စစ်အာဏာမသိမ်းမီရက်ပိုင်းအတွင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည့် ကိုဗစ်အကူအညီငွေ ဒေါ်လာ သန်း ၃၅၀ ကို စာရင်းရှင်းရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်သူတဦးက စစ်ကောင်စီကို တောင်းဆိုလိုက်သည်။
ကျန်းမာရေးစနစ်ပြိုကျနေသောကြောင့် မြန်မာနိုင်ငံတွင် ပိုမိုနက်ရှိုင်းလာသည့် ကိုဗစ်-၁၉ အကျပ်အတည်းမုန်တိုင်းကို ကိုင်တွယ်ရေးအတွက် နိုင်ငံတကာအနေဖြင့် အရေးပေါ်လုပ်ကိုင်ကြရန်လည်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းခဲ့သည်။
“ဒယ်လ်တာမျိုးကွဲအပါအဝင် ကိုဗစ်ပိုးကူးစက်မှုပေါက်ကွဲခြင်း၊ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုကျခြင်းနဲ့ စစ်ကောင်စီနဲ့ပတ်သက်တာအားလုံးကို ပြည်သူလူထုက နက်ရှိုင်းစွာ အယုံအကြည်ကင်းမဲ့ခြင်းတို့ဟာ အကြွင်းမဲ့ မုန်တိုင်းရဲ့ လက္ခဏာတွေဖြစ်တယ်” ဟု တွမ် အင်ဒရူးပြောသည်။
နိုင်ငံတကာအသိုက်အဝန်းထံမှ အရေးပေါ်အကူအညီမရလျှင် မြန်မာနိုင်ငံတွင် လူသေဆုံးမှု လွန်စွာများပြားနိုင်ကြောင်း သူပြောသည်။
စစ်ကောင်စီကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန၏ တရားဝင်စာရင်းအရ နိုင်ငံရှိမြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစစ်ခံနေရသည်။
လက်ရှိအချိန်တွင် ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့ရှိသူ ၅၃,၀၀၀ ကျော်ရှိလာပြီး သေဆုံးသူ ၇၁၁ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။
Johns Hopkins University တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေးဌာန၏ အဆိုအရ မြန်မာနိုင်ငံတွင် စုစုပေါင်း ကူးစက်မှု ၁၁၈၇၅၂ ခုနှင့် သေဆုံးမှု ၃၇၅၆ ခုရှိကြောင်းပြသနေသော်လည်း ထိုကိန်းဂဏန်းများသည် တရားဝင်စာရင်းကို အားကိုးသူများအတွက်ပင် အဖျားအနားမျှသာဖြစ်သည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့မတ်ိုင်မီ ရက်ပိုင်းအတွင်းက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က မြန်မာပြည်သူများအတွက် ပေးအပ်ခဲ့သော ကိုဗစ်အကူအညီ ဒေါ်လာသန်း ၃၅၀ ကို စာရင်းရှင်းရန်လည်း စစ်ကောင်စီကို သူတောင်းဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၄၇ ကြိမ်မြောက်အစည်းအဝေးအပြီးတွင် အင်ဒရူးက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ထိုအစည်းအဝေးတွင် ရိုဟင်ဂျာမွတ်ဆလင်များနှင့် မြန်မာမှ အခြားလူနည်းစု တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစောင်ကို မဲမခွဲဘဲ ထုတ်ပြန်ခဲ့သည်။
ရိုဟင်ဂျာမွတ်ဆလင်နှင့်အခြားလူနည်းစုတိုင်းရင်းသားများကို ခွဲခြားဆက်ဆံသော မူဝါဒ၊ ညွန်ကြားချက်များနှင့် အလေ့အထများအားလုံးကို စွန့်လွှတ်ပြီး တဆစ်ချိုးပြုပြင်သည့် အစီအမံအားလုံးလုပ်ဆောင်ရန် လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံကို တိုက်တွန်းသည်။
ထိုသို့လုပ်ဆောင်ရာတွင် ဝတ်ပြုသောနေရာများ၊ သချိုင်းများ၊ အခြေခံအဆောက်အအုံများ၊ စီးပွားရေးနှင့် လူနေအဆောက်အအုံများ ဖျက်ဆီးခြင်းတို့ကို တားမြစ်ရန်လည်း ပါဝင်သည်။
သူ၏ထုတ်ပြန်ကြေညာချက်တွင် အင်ဒရူးက “ရရှိနိုင်သမျှ အမြင့်မားဆုံး ကျန်းမာရေး စံနှုန်းသည် လူသားတိုင်း၏ အခြေခံအခွင့်အရေးများအနက်တခုဖြစ်ပြီး ထိုအခွင့်အရေးကို မြန်မာနိုင်ငံအတွင်း လူများစု ငြင်းပယ်ခံနေရသည်။ နိုင်ငံတကာ အသိုက်အဝန်းက အရေးယူရမည်” ဟု ဖေါ်ပြထားသည်။
ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီတွင် ဇူလိုင်လ ၇ ရက်နေ့က သူတောင်းဆိုခဲ့သည့် မြန်မာပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများပေးရန် “အရေးပေါ်ညွန့်ပေါင်းမဟာမိတ်”အဖွဲ့ဖွဲ့ရေး သူ ထပ်မံတောင်းဆိုသည်။
စစ်ကောင်စီတွင် မည်သည့်ရင်းမြစ်မျှ မရှိ
“စစ်ကောင်စီတွင် ယခုအကျပ်အတည်းကို ထိန်းချုပ်နိုင်သည့် ရင်းမြစ်၊ စွမ်းရည်နှင့် တရားဝင်မှုတို့ ကင်းမဲ့နေသည်” ဟုလည်း အင်ဒရူးက ဖော်ပြသည်။
“မြန်မာစစ်ကောင်စီကို ကျယ်ကျယ်ပြန့်ပြန့် အယုံအကြည် ကင်းမဲ့ကြသောကြောင့် မြန်မာနိုင်ငံမှ အကျပ်အတည်းသည် အထူးသဖြင့် သေဆုံးမှု များပြားစေနိုင်သည်” ဟု ပြောသည်။
မြန်မာပြည်သူများ ယုံကြည်နိုင်သည့် ကာကွယ်ဆေးထိုးအစီအစဉ် အပါအဝင်ဖြစ်သော ကိုဗစ်တုံ့ပြန်မှု အစီအစဉ်တခုကို ညှိနှိုင်းရန် စစ်ကောင်စီမဟုတ်သည့် အဖွဲ့အစည်းတခုကို နိုင်ငံတကာ အသိုက်အဝန်းက ကူညီအဆင်ပြေအောင် ဆောင်ရွက်ပေးရန် သူတောင်းဆိုသည်။
မရေတွက်နိုင်သောသူများ မသေဆုံးမီနှင့် မြန်မာနိုင်ငံသည် ထိုအသေအပျောက်များသော ဗိုင်းရပ်စ်ကို “အထူး ဖြန့်ချိသည့် န်ိုင်ငံ” မဖြစ်လာမီ လုပ်နိုင်စွမ်းရှိပြီး စိတ်အားထက်သန်သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲကအစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက အကူအညီပေးရမည်ဟုလည်း ပြောသည်။
ကိုဗစ်ကို ကုသရန် အသက်ကယ် အကူအညီ အကြီးအကျယ် အရေးပေါ် လိုအပ်နေကြောင်း အင်ဒရူး မီးမောင်းထိုးပြသည်။
“ဒီ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသဖို့ အောက်ဆီဂျင်ပံ့ပိုးရေး စွမ်းရည် အဓိက ချို့တဲ့နေတယ်။ ဆေးဝါးရင်းမြစ်နဲ့ ယုံကြည်မှုမရှိလို့ လူတွေသေနေကြတယ်” ဟုလည်း သူပြောသည်။
အာဏာသိမ်းပြီးနောက် အငြင်းပွားဖွယ်ရာ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် မြန်မာနိုင်ငံမှ ထောင်တွင်းနေသူများသည် ပြင်းထန်သော အန္တရာယ်ရှိနေသည်။ အကျဉ်းသားများ အထူးသဖြင့် ရောဂါအခံ ရှိသူများသည် သေဒဏ်ချခံရသူများ ဖြစ်သွားနိုင်ကြောင်း အင်ဒရူး သတိပေးသည်။
ကိုးကား။ ။ Anadolu
You may also like these stories:
ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်
ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါး ပစ္စည်းပြတ်၍ အကန့်အသတ်ဖြင့် ဝယ်နေရ
မြန်မာပြည်တွင် အောက်စီဂျင် အရေးပေါ် လိုနေသည်
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား