ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် သံချပ်ကာ ကားများ အပါအဝင် လက်နက်ကြီးများ တင်လာသည့် စစ်ကား ၈၀ ကျော်သို့ ရောက်ရှိ နေကြောင်း ဒေသခံ ချင်းကာကွယ်ရေးတပ် (CDF) က ပြောသည်။
မုံရွာ၊ ပခုက္ကူကားလမ်းအတိုင်း ချင်းတောင်တန်းသို့ တက်ရောက်လာသည့် အဆိုပါစစ်ယာဉ်တန်းထဲမှ စစ်ကားတချို့တွင် လက်နက်ကြီးများတင်လာသည်ကို တွေ့ရသလို အမိုးအလုံပိတ်ထားသည့် ကျန်စစ်ကား အများစုသည်လည်း လက်နက်ခဲယမ်းများ ဖြစ်လိမ့်မည်ဟု မင်းတပ် CDF အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “သူ့တို့ အခု မင်းတပ်မြို့နယ်ထဲမှာ ရှိတယ်။ လောလောဆယ် သူတို့ မင်းတပ်မြို့က မထွက်သေးဘူး။ နည်းနည်း ပါးပါး လှုပ်ရှားမှုတော့ရှိတယ်။ သူတို့ ဘယ်ကို သွားမလဲ၊ ကျနော်တို့ကို ထိုးစစ်လာမှာလား၊ ဒါမှမဟုတ် မတူပီကို ရိက္ခာပို့ဖို့ ယာဉ်တန်းသွားမှာလည်း အခု အချိန်အထိ အတိကျ မသိရ သေးဘူး၊ တိုက်ပွဲဖြစ်တာလည်း မရှိသေးဘူး။ ကျနော်တို့က စောင့်ကြည့်နေအထားပဲရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းတောင်တန်းပေါ်တွင် စိုးမိုးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်များကို ထိုးစစ်ဆင်ရန် ဖြစ်နိုင်သလို ရခိုင်နှင့် ချင်းပြည်နယ် အစပ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေးတင်းမာနေသဖြင့် မတူပီဘက်သို့ ပို့ဆောင်ကာ AA ကို တိုက်ခိုက်ရန်အင်အားဖြည့်တင်းခြင်းလည်း ဖြစ်နိုင်ကြောင်း CDF ဘက်က တွက်ဆနေလျှက်ရှိသည်။
အဆိုပါ စစ်ယာဉ်တန်းကို မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်နိုင်သည့် အခြေအနေရှိသော်လည်း တိုက်ခိုက်မှုကြောင့် လမ်းပိတ်သွားမည်ကို စိုးရိမ်သလို အနီးဝန်းကျင်ရှိ ကျေးရွာများကို အာဏာသိမ်းတပ် က ဖျက်ဆီးမည်ကိုစိုးရိမ်သဖြင့် ကြားဖြတ်တိုက်ခိုက်ခြင်း မလုပ်ခဲ့ကြောင်း CDF က ပြောသည်။
မုံရွာ၊ ပခုက္ကူလမ်းကြောင်းမှ စစ်ကောင်စီယာဉ်တန်းများ အကြိမ်ကြိမ်ဖြတ်သန်းခွင့်ရနေသည်ကို CDF ဘက်က သဘောမကျဘဲ အဆိုပါယာဉ်တန်းများကို လမ်းကြောင်းပေါ်တွင်ရှိသည့် PDF များအနေဖြင့် ကြားဖြတ်တိုက်ခိုက် သင့်သည်ဟု ဆိုသည်။
မင်းတပ် CDF ခေါင်းဆောင်တဦးက“ကျနော်တို့ ဖြစ်စေချင်က အာဏာရှင်ကိစ္စကြီးကို အားလုံး လက်တွဲ ညီညီနဲ့ တိုက်ခိုက်မှာရမှာလေ။ ဒီလိုယာဉ်တန်းတွေ တကြိမ်လည်း မဟုတ်ဘူး။ နှစ်ကြိမ်လည်း မဟုတ်ဘူး လာနေတာကို တိုက်ခိုက်တားဆီးဖို့ အစီအစဉ်ရော ရှိသလား၊ မရှိသေးဘူးဆိုရင်လည်း ရှိစေချင်တယ်။ ဒီလိုသူတို့ သွားချင်တဲ့ ခရီးကို သက်တောင့်သက်သာနဲ့ သွားတယ်။ သက်တောင့် သက်သာနဲ့ ပြန်လာတယ်ဆိုရင် သိပ်ပြီးတော့ သဘာဝ မကျဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက မင်းတပ်မြို့အပါအဝင် ချင်းတောင်တန်းရှိ တခြားသောမြို့နယ်များကိုပါ အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများကိုပါ ဖြတ်တောက်ထားသလို ဒေသခံများ၏ ဆေးဝါးနှင့် ရိက္ခာသယ် ယူရေး လမ်းကြောင်းများကိုပါ ပိတ်ဆို့ထားကြောင်းလည်း ဒေသခံများက ပြောသည်။
မင်းတပ်ဒေသခံတဦးက “ကျနော်တို့ဒေသက နဂိုကတည်းက ကျပ်တည်းဆင်းရဲတဲ့ ဒေသမှာ အခုဆိုရင် ဒုက္ခခံနေရတာ တနှစ်ကျော်လောက်တောင်ဖြစ်နေပြီ။ ဒုက္ခကို ကြံ့ကြံ့ခံပြီး နေသားကျနေပြီ ဖြစ်တဲ့အတွက် ကျနော်တို့က ဒီကာလမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူတိုင်းဒုက္ခရောက်နေကြတဲ့ အချိန်ဆိုတော့ ဘယ် လိုတွေ အခက်အခဲ့ဖြစ်နေရပါတယ်ဆိုတာကိုေတာ့ မပြောချင်တော့ဘူး” ဟုဧရာဝတီသို့ ပြောသည်။
You may also like these stories:
ရှရှားကျူးကျော်စစ် ဂယက် မြန်မာတွင် စက်သုံးဆီ ဈေးမြင့်တက်
စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံခရီးစဉ်အတွင်း စီမံကိန်းတချို့ လက်သိပ်ထိုးပေးခဲ့