မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာလိုက်သော အချိန်တွင် ပြည်သူများ အံ့ဩထိတ်လန့် တုန်လှုပ်ကာ တနိုင်ငံလုံး ကသောင်းကနင်း ဖြစ်ခဲ့ကြသည်။ ထိုနေ့တွင် ဆက်သွယ်ရေးလိုင်းများ၊ အင်တာနက်လိုင်းများ ယာယီ ဖြတ်တောက်မှုများ ကြုံခဲ့ရသည့်အတွက် မိသားစုနှင့် ဝေးကွာနေသူများ စိုးရိမ် ပူပန်ခဲ့ရကြသည်။
ထိုနေ့သည် မြန်မာနိုင်ငံအတွက် အမှောင်ကျဖို့ စတင်ခဲ့ရာ နေ့တနေ့ ဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်းသည့် မနက်ခင်း အစောပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အခြားသော NLD ပါတီဝင်များ စတင် ဖမ်းဆီးခံခဲ့ရသည်။
ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေသည် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ နိုင်ငံတော်အာဏာ လွှဲပြောင်းခဲ့သည်။ ထိုနေ့မှ စ၍ မြန်မာနိုင်ငံ၏ ကံကြမ္မာသည် တစထက်တစ ပိုမို ဆိုးရွားသော အခြေအနေသို့ တဖြည်းဖြည်း ရောက်လာခဲ့သည်။
“ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာစသိမ်းလိုက်ချိန်မှာ နိုးလာတော့ ဘေးနားမှာ ကျနော့်သမီးလေး ရှိတယ်။ ကျနော့် အမျိုးသမီးရှိတယ်။ ကျနော့် အမျိုးသမီးက စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ ပြောတော့ ဟုတ်လို့လားလို့ မေးပြီး ကျနော် Facebook ပေါ်က သတင်းတွေ ကြည့်တယ်။ ခိုင်မာ တိကျတဲ့ သတင်းတွေ ကြည့်ပြီးတော့ ကျနော့် မျက်လုံးထဲမှာ ကျနော့် သမီးလေးကိုပဲ မြင်တယ်”
“ပြီးတော့ တဆစ်ဆစ် နာတယ်။ ခွေးကိုက်ခံရတာ၊ ခွေးရူးကိုက်ခံရတာပေါ့။ အဲဒီအချိန်မှာ ကျနော့် သမီးလေး မျက်နှာကို ကြည့်လိုက်ချိန်မှာ ကျနော့် သမီးလေး အနာဂတ်ကို စိုးရိမ်သွားတယ်” ဟု ဒါရိုက်တာ သည်ခေတ်နေက အာဏာသိမ်းစ မနက်ခင်းပိုင်းတွင် သူကြုံခဲ့ရသည်ကို ပြန်လည် ပြောပြသည်။
ယင်းနောက် ဒါရိုက်တာ သည်ခေတ်နေသည် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်ကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး၊ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု) များတွင် ပါဝင်ကာ မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် ရန်ကုန်မြို့ရှိ စီးပွားရေးဘဏ်ရှေ့တို့၌ ဆန္ဒပြမှုများ တောက်လျှောက် ပါဝင်ခဲ့သည်ဟု ဆိုသည်။
“ဗဟိုဘဏ်ရှေ့၊ စီးပွားရေးဘဏ်တွေ ရှေ့မှာ ကျနော့် သူငယ်ချင်း ဒါရိုက်တာ အောင်ချမ်းလူနဲ့အတူ CDM လှုပ်ရှားမှုတွေ လုပ်တယ်။ အဲဒီနောက် မထွက်ရ မနေနိုင်ဖြစ်ပြီး နေ့စဉ် ဆန္ဒပြ သပိတ်ကြောင်းတွေ လိုက်ထွက်တယ်။ အဲဒါပြီးတော့ ရုပ်ရှင်အစည်းအရုံးနဲ့ ကိုမင်းမော်ကွန်းတို့နဲ့အတူ ဆန္ဒပြ သပိတ်ကြောင်း ဆက်ထွက်ဖြစ်တယ်” ဟု သည်ခေတ်နေက ပြောသည်။
ထိုနောက်ပိုင်း ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီးများရှိ ဆန္ဒပြပွဲများကို စစ်တပ်က လက်နက်အင်အား သုံးကာ အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခဲ့သလို၊ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြသူများအား လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဆန္ဒပြသူများသည် လူစုခွဲကာ ဆန္ဒပြခြင်း၊ တိမ်းရှောင် ထွက်ပြေးရခြင်းများ ပြုလုပ်လာရသည်။
ခွေးကိုက်ခံရတာ၊ ခွေးရူးကိုက်ခံရတာပေါ့။ အဲဒီအချိန်မှာ ကျနော့် သမီးလေး မျက်နှာကို ကြည့်လိုက်ချိန်မှာ ကျနော့် သမီးလေး အနာဂတ်ကို စိုးရိမ်သွားတယ်
ထို့အတူ ရုပ်ရှင်အစည်းအရုံးကိုလည်း စောင့်ကြည့်ခံခဲ့ရပြီး လူစုရန် မလွယ်ကူသော အခြေအနေတွင် သည်ခေတ်နေက မြောက်ဒဂုံ ပင်လုံရင်ပြင်၌ တဦးတည်း ဆန္ဒပြထွက်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။ ယင်းကာလတွင် စစ်ကောင်စီဘက်က သရုပ်ဆောင် လူမင်းအား ညအချိန်မတော်တွင် CDM လှုပ်ရှားမှုအား လှုံ့ဆော်သည်ဟုဆိုကာ တပ်ဖွဲ့အင်အား အလုံးအရင်းဖြင့် သွားရောက် ဖမ်းဆီးခဲ့သည်။
ထိုအချိန်မှစကာ ဖမ်းဝရမ်း ထုတ်ခံရသော အနုပညာရှင်များစာရင်းကို စစ်ကောင်စီပိုင် မီဒီယာများက နေ့စဉ် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုစာရင်းတွင် ပါဝင်သော အနုပညာရှင်များက လွတ်မြောက်ရာ နေရာများသို့ အသီးသီး တိမ်းရှောင်ကာ ထွက်ပြေးကြကုန်သည်။ နာမည်ကြီး အချို့လည်း ဖမ်းဆီးခံခဲ့ရသည်။
သရုပ်ဆောင် လူမင်း အပါအဝင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အဆိုတော် စောဖိုးခွား၊ ပိုပို၊ မော်ဒယ် ပိုင်တံခွန်၊ သရုပ်ဆောင် ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း စသည့် နာမည်ကြီး အနုပညာရှင်များသည် ယနေ့အထိတိုင် လွတ်မြောက်ခြင်း မရှိဘဲ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရသည်။
တချို့ အနုပညာရှင်များလည်း ခံဝန်ကတိများ ရေးထိုးကာ ပြန်လည် လွတ်မြောက် လာကြသည်။ စစ်ကောင်စီက အနုပညာရှင်များအား စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုကွန်ရက်အား အသုံးပြုကာ CDM လှုပ်ရှားမှုများတွင် ပြည်သူများ ပါဝင်လာစေရန် ရေးသားလှုံ့ဆော်ခြင်းဟုဆိုကာ အနုပညာရှင် ၁၀၀ ဦးထက်မနည်း ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံခဲ့ရသည်။
၄ လပိုင်းမှာ ကျနော် ဝရမ်း ၅၀၅ နှစ်ကြိမ် ထုတ်ခံရတော့ ကျနော့်အတွက်လည်း အန္တရာယ် ကြီးပြီ။ အိမ်ကနေ စပုန်းရပြီ။ စပြေးရပြီး တနေရာပြီး တနေရာ ရွှေ့ရတယ်။
အဆိုပါ ဖမ်းဝရမ်းထုတ်ခံရသူများတွင် သရုပ်ဆောင် မင်းမော်ကွန်း၊ ပိုင်ဖြိုးသု၊ ဒါရိုက်တာ ဏကြီး၊ ကိုပေါက်၊ သည်ခေတ်နေတို့ အပါအဝင် အဆိုတော် လင်းလင်း၊ ချစ်သုဝေ၊ ကျားပေါက်၊ R ဇာနည်၊ ရန်ရန်ချန်း၊ သရုပ်ဆောင် ဒေါင်း၊ မြနှင်းရည်လွင်၊ ဘုန်းဆက်သွင်၊ အလှမယ် ထားထက်ထက်၊ နှင်းသွေးယုအောင် အစရှိသူများလည်း ပါဝင်သည်။
ဒါရိုက်တာ သည်ခေတ်နေသည် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းနှစ်ကြိမ် အထုတ်ခံခဲ့ရပြီး တော်လှန်ရေး နယ်မြေသို့ မရောက်ခင် တနေရာပြီး တနေရာ ပြောင်းရွှေ့နေထိုင်ခဲ့ရကာ ၈ လပိုင်းတွင် သရုပ်ဆောင် မင်းမော်ကွန်း၏ သားနှင့်အတူ လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာကြောင်း ဧရာဝတီသို့ ပြောသည်။
“၄ လပိုင်းမှာ ကျနော် ဝရမ်း ၅၀၅ နှစ်ကြိမ် ထုတ်ခံရတော့ ကျနော့်အတွက်လည်း အန္တရာယ် ကြီးပြီ။ အိမ်ကနေ စပုန်းရပြီ။ စပြေးရပြီး တနေရာပြီး တနေရာ ရွှေ့ရတယ်။ အဲဒီနောက်ပိုင်း ကျနော် ရသလောက် ရုပ်ဖျက်ပြီး ကားနဲ့ ဆန္ဒထွက်ပြတယ်။ တခါတလေလည်း အိမ်ခိုးပြန်တာပေါ့။ ကျနော့် သမီးလေးကို လွမ်းတာကိုး။ ၄ လပိုင်းမှာ ဝရမ်း စထုတ်ခံရတယ်။ ၈ လပိုင်းမှာ တော်လှန်ရေး နယ်မြေ ရောက်တယ်” ဟု ဒါရိုက်တာ သည်ခေတ်နေက ပြောသည်။
သည်ခေတ်နေ လွတ်မြောက်နယ်မြေသို့ ရောက်ရှိချိန်တွင် သူ၏ မိသားစုဝင်များ ချက်ချင်း မလိုက်ပါလာနိုင်သေးပေ။ သို့သော် စစ်ကောင်စီဘက်က သည်ခေတ်နေ၏ အမျိုးသမီးထံသို့ ဖုန်းမှတဆင့် ခြိမ်းခြောက်စာများ အဆက်မပြတ် ပေးပို့သောကြောင့် သည်ခေတ်နေက ရန်ကုန်တွင် ကျန်ရစ်ခဲ့သည့် ဇနီးနှင့်သမီးကို လွတ်မြောက်နယ်မြေသို့ ခေါ်ဆောင်ရန် အကြောင်း ဖြစ်လာသည်။
ထို့အတူ ရုပ်ရှင်အစည်းအရုံးကိုလည်း စောင့်ကြည့်ခံခဲ့ရပြီး လူစုရန် မလွယ်ကူသော အခြေအနေတွင် သည်ခေတ်နေက မြောက်ဒဂုံ ပင်လုံရင်ပြင်၌ တဦးတည်း ဆန္ဒပြထွက်ခဲ့ကြောင်း
“ကျနော့် အမျိုးသမီးရဲ့ အလုပ်နေရာကို အတိအကျ သိတယ်ဆိုပြီး မက်ဆေ့ချ် ပို့ခံရတော့ ကျနော်က လုံခြုံသွားသော်ငြားလည်း ကျနော့် အမျိုးသမီးနဲ့ ကျနော့် သမီးလေးကိုပါ ထပ်ခေါ်ရတာပေါ့” ဟု သည်ခေတ်နေက ဆိုသည်။
သည်ခေတ်နေသည် သူချစ်သော ရန်ကုန်မြေနှင့်အတူ သူ မြတ်နိုးသော ဒါရိုက်တာအလုပ်၊ ဇာတ်ညွှန်းအလုပ်တို့ကိုပါ စွန့်လွှတ်ခဲ့ရကြောင်း နှမျောတသစွာ ပြောပြသည်။ ၂၀၂၀ ခုနှစ်တွင် ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးခဲ့သော “မနေ့ကဖြစ်သည်-၂” ဇာတ်လမ်းတွဲနှင့် “ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲတို့သည် ထိုအချိန်က လူစိတ်ဝင်စားမှု များပြားခဲ့သည်။
ယင်းနောက် ဒါရိုက်တာ သည်ခေတ်နေသည် သူ၏ ရိုက်လက်စ ဇာတ်လမ်းတွဲများ၊ ဆက်လက် ရိုက်ကူးရန် ပြောဆိုထားသည့် ဇာတ်လမ်းတွဲများကိုပါ ချန်ထားရစ်ခဲ့ကာ၊ အနုပညာ အလုပ်များအား ခေတ္တ စွန့်ခွာပြီးနောက် တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့ကြောင်း ပြောပြသည်။
“ကျွန်ရူးတွေရဲ့ လက်အောက်မှာ မလုပ်ဘူး။ ကိုယ်တိုင်လည်း ရုပ်ရှင်အစည်းအရုံး ပရမ်းပတာ အတွင်း လှိုက်စားမှုတွေရဲ့ အောက်မှာ မနေချင်တဲ့အတွက် နုတ်ထွက်ခဲ့တယ်။ အစည်းအရုံးရဲ့ အတွင်း လှိုက်စားမှုတွေကို မနှစ်မြို့တဲ့အတွက် နုတ်ထွက်တယ်။ သို့သော် ကျနော့်ရဲ့ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင် လွတ်လပ်မှု အောက်မှာတော့ လုပ်ချင်လုပ်နေမယ်။ ဒီကောင်တွေရဲ့ လက်အောက်မှာတော့ လုံးဝ ဆက်လုပ်မှာ မဟုတ်ဘူး” ဟု သည်ခေတ်နေက ပြတ်သားစွာ ပြောသည်။
ဒါရိုက်တာ သည်ခေတ်နေသည် လက်ရှိ တော်လှန်ရေး နယ်မြေတွင် လက်နက်ကိုင် တိုက်ပွဲဝင်မည့် အနုပညာရှင် မဟုတ်သော်လည်း အနုပညာလက်နက် (မီဒီယာလက်နက်) ဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သူ၏ ယုံကြည်ချက်ကို ခိုင်မာစွာ ပြောသည်။ ထို့အပြင် သူသည် ယုံကြည်ရသော PDF ရဲဘော်များ၊ တော်လှန်ရေး ညီအစ်ကိုများကို ထောက်ပို့ အနေဖြင့် ကူညီ ထောက်ပံ့နေကြောင်းလည်း သိရသည်။
ကျွန်ရူးတွေရဲ့ လက်အောက်မှာ မလုပ်ဘူး။ ကိုယ်တိုင်လည်း ရုပ်ရှင်အစည်းအရုံး ပရမ်းပတာ အတွင်း လှိုက်စားမှုတွေရဲ့ အောက်မှာ မနေချင်တဲ့အတွက် နုတ်ထွက်ခဲ့တယ်။
ဒါရိုက်တာ သည်ခေတ်နေနည်းတူ အချို့ အနုပညာရှင်များလည်း တော်လှန်ရေး နယ်မြေသို့ ရောက်ရှိကာ အနုပညာ လက်နက်ဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေကြသလို၊ PDF (ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့) ထဲသို့ အပြီးတိုင်ဝင်ကာ လက်နက်ဖြင့် တော်လှန် တိုက်ခိုက်မည့် အနုပညာရှင်များလည်း ရှိနေကြသည်။
“ကျနော်တို့ ယုံကြည်တဲ့ ပြည်သူ့အာဏာ ပြန်မရမချင်း တိုက်နေမှာပဲ။ ဘယ်နေရာရောက်ရောက် ရောက်နေတဲ့ နေရာကနေပဲ ဆက်လက် တိုက်ပွဲဝင်ဖို့ပဲ လိုတယ်။ ဒီကောင်တွေ တဆတ်ဆတ် နာအောင် တိုက်နေမှာပဲ။ ရှေ့တန်းက သူတွေအတွက်လည်း ကျနော်တို့က ရောက်တဲ့နေရာကနေ ရသလောက် ထောက်ပို့၊ အနုပညာ ထောက်ပို့ လုပ်ပေးနေမှာပဲ” ဟု သည်ခေတ်နေက ခိုင်မာစွာ ပြောသည်။
ဒါရိုက်တာ သည်ခေတ်နေသည် ပြီးခဲ့သည့် လပိုင်းအတွင်းက “တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက် မြန်မာ ရန်ပုံငွေ” အနုပညာပွဲတွင် “စစ်ကြောရေးလား၊ ငရဲခန်းလား၊ သားသတ်ခန်းလား” ဆိုသည့် အသံထွက်ဇာတ်လမ်းကို ဖန်တီး တင်ဆက်ပြသခဲ့သည်။ ယင်းကဲ့သို့ သူယုံကြည်သည့် NUG အစိုးရ လက်အောက်ထံတွင်သာ အနုပညာလက်နက်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ဆက်လက် ပါဝင်သွားမည်ဟု ဆိုသည်။
ကျနော်တို့ ယုံကြည်တဲ့ ပြည်သူ့အာဏာ ပြန်မရမချင်း တိုက်နေမှာပဲ။ ဘယ်နေရာရောက်ရောက် ရောက်နေတဲ့ နေရာကနေပဲ ဆက်လက် တိုက်ပွဲဝင်ဖို့ပဲ လိုတယ်။
“ကျနော်တို့က အနုပညာသမားဖြစ်တဲ့အတွက် ကျနော်တို့ ရင်ဘတ်က သေနတ် တချက်ပစ်ဖို့ ကျနော့် တယောက်တည်းအတွက် ခက်ခဲတယ်။ အဲဒီတော့ မီဒီယာ လက်နက်၊ အနုပညာလက်နက်နဲ့ ကျနော် ဆက်လက် တိုက်ပွဲဝင်မယ်။ ကျရာနေရာ၊ ကျရာထောင့်၊ ကျတဲ့ ဇာတ်ဝင်ခန်းကနေ ဆက်သွားမယ်။ ပြီးတော့ ကျနော်တို့ ယုံကြည်တဲ့အစိုးရရဲ့ လက်အောက်ကနေ ကျနော်တို့ နိုင်တဲ့ အနုပညာ လက်နက်နဲ့ ဆက်လက်ပြီး တော်လှန်သွားမယ်” ဟု သည်ခေတ်နေက ယုံကြည်စွာ ပြောဆိုသည်။
You may also like these stories:
အနုပညာနဲ့ တော်လှန်နေတဲ့ ဟားငါးကောင်
ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ ပရိတ်သတ်ပါလို့ဆိုတဲ့ အလှမယ်နှင်းသွေးယုအောင်
ပီနိုချေး၊ နေရူဒါနဲ့ ပြည်ပြေးမှတ်စု