အာဏာသိမ်း စစ်ကောင်စီ၏ ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုကြောင့် မသေသင့်ဘဲ သေဆုံးသွားသူများအား သင်္ဂြိုလ်ရန် သုဿာန်တွင် အလောင်းများ တန်းစီနေသော်လည်း စစ်အုပ်စုသည် ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ မြေပြင်တွင် အလွဲအမှားများကိုသာ တွင်တွင်ပြောနေသည်။
အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တဟုန်တိုးမြင့်တက်လာနေသည့် ကိုဗစ်ရောဂါ ကူးစက်မှုကို ကာကွယ်ရန် ဇူလိုင်လ ၉ ရက်နှင့် ဇူလိုင်လ ၁၂ ရက်တွင် ကိုဗစ်ကာကွယ် ထိန်းချုပ် ကုသရေး အစည်းအဝေး ၂ ကြိမ်ကျင်းပခဲ့သည်။
အစည်းအဝေး ၂ ကြိမ်စလုံးတွင် ၎င်းပြောသည့် စကားများသည် မြေပြင်အခြေအနေနှင့် ဆီလျော်မှုမရှိဘဲ အတော်ပင် လွဲချော်နေကြောင်း မြေပြင်တွင် လူထုကို ကူညီပေးနေသည့် ပရဟိတအဖွဲများနှင့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်နေသည့် ဆရာဝန်များက ဧရာဝတီကို ပြောကြသည်။
မည်ကဲ့သို့သော မုသားများကို တပ်ချုပ်မင်းအောင်လှိုင် ပြောနေပါသနည်း။ ၎င်းပြောဆိုနေသည့် ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်သည့် စကားများတွင် အဓိကအားဖြင့် မြေပြင်အခြေအနေနှင့် လွဲမှားနေသည့် အကြောင်းအရာ ၄ ခုထက်မနည်း ရှိသည်။
(၁) အိမ်မှာ ကျိတ်မကုနဲ့
တပ်ချုပ်မင်းအောင်လှိုင်က လူအများအနေနှင့် ကိုဗစ်ရောဂါ ဖြစ်ပွားကြောင်း သံသယရှိပါက မိမိအိမ်၌ နေကာ ဆေးမြီးတိုဖြင့် ကျိတ်မကုသင့်ဘဲ ဒေသန္တရ ကျန်းမာရေးဌာနများသို့ လာပြရမည်ဖြစ် ကြောင်း ပြောသည်။
နေပြည်တော်တွင် ဇူလိုင်လ ၁၂ ရက်က ပြုလုပ်သည့် ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး ဒုတိယအကြိမ် အစည်းအဝေးတွင် ပြောဆိုခြင်းဖြစ်သည်။ ဒေသန္တရ ကျန်းမာရေးဌာန၏ စစ်ဆေးမှုများသည် ထိရောက်ပြီး အဆိုပါကျန်းမာရေးဌာနများက လိုအပ်ပါက ဆေးရုံသို့ လွှဲပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆေးရုံများက လက်မခံသဖြင့် လူထုသည် မိမိနေအိမ်တွင် နေထိုင်ကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရောဂါကု သရေးဆောင်ရွက် နေသည်။
ဗိုလ်ချုပ်မှူးကြီး အပြောနှင့် ဆန့်ကျင်စွာ လက်တွေ့အခြေအနေတွင် ဒေသန္တရ ကျန်းမာရေးဌာနများသည် မည်သည့် ထိရောက်သည့် စစ်ဆေး ကုသပေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ လာပြသည့် လူနာများကို အိမ်ပြန်လွှတ်မှုများရှိနေသဖြင့် လူနာများသည် မိမိနေအိမ်တွင်သာ ကိုဗစ်ရောဂါကို ကုသနေကြရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှု အဆိုးဝါးဆုံးဖြစ်နေသည့် ကလေးမြို့တွင် နေထိုင်သူ တဦးကလည်း ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွားနေသောကြောင့် အစိုးရဆေးရုံသွားပြသော်လည်း လက်ခံမှုမရှိသဖြင့် သေဆုံးသွားသူများ ရှိနေကြောင်း ဧရာဝတီသို့ပြောသည်။
“ဆေးရုံက လက်မခံလို့ ဆုံးသွားတဲ့ ဖြစ်စဉ်တွေရှိတယ်။ ကျနော်သိသလောက် အဲဒီလို သေတဲ့ သူ ၂ ယောက်လောက်ရှိတယ်။ ကျနော့်အသိထဲမှာ။ ဗိုက်ကြီးသည် ကိုယ်ဝန်သည်တယောက်ပေါ့။ ဆေးရုံကိုသွား ပြတယ် လက်မခံဘူး။ ဆေးခန်းတွေကို သွားပြတာ ဆေးခန်းတွေကလည်း လက်မခံလို့ အသက်ဆုံးသွားတယ်” ဟု ၎င်းက ပြောပြသည်။
အစိုးရဆေးရုံများသည်လည်း ကုတင်လုံလောက်မှု မရှိ၊ ဆရာဝန်မလုံလောက်ဟု အကြောင်းပြကာ လက်မခံခြင်း ဖြစ်ကြောင်း ကလေးမြို့ဒေသခံတဦးက ဆိုသည်။
ရန်ကုန်မြို့တွင် လူမှုကူညီရေးဆောင်ရွက်နေသည့် ပရဟိတအသင်းတခုမှ တာဝန်ရှိသူများကလည်း ဆေးရုံများက လက်မခံသဖြင့် လူထုသည် မိမိနေအိမ်တွင် နေထိုင်ကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရောဂါကု သရေးဆောင်ရွက် နေခြင်း ဖြစ်ကြောင်းပြောသည်။
“သူတို့သာ ထိထိရောက်ရောက် နဲ့ စေတနာထားပြီး ဆေးရုံတွေမှာ လက်ခံကုပေးရင် လူထုက အိမ်မှာမနေပါဘူး။ သူတို့က လက်မခံလို့သာ အခုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည်သူအချင်းချင်းကူညီပြီး ကုနေရတာ” ဟု တဦးက ပြောသည်။
(၂) အောက်စီဂျင်တွေလုံလောက်တယ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိအခြေအနေ၌ အောက်စီဂျင်များ အလုံအလောက်ရှိကြောင်း ပြောနေချိန်မှာပင် အောက်စီဂျင်အလွယ်တကူမရသဖြင့် အသက်ဆုံးသွားသူများ၏ သတင်းများ Facebook လူမှုကွန်ရက်တွင် အချိန်နှင့် တပြေးညီတက်နေသည်။
၎င်းက “တကယ်တော့ အောက်စီဂျင်က လက်ရှိအနေအထားမှာ လုံလုံလောက်လောက် ရှိပါတယ်။ လူတွေက ကြောက်လန့်ပြီး စိုးရိမ်ပြီး ဝယ်ထားတာရှိတယ်။ အချို့ကလည်း မသမာတဲ့ နည်းနဲ့ လုပ်ဖို့ ကြိုးစားနေတာလည်း ရှိတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ လုပ်ဆောင်နေတာလည်းရှိတယ်” ဟု ဇူလိုင်လ ၁၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် ကိုဗစ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး ဒုတိယအကြိမ်အစည်းအဝေးတွင် ပြောသည်။
အမှန်တကယ်အခြေအနေက ထိုသို့မဟုတ်ပေ။ အောက်စီဂျင်အိုးများကို အမြတ်ကြီးစားပြီး ပြန်လည်ရောင်းချရန် ဝယ်စုသူအချို့ရှိသော်လည်း လက်တွေ့ကျသည့် အကြောင်းအရင်းမှာ ယခင်က ဈေးသက်သက်သာသာနှင့် ငွေကျပ်ထောင်ဂဏာန်းပေးရုံမျှဖြင့် ဖြည့်ယူရရှိနိုင်သည့် အောက်စီဂျင်စက်ရုံများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်း ကြောင့်ဖြစ်သည်။
စစ်ကောင်စီက အောက်စီဂျင်ကို ပုဂ္ဂလိကသို့ ရောင်းချခွင့်ကို ပိတ်ပင်လိုက်ပြီး စစ်တပ်ဆေးရုံများနှင့် အစိုးရဆေးရုံများ၊ ကိုဗစ်စင်တာများအတွက်သာ ဖြည့်ပေးရမည်ဟု ကန့်သတ်လိုက်ရာ ယခင်က အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် အောက်စီဂျင်စက်ရုံများတွင် သာမန်ပြည်သူများ အလွယ်တကူ မဖြည့်နိုင်တော့ဘဲ အောက်ဆီဂျင်အိုးဈေးနှုန်းများလည်းငွေကျပ် ၅ သိန်းအထက်သို့ မြင့်တက်သွားခြင်း ဖြစ်သည်။
အောက်စီဂျင်အိုးများ ဈေးတက်သွားခြင်းသည် လူထုက မလိုအပ်ဘဲ အောက်စီဂျင်ဖြည့်နေသောကြောင့် ဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့် ရဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပြီး အမှန်တကယ်လိုအပ်သူများအနေနှင့် သက်ဆိုင်ရာနယ်မြေ ကျန်းမာရေးဝန်ထမ်း၏ ထောက်ခံချက်ဖြင့် ဖြည့်နိုင်ကြောင်း ဆိုထားသည်။
မြေပြင် အခြေအနေတွင် အောက်စီဂျင်ဖြည့်ချင်သော ကြောင့် သက်ဆိုင်ရာနယ်မြေ ကျန်းမာရေးဝန်ထမ်း၏ ထောက်ခံချက် ရယူရန် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းနှင့် တွေ့ခွင့်ရရေးသည်ပင် အတော်ပင်ခက်ပြီး ထောက်ခံစာရရန်မှာ လုံးဝနီးပါးမလွယ်ကူသည့် အခြေအနေဖြစ်နေကြောင်း ရန်ကုန်တိုင်းရှိ လူမှုကူညီရေးအဖွဲ့များက ပြောသည်။
ကိုဗစ်ကြောင့် အသက်ရှုကြပ်ပြီး အောက်စီဂျင်လိုအပ်နေသည့် လူနာများအတွက် အောက်စီဂျင်အလွယ်တကူ မရရှိသောအခါတွင် လူနာများ၏ အသက်သည် နွေကာလသစ်ရွက်များ ကြွေသကဲ့သို့ တဖြုတ်ဖြုတ် ကွယ်လွန်လာကြသည်။
ကျန်းမာရေးဝန်ထမ်း၏ ထောက်ခံချက် ရယူရန် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းနှင့် တွေ့ခွင့်ရရေးသည်ပင် အတော်ပင်ခက်ပြီး ထောက်ခံစာရရန်မှာ လုံးဝနီးပါး မလွယ်ကူ
သို့ဖြစ်ရာ အောက်စီဂျင် လုံလောက်သည်ဆိုသည့် စစ်ကောင်စီဥက္ကဌ၏ စကားသည် မည်သူ့အတွက် လုံလောက်သည်ကို ဆိုလိုသနည်းဟု ပြန်လည်မေးခွန်းထုတ်ရမည့် အခြေအနေရှိသည်။
(၃) မရေရာသေးသည့် ကာကွယ်ဆေးကိစ္စ
ကာကွယ်ဆေးအစီအစဉ်နှင့် ပတ်သက်၍လည်း မည်သည့် အသက်အရွယ်ကို မည်ကဲ့သို့ သော ကာကွယ်ဆေးထိုးပေးမည်ဆိုသည့် တိကျသည့် အစီအစဉ်မရှိသော်လည်း ကာကွယ်ဆေးများ မှာထားကြောင်း လူထုကို ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောနေသည်။
တပ်ချုပ် မင်းအောင်လှိုင်က ဇူလိုင်လ ၉ ရက်က နေပြည်တော်တွင် ကျင်းပသည့် ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး ပထမအကြိမ်အစည်းအဝေးတွင် ယခုကဲ့သို့ ဆိုသည်။
“အိန္ဒိယဆီက ကာကွယ်ဆေး အလုံးသန်း ၃၀ ဝယ်ပေမယ့် ၂ သန်းပဲရောက်တယ်။ အကြောင်းအမျိုးမျိုးကြောင့် မရောက်ဘူး။ ပိုက်ဆံ ၇၅ သန်းပေးထားတယ်။ ဆေးတွေရဖို့လုပ်မယ်။ တရုတ်ဆီက ကာကွယ်ဆေး ၂ သန်းရမယ်။ ရုရှားဆီက ၂ သန်းတောင်းထားပေမယ့် အများကြီးမထုတ်နိုင်တဲ့အတွက် ချက်ချင်းတော့မရနိုင်သေးဘူး။ မကြာမီသောင်းဂဏန်းရမယ်။ ဘယ်အရွယ်တွေ ထိုးပေးနိုင်မလဲ မဆုံးဖြတ်ရသေးဘူး” ဟု ပြောဆိုထားသည်။
ထို့အပြင် ရုရှားနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၌ ၁ နှစ်လျှင် ကာကွယ်ဆေး ၅ သန်းထုတ်ရန် အခြေခံသဘောတူညီချက်များကို ၎င်း၏ရုရှားခရီးစဉ်အတွင်း သဘောတူထားသည်ဟုလည်း ဆိုသည်။ ရုရှထုတ် ကာကွယ်ဆေးကို WHO က ထောက်ခံချက် မပေးသေးပါ။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကလည်း တရုတ်နိုင်ငံထံမှ ကိုဗစ်ကာကွယ်ဆေးစုစုပေါင်း ၆ သန်းရမည်ဟု ဆိုပြီး အသက်အရွယ်အုပ်စုအလိုက် မည်သူများကို ထိုးပေးမည်ကို ဆွေးနွေးနေကြောင်း ဇူလိုင်လ ၁၄ ရက်တွင် ပြောသည်။
စစ်အုပ်စု၏ ပြောဆိုချက်များတွင် ကာကွယ်ဆေးရရှိမည့် အရေအတွက်သည်လည်း တူညီမှုမရှိသကဲ့သို့ မည်သူကို မည်ကဲ့သို့ ကာကွယ်ဆေးထိုးပေးမည်ဆိုသည့် အစီအစဉ်မှာ တိတိကျကျ ရှိမနေကြောင်း ထင်ရှားသည်။
ပြောဆိုချက်များတွင် ကာကွယ်ဆေးရရှိမည့် အရေအတွက်သည်လည်း တူညီမှုမရှိသကဲ့သို့ မည်သူကို မည်ကဲ့သို့ ကာကွယ်ဆေးထိုးပေးမည်ဆိုသည့် အစီအစဉ်မှာ တိတိကျကျ ရှိမနေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ကျန်မားရေးဝန်ထမ်းများကို ဦးစားပေးကာ ကာကွယ်ဆေးထိုးသည့် အစီအစဉ်များရှိခဲ့သော်လည်း စစ်အာဏာသိမ်းလိုက်မှုကြောင့် ကာကွယ်ဆေးထိုးမည့် အစီအစဉ်တခုလုံး ပျက်စီးသွားခဲ့ပြီးနောက် ကာကွယ်ဆေးထိုးမည့်အစီအစဉ် ပြန်လည်စတင်မည့်အကြောင်း စစ်ကောင်စီဘက်က ပြောနေခြင်းလည်းဖြစ်သည်။
ထို့အပြင် ကာကွယ်ဆေးများရသည့်တိုင် တနိုင်ငံလုံးလူဦးရေကို လွှမ်းခြုံသည်အထိ ထိုးပေးမည့် ကာကွယ်ဆေး မည်သို့ ဆက်လက် ရနိုင်မည်ဆိုသည်မှာလည်း မသေချာပေ။
တတိယအချက်အနေနှင့် ပြောစရာရှိသည်မှာ ကာကွယ်ဆေးများ အလုံအလောက်ရသည့်တိုင် အဆိုပါကာကွယ်ဆေးများကို ကျွမ်းကျွမ်းကျင်ကျင် လူထုကို ထိုးပေးမည့် ကျန်းမာရေးဝန်ထမ်းများ အလုံအလောက် ရှိမရှိ ဆိုသည့် ကိစ္စဖြစ်သည်။
ဧရာဝတီ စုံစမ်းသိရသည်က စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်လိုသည့် ကျန်းမာရေးဝန်ထမ်းများ အမြောက်အမြားရှိမပေါ။ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်း ထောင်နှင့် ချီရှိနေသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်က ကာကွယ်ဆေးထိုးသည်ဆိုသည်မှာ တိကျသည့် အစီအစဉ်နှင့် လူထုပါဝင်မှု ပေါင်းစပ်ကာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြောသည်။
လက်ရှိကာလတွင် ထိုကဲ့သို့သော အခြေအနေများ စစ်ကောင်စီထံတွင် ရှိမနေကြောင်း ၎င်းက ပြောသည်။
“ကာကွယ်ဆေးဆိုတာက ပြောရမယ်ဆိုရင် ထိုးရမယ့် အုပ်စုတွေရှိတယ်။ ထိုးရမယ့် Category တွေ ခွဲထားတာရှိတယ်။ သို့သော် ခုနက ပြောတဲ့ ကာကွယ်ဆေးကို ထိုးမယ်ဆိုရင်လည်း လွှမ်းခြုံနိုင်တဲ့ အနေအထားတခုရောက်မှသာ ကာကွယ်နိုင်မယ်လို့ သုံးသပ်တယ်။ အခုအချိန်မှာ တရုတ်ကပဲ မှာမှာ၊ ရုရှားကပဲ မှာမှာ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်မယ်လို့ မယူဆဘူး။ လုံလောက်မှု မရှိဘူးလို့လည်း ထင်တယ်” ဟု ဗိုလ်ကြီး မင်းမောင်မောင်က ပြောသည်။
(၄) စေတနာ့ဝန်ထမ်းခေါ်မည်၊ ဆရာဝန်များ ကန်ထရိုက်စနစ်နဲ့ ခန့်မည်
စစ်ကောင်စီဥက္ကဌသည် ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်၍ လက်တွေ့ မြေပြင်တွင် ဖြစ်နိုင်ခြေမရှိသော အစီအစဉ် ၁ ရပ်ကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး ပထမအကြိမ် အစည်းအဝေးတွင် ပြောခဲ့သေးသည်။
ယင်းမှာ ကျန်းမာရေးဆိုင်ရာ သင်တန်းတက်ထားသူများ ၎င်းတို့နှင့် ပူးပေါင်း၍ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးဆောင် ရွက်နိုင်ရန် စေတနာ့ ဝန်ထမ်းများ ဖိတ်ခေါ်မည်ဆိုသည့် ကိစ္စနှင့် ဆရာဝန်များကို ကန်ထရိုက် အငှားစာချုပ်ဖြင့် ခေါ်ခန့်မည်ဆိုသည့် ကိစ္စဖြစ်သည်။
အာဏာသိမ်းပြီးကတည်းက လူမှုကူညီရေးနှင့် နာရေးကူညီမှုအသင်းများကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ ပရဟိတသမားများကို ရိုက်နှက်ထောင်ချခဲ့သည်။
နှိပ်စက်ကလူပြုပြီးမှ ၎င်းတို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်မှုကို မည်သည့် စေတနာ့ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းက လက်ခံပါမည်နည်းဟု ဝေဖန်စောကြောစရာရှိသည်။
ထို့အပြင် CDM ဆောင်ရွက်နေသည့် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများကိုလည်း ရာဇဝတ်သားဖမ်းသကဲ့သို့ ခေါင်းကို အိတ်အမဲစွပ်ကာ လက်ပြန်ကြိုးတုပ်ဖမ်းသည့် အပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် လိုက်လံဖမ်းဆီး ထောင်ချမှုများ ဆောင်ရွက်ခဲ့သည်။
ထို့သို့ နှိပ်စက်ကလူပြုပြီးမှ ၎င်းတို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်မှုကို မည်သည့် စေတနာ့ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းက လက်ခံပါမည်နည်းဟု ဝေဖန်စောကြောစရာရှိသည်။
CDM ဗိုလ်ကြီးမင်းမောင်မောင်ကမူ စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက လက်ခံကာ ပူးပေါင်းမည်ဟု မထင်ကြောင်းပြောသည်။
“စစ်ကောင်စီက နှိပ်ကွပ်တယ်။ ဖမ်းဆီးတယ်။ ၅၀၅ တွေနဲ့ ထုတ်တယ်။ တချို့တွေက သူတို့နိုင်တဲ့ ဗော်လန်တီယာ ပရဟိတဆေးခန်းလေးတွေမှာ လုပ်တယ်။ ဒီလိုလူမျိုးတွေ အများကြီးရှိနေရက်နဲ့ ဖိနှိပ်ပြီး ထပ်ခေါ်မယ်ဆိုတော့ဗျာ။ ဘယ်လိုလုပ်လက်ခံကြမှာလဲ” ဟု ဆိုသည်။
လူထုက စစ်ကောင်စီ၏ ဖိနှိပ်မှုများကို နာကြည်းနေချိန်တွင် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်သည့် စစ်ကောင်စီဥက္ကဌ၏ ပြောဆိုမှုသည် အရှက်မဲ့သည့် စကားဖြစ်ကြောင်း ဗိုလ်ကြီးမင်းမောင်မောင်က ပြောသည်။
“ဒီလို စိတ်ဒဏ်ရာနဲ့ စိတ်ဖိစီးနေတဲ့ လူနာနဲ့တူတဲ့ ပြည်သူတွေ ကိုယ်တိုင်က မနှစ်မြို့ဘူး။ မထောက်ခံဘူး ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေကို ပူးပေါင်းပါဝင်ဖို့ ခေါ်တာက တော်ရုံအရှက်မဲ့ရုံနဲ့တော့ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။
ဘာကြောင့် စစ်ကောင်စီက မုသားပြောနေတာလဲ
ယင်းသို့ဆိုလျှင် ထပ်ဆင့်စဉ်းစားစရာရှိသည်မှာ ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ မမှန်ကန်သော ဖြစ်နိုင်ချေနည်းသော အလွဲများကို မည်သည့်အကြောင်းကြောင့် စစ်ကောင်စီ ဥက္ကဌပြောနေသနည်းဆိုသည့် အချက်ဖြစ်သည်။
CDM ဗိုလ်ကြီး မင်းမောင်မောင်ကမူ စစ်ကောင်စီဥက္ကဌသည် အာဏာလောဘကြောင့် အမှန်ကို မမြင်နိုင်တော့ဘဲ ၎င်းမှန်သည်ဟု ထင်ရာများကိုသာ တဇွတ်ထိုး ပြောဆိုလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
“အဓိကတော့ လောဘရမ္မက်ကြောင့်ပဲ ။ လောဘတွေထဲမှာ အာဏာလောဘက ကြောက်စရာအကောင်းဆုံးပဲ။ အမှန်ကို မမြင်နိုင်တော့ဘူး။ တကယ့်မြေပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကိုလည်း မမြင်နိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
You may also like these stories:
စစ်ကောင်စီ တနိုင်ငံလုံး လော့ဒေါင်းချ
IMF ၏ မြန်မာကိုဗစ်အကူအညီ ဒေါ်လာ သန်း ၃၅၀ ပျောက်ဆုံးနေ
ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား