မြန်မာစစ်တပ်သည် မြောက်ကိုရီးယား၏ အကူအညီဖြင့် ဖျက်အားပြင်း ပဲ့ထိန်းဒုံးလက်နက် (Ballistic Missiles)များ ထုတ် ရန် လုပ်ဆောင်ခဲ့ကြောင်း လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု၌ ပါဝင်လာသည့် စစ်ဘက်အရာရှိများကြားမှ ထွက်ပေါ်လာသည့် အစီရင်ခံ စာတစောင်အရ သိရသည်။
ယင်းဖျက်အားပြင်း ပဲ့ထိန်းဒုံးစီမံကိန်းကို လွန်ခဲ့သည့် ၂၀၁၀ ဝန်းကျင်ကတည်းက မကွေးတိုင်း ဂန့်ဂေါခရိုင် ကျောမြို့ အခြေစိုက် ကာကွယ်ရေးပစ္စည်း စက်ရုံ(ကပစ – ၂၃) တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ “SSNS” ၊ CK 20၊ CK 21 ဟု စီမံကိန်း အဆင့် ၃ဆင့်ခွဲထားကာ အစပထမတွင် မြောက်ကိုရီးယား ပညာရှင်များ ကိုယ်တိုင် ဒုံးလက်နက်တည်ဆောက်ရန်၊ အောင်မြင်ပါက မြန်မာ စစ်တပ်မှ အရာရှိ စစ်သည်များနှင့် ပူးတွဲလုပ်ဆောင်ရန်၊ နောက်ပိုင်း မြောက်ကိုရီယားတို့ အကူအညီမပါဘဲ မြန်မာပညာရှင်များနှင့် သီးသန့်ထုတ်လုပ်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
အကွာအဝေး ကီလိုမီတာ ၁၃၀(မိုင် ၈၀ကျော်)အထိ ပစ်ခတ် နိုင်သည် SSNS ဒုံး စီမံချက်မှာ လှုပ်ရှားနေသော ပစ်မှတ် များကို ပစ်ခတ်ရန် ရည်ရွယ်သလို CK 20 နှင့် CK 21 မှာ ပစ်မှတ်သေများ ချေမှုန်း ပစ်ခတ်ရန် ဖြစ်ကြောင်းလည်း အဆိုပါ အစီရင် ခံစာတွင် ပါရှိသည်။
အနာဂတ်တွင် နျူကလီးထိပ်ဖူးများ တပ်ဆင်ပစ်ခတ်နိုင်သည့်အထိ စမ်းသပ်ထုတ်လုပ်ရန် မြန်မာစစ်တပ်နှင့် မြောက်ကိုရီး ယား တို့အကြား သဘောတူညီထားသော်လည်း မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် ပညာရှင်အများစုမှာ ၂၀၁၄ ခုနှစ်က ပြန်ထွက် သွားသလို ၂၀၁၅ ခုနှစ်တွင် ကျန်ပညာရှင် ၂၀ခန့်လည်း ထပ်မံထွက်ခွာသွားကြောင်းသိရသည်။
ထိုစဉ်က မြောက်ကိုရီးယားပညာရှင်တဦး၏ တရက် လုပ်ခလစာမှာ မြန်မာငွေ ကျပ်သိန်း ၃၀ ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက် အကန့်အသတ်များ ရှိလာသဖြင့် မြောက်ကိုရီးယား ပညာရှင်များ ထပ်မံလာရောက်ခြင်း မရှိတော့ကြောင်း ကပစ အချို့မှ CDM ဝင်လာသည့် အရာရှိတဦးက ဆိုသည်။
လက်ရှိ မြန်မာစစ်တပ်၌ CK 21 ဒုံးပျံ ၂၀ ခန့် ပိုင်ဆိုင်ထားပြီး လုပ်ငန်း ပြီးစီးမှု အခြေအနေ ၅၀ ရာခိုင်နှုန်းတွင် ရှိနေ ကြောင်း၊ သို့သော် ထိုဒုံးလက်နက်များကို တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများတွင် ပြသလေ့ မရှိကြောင်း CDM လုပ် ခဲ့သည့် စစ်တပ်အရာရှိများက ပြောသည်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ကာကွယ်ရေးပစ္စည်း စက်ရုံတရုံမှ CDM ဝင်လာသည့် တပ်မတော် အရာရှိတဦး ကလည်း ၎င်းအနေနှင့် ကပစ ၂၃ သို့ တကြိမ် ရောက်ခဲ့ဖူးရာ စက်ရုံအတွင်း ဒုံးလက်နက်များ ထားသည့် အခန်း တခန်း ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒီ ကပစ ၂၃ ကို ကျနော် တခေါက် ရောက်ဖူးတယ်။ အဲဒီတုန်းက ဌာနကြီးမှူးက ဗိုလ်ချုပ် ဌေးအောင်။ ဌာနကြီးမှူး ဆိုတာက ကပစ ၅ ခုကို တယောက်ထားတာပေါ့။ သူက ရုံးဌာနကြီးမှူး။ သူတောင်မှ အဲဒီ လက်နက်တွေ ထားထားတဲ့ အခန်းကို ဝင်ခွင့် မရဘူး။ အဲဒီအခန်းက ထုတ်ချုပ်အမိန့်နဲ့မှ ဝင်လို့ ရတယ်။ သူတို့ ပြောတာကတော့ ပဲထိန်းဒုံးတွေထား တာလို့ ပြောကြတယ်” ဟု ၎င်းက ဆိုသည်။
ကပစ ၂၃ သည် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့၏ မြောက်ဘက်တွင်တည်ရှိပြီး ၂၀၀၇ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဝန်ထမ်းအင်အား ၇၀၀ ဖြင့် စတင် လည်ပတ်ခဲ့ကြောင်း ကပစ ၂၃ မှ CDM ဝင် လာသည့် အရာရှိ အချို့ထံက သိရသည်။
စက်ရုံတည်ဆောက်စဉ်ကလည်း ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျဲ၊ နုံးကြီး၊ ကန့်သတ် ကျေးရွာများမှ ယာမြေပေါင်း ၁၄၀၃ ဧက ကို စစ်တပ်က အဓမ္မသိမ်းကာ စက်ရုံ တည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့် မြေအသိမ်းခံရသည့် ရွာသူရွာသားများက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ၎င်းတို့ နစ်နာမှုကို ဖွင့်ချခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အာဏာသိမ်းမှု ဆန့်ကျင်သည့် ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကမူ လက်ရှိအချိန်အထိ ကပစ ၂၃ တွင် စက်ရုံလည်ပတ်မှု ရှိနေကြောင်း စက်ရုံ ပတ်ဝန်းကျင်တွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်နေ မှု ရှိကြောင်း ယင်းအဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ တဦးက ဆိုသည်။
ဒုံးလက်နက်များ ထုတ်လုပ်နိုင်ရေး အကြံအစည်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အကြံအစည်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်အထိ ဆက်ခံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောသည်။
ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်)၏ ဖွဲ့စည်းပုံမှာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူ တဦးက ဦးဆောင်ပြီး သူ၏ လက်အောက်တွင် တပ်မတော် အကြီးစားစက်မှုလုပ်ငန်းနှင့် စစ်မဟာဗျူဟာလေ့လာရေးဌာနတို့မှ ဗိုလ်ချုပ်နှစ်ဦး ပါဝင်ကာထားရှိပြီး နှစ်ဦးအောက်တွင် ဌာနကြီးမှူးများ ထားရှိသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးရုံး (ကကထုတ်) အရာရှိချုပ်မှာ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးဖြစ်ပြီး ဒုံးလက်နက်များ ထုတ်လုပ်ရေးတွင် အဓိက တာဝန်ရှိသူဖြစ်ကြောင်း CDM အရာရှိများက ဆိုသည်။
ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည် မြောက်ကိုရီးယားနိုင်ငံမှ စက်သုံးပစ္စည်းများ မဝယ်ယူရန် ကန့်သတ်ထားသည့် ကုလသမဂ္ဂ တားမြစ်ချက်များကို ချိုးဖောက်ခဲ့သဖြင့် ၂၀၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဒဏ်ခတ် အရေးယူမှုကို ခံထားရသူလည်း ဖြစ်သည်။
ထို့ပြင် ၎င်းသည် တပ်မတော် စက်လက်နက်ပစ္စည်းများ ပြင်ပသို့ ရောင်းစားမှုများနှင့် ပတ်သက်၍ တပ်မတော်မှ ပြစ်ဒဏ် မကြီးသည့် အရေးယူမှုလည်း ခံခဲ့ရဖူးသူ ဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် သက်ပြည့် ပင်စင်ယူခဲ့ပြီး ဖြစ် သော်လည်း လက်ရှိတွင် ၎င်း၏ နည်းပညာ ကျွမ်းကျင်မှုကြောင့် မြန်မာစစ်တပ်၌ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အကြံ ပေး အရာရှိအဖြစ် ဆက်လက် တာဝန်ထမ်းနေဆဲ ဖြစ်ကြောင်း စစ်ဘက် သတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်းဖြစ်ကြောင်း စစ်ဘက်သတင်း ရင်းမြစ်များက ဆိုသည်။
ဖျက်အားဖြင့် ဒုံးလက်နက်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းခြင်းသည် တိုင်းပြည်၏ လက်နက် နည်းပညာ တိုးတက်ရန် အတွက် ဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များက အကြောင်းပြသော်လည်း လက်တွေ့ အခြေအနေတွင် စစ်ဗိုလ်ချုပ်များသာ ပိုမို ချမ်းသာသွားကြောင်း CDM စစ်ဘက်အရာရှိများက ပြောသည်။
“ဒီဟာရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်သွားလဲဆိုတော့ အရင်တုန်းက ကကထုတ်ရဲ့ ထုတ်ချုပ်က ဗိုလ်ချုပ်ကြီး သိန်းဌေး ပေါ့။ အဲဒီ ပရောဂျက် လုပ်နေတဲ့ ကာလအတွင်းမှာ သူ့ရဲ့ ပိုင်ဆိုင်မှုက တနေ့တခြား ကြီးကြီးလာတာပေါ့။ သူ့အိမ်ဆို အကြီး ကြီးပဲ။ ရေကူးကန်တွေ ဘာတွေလည်း ပါတယ်။ သူတို့ရဲ့ ရပိုင်ခွင့်က ပိုများလာတာပေါ့။ သူတို့က ကြားထဲက လက်နက် ကုန်သည်လို ဖြစ်သွားတာကိုး” ဟု ကပစ တခုမှ CDM စစ်ဘက် အရာရှိတဦးက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက အကျိုးအမြတ် ရနေသောကြောင့် ဗိုလ်ချုပ်ကြီး သိန်းဌေး ကဲ့သို့သော ပုဂ္ဂိုလ်များသည် မြန်မာ စစ်တပ် အား ဖျက်အားပြင်း လက်နက်များ ဆက်လက်ထုတ်လုပ်ရန် တိုက်တွန်းမှုများ ရှိနေသည်ဟု စစ်ဘက် သတင်းရင်းမြစ်များ ထံမှ ကြားသိရကြောင်း ပြောသည်။
“သူတို့က အကျိုးအမြတ်များတော့ နောက်ထပ် ပရောဂျက်တွေ လုပ်မယ်။ ပစ္စည်းတွေ ဝယ်မယ် ထပ်တင်ပြတယ်။ တပ်ချုပ် ကျပြန်တော့လည်း လက်နက်ထုတ်လုပ်ရေး နည်းပညာနဲ့ ပတ်သက်ရင် ဘာမှမသိဘူးလေ။ သူပြောသမျှ ခေါင်းညိတ်ရ တယ်။ ဗိုလ်ချုပ်ကြီး သိန်းဌေးက ဦးမင်းအောင်လှိုင်ထက်လည်း အပတ်စဉ် မြင့်တယ်” ဟု ကပစ ၂၁ မှ CDM အရာရှိတဦး က ပြောသည်။
မည်သို့ပင်ဖြစ်စေ မြန်မာစစ်တပ်သည် တိုင်းပြည် တိုးတက်ရေးအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရမည့်အစား အကျိုးမရှိဘဲ တိုင်းပြည်ဘဏ္ဍာ ဖြုန်းတီးသည့် ဒုံးလက်နက် ထုတ်လုပ်ရေးတွင် ငွေကုန်ကြေးကျ များစွာ စိုက်ထုတ် ကြံစည်ခဲ့ကြောင်း ထင်ရှားသည်။
CDM ဝင်လာသည့် စစ်ဘက် အရာရှိများကမူ အဆိုပါ ဖျက်အားပြင်း ဒုံးလက်နက် ထုတ်လုပ်ရေး စီမံကိန်းများသည် ဖြုန်း တီးရေး သက်သက်သာ ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
“ပြောရရင်တော့ သူတို့က မလိုအပ်ဘဲနဲ့ လျှောက်ဝယ်တာဗျ။ နည်းပညာတွေ ရှိတယ်။ ဒီလိုလက်နက်တွေ ပိုင်ဆိုင်တယ်ဆို တာ ပြချင်တာ။ ထုတ်ထားတာကတော့ တော်တော် အဆင့်မြင့်မြင့်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေကို တင်ပြီး ပစ်နိုင် တဲ့ ဟာက မရှိသေးဘူး။ သူတို့ လုပ်တော့ လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် မအောင်မြင်သေးဘူး။ မရသေးဘူး” ဟု CDM ဝင်လာ သည့် စစ်ဘက် အရာရှိတဦးက ဆိုသည်။
မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဝန်ရိုးတန်းနိုင်ငံများဟု ကမ္ဘာက သတ်မှတ်ထားသည့် ရုရှား၊ အီရန် နိုင်ငံများနှင့် ပိုမိုဆက်သွယ်လာသလို လက်နက်ပစ္စည်းများ တင်ဆောင်လာသည့် အီရန်ကုန်တင်လေယာဉ်များ မကြာခဏ ဆိုသလို နေပြည်တော်သို့ ဆင်းသက်ခဲ့သည်ကိုလည်း ဧရာဝတီသတင်းဌာနက စုံစမ်းရေးသားခဲ့သလို မြောက်ကိုရီးယား နှင့် လည်း ပြန်လည်ဆက်သွယ်လာကြောင်း Asia Times သတင်းက ရေးသားထားသည်။
You may also like these stories:
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်
ပါကစ္စတန်မှာ လက်နက်ဝယ်ဖို့ မြန်မာစစ်တပ်ကို တရုတ်လမ်းကြောင်းနေသလား
နေ့စဉ်နှင့်အမျှ မြန်မာစစ်တပ် အကျအဆုံးများလာ
စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ