အာဏာသိမ်းစစ်ခေါင်းဆောင်များ အုပ်ချုပ်ခဲ့သည့် မည်သည့်ခေတ်တွင်မျှ ဘာသာရေး လွတ်လပ်မှုမရှိခဲ့ပေ။ စစ်အုပ်ချုပ်ရေးခေတ်ကာလ အဆက်ဆက်ကို ပြန်ပြောင်းရှုမြင် သုံးသပ်ကြည့်လျှင် မြန်မာနိုင်ငံ သူ/သားများသည် ဘာသာရေးလွတ်လပ်ခွင့်နှင့် ၎င်းနှင့်ဆက်စပ်နေသည့် လူ့အခွင့်အရေးများ ဆုံးရှုံးလျှက်ရှိနေသည် ကိုတွေ့ရပါသည်။
မြန်မာနိုင်ငံသည် ဘာသာကြီးလေးပါးတူယှဉ်ကာ ရှင်သန်ကြီးထွားရာမြေဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ (၈၈) ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားသည့်နိုင်ငံဖြစ်သည်။ ထို့အပြင်၊ အစလာမ်ဘာသာ (၄.၅%)၊ ဟိန္ဒူ ဘာသာ (ဝ.၅)၊ ခရစ်ယာန် ဘာသာ (၆%)နှင့် အခြားဘာသာ အသီးသီးတည်ရှိရာ နိုင်ငံလည်းဖြစ်ပါသည်။
၎င်းက မြန်မာနိုင်ငံတွင် ဘာသာရေး လူနည်းစု တည်ရှိနေခြင်း၏ ကိန်းဂဏန်း အချက်အလက် ကို ဖော်ပြနေပါသည်။ သို့ဖြစ်၍၊ ဘာသာကြီးလေးရပ် ထွန်းကားလျှက်ရှိသော မြန်မာနိုင်ငံတွင် ‘ဘာသာရေးလွတ်လပ်ခွင့်’ ဟူသော အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။
ဘာသာရေးလွတ်လပ်ခွင့် လိုအပ်ခြင်း
ဘာသာရေးလွတ်လပ်ခွင့်သည် သက်ရှိလူသားတိုင်းအတွက်ဖြစ်ပါသည်။ ကိုးကွယ်သည့် ဘာသာမရှိသော (ဘာသာမဲ့) သူများအတွက်ပင် အကျုံးဝင်သည်။ ဘာသာတခု၏ ဘာသာဝင် ပုဂ္ဂိုလ်တဦး၊ တယောက်ချင်းက တန်းတူညီတူ (သို့) အညီအမျှ ရရှိပိုင်ဆိုင်ထားကြရမည့် အခွင့် အရေးဖြစ်ပါသည်။
ဘာသာရေး လွတ်လပ်ခွင့်မရှိလျှင် ဘာသာရေး အစွန်းရောက်သူများ၊ ဘာသာရေးကို အကြောင်းပြကာ အကြမ်းဖက်ဝါဒနှင့် ယင်းလုပ်ရပ်များကို လုပ်ဆောင်သူအများအပြား ထွက်ပေါ်လာမည်။
ဘာသာရေး လွတ်လပ်ခွင့်မရှိလျှင် ဘာသာရေး အကြောင်းပြချက်ဖြင့် အမျိုးသမီးများနှင့် ကလေး သူငယ်များ၏ ကိုယ်ပိုင် အခွင့်အရေးများသည်လည်း ချိုးဖောက်ခြင်းခံရကြမည်။ မိဘများက သားသမီးများ အပေါ်တွင် သော်လည်းကောင်း၊ သာသနာ့ဝန်ထမ်းများက ဘာသာဝင်များ အပေါ်တွင် သော်လည်းကောင်း၊ အစိုးရက ပြည်သူများ အပေါ်တွင် သော်လည်းကောင်း၊ သက်ဝင်မှု ဘာသာအပေါ် အခြေခံကာ ချိုးနှိမ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှိပ်စက်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ အစရှိသည့် အရာများ ကိုပြုလုပ်ကြမည်။ သို့ဖြစ်၍ ၎င်းအခက်အခဲများနှင့် စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် မြန်မာပြည်သူ/သား တဦးတယောက်ချင်းသည် ဘာသာရေးလွတ်လပ်မှု အခွင့်အရေးကို ရရှိရန်လိုအပ်သည်။
စစ်အုပ်ချုပ်ရေးနှင့် ဘာသာရေးလွတ်လပ်မှု
စစ်ခေါင်းဆောင်များအုပ်ချုပ်သည့် ခေတ်အဆက်ဆက်တွင် ဘာသာရေး လွတ်လပ်ခွင့်မရှိ။ အကြောင်းမှာ ဘာသာရေးကို မိမိတို့၏ နိုင်ငံရေးအိမ်မက် အကောင်အထည် ဖော်ဆောင်ရန်အတွက်သာ စစ်အာဏာရှင်များက အသုံးချခဲ့ကြသည်။ ဘာသာရေးနှင့် လူမျိုးရေး (အမျိုးသားရေး) ဟူသည့် အရာနှစ်ခုကို ဒွန်တွဲဆုပ်ကိုင် ထားနိုင်မှသာလျှင် မိမိတို့ အာဏာခိုင်မြဲမည်ကို သိရှိထားကြသည်။
ယင်းအချက်ကပင် စစ်ခေါင်းဆောင် တို့သည် ဒီမိုကရေစီ စနစ်ကို အမှန်တကယ် လိုလား သူများ မဟုတ်၊ အာဏာကိုသာ လိုချင်တပ်မက် သူများဖြစ်ကြောင်းကို ထင်ရှားပေါ်လွင်စေသည်။
ယနေ့ အာဏာသိမ်းစစ်အုပ်စုသည်လည်း ယခင်စစ်အာဏာရှင်များ၏ လမ်းဟောင်းကိုသာ ရွှေးချယ် လျှောက်လှမ်းကြလိမ့်မည်။ သို့ဖြစ်၍ အာဏာရှင်များ အာဏာလုယူသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်မှု အခွင့်အရေး ဆုံးရှုံးပျောက်ကွယ်နေဦးမည်ဖြစ်သည်။
ယင်းသို့ ဘာသာရေးလွတ်လပ်မှု အခွင့်အရေး ဆုံးရှုံးပျောက်ကွယ်နေဦးမည့် အကြောင်းရင်း နှစ်ရပ်ရှိပါသည်။ ၁။ စစ်အုပ်ချုပ်မှုအောက်တွင် တွေ့မြင်ရသည့် ဘာသာရေး လွတ်လပ်ခွင့်သည် နိုင်ငံတကာ စံနှုန်း၊ စံထားကို မမှီခြင်းနှင့် ၂။ အာဏာသိမ်း စစ်အုပ်စုက စိတ်ကြိုက် ရေးဆွဲပြဌာန်း ထားသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေက ဘာသာရေး လွတ်လပ်မှု အခွင့်အရေးကို အာမခံချက် ပေးထားမှု မရှိခြင်းဟူသည့် အဓိကအချက်နှစ်ချက်ကို တစေ့တစောင်း သုံးသပ်လေ့လာ မည်ဆိုလျှင် မြန်မာပြည်သူ ပြည်သားများသည် ဘာသာရေးလွတ်လပ်မှု အခွင့်အရေးကို ဆုံးရှုံးလျှက်ရှိသည်ကို တွေ့ရပါသည်။
၁။ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်စံနှုန်း
ဘာသာရေးလွတ်လပ်ခွင့်နှင့် စပ်လျှင်း၍ ထုတ်ပြန်ထားသည့် နိုင်ငံတကာ အက်ဥပဒေ (သို့) ကြေညာစာတမ်းနှင့် အစီရင်ခံစာများကို လေ့လာသောအခါတွင် မြန်မာနိုင်ငံတွင် ဘာသာရေးလွတ် လပ်မှု အခွင့်အရေး အပြည့်အဝမရှိ၊ ပျောက်ဆုံးလျှက်ရှိနေသည်ကိုတွေ့ရပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ တွင် အတည်ပြုခဲ့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)ပါ အပိုဒ် (၁၈) တွင် ‘ဘာသာရေးလွတ်လပ်ခွင့်’ နှင့်စပ်လျှင်း၍ အောက်ပါအတိုင်း ကြေညာရေးသားထားပါသည်။
“လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိတယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူ အများရှေ့မှောက်တွင် သော်လည်း ကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်” တို့လည်း ပါဝင်သည်။
စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင် အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အခြားဘာသာ အစရှိသည့် ဘာသာရေး လူနည်းစုအုပ်စုတို့သည် ၎င်းတို့၏ ကိုးကွယ်သည့် ဘာသာကို လွတ်လပ်စွာ “သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်” အစရှိ သည့် အခွင့်အရေးများကို ဆုံးရှုံးခဲ့ကြရသည်။
အများစုလက်ခံ သက်ဝင်သည့် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် လူနည်းစု အခြား ဂိုဏ်းခွဲ ဗုဒ္ဓဘာသာဝင်များ ပင်လျှင် လွတ်လပ်စွာကိုးကွယ်ခွင့် အခွင့်အရေးမရရှိချေ။ အထူးသဖြင့် မိမိကိုးကွယ်သည့် ဘာသာကို (သို့) ယုံကြည်မှုကို မိမိဆန္ဒ အလျှောက် “လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်” မရှိခြင်းက စစ်အာဏာရှင်အုပ်ချုပ်မှုတွင် ဘာသာရေး လွတ်လပ်မှု လုံးဝမရှိကြောင်းကို သက်သေထူ လျှက်ရှိပါသည်။ စစ်အုပ်ချုပ်မှု အောက်တွင် ပြဌာန်းထားသည့် ဘာသာရေး လွတ်လပ်မှု အခွင့်အရေးသည် နိုင်ငံတကာမှ သတ်မှတ် ထားသော စံနှုန်း၊ စံချိန်ကိုမမှီပေ။
ထိုနည်းတူ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ၁၉၈၁ ခုနှစ် ကြေညာချက်စာတမ်း၊ နိုင်ငံရေးနှင့် အများပြည်သူနှင့်ဆိုင်သော အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာချုပ် (ICCPR)၊ စီးပွားရေးနှင့် ယာဉ်ကျေးမှု အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) နှင့် အာဆီယံလူ့ အခွင့်အရေး ကြေညာစာတမ်း (AHRD) အစရှိသည့် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများကလည်း စစ်အာဏာရှင်အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် သည် အမှောင်ချခြင်းခံလျှက်ရှိနေသည်ကို ထင်ရှားစွာတွေ့မြင်စေပါသည်။
ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာများ (သို့) သတင်းပေးပို့ချက်များကလည်း မြန်မာနိုင်ငံ၏ ဘာသာရေး လွတ်လပ်ခွင့်နှင့် စပ်လျှင်းသည့် အခြေအနေကို ဖော်ပြပေးနေပါသည်။ ဥပမာဆိုရလျှင် ၁၉၉၈ ခုနှစ်တွင် နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အက်ဥပဒေ (IRFA) အရ ဖွဲ့စည်းတည်ထောင် ခဲ့သည့် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု အဖွဲ့အစည်း (USCIRF) ၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် တိုက်ခိုက်မှုများနှင့် ခရစ်ယာန်ဘာသာ ဝင်များအား ညှဉ်းပန်းနှိပ်စက်မှုများကို အသေးစိတ် ရှင်းလင်းရေးသား ဖော်ပြထားသည်။
မြန်မာနိုင်ငံ တွင် ဘာသာရေးလွတ်လပ်မှုကို စနစ်တကျ၊ ဆိုးရွားစွာ ဆက်လက်ချိုးဖောက်နေမှုကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် “အထူးစိုးရိမ်ဖွယ် ကောင်း သည့်နိုင်ငံ” (Country of Particular Concern – CPC) အဖြစ် ဆက်လက်သတ်မှတ်ခြင်းခံခဲ့ရသည်။
၂။ ၂၀၀၈ ခြေဥနှင့် ဘာသာရေးလွတ်လပ်မှု
အာဏာသိမ်းစစ်အုပ်စုသည် မိမိတို့ ဖန်တီးပုံဖော်ထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူများက ဖျက်သိမ်း လှစ်လျှူရှုလိုက်သော်လည်း မိမိတို့လိုအပ်သည့်နေရာတွင် မှီငြမ်း၊ ကိုးကား အသုံးပြုလျှက်ရှိပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြုံငုံလေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် ပြဌာန်းထားသည့် ဘာသာရေးလွတ်လပ်ခွင့်သည် သဘောတရားမျှသာဖြစ်သည်ကို တွေ့ရပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် (၃၄) တွင် “နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ် ဆောက်တည် နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်” ဟုဖော်ပြရေးသားထားသည်။ အလားတူပင် အခန်း (၈)၊ အပိုဒ် (၃၅၄) (ဃ) တွင် “အခြားဘာသာကို ထိခိုက်နစ်နာမှု အရှိစေဘဲ မိမိချစ်မြတ် နိုးသည့် ကိုးကွယ်သည့်ဘာသာသာသနာကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ရှိသည်ဟု ဖော်ပြထားပါသည်။
သို့ရာတွင် အထက်ပါ ပြဌာန်းချက်များကို တားဆီးပိတ်ပင် ချိုးဖောက်နေသည့် ဥပဒေများ လည်းရှိနေသည်။ ဥပမာ၊ ၂၀၀၈ ခြေဥ အပိုဒ် (၃၆၀) (က နှင့် ခ)ကို အပိုဒ် (၃၄) တွင်ရေးသားထားသည့် အချက်က ဘောင်ခတ်ပေးသည့် သဘော သက်ရောက်စေသည်။ ထို့အပြင်၊ အပိုဒ် (၃၆၁) တွင်ဖော်ပြထားသည့် ဗုဒ္ဓဘာသာသည် “ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံသည့်” ဘာသာဖြစ်သည်ဟူသည့် အချက်က အပိုဒ် (၃၄၈) တွင် “ကိုးကွယ်ရာဘာသာကို အကြောင်းပြု၍ ခွဲခြားမှုမရှိရ” ဟူသည့်အချက်ဖြင့် သော်လည်းကောင်း၊ အပိုဒ် (၃၄၇) ပါ နိုင်ငံသားများအားလုံးရရှိရမည့် “တန်းတူညီမျှအခွင့်အရေး” ဟူသည့်အချက်နှင့် သော်လည်းကောင်း၊ ကွဲလွဲခြားနားနေသည့် လက္ခဏာသွင်ပြင်ရှိပါသည်။
သို့ဖြစ်၍ အပိုဒ် (၃၆၁) သည် လူနည်းစုဘာသာများကို ခွဲခြားမှုပြုခြင်း၊ သိမ်ငယ်မှေးမှိန်စေခြင်း၊ ချိုးနှိမ်ခြင်း အစရှိသည့် အနက်အဓိပ္ပာယ်ကို ဖော်ဆောင်သည်။ ထို့အပြင်၊ မြန်မာနိုင်ငံရှိ လူများစု ဗုဒ္ဓဘာသာနှင့် အခြားလူနည်းစုဘာသာတို့တွင် တန်းတူညီမျှအခွင့်အရေး မရှိကြောင်းကို ထင်ပေါ် စေသည်။
ထို့အပြင် ဘာသာရေးလွတ်လပ်ခွင့်နှင့် ၎င်းနှင့်ဆက်စပ်လျှက်ရှိသော အခွင့်အရေးများကို လူမျိုးဘာသာကာကွယ်ရေး ဥပဒေ (လက်ထပ်ထိမ်းမြားခြင်း ဥပဒေ၊ လူဦးရေထိန်းချုပ်မှု ဥပဒေ၊ ဘာသာရေးကူးပြောင်းခြင်း ဥပဒေ၊ တလင်တမယား စနစ် ဥပဒေ)၊ ဘာသာရေးစော်ကားမှု ဥပဒေ၊ မြန်မာနိုင်ငံသား ဥပဒေ၊ အစရှိသည့် ရာဇသတ်ကြီးပုဒ်များက ဘာသာရေး လွတ်လပ်ခွင့်နှင့် ၎င်းနှင့်ဆက်စပ်လျှက်ရှိသော အခွင့်အရေးများကို ချိုးဖောက်ဆန့်ကျင်နေသည်။
ကောက်ချက်ချရလျှင်၊ စစ်အာဏာရှင်တို့ လက်ခံအသုံးပြုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဘာသာရေးလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပေးထားသည့် အာမခံမှုမရှိ။ ကာကွယ် ပေးထားခြင်းလည်း အလျှင်းမရှိ။ ၎င်းအစား ၂၀၀၈ ခြေဥ၌ ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ် ပိတ်ပင်နေသည့် ဥပဒေပြဌာန်းချက်များကို ဖန်တီးထည့်သွင်း ရေးသားထားသည်။
အကျဉ်းချုပ်ဆိုရလျှင်၊ မည်သည့်စစ်အာဏာရှင်ခေတ်တွင်မှ ဘာသာရေးလွတ်လပ်မှု အခွင့်အရေး မရှိခဲ့ပေ။ ဘာသာရေးလွတ်လပ်ခွင့်နှင့် စပ်လျှင်းသည့်အကြောင်းအရာများကို လွတ်လပ်စွာ ရေးသားပြောဆိုခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းဟူသည့် နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားမှုမရှိခဲ့ချေ။
အာဏာသိမ်းကာလ (၆) လအတွင်း၌ပင် အာဏာသိမ်းစစ်အုပ်စု၏ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများကို တွေ့မြင်ရသည်။ ချင်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ ဘာသာရေးအဆောက် အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးခြင်း၊ ဘာသာရေးအဆောက်အအုံများနှင့် နယ်မြေ ထဲတွင် တပ်ဆွဲထားခြင်း၊ ဘာသာရေးကျောင်း ပရိဝုဏ်အတွင်း ဆေးလိပ်နှင့် အရက်သေစာ သောက်ခြင်း၊ စသည်တို့ကို တွေ့ရပါသည်။
လူနည်းစုကိုးကွယ်သည့် ဘာသာများကိုသာ ပစ်မှတ်ထားသည်မဟုတ်။ မကြာသေးမီက ချင်းပြည်နယ်နှင့် အညာဒေသရှိ ဘုန်းကြီးကျောင်းများကို မတရား ဝင်ရောက်စီးနင်း ပစ်ခတ်ဖြိုခွဲသည့် ဖြစ်ရပ်များ လည်းရှိခဲ့သည်။
အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဩဂုတ်လ ၁ ရက်နေ့မိန့်ခွန်းထဲတွင် “ကျနော်တို့ နိုင်ငံက ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းက ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အား ညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရတယ်” ဆိုပြီး ရည်ရွယ်ချက်ရှိရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရင်အရပ်သား အစိုးရကို ထိုးနှက် ပြောဆိုခဲ့သည်။
ထိုအချက်သည် ဗုဒ္ဓဘာသာအပေါ် အလေးအနက်ထားသယောင် နိုင်ငံရေး အရ ခုတုံးလုပ်၍ ပြောဆိုသွားခြင်းဖြစ်ကြောင်း သုတေသီများက အကဲခတ်မိကြသော်လည်း အာဏာသိမ်း ခေါင်းဆောင်သည် ဗုဒ္ဓဘာသာဝင် အများစု၏ ထောက်ခံမှုရရန် အတွက် ထိုမိန့်ခွန်းပါ ပြောဆိုချက်သည် အခြား ဘာသာခြားများကို နှိပ်ကွပ်တော့မည်လောဟု စိုးရိမ်စရာ သတိပေး ခေါင်းလောင်းသံဖြစ်စေသည်။
အာဏာသိမ်းစစ်အုပ်စုသည် မိမိအာဏာ အစဉ်တည်မြဲခိုင်ခံ့ရန်အတွက် ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်လျှက်ရှိပါသည်။ သို့ဖြစ်၍ ဘာသာရေးလွတ်လပ်ခွင့်ဟူသည့် မျှော်လင့်ခြင်းသည် စစ်အာဏာရှင် လက်အောက်တွင် ထာဝရ ငုပ်လျှိူးပျောက်ကွယ်သွားခြင်းမရှိစေရန် ပြည်သူလူထု ဆန္ဒဖြင့် ထုဆစ်ပုံဖော်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်ကြရမည်။
မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် ဆယ်စုနှစ်များစွာ လှစ်လျှူရှုထားသည့် ဘာသာရေးလွတ်လပ်မှု အခန်းကဏ္ဍကို ထုတ်ဖော်ကြွေးကြော်ကြရမည်။ စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို ပုံရိပ်ထင်စေမည့် ဘာသာရေးလွတ်လပ်မှု အခွင့်အရေးကို အတူတကွတောင်းဆိုကြရမည်။ ၎င်းအတွက် တိုက်ပွဲဝင် ကြရပါမည်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးတွင် ဘာသာရေးလွတ်လပ်ခွင့်ဟူသော ကြယ်စင်တပွင့် အမိမြန်မာနိုင်ငံတော်ကြီး၏ ကောင်းကင်ယံတွင် အတားအဆီးမရှိ လွတ်လပ်စွာ လင်းလက်တောက်ပလာမည့်နေ့ကို မျှော်လင့်ရင်း နွေဦးတော်လှန်ရေးတွင် ဆက်လက်ချီတက် တိုက်ပွဲဝင်ကြရမည်။
(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင် နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ
ပန်ဆိုင်းနှင့်မုံးကိုး တိုက်ပွဲများကြောင့် အရပ်သားရာချီ ထွက်ပြေးနေရ
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ