မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရတဲ့ နိုင်ငံတော်လုပ်ကြံမှုက စလို့ မျက်မှောက်မြန်မာ့သမိုင်းမှာ လူစိတ်အဝင်စားဆုံးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပေါ် တရားစွဲဆိုတဲ့အထိ ပြည်သူတွေစိတ်ဝင်တစားရှိခဲ့တဲ့ အမှုကြီး ၅ မှု ရှိခဲ့ပါတယ်။ ဒီအမှုကြီးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အမှုကလွဲလို့ ကျန်အမှုတွေက စစ်ဗိုလ်ချုပ်တွေနဲ့ မကင်းတဲ့အမှုတွေချည်း ဖြစ်ခဲ့ပါတယ်။ ဒီအမှုကြီး ၅ မူမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ ကြိမ်တိုင် မတရားဖိနှိပ် တရားစွဲခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရမှု
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က အတွင်းဝန်ရုံးမှာ အစည်းအဝေးလုပ်နေရင်း သူ့ဝန်ကြီးတွေနဲ့အတူ လုပ်ကြံခံခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးပြိုင်ဘက်အဖြစ် အငြိုးထားခဲ့တဲ့ တရားခံနန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောနဲ့အပေါင်းအပါတွေကိုတော့ နေ့ချင်း ဖမ်းမိခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ လပိုင်းအလိုမှာဖြစ်ပွားခဲ့တဲ့ ဒီနိုင်ငံတော်လုပ်ကြံမှုကြီးအပေါ် ပြည်သူတွေက အထူးစိတ်ဝင်စားခဲ့ကြပါတယ်။
လွတ်လပ်ရေးမရသေးတာကြောင့် အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘရန့်က လုပ်ကြံမှုကို စစ်ဆေးဖို့ အထူးခုံရုံးဖွဲ့စည်းတဲ့ဥပဒေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ခုံရုံးနာယကအဖြစ် တရားလွှတ်တော်၊ တရားဝန်ကြီး ဦးကျော်မြင့်၊ အဖွဲ့ဝင် ၂ ဦးအဖြစ် ဝါရင့်တရားသူကြီးတွေဖြစ်တဲ့ ဦးအောင်သာကျော်နဲ့ ဦးစီဘူးတို့ကို နောင် မြန်မာနိုင်ငံ သမ္မတဖြစ်လာမယ့် တရားလွှတ်တော် တရားဝန်ကြီးချုပ်ဒေါက်တာဘဦးက ရွေးချယ်ပေးခဲ့ပါတယ်။
အထူးခုံရုံးကို လုံခြုံရေးအရ အင်းစိန်ထောင်ကြီးထဲမှာ ဖွင့်ခဲ့ပြီး သတင်းထောက်တွေ၊ ဥပဒေကျောင်းသူကျောင်းသားတွေ၊ တရားခံတွေရဲ့ဇနီးဆွေမျိုးတွေ၊ ဝင်ခွင့်လက်မှတ်ရတဲ့ လေ့လာသူတွေလာရောက်နားထောင်ခွင့်ရခဲ့ကြပါတယ်။ တရားခွင်ရှိတဲ့နေ့တွေမှာ အင်းစိန်ထောင်ကြီးတဝိုက် အထူးလူစည်ကားခဲ့ပြီး သတင်းစာတွေကလည်း အမှုစစ်ဆေးပုံ အပြည့်အစုံကို မပြတ်ဖော်ပြနိုင်ခဲ့ကြပါတယ်။
သာမာန်အားဖြင့် မြန်မာပြည်မှာ စာရင်းသွင်းထားတဲ့ ရှေ့နေတွေသာ အထူးခုံရုံးမှာ အမှုလိုက်ခွင့်ရှိပေမယ့် ဂဠုန်ဦးစော အင်္ဂလန်က ဌားရမ်းထားတဲ့ ဝတ်လုံကို အထူးခုံရုံးကရော၊ တရားလွှတ်တော် တရားဝန်ကြီးချုပ်ဒေါက်တာဘဦးကပါ လိုက်ပါဆောင်ရွက်ခွင့်ပေးခဲ့ပါတယ်။ အထူးခုံရုံးနှင့် နိုင်ငံတော်လုပ်ကြံမှုကို ၃ လအတွင်း ၃၇ ကြိမ် ရုံးထိုင်ခဲ့ပြီး ပြစ်မှုထင်ရှားလို့ ဦးစောအပါအဝင် တရားခံ ၆ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ တရားခံဦးစောက တရားလွှတ်တော်၊ တရားလွှတ်တော်ချုပ်၊ သမ္မတတို့ထံ အယူခံဝင်ခဲ့ပေမယ့် အယူခံအဆင့်ဆင့် ပယ်ချခံခဲ့ရပြီး အင်းစိန်ထောင်ကြီးထဲ ၁၉၄၈ ခုနှစ် မေလမှာ ကြိုးပေးကွပ်မျက်ခံခဲ့ရပါတယ်။
ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု
ဂဠုန်ဦးစောရဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးအပြီး နှစ်ပေါင်း ၂၉ နှစ်အကြာ ၁၉၇၆ ခုနှစ်မှာ မြန်မာတနိုင်ငံလုံးစိတ်ဝင်စားတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးတခု ဖြစ်ခဲ့ပြန်ပါတယ်။ အာဏာရှင်ဦးနေဝင်းခေတ်မှာ တိုင်းပြည်အဘက်ဘက်က ယိုယွင်းပျက်စီးနေတာကို မကျေနပ်တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဦးဆောင်တဲ့ တပ်မတော်အရာရှိငယ်တစုက စစ်ခေါင်းဆောင်ကြီးကို လုပ်ကြံဖို့ ကြံစည်ခဲ့တာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ လုပ်ကြံမှုအောင်မြင်ရင် ရာထူးကဖြုတ်ချခံထားရတဲ့ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးတင်ဦးကို ရာထူးပြန်ခန့်အပ်ဖို့ ကြံရွယ်ခဲ့တာပါ။
၁၉၇၆ ခုနှစ် မတ်လ ၂၇ ရက် အလုံလမ်းအိမ်တော် တော်လှန်ရေးနေ့ညစာစားပွဲမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ဟာ လုပ်ကြံဖို့အခွင့်အလမ်းကို စောင့်ခဲ့ကြပါတယ်။ အဲဒီညက အာဏာရှင်ဦးနေဝင်းကတော့ သူ့ရဲ့ဇန်ီး ဒေါ်နီနီမြင့်နဲ့ အင်ဒိုနီးရှား၊ ဘာလီကျွန်းကို ရောက်နေလို့ မရှိပါဘူး။ နိုင်ငံတော်ကောင်စီအတွင်းရေးမှူးနဲ့ ဝန်ကြီးတာဝန်တွေကို ယူထားတဲ့ ဗိုလ်ချုပ်ကြီးစန်းယု၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးတင်ဦး (မျက်မှန် )နဲ့ အချို့ခေါင်းဆောင်ပိုင်းတွေကတော့ လုပ်ကြံခံရမယ့်စာရင်းမှာပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ကြီးအုန်းကျော်မြင့်တို့ဟာ လူကြီးတွေအနား တာဝန်ကျနေလို့ ကားထဲကလက်နက်တွေကို သွားယူဖို့ အဆင်မပြေတာ၊ အဖွဲ့လိုက်လှုပ်ရှားမှု အချိတ်အဆက်မမိတာတွေကြောင့် အဲဒီညမှာ လုပ်ကြံမှု မအောင်မြင်ခဲ့ပါဘူး။ လုပ်ကြံမယ့်သတင်းတွေလည်း ပေါက်ကြားနေလို့ ဗိုလ်ကြီးအုန်းကျော်မြင့်လည်း အမေရိကန်သံရုံးမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒီလုပ်ကြံမှုကြီးကို တရားသူကြီး ဗိုလ်မှူးကြီးအုန်းမောင် ဦးဆောင်တဲ့ တရားသူကြီးအဖွဲ့က အင်းစိန်ထောင်ဗူးဝက အထူးတရားရုံးမှာ ၆ လခန့် နေ့စဉ်နီးပါး စစ်ဆေးခဲ့ပါတယ်။ ဒီတရားခွင်မှာ သတင်းသမားတွေ၊ ဝါရင့်ဥပဒေပညာရှင်တွေ၊ နောင် ရှေ့နေကြီးဦးကိုနီလို့ကျော်ကြားလာမယ့် မောင်ကိုနီတို့လို ချိန်ဘာဆင်းနေသူတွေ၊ ဥပဒေကျောင်းသားကျောင်းသူတွေ၊ သံရုံးက ပုဂ္ဂိုလ်တွေနဲ့ တရားရုံးတခုလုံး ပြည့်နေခဲ့ပါတယ်။ နောင် တပ်ချုပ်ဖြစ်လာမယ့် စစ်အရာရှိ သန်းရွှေလည်း ဒီတရားခွင်မှာ ထွက်ဆိုချက် ပေးရသူတွေထဲ ပါခဲ့ပါတယ်။ တရားခွင်သတင်းတွေကိုလည်း သတင်းစာတွေက ဝေဝေဆာဆာဖော်ပြပြီး ပြည်သူကို တင်ပြနိုင်ခဲ့ပါတယ်။
၁၉၇၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဗိုလ်ကြီးအုန်းကျော်မြင့်ကို သေဒဏ်ကြိုးမိန့်နဲ့ ကျန်တပ်မတော်အရာရှိတွေထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။ ဗိုလ်ကြီးအုန်းကျော်မြင့် ကန်တော့တာခံခဲ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးကတော့ ထောင် ၇ နှစ်ကျခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါမှာတော့ ထောင်ဒဏ်ခံရသူ အားလုံးလိုလိုပြန်လွတ်လာခဲ့ပါတယ်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို လွတ်ငြိမ်းချမ်းခွင့်ထဲမပါအောင် အစောကြီးကတည်းက သေဒဏ်ပေးလိုက်တာလို့ အုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုနဲ့ ဆက်စပ်ပြီး သတင်းထိန်ချန်လို့ တပ်ကအနားပေးခံလိုက်တဲ့၊ လက်ရှိ စစ်ကောင်စီက ထောင်ဒဏ်အနှစ် ၂၀ ချခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာတိအဖွဲ့ဝင်ဦးဝင်းထိန်က အကဲဖြတ်ခဲ့ပါတယ်။ မဆလ တပါတီအာဏာရှင်စနစ်ကို အသက်ပေး အာခံခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ပြည်သူတွေက ကြိတ်ပြီး ချီးကျူးသြဘာပေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မဖိတ်ဘဲရောက်လာတဲ့ ဧည့်သည် ဂျွန်ယက်တော အမှု
ဂဠုန်ဦးစောရဲ့နိုင်ငံတော်လုပ်ကြံမှု၊ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့နိုင်ငံတော်လုပ်ကြံမှုပြီးရင် မြန်မာလူထုသာမက ကမာ္ဘကပါ စိတ်ဝင်တစားစောင့်ကြည့်ခံရတဲ့ အမှုကတော့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်လူမျိုး ဂျွန်ဝီလျံယက်တော အမှုပဲဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နဝတ၊ နအဖ စစ်အစိုးရတွေက ၁၉၈၉ ခုနှစ်၊ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တွေမှာ နေအိမ်အကျယ်ချုပ် ၃ ကြိမ် ဖမ်းဆီးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် မေလကစပြီး တတိယအကြိမ် နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၉ ခုနှစ် မေလမှာ အကျယ်ချုပ် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ တကယ်တမ်း လွတ်ခါနီးရက်ပိုင်းအလိုမှာ အမေရိကန်ကြည်းတပ်ဖွဲ့ဝင်ဟောင်း ဂျွန်ယက်တောဟာ အင်းလျားကန်ကနေ ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံအမှတ် ၅၄ ကို ရောက်လာခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ကို ဖောက်ဖျက်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်။
ဂျွန်ယက်တောရဲ့ကျန်းမာရေး အကြောင်းပြချက်အရ လူသားချင်းစာနာမူနဲ့ ၂ ရက်ကြာ လက်ခံပေးမိရာက ဒေါ်အောင်ဆန်းစုကြည်ဟာ အင်းစိန်ထောင်ထဲ ပြောင်းရွှေ့ချုပ်နှောင်ခံခဲ့ရပါတယ်။ “လူတိုင်းက အဲဒီ ဂြိုလ်မွှေတဲ့ အမေရိကန်ကောင်ကို သိပ်ဒေါသထွက်နေကြတယ်။ သူက ပြဿနာတက်အောင် သက်သက် ဒုက္ခလာပေးတာ၊ အရူးပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတယောက်က ဒေါသတကြီးပြောဆိုခဲ့ပါတယ်။
ပြည်သူအများစုကတော့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးချင်လို့၊ ၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ မဝင်နိုင်အောင်လို့ အမှုဆင်တယ်လို့ ယုံကြည်ခဲ့ကြပြီး အမှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီအမှုကို အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်းအတွင်းမှာ အထူးခုံရုံးနဲ့ စစ်ဆေးခဲ့ပြီး တရားရင်ဆိုင်တဲ့ရက်ပေါင်း ၈၅ ရက်ကြာမြင့်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ အတူနေသူတွေဖြစ်တဲ့ ဒေါ်ခင်ခင်ဝင်းနှင့်သမီးဖြစ်သူ မဝင်းမမ(ခ) အငယ်လေးတို့ကို အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်၊ မစ္စတာဂျွန်ဝီလျံယက်တောကို အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို စာနာထောက်ထားညှာတာလိုတာကြောင့် တရားရုံးက မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေဖို့၊ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားဖို့၊ ခြံအမှတ် ၅၄ မှာ နေထိုင်ဖို့၊ စည်းကမ်းချက်တွေနဲ့အညီ ကောင်းမွန်စွာနေထိုင်ရင်း ဆိုင်းငံ့ထားတဲ့ပြစ်ဒဏ်တွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ညွှန်ကြားချက်ရောက်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ဒေါ်ဝင်းမမတို့ဟာ ပြစ်ဒဏ် သုံးနှစ်မှ တနှစ်ခြောက်လဖြစ်ခဲ့ရပါတယ်။
တကယ်တော့ အကျယ်ချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်ရေးအထက်မှာရှိတဲ့ စစ်အာဏာရှင်တွေက နောက်ထပ် ၁၈ လတိုးပြီး ချုပ်နှောင်ထားလိုက်တာပဲဖြစ်ပါတယ်။ မစ္စတာဂျွန်ယက်တော့ကတော့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၊ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ၊ မစ္စတာဂျင်မ်ဝက်ဘ်ရဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံဆွေးနွေးတောင်းဆိုပေးမှုကြောင့် ပြည်နှင်ဒဏ်နဲ့ အတူ ပြန်တော်ပြန်သွားခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းတရားရုံး၊ ဗဟိုတရားရုံးချုပ်တို့ကိုအယူခံတက်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။ နအဖအစိုးရရဲ့ ဇာတ်ညွှန်းအတိုင်း ၂၀၁၀ ပါတီစုံရွေးကောက်ပွဲအပြီး ၅ ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ရပါတော့တယ်။
ဦးကိုနီလုပ်ကြံခံရမှု
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ရွေးချယ်မှုနဲ့ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကတဆင့် စစ်ဗိုလ်ချုပ်ဟောင်း၊ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ထဲရောက်လာခဲ့ပါတယ်။ ဒီအချိန်မှာဘဲ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုတုန်းက နာမည်ကျော်ရှေ့နေကြီးဦးကိုယုဆီ ချိန်ဘာဆင်းနေဆဲဖြစ်တဲ့ မောင်ကိုနီဟာ ရှေ့နေကြီးဦးကိုနီအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကဥပဒေအကြံပေးဖြစ်လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲအစားထိုးရေးအတွက် ရှေ့နေကြီးကိုနီဟာ တောရောမြို့ပါမက ပြည်ပနိုင်ငံတွေအထိကိုပါ လိုက်လံဟောပြောရင်း ရဲရင့်ထက်မြက်တဲ့ ဥပဒေပညာရှင်အဖြစ် ထင်ရှားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအကြောင်းဟောပြောပို့ချတာ၊ ရွေးကောက်ပွဲလွန်ကာလမှာ လွှတ်တော်အမတ်တွေကို သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားသက်ဆိုင်တဲ့ဥပဒေတွေကို သင်တန်းပို့ချတာတွေဆောင်ရွက်ခဲ့ပြီး အထင်ရှားဆုံးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တားမြစ်မှုကြောင့် သမ္မတဖြစ်ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးတီထွင်ရာမှာ ဦးဆောင်ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ဦးကိုနီကို စစ်အာဏာရှင်တွေကတော့ အတော်မျက်မာန်ရှနေပြီလို့ အများက ယုံကြည်ခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ညနေပိုင်းမှာ ရှေ့နေကြီးဦးကိုနီရဲ့ခေါင်းကို သေနတ်သမားတယောက်က အနီးကပ်ပစ်သတ် လုပ်ကြံသွားတယ်ဆိုတဲ့သတင်းဟာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ အသက် ၆၃ ရှိပြီဖြစ်တဲ့ ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကနေ ပြန်လာတာဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ သေနတ်သမားကြည်လင်းကို ဖမ်းမိခဲ့ပေမယ့် သူ့ကိုလိုက်ဖမ်းတဲ့ တက္ကစီကားဆရာ ဦးနေဝင်းဟာလည်း သေနတ်နဲ့အပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။ သေနတ်သမားကြည်လင်းကို ချက်ချင်းဖမ်းမိခဲ့ပြီး ပူးပေါင်းပါဝင်တဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ တပ်မတော်ထောက်လှမ်းရေး အရာရှိဟောင်းဇေယျာဖြိုးတို့ကိုလည်း မကြာခင် ဖမ်းဆီးရမိခဲ့ပါတယ်။
ရှေ့နေကြီးဦးကိုနီအမှုကို အင်းစိန်မြို့နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ခရိုင်တရားသူကြီး ၃ ဦးက ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြပါတယ်။ အမှုကို ၂ နှစ်လောက် ရုံးချိန်းပေါင်း ၁၀၀ ကျော် စစ်ဆေးခဲ့ပြီး တရားခံကြည်လင်းနဲ့အောင်ဝင်းဇော်ကို သေဒဏ်ကြိုးမိန့်ချမှတ်ခဲ့ပါတယ်။ ဇေယျာဖြိုးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅ နှစ်၊ အောင်ဝင်းထွန်းကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်သာ ချမှတ်ခဲ့လို့ မကျေနပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ကွယ်က အမှန်တကယ်ခိုင်းစေသူ DSA အပတ်စဉ် ၃၆ ဆင်း ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကိုတော့ နေပြည်တော်မှာနောက်ဆုံးတွေ့ရှိရပြီး ဒီနေ့အထိ ဖမ်းမိခြင်း မရှိသေးပါဘူး။ အောင်ဝင်းခိုင်နဲ့ စစ်တက္ကသိုလ် တပတ်စဉ်တည်းဆင်းတဲ့ ကြံ့ခိုင်ရေးပါတီ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလင်းဇော်ထွန်းဟာ တပ်မတော်မှာ ဗိုလ်မှူးအဆင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်ရေးအရာရှိဟောင်းတဦးလည်း ဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အမှု
မျက်မှောက်ခေတ်မြန်မာ့သမိုင်းမှာ လူစိတ်ဝင်စားမှုအရှိဆုံးအမှုကတော့ လက်ရှိစစ်ကောင်စီက မတရားဖမ်းဆီးတရားစွဲဆိုထားတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုပဲဖြစ်ပါတယ်။ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့တခဲနက်ဆန္ဒမဲပေးမှုနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လွှတ်တော်ခေါ်မယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ စစ်တပ်က လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တရားစွဲဆိုခဲ့ပြီး ပြည်သူတွေကလည်း ဒီအမှုကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံ့ခေါင်းဆောင်တွေကို နေပြည်တော်ရဲ့ဘယ်နေရာမှာ အမှုစစ်လဲဆိုတာ တိတိကျကျ တကမာ္ဘလုံးက မသိကြရတာက အံ့သြကုန်နိုင်ဖွယ်ဖြစ်ခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကိုယ်တိုင်လည်း သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားမှန်း တိတိကျကျမသိကြပါဘူး။ ဒါကြောင့် တရားသူကြီးက သမ္မတဦးဝင်းမြင့်ကို လိပ်စာမေးတဲ့အခါ အခက်ကြုံခဲ့ရတာဖြစ်ပါတယ်။
အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးကို သတ်ဖြတ်ခဲ့တဲ့ ဂဠုန်ဦးစောတောင် အင်းစိန်ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေး အပြည့်အဝရတာ၊ လန်ဒန်က ဝတ်လုံကိုဌားရမ်းခွင့်ရ၊ တရားခွင်မှာ သတင်းစာဆရာတွေ သတင်းယူခွင့်ရတာ၊ ဥပဒေကျောင်းသားကျောင်းသူတွေနဲ့ စိတ်ဝင်စားတဲ့ပြည်သူတွေ လာရောက်လေ့လာခွင့်ရတဲ့ တရားစီရင်ရေးစနစ်ဟာ ၇၄ နှစ်သာရှိသေးပေမယ့် ဒဏ္ဍာရီသဖွယ် ဖြစ်သွားခဲ့ရပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် နှစ် ၁၀၀ ကျော်ကျစေနိုင်မယ့် ပုဒ်မပေါင်း ၁၁ ခုနဲ့ တရားစွဲတာကလည်း တရားစီရင်ရေးပျက်စီးနေတဲ့ အာဏာရှင်ဦးသန်းရွှေလက်ထက်မှာတောင် မရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ကို အစောပိုင်းမှာ အွန်လိုင်းကတဆင့်ရုံးထုတ်ခဲ့ပြီး ဒါဥပဒေနဲ့ညီရဲ့လားလို့ ဒေါ်အောင်ဆန်းစုကြည်ကမေးခွန်း ထုတ်ခဲ့လို့သာ နောက်ပိုင်း ရှေ့နေအဖွဲ့နဲ့လူချင်းတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါတောင် ဒေါ်အောင်ဆန်းစုကြည်တို့ရှေ့နေအဖွဲ့ ဟာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့တွေ့ဆုံဖို့ လုံခြုံရေးအဆင့်ဆင့်ကို ဖြတ်ပြီး သွားခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် ပုဒ်မ ၅၀၅ (ခ) နဲ့စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ စက်တင်ဘာ ၂၈ ရက်နေ့က ဇမ္ဗူသီရိတရားသူကြီးဦးမောင်မောင်လွင်က ဘာကြောင့်အပြစ်မရှိတာလဲလို့ မေးတဲ့အပေါ် ကျူးလွန်ခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း သုံးဦးစလုံးက ထွက်ဆိုခဲ့ကြပါတယ်။
အောက်တိုဘာလ ၁၂ ရက် တရားခွင်မှာ သမ္မတဦးဝင်းမြင့်က သူ့ကို ဗိုလ်ချုပ်ကြီးအဆင့် တပ်မတော်အရာရှိကြီးနှစ်ဦးက ကျန်းမာရေးအကြောင်းပြပြီး သမ္မတရာထူးက နုတ်ထွက်ဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့တယ်၊ မထွက်ဘူးဆိုရင် အသက်အန္တရာယ်ရှိတယ်၊ စဉ်းစားပါလို့ပြောလို့ သူက သေမှာလည်းမကြောက်ဘူးလို့ ပြောခဲ့ကြောင်း အာဏာသိမ်းတဲ့မနက်ပိုင်းက ဖြစ်စဉ်ကို ထွက်ဆိုခဲ့ပါတယ်။ သမ္မတဦးဝင်းမြင့်ရဲ့ တရားခွင်ထွက်ဆိုချက်ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာမှာပါ လှုပ်ခတ်ခဲ့ပြီး ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်တွေ မီဒီယာကိုပြန်ပြောပြခဲ့တဲ့ ရှေ့နေအဖွဲ့ကိုလည်း စစ်ကောင်စီက မီဒီယာအပါအဝင် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းနဲ့မှ တရားခွင်ဆိုင်ရာကိစ္စတွေကို ထုတ်ဖော် မပြောကြားဖို့ ကန့်သတ်တားမြစ်ခဲ့ပါတယ်။
ဒီအမှုကြီးကို ၉ လနီးပါး စိတ်ဝင်တရားစောင့်ကြည့်နေကြတဲ့ပြည်သူတွေကတော့ နဂိုကတည်းက စစ်ကောင်စီရဲ့တရားစီရင်ရေးကို အယုံအကြည်မရှိရတဲ့အထဲ အခုလို သတင်းအမှောင်ချခံရလို့ ပိုပြီးစိတ်ပျက်ဒေါသထွက်ခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်ကတော့ ဒီဖြစ်ရပ်ကို ရှုတ်ချလိုက်ပြီး ကန့်ကွက်ပြောဆိုဖို့ ရှေ့နေတွေကို တိုက်တွန်းခဲ့ပါတယ်။
You may also like these stories:
တိုက်ပွဲပုံစံသစ်ကို စစ်ကောင်စီ ရင်ဆိုင်နေရ
စီးပွားရေး လုပ်ငန်းကြီးများ မြန်မာကို ကျောခိုင်းမှု တိုးလာနေ
PR စနစ်နဲ့ စစ်ကောင်စီ နိုင်ငံရေးအသက်ဆက်ချင်
စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်