တကျော့ပြန် ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်

ဗညားအောင်
မြန်မာစစ်တပ်စခန်းတခုအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့က သိမ်းပိုက်အပြီး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာဏာသိမ်းမှုနောက်ပိုင်း မြန်မာလူထု၏ အုံကြွလှုပ်ရှားမှုသည် သမိုင်းတလျှောက် အကြီးမားဆုံးဖြစ်၏။

အာဏာသိမ်းလိုက်လျှင် လူထုက ငြိမ်ခံနေမည်ဟု ပေါ့ပေါ့တန်တန်တွေးပြီး လုပ်ခဲ့သည့် မြန်မာစစ်တပ်အတွက် သူတို့မမျှော်လင့်ထားသည့် ဆန့်ကျင်မှုကို ကြုံခဲ့ရသည်ဟု ထုတ်ဖော်ဝန်ခံခဲ့ရသည်။ မြန်မာစစ်တပ်က အင်အားသုံး၍ ဖိနှိပ်လျှင် လူထုကြောက်ရွံ့၍ ငြိမ်သွားလိမ့်မည်ဟု ယူဆခဲ့ကြသည်။ ယူဆနေဆဲလည်းဖြစ်၏။

သို့သော်လည်း လက်တွေ့တွင် ဖိနှိပ်လေ အုံကြွလေ၊ ရက်စက်ကြမ်းကြုတ်လေ နာကျည်းလေဆိုသည် အခြေအနေကို တပြည်လုံးအနှံ့‌တွင် တွေ့မြင်နေရတော့၏။ လူထုဆန္ဒပြပွဲများအား ရက်စက်စွာ ဖြိုခွဲခံရပြီးနောက် လက်နက်ကိုင်ခုခံစစ်ပွဲသည် တပြည်လုံးအနှံ့သို့ တဖြည်းဖြည်း ကျယ်ပြန့်သွားသည်ကို တွေ့ရသည်။

စစ်ပွဲသည် ယခင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ဖြစ်ပွား‌နေသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်တို့တွင်သာမက တိုက်ပွဲမဖြစ်သည်မှာ ကြာပြီဖြစ်သည့် ကရင်နီ (ကယား) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့တွင်ပါ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာသည်ကို တွေ့ရသည်။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း ခုခံတိုက်ခိုက်မှုများ တွေ့လာရ၏။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင်လည်း တိုက်ခိုက်မှုများကို တွေ့နေရသည်။

လက်ရှိ တိုက်ပွဲ မရှိသလောက်ဖြစ်သည့် ဒေသဟုဆို၍ ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းအရှေ့သာ ကျန်တော့၏။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီး လပိုင်းအတွင်း တပြည်လုံးအနှံ့အပြားသို့ မြန်ဆန်စွာ ပြန့်နှံ့သွားသည့် ပြည်တွင်းစစ်အား တကျော့ပြန် ပြည်တွင်းစစ်ဟု ဆိုရပေမည်

လက်ရှိ တိုက်ပွဲ မရှိသလောက်ဖြစ်သည့် ဒေသဟုဆို၍ ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းအရှေ့သာ ကျန်တော့၏။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီး လပိုင်းအတွင်း တပြည်လုံးအနှံ့အပြားသို့ မြန်ဆန်စွာ ပြန့်နှံ့သွားသည့် ပြည်တွင်းစစ်အား တကျော့ပြန် ပြည်တွင်းစစ်ဟု ဆိုရပေမည်။

ယခုဆိုလျှင် မြန်မာစစ်တပ် အာဏာသိမ်းသည်မှာ တနှစ်ရှိပြီဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ခုခံစစ်ပွဲဆင်နွှဲရန် ကြေညာသည်မှာ ၆ လကျော်ခဲ့ပြီ ဖြစ်သည်။ တကျော့ပြန် ပြည်တွင်းစစ်သည် အရှိန်အဟုန် ကောင်းနေဆဲဖြစ်၏။ မြန်မာစစ်တပ်အား ထောက်ခံသူများနှင့် လေ့လာသုံးသပ်သူအချို့က မြန်မာစစ်တပ် အနိုင်ရမည်တွက်ဆကြ၏။ သူတို့၏ တွက်ဆမှုမှာ အောက်ပါအချက်များပေါ်တွင် အခြေခံသည်။

၁။ သမိုင်းတလျှောက် မြန်မာစစ်တပ်က အနိုင်ရသည်သာဖြစ်သည်။ ၁၉၄၈ ခုနှစ်မှစ၍ မြန်မာစစ်တပ်က ပွဲတိုင်းအနိုင်ရပြီး အင်အားကြီးလာသည်သာ ဖြစ်သည်။ အင်းစိန်တိုက်ပွဲ၊ ရန်ကုန်အစိုးရဟု အခေါ်ခံရသည့် အခြေအနေမှ တပြည်လုံးကို ထိန်းချုပ်နိုင်သည်ဖြစ်ရာ ယခုလည်း နောက်ဆုံး မြန်မာစစ်တပ် အနိုင်ရမည်ဖြစ်သည်ဟု ယူဆကြ၏။

၂။ မြန်မာစစ်တပ်က စစ်သည်၊ လက်နက်အင်အား၊ လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အစစသာလွန်သည်။ စစ်နည်းပညာအရ တော်လှန်ရေး အင်အားစုများက အနှစ် ၄၀ ခန့် နောက်ကျနေ၏။ ထို့ကြောင့် မြန်မာစစ်တပ်က အနိုင်ရမည်ဟု ယူဆကြသည်။

၃။ နိုင်ငံတကာ ကျောထောက်နောက်ခံကောင်း အနေနှင့် ရုရှားနှင့်တရုတ် ရှိနေသည်။ သို့ဖြစ်ရာ ရေရှည် စစ်လက်နက် ရရှိနိုင်ဖြစ်ရာ အလားအလာကောင်းသည်ဟု တွက်ဆကြ၏။

၄။ မြို့ပေါ်နေရာများနှင့် ပြည်တွင်းတွင် အခြေအနေအား တဖြည်းဖြည်း ပြန်လည် ထိန်းသိမ်းလာနိုင်ပြီဟု ယူဆကြသည်။

အထက်ပါအချက် ၄ ချက်ပေါ် အခြေခံ၍ ‌ဤပွဲတွင်လည်း မြန်မာစစ်တပ် အနိုင်ရမည်ဟု တွက်ဆကြ၏။

သို့သော် မြန်မာစစ်တပ် ထောက်ခံသူများနှင့် လေ့လာသူအချို့၏ သုံးသပ်ချက်မှာ မြေပြင်အခြေအနေနှင့် ကွဲပြားနေသည်ကို တွေ့နေရ၏။ အထူးသဖြင့် မြန်မာစစ်တပ်သည် ယခင်နှင့် မတူတော့သည့် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေရသည်။

သို့သော် မြန်မာစစ်တပ် ထောက်ခံသူများနှင့် လေ့လာသူအချို့၏ သုံးသပ်ချက်မှာ မြေပြင်အခြေအနေနှင့် ကွဲပြားနေသည်ကို တွေ့နေရ၏။ အထူးသဖြင့် မြန်မာစစ်တပ်သည် ယခင်နှင့် မတူတော့သည့် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေရသည်။

ပထမအချက်မှာ ၁၉၄၈/၄၉ ခုနှစ် ရန်ကုန်အစိုးရ အခြေအနေမှ တပြည်လုံးကို ပြန်လည်ထိန်းချုပ်နိုင်သည်ဟု ကြွားလုံးထုတ်နေသော မြန်မာစစ်တပ်သည် ပြည်တွင်းစစ် နှစ် ၇၀ အတွင်း မြန်မာပြည် နယ်မြေအစိတ်အပိုင်း အချို့အား လက်လွတ်ဆုံးရှုံးခဲ့ရသည့်အပြင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းမောင်းသန် ဖြစ်နေသည့် အခြေအနေကို ရင်ဆိုင်နေရသည့်အချက်အား မေ့ပျောက်ထား၍မရပေ။

‘ဝ’ ဒေသ၊ မိုင်းလားဒေသ အပြင် KIA, SSPP, RCSS, KNU, KNPP, CNF, AA, TNLA, MNDAA, NMSP အစရှိသည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများသို့ မြန်မာစစ်တပ်၏ အုပ်ချုပ်ရေးဩဇာအာဏာ သက်ရောက်မှု မရှိပေ။

ထို့အပြင် ထိုတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များတွင် အင်အား ၂၀,၀၀၀ မှ ၃၀,၀၀၀ ဝန်းကျင်ရှိသည့် UWSA, KIA, AA တပ်ဖွဲ့များ၊ အင်အား ၅,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင်ရှိသည့် KNU, SSPP, RCSS, MNDAA, NDAA, TNLA တပ်ဖွဲ့များ၊ အင်အား ၁,၅၀၀ မှ ၂,၀၀၀ ဝန်းကျင်ရှိသည့် KNPP, NMSP, CNF တပ်ဖွဲ့များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီအထိ အသီးသီးရှိနေကြသည်။

ထိုတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ် အားနည်း ပြိုလဲသည်နှင့် ရှေ့သို့တိုး၍ နယ်မြေထိမ်းချုပ်နိုင်ရန် အသင့်အနေအထား ရှိနေကြ၏။ သို့ဖြစ်ရာ ရန်ကုန်အစိုးရ အ‌ခြေအနေမှ မြန်မာပြည်တပြည်လုံးကို ပြန်လည် ထိန်းချုပ်နိုင်သည်ဆိုသော်လည်း နယ်မြေတချို့ လက်လွှတ်ခဲ့ရသည့်အပြင် စစ်တပ်၏ စစ်အင်အားကိုလည်းကောင်း၊ နယ်မြေစိုးမိုးနိုင်မှုကိုလည်းကောင်း အစဉ်အမြဲ ခြိမ်းခြောက်နေသည့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများရှိနေသည်ကို တွေ့နေရပေရာ မြန်မာစစ်တပ်အတွက် အမှားမခံသည့် အခြေအနေဖြစ်ပေသည်။

ဒုတိယအချက်မှာ ထိုသို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးများ ရှိနေသည့်အချိန်တွင် ၂၀၂၁ ခုနှစ်ထဲ၌ ပြည်မအင်အားစုများ အလုံးအရင်းဖြင့် ခုခံတော်လှန်လာခြင်းနှင့် ရင်ဆိုင်ရတော့သည်။ ရှမ်းတောင်နှင့် ရှမ်းအရှေ့မှအပ ကျန်ဒေသအားလုံးတွင် စစ်ရေးလှုပ်ရှားမှု ဖြစ်လာပြီး ဖြန့်ကြက် ရင်ဆိုင်နေရတော့ရရာ မြန်မာစစ်တပ်သည် မြေပြင်စစ်သည်အင်အား မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။

လက်ရှိ၌ တပ်ရင်းတရင်းတွင် စစ်သည်အင်အား ပျမ်းမျှ ၂၀၀ ခန့်သာရှိပြီး စစ်ထွက်အင်အားမှာ ပျမ်းမျှ ၁၅၀ ခန့်သာရှိသည်

စစ်သည်အင်အား ဖြည့်တင်းရန်မှာလည်း လူထုဆန့်ကျင်မှု ပြင်းပြင်းထန်ခံနေရ၍ တပ်သားစုဆောင်းရန် အကန့်အသတ်ကြီးစွာ ဖြစ်နေပြီဖြစ်သည်။ ၁၉၄၈/၄၉ ခုနှစ် ရန်ကုန်အစိုးရဟု အခေါ်ခံရသည့်ကာလက တိုင်းရင်းသားများအနေနှင့် ကရင်၊ ကရင်နီ၊ မွန်တို့သာ တော်လှန်ပုန်ကန်သေးသကဲ့သို့ ပြည်မမှ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီနှင့် ပြည်သူ့ရဲဘော်တို့သာ ပုန်ကန်ကြသေးသည်။

ကျန်တိုင်းရင်းသားများသည် လွတ်လပ်ရေးရပြီး ၁၀ နှစ်ကျော်ကြာမှသာ တစတစ တော်လှန်ပုန်ကန်လာကြခြင်း ဖြစ်သည်။ ထိုစဉ်က ပြည်မအင်အားစုအနေနှင့် အယူဝါဒအပေါ် အခြေခံသည်ဖြစ်ရာ ကွန်မြူနစ်ဝါဒကို လက်မခံကြသူများက အစိုးရနှင့် ပူးပေါင်းကြသည်။ ယခုအချိန်ကာလကား ပြည်မအင်အားစုများကလည်း အင်နှင့်အားနှင့် ခုခံတော်လှန်သည့်အပြင် တိုင်းရင်းသားပြည်နယ် အားလုံးလိုလိုကလည်း တော်လှန်နေသည့် ကာလဖြစ်ရာ တပြည်လုံးအနှံ့ စစ်မျက်နှာ ကျယ်ပြန့်လာနေသည်။

စစ်သည်အင်အား ဖြည့်တင်းရန် အခက်တွေ့နေသော မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံ လူအင်အား လျော့နေခြင်းဖြစ်သည်။ ယခင်က မြေပြင်တိုက်ခိုက်ရေး တပ်ရင်းတရင်းတွင် ဖွဲ့စည်းပုံစစ်သည်အင်အား ၇၀၀ ခန့်အထိရှိပြီး စစ်ထွက်အင်အား ၅၀၀ ခန့် ရှိခဲ့၏။

လက်ရှိ၌ တပ်ရင်းတရင်းတွင် စစ်သည်အင်အား ပျမ်းမျှ ၂၀၀ ခန့်သာရှိပြီး စစ်ထွက်အင်အားမှာ ပျမ်းမျှ ၁၅၀ ခန့်သာရှိသည်။ လက်တွေ့မြေပြင်တွင် စစ်ထွက်အင်အား ၁၀၀ ခန့်ပင် မရှိသည့် တပ်များရှိသည်။ ဤသို့ စစ်ထွက်အင်အား လျော့နည်းနေသည့်အတွက် ခြေလျင်/ခြေမြန်တပ်ရင်း တရင်းသည် စစ်မြေပြင်တွင် ဗျူဟာမြောက်ချီတက်ခြင်း၊ စစ်ဆင်ခြင်းတို့ မပြုလုပ်နိုင်တော့ပေ။

ထို့အပြင် တပ်အင်အား မလုံလောက်သည့်အတွက် စစ်မြေပြင်တပ်ရင်းများသည် စစ်စည်းကမ်းဖောက်သူများအား အရေးယူနိုင်မှု အကန့်အသတ် ရှိလာသည်။ စစ်စည်းကမ်းဖောက်သူအား မနက်ဖမ်း၍ အချုပ်ချသော်လည်း ညဘက်တွင် ကင်းစောင့်ရန် လူမလောက်၍ ပြန်လွှတ်ရသည့် အခြေမျိုးသို့ ဆိုက်‌ရောက်နေရာ စစ်တပ်အား စည်းကမ်းကိုင်တွယ်နိုင်မှု မရှိတော့။

သို့ဖြစ်ရာ တပ်တွင်း စည်းကမ်းချိုးဖောက်မှုများအား မထိန်းသိမ်းနိုင်သည့်အပြင် တပ်ရင်း၊ တပ်ခွဲအဆင့် အရာရှိများ၏ ကွပ်ကဲမှုစွမ်းရည်နှင့် တိုက်ရည်ခိုက်ရည် ကျဆင်းလာတော့သည်။

ထို့အပြင် မြန်မာစစ်တပ် အရာရှိစစ်သည်များ၏ တိုက်စိတ်ခိုက်စိတ် ကျဆင်းခြင်းဖြစ်၏။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး စစ်တပ်အရာရှိများ၏ ကိုယ်ကျိုးစီးပွားရှာမှုသည် တပ်တွင်း၌ အနှံ့အပြားဖြစ်ခဲ့သည်။ တိုက်စိတ်ခိုက်စိတ် လျော့နည်းလာကြသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု အပြီးတွင် စစ်တပ်ကို လူထု‌ဆန့်ကျင်မှုအား ပြင်းပြင်းထန်ထန် ခံရရာ စစ်တပ်၏ တိုက်စိတ်ခိုက်စိတ်ကို ပို၍ထိခိုက်ခဲ့တော့သည်။ သို့ဖြစ်ရာ စစ်မြေပြင် စစ်ဆင်ရေးများတွင် မြေပြင်တပ်ရင်းများ၏ စွမ်းဆောင်ရည်သည် ယခင်နှင့်မတူ သိသာစွာ ကျဆင်းလာနေသည်ကို တွေ့ရ၏။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ရည်ခိုက်ရည်နှင့် အတွေ့အကြုံရှိသည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်၏ အခိုင်အမာစခန်းများ ကျဆုံးခြင်း၊ စစ်ကြောင်းများ လိုက်ချေမှုန်းခံရခြင်းများကို တွေ့နေရသကဲ့သို့ ဖွဲ့စည်းလေ့ကျင့်သည်မှာ လပိုင်းသာရှိသေးပြီး လက်နက်ခဲယမ်း မပြည့်စုံသည့် PDF တပ်ဖွဲ့များအား လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ အသုံးပြု တိုက်ခိုက်နေရသည့်အပြင် လေကြောင်းချီ စစ်ဆင်ရေးပါ ပြုလုပ်နေရသည်အထိ မြန်မာစစ်တပ်၏ စစ်ရေးစွမ်းရည် ကျဆင်းနေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ မြန်မာစစ်တပ်သည် တိုက်ပွဲများတွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကို အရမ်းကာရော အသုံးပြုလာသည်ကို တွေ့ရ၏။ ‌ထို့အပြင် ခုခံကာကွယ်သူများ၏ မိုင်းစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် မြေပြင်မှ မသွားလာရဲတော့ဘဲ လေကြောင်းချီ စစ်ဆင်ရေးများ ပြုလုပ်လာသည်ကို တွေ့ရ၏။

စစ်တပ်သည် အရာရှိစစ်သည်များ၏ စိတ်ဓာတ်ကျဆင်းမှုနှင့် တိုက်ရည်ခိုက်ရည် ကျဆင်းမှုအား ဖြည့်ဆည်းရန် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကို ဖြည့်တင်းပေးရာမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ မပါက မြေပြင်တပ်များ ရှေ့မတက်ရဲ၊ မလှုပ်ရှားရဲ ဖြစ်လာသည်ကို တွေ့ရသည်

စစ်တပ်သည် အရာရှိစစ်သည်များ၏ စိတ်ဓာတ်ကျဆင်းမှုနှင့် တိုက်ရည်ခိုက်ရည် ကျဆင်းမှုအား ဖြည့်ဆည်းရန် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကို ဖြည့်တင်းပေးရာမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ မပါက မြေပြင်တပ်များ ရှေ့မတက်ရဲ၊ မလှုပ်ရှားရဲ ဖြစ်လာသည်ကို တွေ့ရသည်။

ထို့အပြင် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုရခြင်းကြောင့် စစ်စရိတ် ကုန်ကျမှု မြင့်တက်လာသည်ကို တွေ့ရ၏။ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူသက်သက်သည် ခုခံစစ်ပွဲ ဆင်နွှဲနေသူများအား ခြိမ်းခြောက်နိုင်သော်လည်း မြေပြင်တပ်များ လှုပ်ရှားနိုင်စွမ်း မရှိသဖြင့် မြေပြင်တွင် စိုးမိုးမှု မပြုလုပ်နိုင်တော့ပေ။

စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ကိုယ်တိုင်က ခလုတ်တချက်နှိပ်လိုက်လျှင် ခုခံ‌တော်လှန်သူများ၏ စခန်းကို ချေမှုန်းနိုင်မည်ဟု ကြွေးကြော်၍ သူ၏တပ်အား စိတ်ဓာတ်တင်နေ၏။ လက်တွေ့တွင် မြန်မာပြည်အနှံ့ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသော်လည်း ခုခံတော်လှန်သူများကို ချေမှုန်းနိုင်ခြင်း မရှိပေ။

တတိယအချက်အနေနှင့် မြန်မာစစ်တပ်တွင် တရုတ်နှင့်ရုရှား နိုင်ငံတကာ နောက်ခံကောင်းရှိသည်ဟု ဆိုကြသည်။ လက်တွေ့တွင် ရုရှားသည် ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် စစ်ပွဲနွံတွင် နစ်နေသည့်အပြင် စီးပွားရေးပိတ်ဆို့မှုများကြောင့် စီးပွားရေးအကြပ်အတည်းတွေ့နေရာ သူကိုယ်တိုင်ပင် မနည်းရုန်းကန်နေရသည့် ကာလဖြစ်သည်။

တရုတ်တို့သည် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ရှိသော်လည်း ‌၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းပြီး ကတည်းက မြန်မာစစ်တပ်အား ခပ်ရှောင်ရှောင် ဆက်ဆံနေသည်။ အာဏာသိမ်းပြီးခါစက တရုတ်သံတမန် မြန်မာပြည် လာသေးသော်လည်း တရုတ်သဘောထားကို မြန်မာစစ်ခေါင်းဆောင်များ လက်မခံ၍ တရုတ်သံတမန် ထပ်မံ မလာတော့သည့်အပြင် မြန်မာအရေးနှင့်ပတ်သက်၍ အာဆီယံနောက်ကသာ ရပ်နေ‌သည်ကို တွေ့ရ၏။

ဗိုလ်နဂါးနှင့် MRDA တပ်ဖွဲ့များ

မြန်မာအရေးနှင့် ပတ်သက်၍ မြန်မာစစ်တပ် လက်မခံသော သက်ဆိုင်သည့်ပါတီ လူပုဂ္ဂိုလ်အားလုံး ပါဝင်ဆွေးနွေးရေးကို ထောက်ခံထားသည့်အပြင် ကုလသမဂ္ဂ ကိုယ်စားလှယ် ခန့်အပ်ရေးနှင့် ပတ်သက်၍ တရုတ်သည် အမေရိကန်နှင့် ညှိနှိုင်းကာ NUG ကိုယ်စားလည်ကို ဆက်လက်ခန့်အပ်ထားသည်။ လက်ရှိ မြန်မာစစ်အစိုးရသည် အာဆီယံမှာရော ကုလသမဂ္ဂမှာပါ တရားဝင်နေရာ မရရှိသည့်အခြေသို့ ဆိုက်ရောက်နေတော့၏။

စတုတ္ထအချက်အနေနှင့် လက်ရှိတွင် မြို့ကြီးများနှင့် အချို့နေရာများတွင် အခြေအနေ ထိန်းသိမ်းနိုင်စပြုပြီဖြစ်ရာ မြန်မာစစ်တပ်က အခြေအနေ ပြန်ထိန်းနိုင်တော့မည်ဟု ယူဆခြင်းဖြစ်၏။ မြို့ပေါ် ပြောက်ကျား တိုက်ခိုက်ခြင်းမှာ မြေအောက်လုပ်ငန်း သဘောသဘာဝနှင့် ဆက်စပ်နေ၍ အဖမ်းခံရခြင်း၊ ဆုံးရှုံးခြင်းများရှိသည်မှာ မလွှဲမရှောင်သာ ဖြစ်သည်။

သို့သော် ယခု အာဏာသိမ်း၍ တနှစ်ကျော်သည်အထိ ညမထွက်ရအမိန့်ကို အချိန်လျှော့ချမှု ရှိသော်လည်း လုံးဝ ရုပ်သိမ်းနိုင်ခြင်း မရှိသည့်အပြင် မြို့ကြီးများ၏ လမ်းမကြီးများ၊ အရေးကြီး အဆောက်အအုံများတွင် အခိုင်အမာ ခံကတုတ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့နေရဆဲဖြစ်၏။ သို့ဖြစ်ရာ မြို့ပြပြောက်ကျား တိုက်ပွဲများ အချိန်မရွေး ပြန်လည် အား‌ကောင်းလာနိုင်သည့် အခြေအနေဖြစ်သည်။ လက်ရှိတွင်လည်း မြို့ပြတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်သည့် အသံတိတ်သပိတ်တွင် မြို့ကြီးများအပါ မြို့ပေါင်း ၂၀၀ ဝန်းကျင်ခန့် ပါဝင်ခဲ့ရာ တနှစ်ခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း မြို့ပေါ်လူထု၏ စစ်အစိုးရဆန့်ကျင်ရေး စိတ်ဓာတ်သည် ကျဆင်းသွားမှု မရှိသေးဘဲ အချိန်မရွေး မြို့ပြ လူအုံကြွမှု ၊ ဆန္ဒပြပွဲကြီးများ ပြန်ပေါ်လာနိုင်သည့်အခြေအနေ ဖြစ်၏။

၂၀၂၁ ခုနှစ် နှစ်ကုန်ထိ စစ်တပ်မှ စွန့်ခွာသူ ၂,၀၀၀ ကျော်ရှိပြီး ရဲတပ်ဖွဲ့မှ စွန့်ခွာသူ ၆,၀၀၀ ခန့်ရှိသည်ဟု သိရသည်။ စစ်တပ်မှ ဒုဗိုလ်မှူးကြီး (တပ်ရင်းမှူး) အဆင့်များပင် ပါလာသည်ကို တွေ့ရသည်

ပဉ္စမအချက်အနေနှင့် ဆိုရလျှင် မြန်မာစစ်တပ် ထည့်မတွက်ထားသော မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့မှ အင်အားအများအပြား CDM ပြုလုပ်၍ တပ်ဖွဲ့အား စွန့်ခွာမှုဖြစ်၏။ ၂၀၂၁ ခုနှစ် နှစ်ကုန်ထိ စစ်တပ်မှ စွန့်ခွာသူ ၂,၀၀၀ ကျော်ရှိပြီး ရဲတပ်ဖွဲ့မှ စွန့်ခွာသူ ၆,၀၀၀ ခန့်ရှိသည်ဟု သိရသည်။ စစ်တပ်မှ ဒုဗိုလ်မှူးကြီး (တပ်ရင်းမှူး) အဆင့်များပင် ပါလာသည်ကို တွေ့ရသည်။ CDM လုပ်လာသော စစ်ဘက်အရာရှိများအား တတိယနိုင်ငံဖြစ်သည့် ဩစတြေးလျနိုင်ငံမှ လက်ခံမည်ဆိုသဖြင့် မြန်မာစစ်တပ်အတွင်း ဂယက်ရိုက်မှု ကြီးမားခဲ့၏။

သို့ဖြစ်ရာ စစ်တပ်နှင့် ရဲတပ်ဖွဲ့အား စွန့်ခွာမည့်သူ ပိုများလာနိုင်ခြေ ရှိလာသည့်အပြင် စစ်တပ်အတွင်း၌လည်း အပြန်အလှန် သံသယများ၊ မယုံကြည်မှုများ ပေါ်ပေါက်လာစေခဲ့၏။

ဤသို့သော အခြေအနေအောက်တွင် မြန်မာစစ်တပ် ထောက်ခံသူများနှင့် လေ့လာသူအချို့ တွက်ဆသကဲ့သို့ နောက်ဆုံးတွင် မြန်မာစစ်တပ်က အခြေအနေကို ထိန်းသိမ်းနိုင်မည်၊ အနိုင်ရမည်ဟူသော ကောက်ချက်သည် လက်တွေ့ အခြေအနေအချက်များနှင့် ကင်းကွာနေသည်ကို တွေ့ရပေ၏။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)

You may also like these stories:

ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်

မြန်မာစစ်တပ် ဖျက်အားပြင်း ပဲ့ထိန်းဒုံး ထုတ်ဖို့ ကြိုးစားခဲ့သလား

ကိုးကန့် BGF သို့မဟုတ် မြန်မာစစ်အုပ်စု၏ ရာဇဝတ်မဟာမိတ်

မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ

စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ

စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးတဲ့လား

Loading