့် ကမ္ဘာအား အာရုံလွှဲနိုင်အောင် မြန်မာစစ်ဗိုလ်ချုပ်များ ကို အာဏာသိမ်းရန် သွေးထိုးပေး လိုက်ခြင်း ဖြစ်ကြောင်း ယူဆကြသည်။
သို့သော် အိမ်နီးချင်းဖြစ်ပြီး မြန်မာအပေါ် သြဇာလွှမ်းရန် ကြိုးစားနေသည့် တရုတ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် လည်း ရုရှားကာကွယ်ရေး ခရီးစဉ် မတိုင်ခင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာစဉ်အခါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာမက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိလာရောက်ခြင်း၊ ရုရှားကာကွယ်ရေးဝန်ကြီးနှင့် ဒုကာကွယ်ရေးဝန်ကြီး တို့ လာရောက်ပြီးနောက် မြန်မာတွင် အာဏာနိုင်သိမ်းမှု ဖြစ်ပေါ်ခဲ့ရာ ထိုနှစ်နိုင်ငံ၏ စွက်ဖက်မှု မကင်းနိုင်ဟု မြန်မာ အများစုက ယူဆနေသည်။
တပ်မတော်မှ အာဏာသိမ်းမှုကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ရှုတ်ချရန် ပြုလုပ်ရာ တရုတ်နှင့် ရုရှားကပင် အကာကွယ် ပြုလုပ်ပေးခဲ့သည်မှာ လက်တွေ့ဖြစ်သည်။
သို့သော် ရန်ကုန်အခြေစိုက် တရုတ်သံရုံးကမူ မြန်မာ့တပ်မတာ် အာဏာသိမ်းမှုနှင့် ပတ်သက်၍ ကြိုတင်သိရှိခြင်း မရှိ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဆွေးနွေးအဖြေရှာရန် တိုက်တွန်းထားပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် တရုတ်နိုင်ငံဘက်က လုံးဝ မမြင်တွေ့လိုသော အခြေအနေများ ဖြစ်နေကြောင်း ရှင်းလင်းခဲ့သည်
သို့သော် မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်တဦးကမူ “တရုတ်က သူ့အကျိုးစီးပွားကို မထိခိုက်ရင် ဘယ်သူအစိုးရဖြစ်ဖြစ် လက်ခံမယ့် သဘောရှိတယ်။ တရုတ်က အလုပ်တခုလုပ်မယ်ဆိုရင် ဒီမိုကရက်တစ်အစိုးရနဲ့ အလုပ်လုပ်တာထက် စစ်အာဏာရှင်တွေနဲ့ စကားပြော အလုပ်လုပ်တာက ပိုထိရောက်တယ်ဆိုတာကို ကောင်းကောင်းနားလည်တယ်။ ဝေးဝေးမကြည့်နဲ့ မြစ်ဆုံ စီမံကိန်း ကိစ္စပဲ ကြည့်ဗျာ။ အဲဒါကြောင့် တရုတ်လည်း ပိုဖြစ်နိုင်တယ်” ဟု မှတ်ချက်ပေးသည်။
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် သုတေသန လေ့လာရေးအဖွဲ့တခုဖြစ်တဲ့ Stimson Center က တရုတ်ဌာန ဒါရိုက်တာ Ms. Yun Sun ကလည်း တရုတ်နိုင်ငံက မြန်မာ့အာဏာသိမ်းမှုကို ထောက်ခံသည် ဆိုသည့် စွပ်စွဲချက်များသည် အတော်ပင် တိကျမှုမရှိသည့် ပြောဆိုချက်များ ဖြစ်ကြောင်း၊ တရုတ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ထားနိုင်ကြောင်းVOA သတင်းဌာနကို ပြောကြားထားသည်။
“မြန်မာစစ်တပ်ကို ထောက်ခံပြီး အာဏာသိမ်းမှုထဲ တရုတ်တို့ ပါဝင်တာမျိုး၊ မြန်မာ စစ်တပ်ကို အကာအကွယ်ပေးတာမျိုး စတဲ့ စကားတွေ ကြားနေပါတယ်။ ဒီနှစ်ခုက ကွာပါတယ်။ မြန်မာနိုင်ငံပဲဖြစ်ဖြစ် တခြားနိုင်ငံပဲဖြစ်ဖြစ် တရုတ်တို့က ဘယ် အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံကိုမဆို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အကာအကွယ်ပေးမှာပဲ။ ဒါက ပြည်တွင်းရေး မစွက်ရ ဆိုတဲ့ တရုတ်နိုင်ငံခြားရေး ဝါဒကို ထင်ဟပ်စေတာပါ” ဟု ၎င်းက ဆိုသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိတွင် အာဏာသိမ်းမှုကို မကူမညီ မထောက်ပံ့ကြောင်း တရုတ်နိုင်ငံက ကျယ်ကျယ်လောင်လောင် ထွက်ရှင်းနေရသော်လည်း ရုရှားနိုင်ငံဘက်ကမူ နှုတ်ဆိတ်နေလျက်ရှိသည်။
မြန်မာနိုင်ငံသား အမြောက်အမြားကမူ ၎င်းတို့၏ ဆန္ဒမဲ ရလဒ်များကို အသိအမှတ်မပြု အာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ် များ၏ လုပ်ရပ်အတွက် လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်ချနိုင်ရေး တားမြစ်ခဲ့သော တရုတ်နှင့် ရုရှားနိုင်ငံတို့ကို ဆန့်ကျင်သပိတ် မှောက်နေပြီး ၎င်းနိုင်ငံများ၏ သံရုံးရှေ့တွင်လည်း နေ့စဉ် ဆန္ဒပြနေလျက်ရှိပေသည်။
You may also like these stories:
အာဏာသိမ်း စစ်တပ်ကို ထောက်ပံ့နေတာတွေ ရပ်လိုက်ပါ
ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုတွက်ကိန်းလွဲသွားလဲ