၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းယူပြီးနောက် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် စသော အာဏာသုံးရပ်သည် လူတဦးတည်းလက်ရောက်သွားပြီး ကမောက်ကမဖြင့် ယိုယွင်းပျက်စီးသွားနေခဲ့သည်။ တရားဥပဒေ စိုးမိုးရေး ယုတ်လျော့လာသလို၊ တရားရေးမဏ္ဍိုင်သည်လည်း ချည့်နဲ့လာခဲ့ပြီဖြစ်သည်။
ရန်ကုန်မြို့ပြလို နေရာများတွင်ပင် အုပ်စုဖွဲ့ လုယက်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း အစရှိသည့် ဒုစရိုက်မှုပေါင်းစုံကို လုပ်ဆောင်နေကြပြီး ယင်းအပေါ်အရေးယူမှုများ အလွန်နည်းပါးလာခဲ့သည်။ ရန်ကုန်မြို့ပြတွင် နေထိုင်ကြသည့် ပြည်သူများက မိမိလုံခြုံရေး၊ မိသားစုလုံခြုံရေးအတွက် ကိုယ့်တာကိုယ်လုံအောင် ထိန်းကျောင်း နေထိုင်နေရသည့် ကာလမျိုး ဖြစ်သည်။
ရန်ကုန်မြို့ပြတွင် နေထိုင်ကြသည့် ပြည်သူများက မိမိလုံခြုံရေး၊ မိသားစုလုံခြုံရေးအတွက် ကိုယ့်တာကိုယ်လုံအောင် ထိန်းကျောင်း နေထိုင်နေရသည့် ကာလမျိုး ဖြစ်သည်။
“တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကို ကိုင်တွယ်တဲ့သူတွေအပေါ်မှာ လွှမ်းမိုးချုပ်ကိုင်တဲ့သူ မရှိမှ တရားဥပဒေ စိုးမိုးရေးဆိုတာက အားကောင်းပြီး ခိုင်မာတာလေ။ နိုင်ငံတနိုင်ငံကို အဖွဲ့အစည်းတခုကပဲ မဏ္ဍိုင်သုံးရပ်စလုံးကို ကိုင်တွယ်ကျင့်သုံးလိုက်တဲ့ အခါမျိုးဆိုရင် အမြဲတစေ တရားဥပဒေစိုးမိုးရေး ပျက်တယ်၊ တရားစီရင်ရေးစနစ် ပျက်တယ်” ဟု ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးခင်မောင် (အမည်လွှဲ) က မှတ်ချက်ပြု ပြောသည်။
တရားဥပဒေစိုးမိုးရေးဆိုသည်မှာ လူတိုင်းတန်းတူညီမျှ အကာအကွယ်ပေး ဆက်ဆံခံရခြင်း၊ ဥပဒေနှင့် တရားရုံးများ အထက်တွင် မည်သူမျှမရှိခြင်း၊ အစိုးရအဖွဲ့အစည်းနှင့် အရာရှိများက မည်သည့်အချိန်တွင်မဆို လူတိုင်းအပေါ် တန်းတူညီမျှ ဆက်ဆံခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် တရားဥပဒေစိုးမိုးရေးစင်တာ (Rule of Law Center) က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
ယင်းအဖွဲ့သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် နိုင်ငံတကာ ဥပဒေဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (IDLO) တို့ ပူးပေါင်းပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဥပဒေ စိုးမိုးရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော အဖွဲ့ဖြစ်သည်။
လက်ရှိ စစ်တပ်က အာဏာသိမ်းယူပြီး ၁ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုသည် နိုင်ငံပေါင်း ၁၃၉ နိုင်ငံတွင် အဆင့် ၁၂၈ သို့ ရောက်ရှိနေကြောင်း World Justice Project ညွှန်ကိန်းအရ ပြဆိုနေပြီး တိုင်းပြည် အာဏာသိမ်းခံရပြီးနောက် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းသွားပြီဖြစ်သည်။
စစ်ကောင်စီ လက်အောက်ခံ စစ်သားများက စစ်ကိုင်းနှင့် မကွေးတိုင်း၊ ချင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်များ၌ အမျိုးသမီးများကို အုပ်စုလိုက်မုဒိန်းကျင့် စော်ကားခြင်း၊ သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ အစုလိုက်အပုံလိုက် သတ်ဖြတ်မီးရှို့ခြင်းများ ကျူးလွန်နေကြသည်။
တဖက်တွင်လည်း စစ်တပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်သူ့ ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း၊ ပြည်ထောင်စုအဆင့် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ အရပ်ဖက်တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ ရဟန်းသံဃာနှင့် ကျောင်းသားထုတရပ်လုံးကို ဖမ်းဆီးထောင်ချနေခြင်းများ လုပ်ဆောင်နေခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု ကိုယ်နှိုက်ပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု ကိုယ်နှိုက်ပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းသိမ်းထားသည်ဆိုသော ယဉ်ကျေးသည့် အသုံးအနှုန်းနှင့် မထိုက်တန်ဘဲ၊ နှိုင်းစရာ စကားပင် ရှာမရသည့် မိုက်မဲမှုများဖြင့် အာဏာ အတင်းအဓမ္မ လုယူခဲ့ခြင်းဖြစ်ကြောင်း လယ်သမား အရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ဦးဇော်ရမ်းက ဆိုသည်။
“တရားဥပဒေ ချိုးဖောက်နေတယ်ဆိုတဲ့ နေရာမှာ အခြားသူတွေကိုမကြည်နဲ့ဦး၊ တိုင်းပြည်အာဏာကို အတင်း သိမ်းယူထားတဲ့ လက်တဆုပ်စာ စစ်ခေါင်းဆောင်တွေတောင် ဥပဒေကို မျက်ကွယ်ပြု ချိုးဖောက်နေတာ တွေ့ရတယ်။ သူတို့ရှုံးရင် ခံရတော့မယ်ဆိုတဲ့ ဖိအားကြောင့် သွေးပျက်စရာကောင်းတဲ့ ရာဇဝတ်မှုကြီးတွေကို ဆက်တိုက်ကျူးလွန်နေကြတယ်။ တရားဥပဒေဆိုတာ သူတို့ လုပ်သမျှ တရားဥပဒေဖြစ်ပြီးတော့ သူတို့ကို ဆန့်ကျင်တဲ့သူ မှန်သမျှ နိုင်ငံတော်ကို ပြစ်မှုကျူးလွန်သူတွေအဖြစ် ပုံဖော် သတ်မှတ်တော့တာပဲ” ဟု ဦးဇော်ရမ်းက ထောက်ပြသည်။
စစ်တပ်အား လက်နက်ကိုင်ဆန့်ကျင်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့များကိုလည်း အကြမ်းဖက်အဖွဲ့များဟု တံဆိပ်ကပ်သည်။ ၎င်းတို့နှင့် ပါဝင်ပတ်သက်သူဟု မသင်္ကာလျှင် ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ ကျူးလွန်သည့်အပြင် ယခုနောက်ပိုင်း ထောက်ခံသူများနှင့် မိသားစုဝင်များပါ လုပ်ကြံသတ်ဖြတ်လာသည်။
စစ်ကောင်စီပစ်မှတ်များအတွက် ခုခံတိုက်ခိုက်သူများ၊ NLD အဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုများနှင့် PDF ကို ထောက်ခံသူများအပေါ် အနီစစ်ဆင်ရေးကို လုပ်ဆောင်မည် ဖြစ်ကြောင်း သွေးသောက်အကြမ်းဖက်အဖွဲ့က ဧပြီလ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ဧပြီလ နှောင်းပိုင်းမှစတင်ပြီး ထိုအုပ်စု၏ ခြိမ်းခြောက်မှုသည် ပြင်းထန်လာပြီး ထိုအုပ်စု၏ သတ်ဖြတ်ခံရသူ လည်း များလာသည်။ ထိုသို့သော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များလည်း တိုးလာသည်။
စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးဆိုသည့် အကောင့်မှလည်း ရွှေဘတို့ရေ ဆိုသည့် အသုံးအနှုန်းဖြင့် မည်သည့်နေရာတွင် နေထိုင်သော မည်သူကို ဖမ်းသင့်သည်ဟု လက်ထောက်ချသည်။ ဟန်ငြိမ်းဦးအကောင့်သည် တဦးတယောက် အမည်ခံ၍ အဖွဲ့အစည်းဖြင့် ပူးပေါင်းလုပ်ဆောင်နေသည့် တရားမဝင် စစ်တပ်လက်အောက်ခံ အဖွဲ့အစည်း တခုဖြစ်သည်ဟု ယုံကြည်ရသည်။
တရားစီရင်ရေးက အားနည်းသွားပြီး ကိုယ့်တရား ကိုယ်စီရင်သည်အထိ ဖြစ်ပေါ်လာသည်။ ကျူးလွန်သူကို ကျူးလွန်ခံရသူက ကိုယ်တိုင်လက်တုန့်ပြန်သော တရားစီရင်မျိုး ဖြစ်ပေါ်လာသည်။
တရားစီရင်ရေးက အားနည်းသွားပြီး ကိုယ့်တရား ကိုယ်စီရင်သည်အထိ ဖြစ်ပေါ်လာသည်။ ကျူးလွန်သူကို ကျူးလွန်ခံရသူက ကိုယ်တိုင်လက်တုန့်ပြန်သော တရားစီရင်မျိုး ဖြစ်ပေါ်လာသည်။
ပုဂ္ဂိုလ်ရေးအမြင်မကြည်မှု၊ မုန်းတီးမှုများအပေါ် အခြေခံ၍ ဦးသူသတ်စတမ်း ပြုလုပ်နေကာ မည်သူ့ကို သတ်ပစ်သည်ဆိုတာမျိုးကိုပင် တရားဝင်သဖွယ် ထုတ်ပြန်ချက်မျိုး၊ အသတ်ခံရသူ၏ လည်ပင်းတွင် အမှတ်တံဆိပ် ချိတ်ဆွဲ၍ တဖုံ ပေါ်ပေါ်တင်တင်ပင် ကျူးလွန်နေကြသည်။ ယင်းအတွက် တရားစီရင်ရေးမဏ္ဍိုင်သည်လည်း ဆိတ်ဆိတ်နေနေကြရသည်။
“အာဏာသိမ်းစစ်တပ်ရဲ့ ထောက်တိုင်လို ဖြစ်နေတဲ့ ဒလန်တွေကို ရှင်းလင်းသုတ်သင်ရေး လုပ်ငန်းကို တော်လှန်ရေး လုပ်ငန်းစဉ်အရ မဖြစ်မနေ လုပ်ကိုလုပ်ရမယ်။ ဥပဒေနဲ့ ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ နိုင်ငံရေးရည်ရွယ်ချက် အောင်မြင်ဖို့ တော်လှန်ရေး အောင်မြင်ဖို့အတွက် မဖြစ်မနေ လုပ်ရတယ်။ ဒီဘက်က စစ်တပ်ကျပြန်တော့လည်း ဒီ သုတ်သင်မှုကို တုန့်ပြန်နိုင်ဖို့အတွက် အခု သွေးသောက်အဖွဲ့လိုဟာမျိုးတွေ၊ ပျူစောထီးလို ဟာမျိုးတွေ၊ ပြည်သူ့စစ်လို ဟာမျိုးတွေကို တန်ပြန်ဖွဲ့စည်းပြီးတော့ ဆောင်ရွက်တယ်။ အဲဒီ ဖွဲ့စည်းမှုနှစ်ခုစလုံးဟာ တကယ်တမ်းပြောရရင် ဥပဒေနဲ့မညီဘူး။ ဒလန်ရှင်းလင်းရေး လုပ်ငန်းသည်လည်းပဲ တော်လှန်ရေးနဲ့ နိုင်ငံရေး ရည်ရွယ်ချက်လို့ ပြောပေမယ့်ဗျာ အဲဒါ ဥပဒေနဲ့ အညီမဟုတ်ဘူး” ဟု အမည်မဖော်လိုသည့် ဥပဒေပညာရှင်တဦးက ဝေဖန်ထောက်ပြသည်။
ထိုသို့သော အခြေအနေတွင် တရားစီရင်ရေး စနစ်သည်လည်း ဟန်ပြပင်။ စစ်တပ်က တရားရုံးနှစ်မျိုးဖြင့် စစ်ဆေးလျှက်ရှိပြီး ယင်းတို့မှာ အထူးတရားရုံးနှင့် စစ်ခုံရုံးတို့ဖြစ်သည်။ အထူးတရားရုံးတွင် စစ်ဆေးခံရသူများသည် ကိုယ်တိုင်ထုချေပိုင်ခွင့်နှင့် ရှေ့နေငှားရမ်းခွင့် ရရှိသော်လည်း စစ်ခုံရုံးဖြင့် အစစ်ဆေးခံရသူများသည် မည်သည့် အကြောင်းပြချက်ဖြင့်မျှ ထုချေပိုင်ခွင့် မရကြဘဲ၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ကြရသည်။
ယင်းနှင့် ပတ်သက်၍ စစ်တပ်က ဖမ်းဆီးပြီးနောက် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ တဦးက “စစ်ခုံရုံးကကျတော့ ရှေ့နေငှားခွင့်မရဘူး၊ ခုခံချေပခွင့်မရဘူး တန်းပြီးတော့မှ အမိန့်ချတယ်ပေါ့။ အဲဒီလိုမျိုး ကွာခြားတယ် စစ်ခုံရုံးမှာ ဘယ်လိုအမှုတွေကို များသောအားဖြင့် အမိန့်ချလေ့ရှိလဲဆိုတော့ လက်နက်နဲ့မိတဲ့ အမှုတွေ၊ နောက်ပြီး မာရှယ်လောထုတ်ခဲ့တဲ့ နယ်မြေတွေကနေ ဖမ်းမိလာတဲ့ သူတွေပေါ့။ အဲဒီလူတွေကို စစ်ခုံရုံးကနေ အမိန့်ချလေ့ရှိပါတယ်။ ဆိုတော့၊ ဖမ်းဆီးခံရတဲ့သူတွေရဲ့ အခြေနေတွေက အလွှာပေါင်းစုံရှိတယ်၊ အခြေနေပေါင်းစုံ ရှိတယ်။ သပိတ်စစ်ကြောင်းကနေ ဖမ်းမိလာတာရှိတယ်၊ တချို့က ဒလန်တိုင်လို့ ဖမ်းမိတာရှိတယ်။ နောက်တချို့က ပြောက်ကျားလှုပ်ရှားမှုတွေကြောင့် ဖမ်းမိလာတွေ ရှိတယ်ပေါ့လေ။ အဲဒါအပြင်ကိုမှ နောက်ဆက်တွဲက ဘာလဲဆိုတော့ ဟိုအရင် NLD အစိုးရလက်ထက်မှာ လူမှုရေး အဆင်မပြေမှုတွေ၊ ပုဂ္ဂိုလ်ရေးမုန်တီးမှုတွေကို အာဏာသိမ်းကာလမှာ ဘာလုပ်လဲဆိုတော့ အဲဒီ မုန်းတီးမှုတွေကို အကြောင်းပြပြီးတော့မှ စစ်ကောင်စီကို ဒီလူကတော့ နိုင်ငံရေး လုပ်နေပါတယ်ဆိုပြီး တိုင်ကြားလို့ အဖမ်းခံလာရတဲ့သူတွေလည်း အများကြီးရှိတယ်ပေါ့လေ။ ဒီအချိန်မှာ ဥပဒေစိုးမိုးမှုထက် ဦးတဲ့သူက တိုင်ကြေး။ လူတိုင်းကိုကြောက်ရတဲ့ အခြေနေဖြစ်နေတယ်ပေါ့နော်” ဟု ရှင်းပြသည်။
တရားစီရင်ရေး လုပ်ဆောင်နေသည့် တရားသူကြီးများအဖို့လည်း ရွေးချယ်စရာ နည်းလမ်းနှစ်လမ်းသာရှိသည်။
“တရားသူကြီးတွေကို ခိုင်းတာလုပ်မလား၊ အာဏာစက်နဲ့ ဝေးရာပြေးမလားပေါ့။ အဲဒီတော့ မပြေးနိုင်သူက စစ်တပ်ခိုင်းတာ လုပ်ပြီး ထိုင်ကန်တော့တဲ့ ကလေးကွက် အရူးကွက်မျိုး နင်းရတာပေါ့။ သူတို့အနေနဲ့က ထွက်ပြေးရင်လည်း မိသားစုပါ လွတ်အောင်ခေါ်ပြေးရမှာ ဆိုတော့ သိပ်ခက်ပါတယ်။ ကျန်ခဲ့ပြန်ရင်လည်း မိသားစု အသိုင်းအဝိုင်းကို ဒုက္ခပေးမယ်၊ ဖမ်းဆီးခံရမယ်ဆိုတော့ စစ်တပ်ခိုင်းတာကို လုပ်ပြီး အလွယ်ဆုံး ထိုင်ကန်တော့တဲ့နည်း ရွေးချယ်တာထက် ဘာမှမပိုပါဘူး” ဟု ဦးဇော်ရမ်းက ဝေဖန်ပြောဆိုသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည့် တရားသူကြီးသည် အကျဉ်းထောင်သို့ ပြန်ရန် ပြင်ဆင်နေသည့် ဝန်ကြီးချုပ်အား ၎င်းအပေါ် ခွင့်လွှတ်ပေးရန်နှင့် နားလည်ပေးရန်အတွက် တရားခွင်အပြီး ထိုင်ရှိခိုးခဲ့သည့် သာဓကများ ရှိခဲ့သည်။
သို့သော် တရားလက်မဲ့ပြုမူမှုများကို လျစ်လျူရှုထား၍ မရပါ။ ရာဇဝတ်မှုများ၊ မတရားသတ်ဖြတ်ခံရမှုများသည် ပြည်သူ့အစိုးရတရပ် ပေါ်ထွက်လာပါက ဖြစ်စဉ်များအပေါ် ပြန်လည် အရေးယူနိုင်သည့်အတွက် မှတ်တမ်းမှတ်ရာများ လုံလုံခြုံခြုံနှင့် စနစ်တကျ စုစည်းထားသည့် နည်းလမ်း ရှိသေးကြောင်း ဥပဒေပညာရှင်အသိုင်းအဝိုင်းက ဆိုသည်။
သို့သော် တရားလက်မဲ့ပြုမူမှုများကို လျစ်လျူရှုထား၍ မရပါ။ ရာဇဝတ်မှုများ၊ မတရားသတ်ဖြတ်ခံရမှုများသည် ပြည်သူ့အစိုးရတရပ် ပေါ်ထွက်လာပါက ဖြစ်စဉ်များအပေါ် ပြန်လည် အရေးယူနိုင်သည့်အတွက် မှတ်တမ်းမှတ်ရာများ လုံလုံခြုံခြုံနှင့် စနစ်တကျ စုစည်းထားသည့် နည်းလမ်း ရှိသေးကြောင်း ဥပဒေပညာရှင်အသိုင်းအဝိုင်းက ဆိုသည်။
“ဥပဒေရဲ့သဘောကတော့ ရာဇဝတ်မှုမှန်သမျှသည် ကျေပျက်သွားရိုး ထုံးစံမရှိပါဘူး။ ကာလစည်းကမ်း သတ်မှတ် ပြဌာန်းချက်လည်း မရှိပါဘူး။ တရားဥပဒေ စိုးမိုးမှု ပြန်လည်အားကောင်းလာတဲ့ အခါမှာ မှန်ကန်မျှတမှု မရှိတဲ့ ဆောင်ရွက်ချက်တွေ၊ ရာဇဝတ်မှုတွေ အားလုံးကို ပြန်လည်အရေးယူနိုင်တဲ့ အနေထားရှိပါတယ်။ အဲဒီတော့ ကျနော်တို့က ဘာကိုပဲမျှော်လင့်ရမလဲဆိုတော့ မြန်မြန်ဆန်ဆန် တရားဥပဒေစိုးမိုးနိုင်တဲ့ အခြေအနေတရပ် ပေါ်ထွန်းလာရေးကိုပဲ ကျနော်တို့ မျှော်လင့်ရမှာပဲ” ဟု ဥပဒေပညာရှင်တဦးက ဆိုသည်။
You may also like these stories:
လုပ်ကြံသတ်ဖြတ်ခံရမှာ NLD အဖွဲ့ဝင်များ ကြောက်လန့်နေရ
အနုပညာရှင်များကို ပစ်မှတ်ထား အန္တရာယ်ပြုလာသည့် တယ်လီဂရမ် အကောင့်များ
အပြုတ်တိုက်ရေးကို စစ်ဗိုလ်ချုပ်များ ရွေးချယ်
လူသတ်မှု ကျူးလွန်ခဲ့ဟု ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိ ဝန်ခံ