မြန်မာနိုင်ငံတွင် ကိုဗစ် တတိယလှိုင်း ဝင်ရောက် ရိုက်ခတ်ချိန် စစ်ကောင်စီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင်စာရင်းဇယားများကိုယ်နှိုက်အရ ကိုဗစ်ရောဂါပိုး ပျံ့နှံ့မှုနှင့် လူသေဆုံးမှုသည် မိုးပေါ်ထောင်တက်နေရာ ပိုးပြန့်ပွားမှုသည် နေရာအနှံ့ဖြစ်နေနိုင်ပြီး လတ်တလော အောက်စီဂျင်ဘူးများ ကစဉ့်ကလျား ဝယ်ယူမှု ဖြစ်နေကာ စစ်ကောင်စီ၏ ကိုဗစ်တုံ့ပြန်ရေးမူဝါဒနှင့် အကျပ်အတည်းကာလ စီမံခန့်ခွဲမှု ညံ့ဖျင်းချည့်နဲ့နေပုံကို သက်သေပြနေသည်။
ဇူလိုင်လ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့တွင် ပိုးတွေ့ရှိသူ ၄,၀၀၀ ကျော်သို့ မြင့်တက်လာပြီး ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ၃,၄၆၁ ဦး ပိုးတွေ့ရှိကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ်ကြောင့် သေဆုံးမှုမှာလည်း ဆက်တိုက်မြင့်တက်လာပြီး ဇူလိုင် ၉ ရက်နေ့တွင် ၆၄ ဦး ၊ ၁၀ ရက်နေ့တွင် ၇၁ ဦး နှင့် ၁၁ ရက်နေ့တွင် ၈၂ ဦးအထိ သေဆုံးမှု ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပိုးသည် မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ တွင် ၂၉၆ မြို့နယ်တွင် ပျံ့နှံ့ ရောက်ရှိပြီးဖြစ်၍ တိုင်းပြည်၏ ၉၀ ရာခိုင်နှုန်း ရောက်နေပြီ ဖြစ်သည်။ ပိုးတွေ့ ရှိမှုနှင့် သေဆုံးနှုန်းများသည် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ချက်များထက် မြေပြင်တွင် ပိုများနေနိုင်ကြောင်း ဆေးလောကအသိုင်းအဝိုင်းက ယုံကြည်ယူဆကြသည်။ ယခု ကူးစက်ခံနေရသည့် ဗီဇပြောင်း ကိုဗစ် – ၁၉ ၏ ပြင်းထန်မှုကြောင့် ရောဂါ အခံရှိသူနှင့် သက်ကြီး ရွယ်အိုများသာမက လူငယ်၊ လူလတ်ပိုင်းများပါ အသက်အန္တရာယ်နှင့် ရင်ဆိုင်လာရသည်။ အဆိုးဆုံး ပြဿနာမှာ အသက်ရှုရခက်လာသူများအတွက် အောက်စီဂျင်(အိုး)ပင် ဖြစ်သည်။
မော်လမြိုင်မြို့ မှ ကိုဗစ်လူနာ ကိုစိုးမြင့်က“ကျနော်တို့အတွက် အောက်စီဂျင်က တော်တော် အရေးကြီးတယ်။ ကျနော် မသေဘဲ ပြန်ကောင်းလာတာ အချိန်မီ အောက်စီဂျင်ကို အပြင်ကနေ ရတယ်။ ဝယ်ရှုလိုက်တာပေါ့။ အဲဒါကြောင့် မသေတာ။ ကျနော်တို့လိုတာ အောက်စီဂျင်၊ ဆေးဝါးနဲ့ အစာအဟာရက အဓိကပဲ။ အဲဒီ ၃ ခု ရရင် အဆင်ပြေသွားတယ်”ဟု ပြောသည်။
သို့သော် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ တမူးနှင့် ကလေးမြို့ များတွင် အောက်စီဂျင် လိုအပ်ချိန် အကြောင်း အမျိုးမျိုးဖြင့် မရလိုက်သဖြင့် သေဆုံသွားခဲ့သူများ များစွာ ရှိခဲ့သည်။
ကလေးမြို့ တွင် အောက်စီဂျင်အိုးများ လှူဒါန်းပေးနေသူ ကိုမျိုးက ယခုအခါ ရန်ကုန်နှင့် မန္တလေးမြို့ များရှိ စက်ရုံများမှ အောက်စီဂျင် ဝယ်၍ မရတော့သဖြင့် ကလေးမြို့တွင် အောက်စီဂျင် ပြတ်လတ်နေပြီး မြို့တွင် တပ်ဆင်ထုတ်လုပ်နေသည့် အောက်စီဂျင်စက်မှာလည်း လိုအပ်သလောက် မထုတ်နိုင်ဘဲ စမ်းသပ်လည်ပတ်သည့်အဆင့်သာ ရှိသေးကြောင်း ပြောသည်။
“ဒီနေ့ဆိုရင်လည်း အောက်စီဂျင်အိုးတွေ အကုန်လုံး လိုက်ရှာနေကြတယ်။ မရကြဘူး”ဟု ကိုမျိုးက ဇူလိုင်လ ၁၀ ရက် နေ့က ပြောသည်။
၄၀ လီတာဆံ့ အောက်စီဂျင် အိုးကြီး တလုံးလျှင် ယခင်က ကျပ် ၂ သိန်း ၃ သောင်းခန့် ရှိသော်လည်း ယခုအခါ ကျပ် ၃ သိန်းခွဲ ဈေးပေါက်ပြီး ဝယ်၍ မရကြောင်း၊ ၁၅ လီတာအိုးမှာ ယခင်က ကျပ် ၁ သိန်း ၃ သောင်း ပေါက်ဈေးရှိသော်လည်း ယခုအခါ ကျပ်၂ သိန်းခွဲဖြင့် ဝယ်၍ မရကြောင်း၊ ကျပ် ၁ သိန်းခန့်သာ ပေါက်ဈေးရှိသည့် ၁၀ လီတာအိုးမှာ ကျပ် ၂ သိန်း ဈေးပေါက်နေကြောင်း ၎င်းက ပြောပြသည်။
“အဓိက အောက်ဆီဂျင်ပဲ။ အောက်စီဂျင် မရလို့ သေတဲ့လူတွေလည်း ရှိပါတယ်။ လေမရှုရလို့ပဲ သေကြတာ များပါတယ်။ အဓိက ကြပ်ပြီ ဆိုတာနဲ့ အိုးက အရင် ရှိရမှာ”ဟု ကိုမျိုးက ပြောသည်။
“အခုက မန္တလေးမြို့ တမြို့လုံးကို အောက်စီဂျင် ကျတယ်။ အောက်စီဂျင် ကျတယ်ဆိုပြီး ဖြစ်နေတာ။ အောက်စီဂျင်လိုတဲ့ သူတွေချည်းပဲ။ စက်ရုံတွေကလည်း လိုသလောက် မထုတ်ပေးနိုင်ဘူး။ အောက်စီဂျင် ကျတဲ့သူတွေက ပေါလာတော့ တမြို့လုံး ဖြည့်နေကြတာဆိုတော့ မနိုင်တော့ဘူး”ဟု ကိုမျိုးက ပြောသည်။
ဇွန်လ ၁၀ ရက်နေ့က မန္တလေးတိုင်း စစ်ကောင်စီအဖွဲ့က အောက်စီဂျင်စက်ရုံ လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူပြီး အောက်စီဂျင် ပိုထုတ်လုပ်ရန်နှင့် လုပ်ငန်းထပ်ချဲ့ ကြရန် ပြောဆိုခဲ့ကြောင်း သိရသည်။
လုပ်ငန်းရှင်များဘက်ကလည်း လျှပ်စစ်မီး ပုံမှန်ပေးရန် ပြန်လည် တင်ပြခဲ့ကြောင်း၊ မန္တလေးတွင် အောက်စီဂျင်အိုး ထုတ်လုပ်နိုင်သည့် စက်ရုံ ၇ ခုခန့် ရှိကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ တဦးက ပြောသည်။
လူမှုကွန်ရက်တွင်မူ စစ်ကောင်စီ၏ Q စင်တာများနှင့် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံများသို့ အောက်စီဂျင်အိုးများ ပေးသွင်းရမည် ဖြစ်၍ ပုဂ္ဂလိကများသို့ အောက်စီဂျင် ရောင်းချမှု ရပ်နားထားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့ ရှိ အောက်စီဂျင် ထုတ်လုပ်သည့် စက်ရုံများသို့ စစ်တပ်က ဝင်ရောက် စီးနင်လျက်ရှိကြောင်း စသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှ အောက်စီဂျင်အိုးများ လှူဒါန်းပေးနေသူ ဦးမြင့်က ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ ရှိ အောက်စီဂျင် စက်ရုံများမှ အောက်စီဂျင် ထပ်မံ ဖြည့်တင်း၍ မရတော့ကြောင်း၊ ၎င်းတို့၏ အိုးများကို စက်ရုံတွင် သွား ပုံထားရကြောင်း ပြောသည်။
“ဘယ်လိုကြောင့် မရလဲတော့ မသိဘူး။ စက်ရုံမှာ အိုးတွေ သွားထားထားရတယ်။ ဘယ်နေ့ ရမလဲတော့ မသိဘူး။ အသင်း တော်တော်များများ လေမရကြဘူး။ နဂိုရှိတဲ့ ပစ္စည်းတွေကလည်း လူနာတွေကို အကုန်ပေးထားရတော့ အသင်းမှာ ပစ္စည်း လည်း ပြတ်နေပြီ”ဟု ၎င်းက ပြောသည်။
ဧရာဝတီက တောင်ဒဂုံစက်မှုဇုန်၊ တောင်ဥက္ကလာ စက်မှုဇုန်နှင့် ရွှေပြည်သာ စက်မှုဇုန်တို့ရှိ အောက်စီဂျင်အိုးများ ထုတ်လုပ်သည့် စက်ရုံများသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
“စက်ရုံတွေကလည်း လူများလွန်းတော့ လက်မခံတော့ဘူး။ စက်ရုံတိုင်း ဖုန်းပိတ်ထားတယ်။ အခုကတော့ မလွယ်ဘူး။ လုပ်ငန်းရှင်ကို ရောင်းတဲ့ဈေးနဲ့ ပရဟိတတွေကို ပေးတဲ့ ဈေးမတူဘူး။ ကျနော်တို့ ပရဟိတသမားတွေက ၄၀ လီတာ အိုးတလုံး ဖြည့်မှ ၃၄၀၀ လောက်ပဲ ပေးရတာ”ဟု သင်္ဃန်းကျွန်းမှ ဦးမြင့်က ပြောသည်။
တနိုင်ငံလုံးတွင် အောက်စီဂျင် လိုအပ်လာနေကြောင်း ကြားသိရသဖြင့် မော်လမြိုင်မြို့တွင် သိန်း ၂၀၀၀ ခန့် ကုန်ကျမည့် အောက်စီဂျင် စက်ရုံတခု တည်ဆောက်ရန် ကြိုးစားလျက်ရှိကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းမှ ဆရာတော် အရှင် စန္ဒာဇောတိက မိန့်ကြားသည်။
ဆရာတော်တည်ဆောက်မည့် စက်မှာ တမိနစ်လျှင် အောက်စီဂျင်အိုးတလုံး ထွက်ရှိမည် ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် (CO2)မှ အောက်စီဂျင်သို့ ပြောင်းသည့် စက်မျိုးကို တရုတ်နိုင်ငံမှ မှာယူထားကြောင်း သိရသည်။
“ကာဗွန်ဒိုင်အောက်ဆိုက် Gas အရည်ကနေ အောက်စီဂျင် ၄၀ လီတာ အိုးပေါင်း ၂၄၀၀ ထွက်တယ်။ တမိနစ်ကို ၄၀ လီတာ တလုံးထွက်မယ်။ ဒီစက်ရုံတည်ပြီးရင် မွန်၊ ကရင်၊ တနသာင်္ရီအတွက် ပံ့ပိုးပေးသွားနိုင်တယ်။ စက်က ဒီကို မှာမယ် ဆို ရင် ပစ္စည်းတန်ဖိုးတင် သိန်း ၁၇၅၀ လောက် ကုန်မယ်။ လာတပ်ဆင်ပေးမယ်။ အခွန်မပါသေးဘူး” ဟု ဆရာတော်က မိန့် သည်။
ယခုလို ကပ်ရောဂါ ကာလတွင် အောက်စီဂျင်အိုး လိုအပ်သူ များပြားနေချိန်တွင် လူမှုကွန်ရက်၌ အောက်စီဂျင်အိုး လိုသလောက် ရမည်ဟု ပြောဆိုပြီး ငွေကြိုလွှဲခိုင်းသဖြင့် အလိမ်ခံရသူများလည်း ရှိနေသည်။
“လိုင်းပေါ်မှာလည်း အောက်စီဂျင်ရမယ်ဆိုပြီး လိမ်တဲ့အဖွဲ့တွေက ရှိသေးတယ်။ ဒီကလူတွေက အဟုတ်ထင်ပြီး ငွေတွေ ကြိုလွှဲတာပေါ့။ ဘယ်ဟုတ်မလဲ။ ပိုက်ဆံလိမ်တောင်းနေကြတာ။ လိုသလောက်ရမယ်လို့ ပြောရင် မယုံကြပါနဲ့။ ဒီအချိန် ဘယ်နေရာမှာမှ လိုသလောက် မရတော့ဘူး”ဟု ကလေးမြို့ မှ ကိုမျိုးက ပြောသည်။
အသက်ရှုကြပ်နေသည့် လူတယောက်အတွက် အောက်စီဂျင်အိုး လိုအပ်ချက်မှာ ၁၅ လီတာအိုး အနည်းဆုံး ၄ လုံး ရှိရမည် ဖြစ်ကြောင်း သိရသည်။
“လူတယောက်အတွက် ၁၅ လီတာ တအိုး ရူဖို့ ရှိရမယ်။ ဘေးမှာ အရန်သင့်တအိုး ထားရမယ်။ တန်းစီဖို့က ၂ အိုး ရှိရမယ်။ ၁၅ လီတာ ၄ အိုးပိုင်မှ အသက်ရှင်မယ်။ အဲဒါမှ လည်ပတ်နိုင်မယ်။ ဘယ်မှပေးနေပြီဟေ့ဆိုရင် သွားပြီး တန်းစီနိုင်ရမယ်။ အောက်စီဂျင်အိုး ရဖို့အတွက် အိမ်ရှိ လူအကုန် အလုပ်လုပ်ရတာပဲ”ဟု ကလေးမြို့ခံ ကိုကျော်က ပြောပြသည်။
၎င်းကဆက်၍ “တကယ်ရူတဲ့လူက ၄၀ လီတာအိုးကို တရက်ကို ၁၀ လုံးလောက် ရှုတယ်။ ပိုက်ဆံရှိတဲ့သူက ရှုတယ်။ တပ်ထားလိုက်တာ။ ၁၀ လုံး၊ ၁၂ လုံး။ သာမန်က ၁၅ လီတာအိုး ၄ လုံးတော့ ရှုတယ်။ စဖြစ်ခါစ လူကတော့ ၁ အိုးနဲ့ လည်ပတ်နိုင်တယ်”ဟု ပြောသည်။
မန္တလေးမြို့မှ ပရဟိသမား ကိုထွားကြီးကလည်း လက်ရှိ မန္တလေးဆေးရုံကြီးတွင် အောက်စီဂျင် မလုံလောက်သဖြင့် အသက်ဆုံးရှုံးသူများလည်း ရှိလာကြောင်း ပြောသည်။
“အောက်စီဂျင် ပြတ်လို့ ဆုံးသွားတဲ့လူ မနည်းဘူးပဲ။ မနေ့က မနက်ပိုင်းတင်ကို ၂၃ ယောက် ရှိတယ်။ ဒီနေ့လည်း မနက်က ၉ လောင်း ချခဲ့တယ်။ အခု ၃ လောင်း သွားနေတယ်။ နေ့တိုင်း ၁၀ လောင်း ၁၁ လောင်းကတော့ ချနေရတယ်။ တချို့ ဆို အိမ်မှာတင် အောက်စီဂျင်ပြတ်ပြီး သေရတဲ့သူတွေ အများကြီးပဲ”ဟု ၎င်းက ပြောသည်။
လက်ရှိ မန္တလေး ဆေးရုံကြီး၊ သံဃာ့ ဆေးရုံနှင့် ကန်တော်နဒီဆေးရုံတို့တွင် ကိုဗစ်လူနာများ ပြည့်သွားသဖြင့် နဒီမြန်မာ ဟိုတယ်သို့ ဆက်ပို့ပေးနေရကြောင်း သိရသည်။
အောက်စီဂျင်ရရှိရန် အလွန်ခက်ခဲ့သည့် တောနယ်နှင့် ရွာများတွင် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် အောက်စီဂျင် ထွက်ရှိ အောင် ပြုလုပ်နေကြောင်းလည်း သိရသည်။
“စက်ဘီး လေထိုးပိုက် ရှိရင် နှာခေါင်းအုပ်တဲ့ ဟာကို စက်ဘီး လေထိုးပိုက်ထိပ်မှာ တပ်လိုက်တယ်။ အရေးကြီးတာ လေရ ဖို့ပဲ။ ဘေးကနေ ပြင်းပြင်းလေး ထိုးပေးနေလိုက်။ လေအသန့် မဟုတ်ပေမယ့် လေဝင်နေရင် မဆိုးဘူးပေါ့။ ရင်ခေါင်းထဲ လေဝင်ဖို့ လိုတယ်။ သန့်စင်မှု မရှိပေမယ့် အရေးပေါ် အသက်ကယ်တဲ့ နည်းလေ။ မြန်မာ့နည်း မြန်မာ့ဟန်တွေပေါ့”ဟု သဃာန်းကျွန်းမှ ဦးမြင့်က ပြောသည်။
၎င်းတို့ ပရဟိတာ အသင်းအနေဖြင့် အောက်စီဂျင် လိုအပ်လာချိန်တွင် အစည်းအဝေးများ ပြုလုပ်ရာ တချို့ ကျေးရွာများတွင် စက်ဘီးလေထိုးပိုက်၊ ဖားဖိုများဖြင့် အောက်စီဂျင် ထွက်အောင် ပြုလုပ်ပြီး လူနာအသက်ဆက်ရေး ကြိုးပမ်းကြ ကြောင်း ဆွေးနွေးကြသည်ဟု ပြောသည်။
အောက်စီဂျင်အိုး လိုအပ်ချက်ကို မည်သို့ ဖြေရှင်းပေးမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိဘဲ မလိုအပ်ဘဲ အောက်စီဂျင်အိုးများ ဝယ်ယူခြင်း မပြုကြရန်နှင့် မိမိသဘောဖြင့် ဝယ်ယူထားပါက ကောင်းကျိုးနှင့် ဆိုကျိုးသာ ဖြစ်မည်ဟု ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ပြန်ခဲ့သည်။
ယခုလို တနိုင်ငံလုံးတွင် ကိုဗစ် – ၁၉ ရောဂါကပ်ဆိုး ကျရောက်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင်များသည် မည်သည့် ဦးဆောင်မှုမျှ မပေးနိုင်သည့်အပြင် လူထုထံသို့ ကိုဗစ်နှင့် ပတ်သက်၍ ထိရောက်ရှင်းလင်းသော မည်သည့် သတင်း စကားမှ ပေးပို့နိုင်ခြင်း မရှိသဖြင့် အံ့သြမိကြောင်း CDM ပြုလုပ်နေသူ ဆရာဝန်တဦးက ပြောသည်။
“ဒီဗိုင်းရပ်စ် တော်တော်ဆိုးနေတဲ့ ဇူလိုင်လဆန်းကတည်းက မင်းအောင်လှိုင်လည်း ပျောက်နေတယ်။ ကျန်းမာရေးဝန်ကြီး ဌာနကလည်း သူ့အလုပ်တောင် ပုံမှန်မလုပ်နိုင်တော့ဘူး။ လူနာတွေဟာ ပုံမှန်ရသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတောင် မရကြဘူး”ဟု ရန်ကုန်မြို့မှ CDM ဆရာဝန်တဦးက ပြောသည်။
အခြား CDM ဆရာဝန်တဦးကလည်း တတိယလှိုင်း စတင်ချိန်တွင် ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရန်လည်း အဆင်မပြေသူများမှာ မိမိဘာသာကြိတ်ကုကြကြောင်း၊ တချို့ မှာ အဆင်မပြေကြဘဲ ပိုဆိုးသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။
“စစ်အာဏာသိမ်းပြီးတော့ ပြည်သူတွေက လူမစုရမှာကို သိပေမယ့် လူစုလူဝေးတွေ ဖြစ်ခဲ့တယ်။ ထောင်ထဲအကုန် ဆွဲသွင်းခံရတော့ ထောင်ထဲမှာ တီဘီလို ရောဂါတောင် မနည်းကုပြီး နှိမ်နင်းထားရတာ အခုလို ကူးစက်မြန်ရောဂါတွေကျတာ့ လူတွေ ကျပ်ညပ်ပြီး သန့်ရှင်းမှု မကောင်းတော့ ပိုပျံ့ကုန်တာပဲ”ဟု ယင်းဆရာဝန်က ပြောသည်။
You may also like these stories:
ကိုဗစ်ပိုးတွေ့သူနှုန်း မြင့်လာ၊ တရက်အတွင်း ၅၂ ဦး အထိ သေဆုံးမှုရှိ
စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်
စစ်တပ်မိသားစုများပင် ကိုဗစ်-၁၉ ကုသရေး မရေရာ
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်