ရုရှားက ယူကရိန်းကို ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေချိန်တွင် အာဏာသိမ်း စစ်ကောင်စီက တဘက်၊ ဒီမိုကရေစီလိုလားသည့် ခုခံရေးတပ်ဖွဲ့များနှင့် သက်တမ်းရှည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တဘက် ဖြစ်ပွားနေသော မြန်မာ့ပြည်တွင်းစစ်တွင် ကြဲချသည့် ဗုံးအရေအတွက် နည်းလာနိုင်သည်။
မြန်မာတနိုင်ငံလုံး မှိုလိုပေါက်လာသော ပဋိပက္ခတွင် စစ်ကောင်စီဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားများနှင့် အရပ်သားပြည်သူများကို သတ်ဖြတ်ရန် မြန်မာစစ်အုပ်စုသို့ စစ်လက်နက်ပစ္စည်းများ၊ ပြည်ပမှ တင်သွင်းလာသော စစ်လက်နက်များ ရောင်းချသည့် အဓိက နိုင်ငံများတွင် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံး ပါဝင်ကြသည်။
သို့သော် ထိုလက်နက်စီးဆင်းမှုသည် ယူကရိန်းတွင် အရှိန်မြင့်လာသော စစ်ကြောင့် နှေးကွေးလျော့နည်း သို့မဟုတ် လုံးဝ ရပ်ဆိုင်းသွားနိုင်သည်။ ယင်းသည် မြန်မာပြည်တွင်းစစ် လမ်းကြောင်းနှင့် ရလဒ်ကို သိသိသာသာ သက်ရောက်မှု ရှိနိုင်သည့် ပထဝီနိုင်ငံရေးလှိုင်းဂယက် သက်ရောက်မှုဖြစ်သည်။
လက်နက်စီးဆင်းမှုသည် ယူကရိန်းတွင် အရှိန်မြင့်လာသော စစ်ကြောင့် နှေးကွေးလျော့နည်း သို့မဟုတ် လုံးဝ ရပ်ဆိုင်းသွားနိုင်သည်။ ယင်းသည် မြန်မာပြည်တွင်းစစ် လမ်းကြောင်းနှင့် ရလဒ်ကို သိသိသာသာ သက်ရောက်မှု ရှိနိုင်သည့် ပထဝီနိုင်ငံရေးလှိုင်းဂယက် သက်ရောက်မှုဖြစ်သည်။
ရုရှားနိုင်လျှင် မော်စကိုသည် ယူကရိန်း စစ်လက်နက်များကို ဖျက်သိမ်းရန် အလျင်အမြန် လုပ်ဆောင်နိုင်သောကြောင့် ယူကရိန်း၏ ဝင်ငွေရှာသည့် လက်နက်တင်ပို့သော လုပ်ငန်းသည် ရုတ်တရက် ရပ်ဆိုင်းသွားမည် ဖြစ်သည်။
ရုရှားကျူးကျော်မှု မအောင်မြင်ပါက ယူကရိန်း၏ ဒီမိုကရက်တစ်အစိုးရသည် လက်နက်ရောင်းချခြင်းဖြင့် မြန်မာမှ ရက်စက်ကြမ်းကြုတ်သာ စစ်အာဏာရှင်စနစ်ကို ထောက်ခံနေသည်ဟု အမြင်ခံလိုမည် မဟုတ်ပေ။ အထူးသဖြင့် အနောက်နိုင်ငံများက ကီယက်ဗ်ကို မကြာသေးမီက ထောက်ခံ စာနာမှု ပြသခဲ့ပြီးနောက် ထိုသို့ အမြင်ခံလိုမည် မဟုတ်ပေ။

တချိန်တည်းတွင် လက်နက်အတွက် ငွေပေးချေမှုများသည် ယခုအခါ အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့ထားသည့် ရုရှားဘဏ်များမှတဆင့် ပြုလုပ်ရမည် ဖြစ်သောကြောင့် ရုရှားနှင့် အနာဂတ် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အကြီးအကျယ် အဟန့်အတား ဖြစ်သွားမည်။
မတ်လ ၂ ရက်နေ့တွင် အဓိကကျသည့် ရုရှားဘဏ် ၇ ခုကို SWIFT ကြေးနန်းငွေလွှဲပြောင်းမှုစနစ်မှ ဖယ်ထုတ်လိုက်ပြီး စွမ်းအင်ဆိုင်ရာ ငွေပေးချေမှုများကို ကိုင်တွယ်သည့် ဘဏ္ဍာရေးအဖွဲ့အစည်းများကိုသာ ခြွင်းချက်ဖြင့် ခွင့်ပြုသည်။
မော်စကိုရှိ ၎င်း၏ မဟာမိတ်နှင့် ကျေးဇူးရှင်ကြီးများကို မျက်နှာချိုသွေးရန် စိတ်ထက်သန်နေသော မြန်မာစစ်ကောင်စီကမူ ရုရှားကျူးကျော်စစ်ကို ဗြောင်ကျကျ ထောက်ခံသည်။
မတ်လ ၁ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် ၁၄၁ နိုင်ငံတို့သည် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းအပေါ် ပြစ်တင်ရှုတ်ချသည်။ နိုင်ငံပေါင်း ၃၅ နိုင်ငံက မဲမပေးဘဲနေပြီး ဘယ်လာရုစ်၊ မြောက်ကိုရီးယား၊ အီရီထရီးယားနှင့် ဆီးရီးယားတို့ကသာ ရုရှားကို ထောက်ခံပြီး ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ကြသည်။
မြန်မာက အဆိုပါ ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို ထောက်ခံပြီး ထိုသို့ရှုတ်ချနိုင်ခြင်းမှာ အာဏာမသိမ်းမီ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ခန့်အပ်ထားသည့် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ဆက်လက် ကိုယ်စားပြုနေသောကြောင့်သာ ဖြစ်သည်။
မော်စကိုရှိ ၎င်း၏ မဟာမိတ်နှင့် ကျေးဇူးရှင်ကြီးများကို မျက်နှာချိုသွေးရန် စိတ်ထက်သန်နေသော မြန်မာစစ်ကောင်စီကမူ ရုရှားကျူးကျော်စစ်ကို ဗြောင်ကျကျ ထောက်ခံသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာတွင် “မြင့်မြတ်” ကလောင်အမည်ဖြင့် စာရေးသူတဦးက “မကျေညက်တဲ့ အတိတ်သမိုင်းနှင့်အတူ ယူကရိန်းကပေးတဲ့ သင်ခန်းစာ” အမည်ရှိ နှစ်မျက်နှာ ဆောင်းပါးကို ရေးသားသည်။
ရုရှားကျူးကျော်မှု စတင်ပြီး ၃ ရက်အကြာတွင် ဖော်ပြသည့် ထိုဆောင်းပါးက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကို အနောက်နိုင်ငံများ၏ “ကြိုးဆွဲရာက ရုပ်သေးရုပ် ဖြစ်ရတဲ့ ခေါင်းဆောင်” အဖြစ် စွပ်စွဲပြီး ရုရှားအာဏာရှင် ဗလာဒီမာ ပူတင်ကိုမူ “ဉာဏ်ပညာအမြော်အမြင်နဲ့ ရှေ့ကို ကြိုမြင်ပြီး ကိုယ့်ရဲ့ ခွန်အားနဲ့ စစ်ရေး၊ စီးပွားရေးအင်အားကို သိုသိုသိပ်သိပ် ကြိုပြီး တည်ဆောက်ထားတဲ့ ခေါင်းဆောင်” အဖြစ် ချီးကျူးသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA မြန်မာပိုင်း အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရုရှားကျူးကျော်မှုကို ထောက်ခံကြောင်း ပြောကြားပြီး ၂ ရက်အကြာတွင် ထိုဆောင်းပါးကို ဖော်ပြခြင်း ဖြစ်သည်။ ထိုတွေ့ဆုံမေးမြန်းခန်းတွင် စစ်ကောင်စီပြောခွင့်ရသူက ပထမအချက်မှာ ရုရှသည် ၎င်း၏ အချုပ်အခြာအာဏာကို ခိုင်မာအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ထိုအချက်သည် လုပ်သင့်သည့်အချက် ဖြစ်ကြောင်းပြောပြီး ဒုတိယအချက်မှာ ရုရှားသည် အင်အားကြီးနိုင်ငံဖြစ်ကြောင်း ကမ္ဘာကို ပြသလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။
ထိုတိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို လှုပ်ရှားနေသည့် ခုခံရေးအင်အားစုများရှိရာ ဒေသများတွင် တိုက်ခိုက်ရန် မကြာသေးမီက အသုံးပြုသော်လည်း မကြာခဏဆိုသလို အရပ်ဘက် ပစ်မှတ်များကိုသာ ထိမှန်နေသည်။
ရုရှားဘာသာဖြင့်လည်း ထုတ်ပြန်သည့် တရားဝင် သီးခြားကြေညာချက်တွင်မူ စစ်ကောင်စီပြောခွင့်ရသူက သမ္မတ ပူတင်၏ စစ်တပ်သည် ၎င်းတို့နိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည်ဟုပင် ဆက်လက် ဖော်ပြလိုက်သေးသည်။
သေချာသောအချက်မှာ နေပြည်တော်သည် မော်စကိုဘက်မှလိုက်ရန် သေနင်္ဂဗျူဟာ အကြောင်းရင်း ရှိသည် ဆိုသည့်အချက် ဖြစ်သည်။ မြန်မာစစ်အုပ်စု၏ အတိတ်က တရုတ်အပေါ် အကြီးအကျယ် မှီခိုနေရမှုကို ချိန်ညှိရန် အားထုတ်မှုအဖြစ် မကြာသေးမီနှစ်များအတွင်း ရုရှားက မြန်မာသို့ လက်နက်တင်ပို့မှုသည် သိသိသာသာ တိုးလာသည်။ ထိုသို့တရုတ်အပေါ် မှီခိုရခြင်းသည် အမျိုးသားအချုပ်အခြာအာဏာကို ထိခိုက်စေသည်ဟု ထိပ်တန်းစစ်အရာရှိများက ယူဆကြသည်။
ရုရှားသည် မြန်မာစစ်အုပ်စုကို MiG-29 ဂျက်တိုက်လေယာဉ်များ၊ Hind Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ၊ Yak-130 မြေပြင်တိုက်ခိုက်ရေး လေယာဉ်များနှင့် အပေါ့စား သံချပ်ကာယာဉ်များ ရောင်းချပေးသည်။ ထိုတိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို လှုပ်ရှားနေသည့် ခုခံရေးအင်အားစုများရှိရာ ဒေသများတွင် တိုက်ခိုက်ရန် မကြာသေးမီက အသုံးပြုသော်လည်း မကြာခဏဆိုသလို အရပ်ဘက် ပစ်မှတ်များကိုသာ ထိမှန်နေသည်။
၁၉၉၀ ပြည့်နှစ်များမှ စတင်ပြီး မြန်မာစစ်အရာရှိနှင့် စစ်တပ် ပညာရှင် ၇,၀၀၀ ကျော်ကို ရုရှားတွင် လေ့ကျင့်ပေးခဲ့သည်။ ၎င်းတို့သည် မော်စကိုရှိ Omsk Armour Engineering Institute ၊ Air Force Engineering Academy နှင့် Nizhniy Novgorod Command Academy ၊ Kazan Military Command Academy တို့တွင် လေ့ကျင့်သင်တန်းပေးသည်။
အချို့သည် ရုရှားလေတပ်တွင်ပင် အရာရှိလောင်းများအဖြစ် တာဝန်ထမ်းဆောင်ပြီး ယခု မြန်မာတွင်ရောက်နေသော မော်စကိုလုပ် စစ်လက်နက်ပစ္စည်းများနှင့် ပတ်သက်ပြီး လေ့ကျင့်ပေးရန် လုပ်ဆောင်ကြသည်။

Stockholm International Peace Institute ၏ အဆိုအရ မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ကုန်ဆုံးသည့် ဆယ်စုနှစ်အတွင်း ရုရှားလုပ် စစ်လက်နက်ပစ္စည်း အမေရိကန် ဒေါ်လာ ၈၀၉ သန်းဖိုး ဝယ်ယူကြောင်း သိရသည်။ ထိုစာရင်းသည် လတ်တလော ပြုစုထားသည့် စာရင်းများအနက် နောက်အကျဆုံး စာရင်းဖြစ်သည်။ လက်နက်ဝယ်ယူသည့် ကုန်ကျစရိတ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအနက် ကျန်ငွေများကို အဓိကအားဖြင့် တရုတ်ထံမှ လက်နက်ဝယ်ယူရန် သုံးကြောင်း သိရသည်။
စစ်ကောင်စီခေါင်းဆောင်သည် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်ခြင်းနှင့် မြန်မာ့ဒီမိုကရေစီတပိုင်း စနစ်ကို ဖျက်သိမ်းမှု ကျူးလွန်ရာတွင် သူ၏ ဦးဆောင်မှုအတွက် အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ပြစ်တင်ရှုတ်ချနေချိန်တွင် ရုရှားနိုင်ငံက ဂုဏ်ပြုခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမတိုင်မီ ရက်ပိုင်းအလိုတွင် ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျီ ရွှိုင်ဂုသည် ရုရှားလုပ် ရေဒါကိရိယာများ၊ Pantsir-S1 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ်များနှင့် Orlan-10E မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များ ပေးပို့ရေး ပြင်ဆင်မှုများ အချောသတ်ရန် မြန်မာသို့ လာရောက်သည်။
လွန်ခဲ့သော မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားသို့ ရုရှား ဒု ကာကွယ်ရေးဝန်ကြီး မစ္စတာ အလက်ဇန္ဒား ဖိုမင် တက်ရောက်ခြင်းသည် နှစ်ဘက်အကြား နီးကပ်သော ဆက်ဆံရေးကို ပြသသည့် ထင်ရှားသော လက္ခဏာဖြစ်သည်။ အာဏာသိမ်းပြီးနောက် ထိုဆက်ဆံရေး အားနည်းသွားခြင်း မရှိဘဲ ပိုမိုပင် ခိုင်မာလာသည်။
၂၀၂၁ ခုနှစ်၊ ဇွန်လတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မော်စကိုသို့ သွားရောက်လည်ပတ်ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်တက္ကသိုလ်တွင် ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ ရယူသည်။
စစ်ကောင်စီခေါင်းဆောင်သည် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်ခြင်းနှင့် မြန်မာ့ဒီမိုကရေစီတပိုင်း စနစ်ကို ဖျက်သိမ်းမှု ကျူးလွန်ရာတွင် သူ၏ ဦးဆောင်မှုအတွက် အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ပြစ်တင်ရှုတ်ချနေချိန်တွင် ရုရှားနိုင်ငံက ထိုသို့ ဂုဏ်ပြုခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မော်စကိုက ကြိုဆိုနေသည်မှာ နှစ်များစွာ ကြာပြီဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် မြန်မာစစ်အုပ်စုခေါင်းဆောင်သည် လက်နက်ရောင်းချမှုများနှင့် မြန်မာအစိုးရ မီဒီယာများ၏ တရားဝင် ဖော်ပြချက်အရ အပြန်အလှန် အကျိုးစီးပွားများကို ဆွေးနွေးရန် ဗိုလ်ချုပ်ကြီး ရွှိုင်ဂု၏ ဖိတ်ကြားချက်အရ မော်စကိုသို့ သွားရောက်သည်။
၂၀၁၆ ခုနှစ် ဇွန်လက နောက်တကြိမ် သွားရောက်သောအခါတွင် ရုရှားနှင့် မြန်မာနိုင်ငံတို့သည် စစ်ရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပြီး ထိုသဘောတူညီချက်သည် “ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး” အတွက် လမ်းဖွင့်ပေးကာ “ရုရှားနှင့် မြန်မာ လက်နက်ကိုင်တပ်များ၏ ထိုးစစ်ဆင်ရန် အသင့်ရှိမှုကို တောင့်တင်းစေရေး အရာရာကို လုပ်ဆောင်ပေးရန် လုံလောက်သော သဘောတူညီချက်ဖြစ်သည်” ဟု ရုရှား Tass သတင်းဌာနက ဖော်ပြသည်။
သေချာသောအချက်မှာ ယူကရိန်းက မြန်မာသို့ လက်နက်တင်ပို့မှုသည် ရုရှားလောက် များပြားခြင်း မရှိသည့်အချက် ဖြစ်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက် ရှာဖွေရေးအဖွဲ့ (IIFFM) ၏ အဆိုအရ ယူကရိန်းသည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး မြန်မာသို့ BTR-4 တပ်ဖွဲ့တင် သံချပ်ကာယာဉ်များ၊ MMT-40 တင့်ကား အသေးစားများနှင့် 2SIU အလိုအလျောက်ပစ် ဟောင်ဝစ်ဇာ အမြောက်များကို ရောင်းချကြောင်း သိရသည်။
မြန်မာစစ်အုပ်စုသည် မော်စကိုတွင် သင်တန်းစေလွှတ်ထားသော ဗိုလ်များအားလုံးကို ဆက်လက် ထားရှိရေး ငွေပေးရန် နည်းလမ်းရှာနိုင်၊ မရှာနိုင်ကို မေးခွန်းထုတ်စရာ ဖြစ်လာပြီး ပိုမိုအရေးပါသော မေးခွန်းမှာ ရုရှားလုပ် စစ်လက်နက်ပစ္စည်း ကိရိယာများအတွက် အပိုပစ္စည်းများနှင့် ခဲယမ်းများအတွက် မည်သို့ ငွေပေးချေမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
ယူကရိန်းသည် မြန်မာကာကွယ်ရေး ပစ္စည်းစက်ရုံများနှင့် ပူးတွဲထုတ်လုပ်ရေး လုပ်ငန်းများလုပ်ရန်လည်း ကြိုးစားနေသည်။
လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်မီနှင့်နောက်ပိုင်းတွင် ယူကရိန်းလုပ် BTR-4s သံချပ်ကာယာဉ်များကို ရန်ကုန်တွင် တွေ့ရသည်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ထိုစစ်လက်နက် ပစ္စည်းများကို အဓိက ရောင်းချမှုတွင် ယူကရိန်းမှ လက်နက်ထုတ်လုပ်သည့် အဓိက လုပ်ငန်းများဖြစ်သော နိုင်ငံပိုင် Ukroboronprom နှင့် Ukrspecexport တို့ ဖြစ်သည်။
ဒီမိုကရေစီကို ရပ်ဆိုင်းလိုက်သည့် အာဏာသိမ်းမှုအပြီး မြန်မာစစ်ကေင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းမည်လားဟု ဂျာမန်အမျိုးသား ရုပ်သံလွှင့်လုပ်ငန်း Deutsche Welle က ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် မေးသောအခါ Ukroboronprom ပြောခွင့်ရသူက ၎င်းတို့သည် စစ်လက်နက်ပစ္စည်းများကို ယူကရိန်း ဥပဒေနှင့် နိုင်ငံတကာ တာဝန်ဝတ္တရားများနှင့်အညီ တင်ပို့ကြောင်းနှင့် ၂၀၁၅ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သည် စစ်ကောင်စီအောက်တွင်ပင် အသက်ဝင်နေဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ထိုတွေ့ဆုံမေးမြန်းခန်းကြောင့် ဒီမိုကရေစီလိုလားသူများက စီမံသည့် အင်တာနက်စာမျက်နှာဖြစ်သော Justice for Myanmar က စက်တင်ဘာလ ၈ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာစစ်အုပ်စုသို့ လက်နက်ရောင်းချသော ပုဂ္ဂလိကများနှင့် ကုမ္ပဏီများကို ချက်ခြင်းအရေးယူပြီး နိုင်ငံတကာ ဘဏ္ဍာရေးစနစ်နှင့် စင်ကာပူအပါအဝင် ကမ္ဘာ့ဈေးကွက်များကို မချဉ်းကပ်နိုင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။ စင်ကာပူသည် မြန်မာသို့ တင်ပို့သည့် လက်နက်ပွဲစားအချို့ လှုပ်ရှားနေသည့် နေရာတခုဖြစ်သည်။

ယခုအခါ ထိုသို့သော အရေးယူပိတ်ဆို့မှုများကို ရုရှားအပေါ် ချမှတ်ထားပြီး ဖြစ်သောကြောင့် မော်စကိုနှင့် အရောင်းအဝယ်လုပ်သည့် နိုင်ငံများသည် အနောက်နိုင်ငံများ၏ နောက်ဆက်တွဲ အရေးယူမှုများကို ခံရနိုင်သည်။ ထို့ကြောင့် မြန်မာစစ်အုပ်စုသည် မော်စကိုတွင် သင်တန်းစေလွှတ်ထားသော ဗိုလ်များအားလုံးကို ဆက်လက် ထားရှိရေး ငွေပေးရန် နည်းလမ်းရှာနိုင်၊ မရှာနိုင်ကို မေးခွန်းထုတ်စရာ ဖြစ်လာပြီး ပိုမိုအရေးပါသော မေးခွန်းမှာ ရုရှားလုပ် စစ်လက်နက်ပစ္စည်း ကိရိယာများအတွက် အပိုပစ္စည်းများနှင့် ခဲယမ်းများအတွက် မည်သို့ ငွေပေးချေမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
ထိုကိစ္စသည် ရုရှားလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဆက်လက် ထိန်းသိမ်းထားနိုင်ရေးနှင့် အဓိက သက်ဆိုင်နေသည်။ ထိုရဟတ်ယာဉ်များကို နိုင်ငံမြောက်ဖျားမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ထိုင်း နယ်စပ်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကို တိုက်ခိုက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးနေသည်။
ထို ရဟတ်ယာဉ်များကို ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမြောက်ပိုင်းမှ အရပ်သားပစ်မှတ်များကို ဗုံးကြဲရာတွင်လည်း အသုံးပြုနေသည်။
သမ္မတ ပူတင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် နိုင်ငံတကာ အပစ်ပယ်ခံများအဖြစ် ဒီပုပ်ထဲမှ ဒီပဲများ ဖြစ်လာကြသည်။ မြင့်မြတ်ကဲ့သို့သော ဆောင်းပါးရှင်များ သို့မဟုတ် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မည်သို့ ပြောစေကာမူ မြန်မာစစ်အုပ်စုအနေဖြင့် ရုရှားသာမက ယူကရိန်းမှ လက်နက်များကို လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ရနေသည့် နေ့များသည် ယခုအခါ အပြီးတိုင် အဆုံးသတ်သွားပြီဖြစ်သည်။
(Asia Times ပါ Bertil Lintner ၏ Russia’s war means fewer arms for Myanmar ကို ဘာသာပြန် ဖော်ပြသည်။ Bertil Lintner သည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
မြန်မာစစ်တပ် ဖျက်အားပြင်း ပဲ့ထိန်းဒုံး ထုတ်ဖို့ ကြိုးစားခဲ့သလား
ကိုးကန့် BGF သို့မဟုတ် မြန်မာစစ်အုပ်စု၏ ရာဇဝတ်မဟာမိတ်
စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးတဲ့လား
သြစတြေးလျက မြန်မာ CDM စစ်သားများအား ပြည်ဝင်ခွင့်ပေး
မြန်မာ့ဒုက္ခပင်လယ်တွင် ငါးရှာထွက်သော တရုတ်နဂါး