အိန္ဒိယနိုင်ငံသား နှစ်ဦး မြန်မာပိုင်နက်တွင် သတ်ဖြတ်ခံရခြင်းသည် လက်ရှိ တနှစ်ကျော်ကြာ စစ်အာဏာသိမ်းမှု၏ ရလဒ်ဖြစ်ပါက လွန်ခဲ့သောဆယ်စုနှစ် ခြောက်ခုက စစ်အာဏာသိမ်းမှုကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်မှ မိုရေးမြို့တွင် အခြေချခဲ့ရသည့် မဏိပူရပြည်နယ်ရှိ တမီလ်လူမျိုးများကို မီးမောင်းထိုးပြနေသည်။
၁၉ ရာစုက ဗြိတိသျှကိုလိုနီ ချဲ့ထွင်ခြင်းကြောင့် တမီလ်နာဒူးပြည်နယ်မှ အများစုပါဝင်သော အိန္ဒိယနိုင်ငံသား အများအပြားသည် ရေကြည်ရာမျက်နုရာ ရှာဖွေရင်း မြန်မာသို့ ရွှေ့ပြောင်း အခြေချကြသည်။ မြန်မာရောက် တမီလ်များသည် အခြေခံအားဖြင့် လယ်ယာနှင့် ကုန်သွယ်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြသည်။
တမီလ်တို့၏ လူမှုစီးပွားအခြေအနေသည် အခြားရွှေ့ပြောင်းအခြေချ လူမှုအသိုက်အဝန်းများကဲ့သို့ပင် ဗြိတိသျှတို့ မြန်မာမှ ၁၉၄၈ ခုနှစ်တွင် ထွက်ခွာသောအခါ ကျဆင်းလာသည်။ ဗိုလ်ချုပ် နေဝင်းက ရွေးကောက်ခံ ဦးနုအစိုးရကို ၁၉၆၂ ခုနှစ်တွင် ဖြုတ်ချလိုက်ပြီး ဈေးဆိုင်များမှသည် ဘဏ်များနှင့် စက်ရုံများအထိ အရာရာကို နိုင်ငံပိုင် သိမ်းသောအခါ ဘဝသည် ပိုမိုခက်ခဲလာသည်။
တမီလ်အများအပြားသည် တမီလ်နာဒူးပြည်နယ်သို့ ပြန်ကြသော်လည်း အနည်းငယ်သည် မြန်မာတွင် ကျန်ရစ်ပြီး အများအားဖြင့် ရန်ကုန်တွင် နေကြသည်။ တမီလ်နာဒူးပြည်နယ်မှ ဒုက္ခသည်စခန်းများတွင် မနေလိုကြသော အချို့သည် ပင်လယ်လမ်းမှ မဟုတ်ဘဲ မဏိပူရမှတဆင့် မြန်မာသို့ ပြန်ရန် ဆုံးဖြတ်ကြသည်။ သို့သော် မြန်မာအရာရှိများက ၎င်းတို့ကို နယ်စပ်မြို့ဖြစ်သော မိုရေးတွင် ဟန့်တားထားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၀ ပြည့်နှစ်က မိုရေးတွင် အခြေချသော တမီလ်အနည်းငယ်သာ ရှိသည်။ ထိုစဉ်က မြန်မာကို ဂျပန်ကျူးကျော်သည်ကို ကြောက်လန့်သောကြောင့် ထောင်နှင့်ချီသော တမီလ်များသည် အိန္ဒိယသို့ တောလမ်းမှ လာကြသည်။
“ကျနော်တို့ ဒီမှာ ဒေသတွင်း အစွန်းရောက်တွေနဲ့ ပြဿနာတချို့ ရှိတာကလွဲပြီး ငြိမ်းချမ်းစွာ နေထိုင်တဲ့ တမီလ် ၃၀၀၀ လောက်ရှိတယ်” ဟု မိုရေးမှ အမည်မဖော်လိုသော တမီလ်တဦးက ပြောသည်။ ပဋိပက္ခများအနက် အဆိုးဆုံးများသည် ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားသည်။ ကူကီ မျိုးနွယ်စုက တမီလ်စီးပွားရေး လုပ်ငန်းများကို အခွန် အကြီးအကျယ် ကောက်ခံရန် ကြိုးစားသောကြောင့် ဖြစ်သည်။
ကူကီအသိုက်အဝန်းသည် မိုရေးတွင် အကြီးမားဆုံးဖြစ်ပြီး ၎င်းတို့နောက် လူဦးရေများသူများတွင် မေတေးနှင့် တမီလ် အသိုက်အဝန်းများ ရှိသည်။ မဏိပူရမြို့တော် အင်ဖာမှ ၁၁၀ ကီလိုမီတာမျှဝေးသော မိုရေးသည် လူဦးရေ ၁၇,၀၀၀ ခန့်ရှိသော တန်နူပယ်ခရိုင်တွင် အစည်ကားဆုံး မြို့ဖြစ်သည်။
မိုရေးမှ တမီလ်များသည် အခြေခံအားဖြင့် ကုန်သည်များသာဖြစ်ပြီး အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဂိတ်အနီးတွင် ၎င်းတို့ ရပ်ကွက်ရှိသည်။ ထိုနယ်စပ်ဂိတ်မှတဆင့် ပြည်သူများသည် နယ်စပ်တဘက်တချက် ၁၆ ကီလိုမီတာအတွင်း ပြည်ဝင်ခွင့် ကန့်သတ်ချက်များမလိုဘဲ သွားလာခွင့် ရှိကြသည်။
သို့သော် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် လွတ်လပ်စွာ သွားလာခွင့်အရ နယ်စပ်ဖြတ်ကျော်ခရီးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကိုဗစ်နိုင်တင်း ဖြစ်ပွားသောအခါ ကန့်သတ်လိုက်ပြီး ၂၀၂၁ ခုနှစ် မြန်မာတွင် အာဏာသိမ်းမှုဖြစ်သည့်အချိန်တွင် ထပ်မံကန့်သတ်သည်။
မိုရေးမှလူများ သို့မဟုတ် မိုရေးသို့လာသော ဧည့်သည်များသည် ထုံးစံအားဖြင့် နိုင်ငံတကာ နယ်နိမိတ်မှ ၇ မိုင်ခန့်ဝေးသော စစ်ကိုင်းတိုင်းမှ တမူးမြို့သို့ သွားရောက်ကြသည်။
အသက်ဆုံးရှုံးရသော မွေးနေ့ပွဲ
မိုရေးမြို့၊ ရပ်ကွက် (၂) ရှိ ဂမ်နွမ် ဗန်မှ အသက် ၂၇ နှစ်အရွယ် ပီ မိုဟန်နှင့် ရပ်ကွက် (၄) ရှိ ဖိုင်ချန်ဗန်မှ အသက် ၂၈ နှစ်ရှိ အမ် အီရန်နာတို့ နှစ်ဦးလုံးသည် ခရီးသည်တင် သုံးဘီးဆိုင်ကယ် မောင်းသူများ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် မိတ်ဆွေတဦး၏ မွေးနေ့ပွဲအတွက် တမူးမြို့သို့ ဇူလိုင်လ ၅ ရက်နေ့ နံနက်တွင် သွားရောက်ကြကြောင်း မိသားစုဝင်များက ပြောသည်။ တမူးမှ ရပ်ကွက် (၁၀) ရှိ စာသင်ကျောင်းအနီးတွင် ကျည်ဆံဒဏ်ရာများဖြင့် သေဆုံးနေသော ၎င်းတို့နှစ်ဦး၏ အလောင်းများကို တွေ့ကြောင်း တမူးမှ မိတ်ဆွေ အချို့က အကြောင်းကြားလာသည်။
မြန်မာအရပ်သား ခုခံရေးလှုပ်ရှားမှုကို တိုက်ခိုက်နေသည့် စစ်တပ်ခါးပိုက်ဆောင် ပျူစောထီးများက ၎င်းတို့ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ပြီး ပစ်သတ်လိုက်သည်ဟု သတင်းများက ဆိုသည်။ အချို့ကလည်း ၎င်းတို့ နှစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်ခိုက်သူများက နံနက် ၁၀ နာရီခွဲခန့်တွင် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထိုသတ်ဖြတ်မှု သတင်းကြောင့် မိုရေးတွင် ဒေါသပေါက်ကွဲပြီး ထိုမြို့ကို ဗုဒ္ဓဟူးနေ့တွင် ပိတ်ထားရသည်။ ဒေါသထွက်နေသော လူအုပ်တအုပ်သည် မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး စွန့်ပစ်ထားသည့် ရဲစခန်းတခုကို မီးရှို့ကြကာ နယ်စပ်ရှိ အုပ်ချုပ်မှုမဲ့ဒေသမှ မြန်မာအိမ်အနည်းငယ်ကို ခဲဖြင့်ပေါက်ကြသည်။
“မြန်မာဘက်ကလည်း ခဲနဲ့ ပြန်ပေါက်တဲ့အခါ နှစ်ဘက်လုံးက ရပ်ရွာလူကြီးတွေက ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးတယ်။ နောက်တော့ ကျနော်တို့တွေက ဆန္ဒပြပွဲလုပ်ပြီး ကျနော်တို့ လူတွေရဲ့ အလောင်းကို ပြန်တောင်းတယ်” ဟု ဒေသခံ တမီလ်ခေါင်းဆောင်တဦးက ပြောသည်။
“ကျန်ရစ်သူ မိသားစုတွေက ဈာပန အခမ်းအနား လုပ်ပေးဖို့ အလောင်းတွေကို စောင့်နေကြတယ်။ အသတ်ခံရတဲ့ တယောက်ဖြစ်တဲ့ မိုဟန်က လွန်ခဲ့တဲ့ တလမပြည့်ခင်ကမှ အိမ်ထောင်ပြုထားတာ” ဟု မိုရေးရှိ တမီလ်ရပ်ကွက်မှ ဗီရှက်ခါက ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ကိုင်တွယ်သည့် မဏိပူရပြည်နယ် ဝန်ကြီးချုပ် နောင်သွန်ဘန် ဘီရင်ဆင်းက သူ၏အစိုးရသည့် ၎င်းတို့ပြည်နယ်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သည့် အသိုက်အဝန်းမှ တမီလ်နှစ်ဦး၏ အလောင်းများကို ပြန်လည်ရရှိအောင် အစွမ်းကုန် ကြိုးစားခဲ့ကြောင်း ပြောသည်။ တန်နူပယ် ခရိုင် အာဏာပိုင်များကိုလည်း မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးရန် ပြောခဲ့သည်ဟုလည်း ဆိုသည်။
အိန္ဒိယ အာဏာပိုင်များထံမှ စာတစောင်ကို မြန်မာဘက်မှ ဒေသခံများထံ ပေးအပ်ခဲ့ကြောင်းနှင့် ထိုဒေသခံများက တမူးမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးပို့မည်ဟု မျှော်လင့်သောကြောင့် ထိုသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မိုရေးမှ လူမှုအခြေပြု အဖွဲ့အစည်းခေါင်းဆောင်များက ပြောသည်။
“တိုင်းပြည်မှာ တရားဝင်အစိုးရ မရှိတော့ မြန်မာကိုဖြစ်စေ နယ်စပ်ဒေသကို ဘယ်သူ အုပ်ချုပ်နေတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ တမူးမှာ အုပ်ချုပ်နေတဲ့သူက အဲဒီစာကို ရ မရ၊ အကြောင်းပြန် မပြန် ကျနော်တို့ သေသေချာချာ မသိဘူး” ဟု အသတ်ခံရသော သူများ၏ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
ကျည်ထိမှန်ထားသော အသတ်ခံရသူများ၏ အလောင်းများကို ဆေးရုံသို့ ပို့ဆောင်ကြောင်း ဒေသခံအချို့က ပြောသော်လည်း ဆေးရုံတွင် ဝန်ထမ်း မရှိသလောက်ပင် ဖြစ်သည်။ စစ်တပ်၊ ၎င်းတို့ ခါးပိုက်ဆောင်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားသောကြောင့် အများအပြားမှာ ထွက်ပြေးသွားကြပြီ ဖြစ်သည်။ ထိုပြည်သူ့ကာကွယ်ရေးတပ်များသည် စစ်ကောင်စီ ဆန့်ကျင်ရေး စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မဟာမိတ်များ ဖြစ်ကြသည်။
အလောင်းများပြန်လည် ရရှိရေးနှင့် ကျန်ရစ်သူ မိသားစုများကို နစ်နာကြေးပေးရေး တောင်းဆိုသော စာတစောင်ကို မိုရေးမှ လူမျိုးစုအားလုံး၏ ခေါင်းဆောင်များက ခရိုင်အရာရှိများမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ဗုဒ္ဓဟူးနေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
(The Hindu သတင်း Myanmar murders put spotlight on Manipur’s Tamil settlement ကို ဘာသာပြန်သည်။)
You may also like these stories:
နိုင်ငံသား ၂ ဦး အသတ်ခံရပြီးနောက် အိန္ဒိယက တမူးသို့ ပေးသည့် လျှပ်စစ်မီးဖြတ်တောက်
အိန္ဒိယနိုင်ငံသား၂ ဦး အသတ်ခံရမှုကြောင့် မိုးရေးမြို့ရှိ မြန်မာများ ရန်ပြုခံရမည်ကို စိုးရိမ်နေ
အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းသွား