ယခုရက်ပိုင်းအတွင်း မြန်မာငွေတန်ဖိုး လျင်မြန်စွာ ကျဆင်းလာခြင်းကြောင့် မြန်မာ့စီးပွားရေးသည် သီရိလင်္ကာနိုင်ငံကဲ့သို့ ဖြစ်လာမလားဆိုသည့် မှန်းဆချက်များ ရှိနေသလို မြန်မာကျပ်ငွေတန်ဖိုး လျင်မြန်စွာ ကျဆင်းနေခြင်းဖြစ် ပေါ်နေသဖြင့် မြန်မာ့စီးပွားရေး၏လားရာကို သိရှိနိုင်ရန် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထုတ်ပြန်သည့် အစီရင်ခံစာများပါ အချက်အလက်များကို ကိုးကား၍ သုံးသပ်တင်ပြလိုက်ရပါသည်။
မြန်မာ့စီးပွားရေး နာလန်ထရန် အလားအလာများ နည်းပါးလျက်ရှိသည်ဟုလည်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသကဲ့သို့ပင် ထိုအစီရင်ခံစာထုတ်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်း ဖြစ်ပေါ်လာနေသည့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် စက်မှုထုတ်ကုန်များ ထုတ်လုပ်မှု ကျဆင်းလာခြင်းတို့ကို ကြည့်လျှင် ယင်းသုံးသပ်ချက်သည် မှန်ကန်သည်ဟုဆိုနိုင်သည်။
နာလန်ထရန်ထက် ပိုမို ဆိုးဝါးသွားနိုင်သည့် အခြေအနေဖြစ်နေသည်။ ထိုကဲ့သို့ နည်းပါးနေရခြင်းမှာ အဓိကအကြောင်းရင်း ၃ ချက်ကြောင့် ဖြစ်သည်။
ဘဏ္ဍာငွေ အရအသုံး အကျပ်အတည်း (Fiscal Crisis)
ပထမဆုံးအချက်ကမူ ဘဏ္ဍာငွေအရအသုံး ဘတ်ဂျက်မူဝါဒ (fiscal policy) ဖြင့် သက်ဆိုင်သည်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ အခွန်မှရငွေနှင့် အခွန်မဟုတ်သည့်ရငွေများ (tax and non-tax revenues) သည် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်ကထက် ၃၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်ဟု သိရသည်။
၂၀၁၉-၂၀ ဘဏ္ဍာနှစ် (၂၀၁၉၊ အောက်တိုဘာလမှ ၂၀၂၀၊ စက်တင်ဘာ) တွင် ဘဏ္ဍာငွေအရသည် ခန့်မှန်းထားသည့်အတိုင်း ရရှိသည် (သို့မဟုတ်) ပိုမိုသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။ အခွန်မှရရှိသည့်ဘဏ္ဍာငွေသည် စုစုပေါင်းဘဏ္ဍာ ငွေရရှိမှု၏ ၃၀ ရာခိုင်နှုန်းရှိပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ထိုအခွန်မှ ရရှိငွေသည် စုစုပေါင်းပြည်တွင်း ထုတ်ကုန် (ဂျီဒီပီ) ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။
အကျိုးဆက်အားဖြင့် ဘဏ္ဍာငွေအရအသုံးတွင် လိုငွေပြမှုသည် ၂၀၂၀-၂၁ တွင် စုစုပေါင်းကျပ် ၈,၈၈၀ ဘီလီယံ (ဂျီဒီပီ၏ ၉ ဒသမ ၂ ရာခိုင်နှုန်း) ရှိပြီး ၂၀၂၁-၂၂ ၆လကာလတို ဘတ်ဂျက်မှာပင် လိုငွေပြမှုသည် ကျပ် ၃,၈၀၀ ဘီလီယံ (ဂျီဒီပီ၏ ၅ ဒသမ ၂ ရာခိုင်နှုန်း) ရှိခဲ့သည်။ လက်ရှိ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင်လည်း စစ်ကောင်စီ၏ ဘတ်ဂျက်အရ လိုငွေပြမှုသည် ကျပ် ၇,၃၉၉ ဘီလီယံ (ဂျီဒီပီ၏ ၆ ဒသမ ၇ ရာခိုင်နှုန်း) ရှိနေသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဘတ်ဂျက်လိုငွေပြမှုသည် ၅ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာလျှင် အန္တရာယ်ရှိသည်ဟု ယူဆနိုင်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဘတ်ဂျက်လိုငွေပြမှုသည် ၅ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာလျှင် အန္တရာယ်ရှိသည်ဟု ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရအနေဖြင့် ပြည်ပချေးငွေဖြင့် လိုငွေကို ဖြည့်ဆည်းရလျှင်လည်း ပြည်ပချေးငွေများ မြင့်တက်လာပြီး သီရိလင်္ကာကဲ့သို့ ပြန်လည် မပေးဆပ်နိုင်သည့် အခြေအနေ ရောက်ရှိနိုင်သလို ပြည်တွင်း ဘဏ်လုပ်ငန်းများကလည်း မဖွံ့ဖြိုးသေးသဖြင့် ယင်းတို့ထံမှ အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေပြီး ချေးယူရန်လည်း မဖြစ်နိုင်။ ထိုအခါ လိုငွေပြမှုကို ဗဟိုဘဏ်မှ ငွေစက္ကူရိုက်နှိပ်၍ ဖြည့်ဆည်းရလျှင် ငွေကြေးဖောင်းပွမှုနှုန်း တိုးမြင့်လာခြင်းနှင့် ငွေတန်ဖိုးကျဆင်းမှု ဖြစ်ပေါ်လာမည်ဖြစ်သည်။
ယခုလည်း မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘတ်ဂျက်လိုငွေပြမှုကို ဗဟိုဘဏ်မှ ငွေစက္ကူရိုက်ထုတ် ဖြည့်ဆည်းရမှု မြင့်တက်လာနေသည်ဟု မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ မတ်လအထိ ၆ လ ဘတ်ဂျက်ငယ်မှာပင် လိုငွေစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ ဖြည့်ဆည်းပေးခဲ့နိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ထိုကဲ့သို့ ငွေစက္ကူရိုက်ထုတ်၍ လိုငွေကို ဖြည့်ဆည်းပေးရခြင်းကြောင့်လည်း အကျိုးဆက်အားဖြင့် မြန်မာကျပ်ငွေတန်ဖိုးသည် ၂၀၂၁ ခုနှစ်၌ ၃၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ကမ္ဘာ့ဘဏ်က တင်ပြထားသည်။ ပြီးခဲ့သည့် ဇူလှိုင်လမှစတင်၍ မြန်မာကျပ်ငွေသည် လျင်မြန်စွာကျဆင်းလျက်ရှိပြီး လက်ရှိငွေလဲလှယ်နှုန်းသည် အမေရိကန် ၁ ဒေါ်လာလျှင် ၃,၀၀၀ ကျပ်ခန့်နှင့် ထိုင်းဘတ်ငွေနှင့်ဆိုလျှင် ၇၂ ကျပ်ခန့် ရှိနေသည်။
တချိန်တည်းမှာပင် နိုင်ငံတော်ကပေးရန်ရှိသည့် ကြွေးမြီပမာဏ (public debt) သည် စိုးရိမ်ရေမှတ် ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်း အောက်တည့်တည့် ၅၈ ဒသမ ၇ ရာခိုင်နှုန်း ရောက်နေပြီဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ ပြီးခဲ့သည့် ဇူလိုင်လထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထိုကဲ့သို့ ဘတ်ဂျက်လိုငွေပြမှုအတွက် ရယူရသည့် အစိုးရကြွေးမြီများကို ဗဟိုဘဏ်က ငွေစက္ကူရိုက်ထုတ် ဖြည့်ဆည်းပေးရခြင်းကြောင့်လည်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာရခြင်း ဖြစ်သည်။
ဘဏ်နှင့် ငွေရေးကြေးရေးကဏ္ဍ အကျပ်အတည်း (Financial Sector Crisis)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး မကြာမီ ပထမဆုံးထိခိုက်ရသည့် စီးပွားရေးနှင့် သက်ဆိုင်သည့်ကဏ္ဍမှာ ဘဏ်လုပ်ငန်းများဟု ဆိုရမည်။ ပြည်သူများက ဘဏ်များအပေါ် ယုံကြည်မှုနည်းပါးသွားခြင်းသည် အဆိုးဆုံးဟုဆိုရမည်။
ဆင်းရဲချမ်းသာမရွေး ပြည်သူအားလုံးကို အကျိုးဖြစ်ထွန်းစေသည့် ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်ရန် လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးများ၏ အကျိုးရလဒ်များသည် လျင်မြန်စွာ ပျောက်ကွယ်သွားရန် အလားအလာများနေသည်
၂၀၂၁ ခုနှစ် မတိုင်ခင် ၁၀ နှစ်တာ ကာလအတွင်း ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများ ပိုမိုခိုင်မာ၍ ယုံကြည်အားထားရသည့် အဖွဲ့အအစည်းများဖြစ်လာရန်၊ ဆင်းရဲချမ်းသာမရွေး ပြည်သူအားလုံးကို အကျိုးဖြစ်ထွန်းစေသည့် ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်ရန် လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးများ၏ အကျိုးရလဒ်များသည် လျင်မြန်စွာ ပျောက်ကွယ်သွားရန် အလားအလာများနေသည်ဟု ကမ္ဘာ့ဘဏ်မှပြီးခဲ့သည့် ဇူလိုင်လမှာပင် ထုတ်ပြန်ခဲ့သည့် “Myanmar Financial Sector Reforms” မူဝါဒဆိုင်ရာမှတ်စုတွင် ဖော်ပြထားသည်။
ထိုမူဝါဒဆိုင်ရာမှတ်စု၏ တင်ပြချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ဘဏ်များရှိ အပ်ငွေစာရင်းများမှ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည် ထုတ်ယူသွားကြဟု သိရသည်။ ယင်းသို့ဖြစ်ခြင်းကို ဘဏ်စနစ်အား သုံးစွဲခြင်းထက် ငွေသားအခြေပြု စီးပွားရေးစနစ် (cash based economy) သို့ ပြောင်းလဲသွားခြင်းဟု ခေါ်ဆိုနိုင်ပြီး ပုံမှန် ဘဏ်နှင့်ငွေရေးကြေးရေး လမ်းကြောင်းများကို မသုံးစွဲတော့ဘဲ နီးစပ်သူ မိတ်ဆွေမိသားစု အသိုင်းအဝိုင်းများထံမှ အတိုးကြီးပေး၍ ငွေချေးငှားခြင်း (de-formalization) ဖြစ်လာသည်ဟု ရေးသားထားသည်။
ဘဏ်များ၏ ငွေသားထုတ်ပေးနိုင်မှု အခြေအနေ (liquidity)၊ ဘဏ်များမှ ထုတ်ချေးထားသည့် ချေးငွေများ၏ အရည်အသွေး (assets quality) နှင့် ဘဏ်များခိုင်မာမှု (solvency) ဆိုင်ရာ အနိမ့်ဆုံးအဆင့်များကိုပင် မည်သည့်ဘဏ်က ပြည့်မီနိုင်သည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ဟု အဆိုပါ မူဝါဒဆိုင်ရာမှတ်စုက ဖော်ပြထားသည်။ အလွယ်ပြောရလျှင် မည်သည့်ဘဏ်မှ မခိုင်တော့ဘဲ ပြိုလဲနိုင်သည်ဟု ဆိုထားခြင်းဟု နားလည်လိုက်သည်။
၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ဂျာမန်အစိုးရ၊ ဖွံ့ဖြိုးမှုအကူအညီပေးရေးအဖွဲ့ GIZ ၏ “Myanmar’s Banking Sector in Stormy Waters” အစီရင်ခံစာမှာပင် မြန်မာနိုင်ငံရှိ ဘဏ်များသည် ကြွေးဆိုး ကြွေးဆုံး (Non-performing Loans-NPL) အချိုးအစားများနေပြီး ချေးငွေအများစုမှာ အိမ်ခြံမြေအပေါင်ထား ချေးထားခြင်းဖြစ်သည်ဟု ရေးသားထားသည်။
ကိုဗစ်နိုင်တင်း ကပ်ဘေးဆိုက်ရောက်ပြီးနောက် ထိုအချိုးအစား မြင့်တက်နိုင်ဖွယ်ရှိ၍ စနစ်တကျ စောင့်ကြည့်ရန်လိုကြောင်း တိုက်တွန်းထားသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း NPL များကို သတိပြုစောင့်ကြည့်ရန် ယင်း၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လက နောက်ဆုံး ထွက်ရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘဏ်လုပ်ငန်းများ ကောင်းစွာလည်ပတ်မှု မရှိ၊ အများပြည်သူ ယုံကြည်မှုမရှိလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အလှမ်းဝေးနေဦးမည် ဖြစ်သည်။
ထို့အတွက်ကြောင့် မြန်မာနိုင်ငံရှိ ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ အခြေအနေသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အတော်ယိမ်းယိုင်သွားပြီဟု ဆိုနိုင်သည်။ ဘဏ်လုပ်ငန်းများ ကောင်းစွာလည်ပတ်မှု မရှိ၊ အများပြည်သူ ယုံကြည်မှုမရှိလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အလှမ်းဝေးနေဦးမည် ဖြစ်သည်။
ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများသည် အခြားစီးပွားရေးလုပ်ငန်းများ ပုံစံလိုပင် ဆုတ်ယုတ်နေပြီး စီးပွားရေးလုပ်ငန်းကြီးများ (အထူးသဖြင့် နိုင်ငံခြားငွေရရှိသည့်) အတွက်သာ ဖြစ်နေမည်ဟု ဆိုထားသည်။
Balance of Payments (BOP) ပြဿနာ
သီရိလင်္ကာနိုင်ငံ လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးပြိုလဲမှုသည် အဆိုပါ Balance of Payments (BOP) ပြဿနာတွင် မြစ်ဖြားခံသည်ဟု ဆိုနိုင်သည်။ နိုင်ငံအစိုးရတွင် ဒေါ်လာခမ်းခြောက်သွားခြင်းမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မည်သည့်နိုင်ငံမဆို နိုင်ငံအတွက် လိုအပ်သည့် အရေးကြီး သွင်းကုန်ပစ္စည်းများ တင်သွင်းနိုင်ရန် လုံလောက်သည့် နိုင်ငံခြားအရန်ငွေ ရှိရမည်ဖြစ်သည်။ မရှိပါက အရေးကြီး သွင်းကုန်ပစ္စည်းများကို လုံလောက်စွာ မတင်သွင်းနိုင် ဖြစ်မည်။ ပို့ကုန်ပစ္စည်းများနှင့် ပြည်တွင်းစက်မှုလုပ်ငန်းများ အတွက်လည်း သွင်းကုန်များ လိုအပ်သည်။
မရှိပါက ပို့ကုန်နှင့် ပြည်တွင်းကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံများ ရပ်ဆိုင်းသွားမည် ဖြစ်သည်။ သီရိလင်္ကာနိုင်ငံတွင် အရေးကြီး သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးဝါး၊ စက်သုံးဆီနှင့် အိမ်သုံးဓာတ်ငွေ့အိုးများ မတင်သွင်းနိုင်တော့ခြင်းကလည်း ပြည်သူအများအတွက် ကြီးစွာဒုက္ခဖြစ်စေသည်။ သီရိလင်္ကာနိုင်ငံ၏ BOP ပြဿနာသည် နိုင်ငံခြားကြွေးမြီ များပြားနေခြင်းနှင့် ပြန်လည် မပေးဆပ်နိုင်မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် နောက်ဆုံးထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ၌ Balance of Payments (BOP) ပြဿနာ ကြီးထွားလာနေသည်ဆိုသည်ကို သီးသန့်ခေါင်းစဉ်တပ်၍ သုံးသပ်ပြထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံခြားအရန်ငွေ လျော့နည်းလာခြင်း ပြဿနာသည် သီရိလင်္ကာနိုင်ငံကဲ့သို့ နိုင်ငံခြားကြွေးမြီ အလွန်အကျွံ များပြားနေခြင်းကြောင့် မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံတကာ ဖွံ့ဖြိုးမှုအကူအညီများ (grants)၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပါအဝင် ဖွံ့ဖြိုးမှုအကူအညီပေးရေး အဖွဲ့အစည်းဘဏ်များမှ အတိုးနှုန်းသက်သာသည့် ချေးငွေများ ရပ်ဆိုင်းသွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆိုင်းငံ့သွားခြင်း၊ ပြန်လည် ထွက်ခွာခြင်းနှင့် အခြားပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုချေးငွေများ များစွာ လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်သည်။
BOP ပြဿနာကို အလွယ်ပြောရလျှင် နိုင်ငံခြားငွေ အဝင်အထွက် မမျှလို့ နိုင်ငံခြား ငွေကုန်ခမ်းလာနေခြင်းဟု ဆိုရမည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံခြားအရန်ငွေ လျော့နည်းလာခြင်း ပြဿနာသည် သီရိလင်္ကာနိုင်ငံကဲ့သို့ နိုင်ငံခြားကြွေးမြီ အလွန်အကျွံ များပြားနေခြင်း (နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံကျော်) ကြောင့် မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံတကာ ဖွံ့ဖြိုးမှုအကူအညီများ (grants)၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပါအဝင် ဖွံ့ဖြိုးမှုအကူအညီပေးရေး အဖွဲ့အစည်းဘဏ်များမှ အတိုးနှုန်းသက်သာသည့် ချေးငွေများ ရပ်ဆိုင်းသွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆိုင်းငံ့သွားခြင်း၊ ပြန်လည် ထွက်ခွာခြင်းနှင့် အခြားပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုချေးငွေများ များစွာ လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်သည်။
ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ၂၀၂၁ ခုနှစ်တွင် Current Account (ကုန်သွယ်မှု ပိုငွေလိုငွေဖြင့် အဓိက သက်ဆိုင်သည်) လိုငွေပြမှု လျော့နည်းသွားသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခင်နှစ်ကထက် သုံးပုံ နှစ်ပုံ လျော့နည်းသွားခြင်း၊ အခြားရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားခြင်းနှင့် နိုင်ငံခြားငွေ အမြောက်အမြား ပြည်ပသို့ ပြန်လည် ထွက်ခွာသွားခြင်းကြောင့် BOP အခြေအနေသည် ယိုယွင်းလာခဲ့ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံဗဟိုဘဏ်က မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာမှုကို ထိန်းချုပ်ရန် ဒေါ်လာများ ထုတ်ရောင်းခဲ့ရသဖြင့် အရန်ငွေဒေါ်လာ ၁ ဘီလီယံခန့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ သုံးလပတ်၌ လျော့နည်းသွားခဲ့သည်ဟု ရေးသားထားသည်။ ထိုနှုန်းအတိုင်း ဆက်သွားလျှင် အရန်ငွေကြေးသည် ယခုနှစ် ဇွန်လအရောက်တွင် မလုံလောက်သည့် အခြေအနေသို့ ရောက်ရှိသွားမည်ဟု တင်ပြထားသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအထိ တင်သွင်းခဲ့သည့် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက် ပိုများလာခြင်းသည် ထို BOP အခြေအနေကို ပိုမို ယိမ်းယိုင်သွားနိုင်သည်ဟုလည်း ရေးသားထားသည်။
ဗဟိုဘဏ်၏ ဒေါ်လာရငွေများကို အတင်းအကျပ် ထိန်းချုပ်ခြင်းနှင့် ငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းက ဒေါ်လာငွေ နည်းပါးလာခြင်းကို ဖြစ်စေသလို ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း ထိခိုက်စေသည်ဟု ရေးသားထားသည်။ တချိန်တည်းမှာပင် သွင်းကုန်များလည်း ပြတ်တောက်လာမည်ဟု ဆိုထားသည်။
ကုန်သွယ်ရေးလိုငွေပြမှုကို သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်စာရင်းတွင် သွင်းကုန်အမျိုးအစားများ အားလုံး၏ ၈၂ ရာခိုင်နှုန်း (ယခင်က ၃၅ ရာခိုင်နှုန်းမှ) ကို ထည့်သွင်းခြင်း၊ သွင်းကုန်များကို ထိန်းချုပ်ခြင်း (ဥပမာ-မော်တော်ယာဉ်တင်သွင်းခွင့် ပိတ်ပင်ထားခြင်း) လျှော့ချပြီး ကုန်သွယ်မှုပိုငွေပြမှုပင် ရှိကြောင်း (၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ပိုငွေ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိခဲ့သည်) သိရှိရသော်လည်း ထိုသို့ သွင်းကုန်တန်ဖိုး ကျဆင်းသွားရခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများအတွက် တင်သွင်းရန် လိုအပ်သည့် စက်ယန္တရားများ (capital goods) တင်သွင်းမှု လျှော့နည်းသွားခြင်းကြောင့် ဖြစ်သည်။
တနည်းအားဖြင့် ဆင်ခြင်ကြည့်လျှင် အခြေခံ အဆောက်အအုံ (ဥပမာ ရွှေလီ [၃] ရေအားလျှပ်စစ်စီမံကိန်း) များ ရပ်တန့်သွားခြင်း (သို့) ပြန်လည် ထွက်ခွာသွားခြင်းသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်သွားမည် ဖြစ်သည်။
စုစုပေါင်း ကုန်သွယ်မှု တန်ဘိုးတွင်လည်း ၂၀၁၉-၂၀ ပြည့်နှစ်ကထက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် လျော့နည်းသွားသည်ဟု သိရသည်။
စုစုပေါင်း ကုန်သွယ်မှု တန်ဘိုးတွင်လည်း ၂၀၁၉-၂၀ ပြည့်နှစ်ကထက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် လျော့နည်းသွားသည်ဟု သိရသည်။
ထို့အတွက်ကြောင့် ကုန်သွယ်မှုတွင် လိုငွေပြခြင်းသည်လည်း ထာဝစဉ် ဆိုးဝါးသည်ဟု မဆိုနိုင်သလို၊ ပိုငွေပြခြင်းသည်လည်း ထာဝစဉ် အကျိုးဖြစ်ထွန်းသည်ဟု မဆိုလိုနိုင်။ အခြားကြည့်ရန်မလို။ ဥရောပတွင် အမြဲ ကုန်သွယ်မှု ပိုငွေပြသည့် ဂျာမနီနိုင်ငံသည် ရေရှည်တွင် ယင်းထက် နည်းပညာဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအား မယှဉ်ပြိုင်နိုင်ဖြစ်၍ ၎င်း၏ စီးပွားရေးပုံစံသည် ပြိုလဲနေပြီဟု ဂရိစီးပွားရေးပညာရှင် Yanis Varoufakis ကသူ၏ “Sympathy for Germany”ဆောင်းပါးတွင် သုံးသပ်ပြထားသည်။
ကိုဗစ်ကပ်ရောဂါ အမြင့်ဆုံးကာလ ၂၀၂၀ ဘဏ္ဍာရေးနှစ်က မည်သည့်အတွက်ကြောင့် ထို BOP အခြေအနေ မဖြစ်ပေါ်သနည်း။
အထက်ပါ မေးခွန်းအတွက် အဖြေကမူ နိုင်ငံတကာအကူအညီများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းသွားခြင်းနှင့် လျော့နည်းသွားခြင်း မရှိခြင်းကြောင့်ဟု ဆိုရမည်။ အထူးသဖြင့် နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေး အဖွဲ့အစည်းများထံမှ ကိုဗစ်နိုင်တင်း ကပ်ဘေးအတွက် အကူအညီများနှင့် အတိုးနှုန်းသက်သာသည့် ချေးငွေများ ရရှိခြင်းကြောင့်ဟု ဆိုရမည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကိုဗစ်နိုင်တင်း ကပ်ဘေးနှင့်အတူ ကုန်သွယ်မှုလိုငွေသည် သန်းပေါင်း၂,၇၀၀ ကျော် (-၄ ရာခိုင်နှုန်း ဂျီဒီပီ) သို့ ပြန်လည် မြင့်တက်လာပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင်လည်း သန်းပေါင်း ၃,၄၀၀ ကျော် (- ၄ ဒသမ ၂ ရာခိုင်နှုန်း ဂျီဒီပီ) အထိ ရှိလာနိုင်သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။
၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင်လည်း ဘတ်ဂျက်အသုံးစရိတ်ကို ယခင်နှစ်ကထက် တိုးမြှင့်သုံးစွဲရန် လျာထားနိုင်သည်မှာ နိုင်ငံတကာ အလှူရှင်များဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အစိုးရတို့ထံမှ သာမန်အသုံးစရိတ်အတွက် ချေးငွေ ကျပ် ၁ ဒသမ ၅ ထရီလီယံ ရရှိမည်ဖြစ်ခြင်းကြောင့် ဖြစ်သည်။
ယင်းကပင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပအကူအညီ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံခန့် လိုအပ်မည်ဖြစ်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်၌ ဝ ဒသမ ၈ ဘီလီယံ လိုအပ်မည်ဟု ခန့်မှန်းထားသည်။ ကာလလတ်တွင် သွင်းကုန် စုစုပေါင်း၏ ၅ လစာ နိုင်ငံခြားအရန်ငွေ ထားရှိနိုင်ရန် နိုင်ငံတကာမှ အတိုးနှုန်းသက်သာသည့် ချေးငွေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် လိုအပ်မည်ဟုလည်း ခန့်မှန်းထားသည်။
ထိုခန့်မှန်းချက်များနှင့်အတူ ပြည်ပအကူအညီ ဂျီဒီပီ၏ ၁ ရာခိုင်နှုန်းခန့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ရရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထား၏။ (ယင်းမှာ ကိုဗစ်နိုင်တင်း ကပ်ဘေးအတွက် ဆေးဝါးအကူအညီပေးမှုများ မပါဝင်)။
၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင်လည်း ဘတ်ဂျက်အသုံးစရိတ်ကို ယခင်နှစ်ကထက် တိုးမြှင့်သုံးစွဲရန် လျာထားနိုင်သည်မှာ နိုင်ငံတကာ အလှူရှင်များဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အစိုးရတို့ထံမှ သာမန်အသုံးစရိတ်အတွက် ချေးငွေ ကျပ် ၁ ဒသမ ၅ ထရီလီယံ ရရှိမည်ဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါအစီရင်ခံစာ၌ ရေးသားဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံသည် ချေးငွေပြန်ဆပ်မှု ဆိုင်းငံ့ရေးအစီအစဉ် (Debt Service Suspension Initiative-DSSI) တွင် ပါဝင်ခွင့်ရရှိသဖြင့်လည်း ၂၀၂၀ ပြည့်နှစ်၊ မေလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလထိ နိုင်ငံတကာချေးငွေများ ပြန်လည်ပေးဆပ်ရန် မလိုသဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ဆိုင်းငံ့ထားနိုင်ခဲ့သည်။
ထိုသို့ နိုင်ငံတကာချေးငွေများ၊ အထောက်အပံ့များ ရရှိခြင်းကြောင့် ဘတ်ဂျက်လိုငွေပြမှုတွင် ဗဟိုဘဏ်မှ ငွေစက္ကူ ရိုက်ထုတ်ဖြည့်ဆည်းပေးခြင်းကို လျော့နည်းစေသလို ကုန်သွယ်ရေး လိုငွေပြမှုတွင်လည်း နိုင်ငံခြားအရန်ငွေကို မထိခိုက်စေခဲ့ချေ။ အကျိုးဆက်အားဖြင့် ငွေဖောင်းပွမှု၊ ငွေတန်ဖိုးကျဆင်းမှုကို ဟန့်တားနိုင်ခဲ့ပြီး မေခရိုစီးပွားရေး တည်ငြိမ်မှုကို ရရှိခဲ့သည်။
အုပ်ချုပ်သည့်အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှုရှိခြင်းကြောင့်လည်း ဘဏ္ဍာငွေရရှိမှုတွင် ၂၀၁၉-၂၀ ပြည့်နှစ်တွင် ခန့်မှန်းထားသည့်ထက်ပင် ပိုမိုခဲ့သည်ဟု ကမ္ဘာ့ဘဏ်က တင်ပြထားသည်။ တချိန်တည်းမှာပင် ဘဏ်များလည်း တည်ငြိမ်မှုရှိခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကတိကဝတ်ပြုမှုသည်လည်း ယခင်နှစ်ကထက် ၃၂ ဒသမ ၉ ရာခိုင်နှုန်း ပိုမို၍ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံရှိခဲ့သည်ဟု သိရသည်။
တနည်းအားဖြင့်ဆိုလျှင် စီးပွားရေး၏ အခြေခံအုတ်မြစ် Economic Fundamentals များ ပြုတ်ထွက်နေခြင်းကြောင့် မြန်မာ့စီးပွားရေး လားရာသည် ၂၀၂၂ ခုနှစ်တွင် အကောင်းဘက်သို့ ဦးတည်ခြင်းထက် ပိုမိုဆိုးဝါးနိုင်သည့် အခြေအနေဖြစ်နေသည်။
ထိုအချက်များကြောင့် ၂၀၁၉-၂၀ ပြည့်နှစ် ဘဏ္ဍာနှစ်နှင့် ၂၀၂၀-၂၁ ခုနှစ် အာဏာသိမ်းမခင်အထိ မြန်မာ့စီးပွားရေးသည် ကိုဗစ်နိုင်တင်း ကပ်ဘေးကြောင့် ကျဆင်းသွားသော်လည်း အနုတ်လက္ခဏာ မပြသေးဘဲ တည်ငြိမ်လျက်ရှိသည်ဟု ဆိုနိုင်သည်။
ယခုအခါတွင်မူ မူဝါဒဆိုင်ရာ တည်ငြိမ်မှုမရှိတော့ဘဲ မူဝါဒထက် အမိန့်ကြော်ငြာစာဖြင့် အပြောင်းအလဲများ လျင်မြန်စွာ ဖြစ်ပေါ်နေသဖြင့် စီးပွားရေးကဏ္ဍကြီးတခုလုံးလည်း မတည်ငြိမ်ဖြစ်နေရသည်။
တနည်းအားဖြင့်ဆိုလျှင် စီးပွားရေး၏ အခြေခံအုတ်မြစ် Economic Fundamentals များ ပြုတ်ထွက်နေခြင်းကြောင့် မြန်မာ့စီးပွားရေး လားရာသည် ၂၀၂၂ ခုနှစ်တွင် အကောင်းဘက်သို့ ဦးတည်ခြင်းထက် ပိုမိုဆိုးဝါးနိုင်သည့် အခြေအနေဖြစ်နေသည်။
အမှန်စင်စစ်တော့ စီးပွားရေးပြသနာဆိုခြင်းထက် နိုင်ငံရေးပြဿနာ ဖြစ်နေခြင်းကြောင့် မြန်မာ့စီးပွားရေးကို လက်ပူတိုက် ဖြေရှင်း၍မရနိုင်ကြောင်း တင်ပြလိုက်ရပါသည်။
(မှတ်ချက် ။ ။ ပြီးခဲ့သည့်သောကြာနေ့က ဗဟိုဘဏ်၏ နိုင်ငံခြားငွေနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာပြောင်းလဲမှုမှာလည်း Balance of Payments (BOP) ပြဿနာကို အတိုင်းအတာတခုအထိသာ သက်သာစေမည် ဖြစ်သည်။)
You may also like these stories:
ရုရှားနှင့် မြန်မာ စီးပွားရေးအရှိန်မြှင့်ရန် ကြိုးပမ်းနေဟု ICG ပြော
ခရီးသည်တင်ကားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု စစ်ကောင်စီ ကန့်သတ်
နိုင်ငံခြားငွေ ဈေးမြင့်မှု သွင်းကုန်ပစ္စည်းများပါ ဂယက်ရိုက်လာနိုင်
စစ်ကောင်စီ စီးပွားရေး ဦးမမော့ဘဲ စုန်းစုန်းသာမြုပ်မည်
နိုင်ငံတကာ ဖက်ရှင်ကုန်အမှတ်တံဆိပ်များ မြန်မာမှ ‘တာဝန်သိစွာ ထွက်ခွာရန်’ တိုက်တွန်းခံရ