စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သော အချိန်ကာလတွင် တိုင်းပြည်၏ အခြေအနေသည် သာမန်အခြေအနေ မဟုတ်ဟု စစ်ကောင်စီက ဝန်ခံခဲ့ရသည်။
၂၀၂၃ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် ကာ/လုံ အစည်းအဝေးတွင် တင်ပြသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အစီရင်ခံစာတွင် တတိုင်းပြည်လုံးရှိ မြို့နယ် ၃၃၀ တွင် ရာခိုင်နှုန်းပြည့် တည်ငြိမ်သည့် မြို့နယ် ၁၉၈ မြို့နယ်၊ လုံခြုံရေး အလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် လိုအပ်သည့် မြို့နယ် ၆၅ မြို့နယ်ရှိသေးသည်ဟု ပါရှိခဲ့သည်။
ဤအချက်သည် စစ်ကောင်စီက တိုင်းပြည်ကို မထိန်းချုပ်နိုင်ကြောင်း ဝန်ခံလိုက်ရသည့်အချက်ဖြစ်၏။ ပုဒ်မ ၄၂၅ ကို အ သုံးချ၍ စစ်ကောင်စီသက်တမ်းတိုးခြင်းသည် အမှန်တကယ်ပင် တိုင်း ပြည်ကို မထိန်းချုပ်နိုင်သောကြောင့်ဆိုသည်ကို ဖေါ်ပြနေသည်။
လျှော့လျှော့ပေါ့ပေါ့ တင်ပြထားသည့် ၎င်းအစီရင်ခံစာတွင်ပါရှိသည့် ရာခိုင်နှုန်းပြည့် တည်ငြိမ်သည်ဆိုသည့် ၁၉၈ မြို့နယ်ပင်လျင် လက်တွေ့တွင် တကယ်တည်ငြိမ်ပါ၏လော။ စစ်တပ်အနေနှင့် တကယ်ထိန်းချုပ်နိုင်ပါ၏လော။
လျှော့လျှော့ပေါ့ပေါ့ တင်ပြထားသည့် ၎င်းအစီရင်ခံစာတွင်ပါရှိသည့် ရာခိုင်နှုန်းပြည့် တည်ငြိမ်သည်ဆိုသည့် ၁၉၈ မြို့နယ်ပင်လျင် လက်တွေ့တွင် တကယ်တည်ငြိမ်ပါ၏လော။ စစ်တပ်အနေနှင့် တကယ်ထိန်းချုပ်နိုင်ပါ၏လော။
ထို ၁၉၈ မြို့နယ်တွင် UWSA ထိန်းချုပ်ရာ ၄ မြို့နယ် နှင့် NDAA ထိန်းချုပ်နယ်မြေရှိ ၂ မြို့နယ်နီးပါးသည် စစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် မရှိရာ ၁၉၂ မြို့နယ်သာ ကျန်သည်။
ကျန်မြို့နယ်များသည်လည်း ညမထွက်ရအမိန့် ယခုတိုင် ရုပ်သိမ်းနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် ရန်ကုန်မြို့တော်အတွင်း ၆ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်ကို ယနေ့တိုင် မရုပ်သိမ်းနိုင်သေးပေ။
သို့ဖြစ်ရာ အမှန်တကယ်မြေပြင်တွင် မြို့နယ်အားလုံး၏ တဝက်ကိုပင် စစ်ကောင်စီ မထိန်းချုပ်နိုင်ပေ။ လက်တွေ့ သုတေသနပြုချက်များအရ စစ်ကောင်စီသည် တိုင်းပြည်၏ သုံးပုံတပုံခန့်သာ ထိန်းချုပ်နိုင်တော့သည်ဆိုခြင်းက ပို၍မှန်ကန်ပေလိမ့်မည်။
ထိုမြို့နယ်များသည် စစ်တပ်က မထိန်းချုပ်နိုင်တော့သည့် မြို့နယ်များဖြစ်၏။ ထို့ကြောင့် ထိုမြို့နယ်များရှိ လူထုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သူမလာရဲသည့် မြို့နယ်တွေကို မာရှယ်လော ထုတ်သည်ဟု ဆိုကြခြင်းဖြစ်၏။
မကြာသေးမီက စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆိုသူမှ ကယားနှင့် ချင်းပြည်နယ်တို့ကို ထိန်းချုပ်နိုင်ပြီဟု ကြေညာခဲ့သေးသည်။ သို့သော် ယခု ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် စစ်အုပ်ချုပ်ရေး ကြေညာသည့်အခါ မြို့နယ် ၇ နယ်ရှိသော ကယားပြည်နယ်မှ ၄ မြို့နယ်၊ မြို့နယ် ၉ မြို့နယ်ရှိသော ချင်းပြည်နယ်မှ ၇ မြို့နယ် ပါဝင်သည်ကို တွေ့ရသည်။ ကယားရော ချင်းပြည်နယ်အား မထိန်းချုပ်နိုင်ကြောင်း အတိအလင်း ဝန်ခံလိုက်ရသည်။
စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည့် မြို့နယ်ပေါင်းမှာ ၃၇ မြို့နယ်ရှိသည်။ ထိုသို့ ထုတ်ပြန်ခဲ့သည် စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်နှင့် မကွေးတိုင်းမှ ၅ မြို့နယ်အပါအဝင် စစ်အုပ်ချုပ်ရေး မြို့နယ်များကို ကြည့်ပါက စစ်ကိုင်းတိုင်းမြောက်ဖက် ကချင်ပြည်နယ်အစပ်ရှိ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း မြို့နယ် များမှသည် တန့်ဆည်၊ ရေဦး၊ ခင်ဦးမြို့များအထိ စစ်ကောင်စီ မထိန်းချုပ်နိုင်ကြောင်း တွေ့ရသကဲ့သို့ ချင်းတွင်းမြစ် အနောက်ဖက်ခြမ်း စစ်ကိုင်းတိုင်းရှိ မြိုင်၊ ဆားလင်းကြီး၊ ပုလဲ နှင့် ၎င်းမြို့နယ်များ ဆက်စပ်နေသည့် မကွေးတိုင်းမှ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များ၊ ချင်းတွင်းနှင့် ဧရာဝတီ မြစ်ဆုံကြားရှိ မြောင်မြို့နယ်တို့အား စစ်ကောင်စီ မထိန်းချုပ်နိုင်သည်ကို တွေ့ရသည်။
ထို့ပြင် ပဲခူးရိုးမ အရှေ့ခြမ်းရှိ ထန်းတပင်မြို့နယ်နှင့် ပဲခူးရိုးမ အနောက်ခြမ်းရှိ ပေါင်းတည်၊ ပေါက်ခေါင်း၊ အုတ်ဖို၊ နတ်တလင်း မြို့နယ်များ၊ ကရင်နှင့် မွန်ပြည်နယ် ထိစပ်သည့်နေရာတွင်ရှိသည့် ကော့ကရိတ်၊ ကြားအင်းဆိပ်ကြီး၊ ရေးမြို့နယ်များ၊ တနင်္သာရီတိုင်း အတွင်းရှိ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်များကိုလည်း စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ စစ်ကောင်စီ မထိန်းချုပ်နိုင်ကြောင်း ဝန်ခံလိုက်ခြင်းပင်ဖြစ်သည်။
ထို ၃၇ မြို့နယ်ကို ကြည့်ပါက စစ်ကောင်စီတပ်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့် တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာများ ဖြစ်သည်ကို တွေ့ရသည်။ ထို့ပြင် ထိုမြို့နယ်များသည် စစ်တပ်က မထိန်းချုပ်နိုင်တော့သည့် မြို့နယ်များဖြစ်၏။ ထို့ကြောင့် ထိုမြို့နယ်များရှိ လူထုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သူမလာရဲသည့် မြို့နယ်တွေကို မာရှယ်လော ထုတ်သည်ဟု ဆိုကြခြင်းဖြစ်၏။
စစ်ကိုင်းတိုင်းအတွင်းရှိ ပုန်ကန်တော်လှန်မှုများအား ၆ လအတွင်း နှိမ်နင်းမည်ဟု ကြွားလုံးထုတ်ခဲ့သော စစ်ကောင်စီသည် ၂ နှစ်တင်းတင်းပြည့်သော်လည်း လုံးဝနှိမ်နင်းနိုင်ခြင်း မရှိသည့်အပြင် စစ်ကောင်စီအနေနှင့် နိုင်နိုင်ခြေမရှိတော့ဟု ပြည်တွင်းရော ပြည်ပမှပါ သုံးသပ်ကောက်ချက်ချနေပြီ ဖြစ်သည်။
စစ်ဘေး ဒုက္ခသည်လည်း ၂ သန်းခန့် ရှိခဲ့ပြီ ဖြစ်သည်။ သို့သော် လူထုက မာမာထန်ထန် ခုခံနေသည်ဖြစ်ရာ စစ်ကောင်စီသည် ပို၍ ပြင်းထန်သော ရက်စက်မှုကို ပြုလုပ်ရန် စစ်ရေးခြေလှမ်း ထပ်တိုး၍ လှမ်းလိုက်သည်ဟု ဆိုရမည်။
သို့ဖြစ်ရာ စစ်ကောင်စီ၏ လာမည့် စစ်ရေးခြေလှမ်းမှာ မူလစစ်ရေး သေနင်္ဂဗျူဟာအတိုင်း NUG/PDF အပါ ပြည်မ လက်နက်ကိုင် ဒီမိုကရေစီ အင်အားစုများကို အဓိကထားပြီး စစ်ရေးအရ ထိုးနှက်မည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအား ခွဲထုတ်ပြီး မဖြစ်မနေမှ တိုက်ခိုက်သည့် ပေါ်လစီကို ဆက်လက်ကျင့်သုံးမည်သာဖြစ်သည်။
ပြီးခဲ့သည့် ၂ နှစ်ကာလထက် ပို၍ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို ကျင့်သုံးသွားမည်ကိုလည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်သည့် မြို့နယ် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေး ကြေညာခြင်းက ဖေါ်ပြနေသည်။
သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်တွင်း၌ စစ်ရှိန်ပိုမြင့်လာဖွယ်သာ ရှိပြီး ယခင်ထက်ပို၍ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့ရမည်ဖြစ်၏။ သေခါနီးမီးတောက် ပိုတောက်သည်ကို တွေ့ရပေတော့မည်။
တကယ်တော့ ထိုဒေသများတွင် ၂ နှစ်အတွင်း အရပ်သား အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများ အပါအဝင် အိုးအိမ်အဆောက်အအုံပေါင်း ခြောက်သောင်းခန့်ကို စစ်ကောင်စီတပ်များက လုယက်ဖျက်ဆီး မီးရှို့ပြီး ဖြစ်သည်။
ထို့ပြင် ရိက္ခာဆန်၊ စပါး၊ လယ်ယာသုံးစက်ရိယာများ၊ ကား၊ ဆိုင်ကယ်၊ နွားလှည်းမကျန် မီးရှို့ဖျက်ဆီးပြီး မြေလှန်စနစ် ကျင့်သုံးခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲဖြစ်သည်နှင့် မဆိုင်သော အရပ်သားရွာများ၊ ဘာသာရေး အဆောက်အအုံများကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေယဉ်ဖြင့် ဗုံးကြဲခြင်း စသဖြင့် စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်ခဲ့ပြီ ဖြစ်သည်။
ယခုကာလတွင် လက်ရှိ စစ်ကောင်စီတွင် စစ်တပ်ထောက်ခံသူများ၊ စစ်တပ်နှင့် အကျိုးစီးပွါးဖြစ်ထွန်းနေသူများသာ ရှိပြီး လူထု ထောက်ခံမှု ဆုံးရှုံးနေ၏။
စစ်ဘေး ဒုက္ခသည်လည်း ၂ သန်းခန့် ရှိခဲ့ပြီ ဖြစ်သည်။ သို့သော် လူထုက မာမာထန်ထန် ခုခံနေသည်ဖြစ်ရာ စစ်ကောင်စီသည် ပို၍ ပြင်းထန်သော ရက်စက်မှုကို ပြုလုပ်ရန် စစ်ရေးခြေလှမ်း ထပ်တိုး၍ လှမ်းလိုက်သည်ဟု ဆိုရမည်။
သို့သော် စစ်တပ်၏ မြေပြင်တိုက်ခိုက်ရေးတပ်များသည် အရေအတွက်ရော အရည်အချင်းပါ ကျဆင်းနေသည့်အပြင် တပြည်လုံးအနှံ့ ဖြန့်ခွဲပြီး စစ်ဆင်ရေး ပြုလုပ်နေရာ စစ်အင်အား မလုံလောက်ခြင်းနှင့် ရင်ဆိုင်နေရ၏။
စစ်ကောင်စီ၏ ရှေ့တန်းစစ်မျက်နှာသည် ကျေးလက်ဒေသ၊ တောင်တန်းဒေသတွင်သာမက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့သည်ပင်လျင် ရှေ့တန်းစစ်မျက်နှာ ဖြစ်နေ၏။ လုံခြုံရေးအပြည့်ယူထားရသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စစ်ဖက်အရာရှိကြီးငယ်တို့၏ မိသားစုများပါ စစ်တပ်ဝင်းပြင် မထွက်ရဲကြ။
စစ်တပ်ဝင်းသည်ပင်လျှင် အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည်။ ထိုသို့သောအခြေအနေအောက်တွင် ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည့် ကိုးကန့်စစ်ဆင်ရေးကဲ့သို့ တနေရာထဲတွင် တပ်အင်အားအလုံးအရင်းစု၍ တပ်မ အများအပြား စုစည်း၍ စစ်ဆင်ရေးတရပ် ပြုလုပ်နိုင်ခြင်း မရှိတော့။
လက်ရှိအချိန်တွင် တပ်ရင်း ၃ ရင်းမှ ၄ ရင်းပါ စစ်ဗျူဟာတခုကို စုစည်း၍ ပြုလုပ်သည့် စစ်ဆင်ရေးငယ်များသာလုပ်နိုင်တော့သည်။ ဤသို့သော စစ်ဆင်ရေး အငယ်မျိုးသည်ပင် ဒေသတိုင်း မလုပ်နိုင်ပေ။
ပြည်မ ဒီမိုကရေစီ အင်အားစုများ ရပ်တည်နိုင်ခြင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာ ဝယ်ယူနိုင်ခြင်းသည် လူထု၏ ကူညီမှု၊ ထောက်ပံ့မှုကြောင့်ဖြစ်သည်ကို စစ်ကောင်စီက ကောင်းစွာသိသည်။
သို့ဖြစ်ရာ စစ်ကောင်စီသည် စစ်ရေးအရ ခြေလှမ်းကို ထပ်လှမ်းရန် ကြံရွယ်နေသော်လည်း လက်နက်ကိုင်တော်လှန် ရေးတိုက်ဖွဲ့များကို ဦးတည်သည့် စစ်ရေးပစ်မှတ်များကို မြေပြင်တွင်တိုက်ခိုက်နိုင်စွမ်း မရှိဖြစ်နေသည်။
ထို့ပြင် စစ်တပ်အား လူထုထောက်ခံသည် အကျဆင်းဆုံးအချိန် ဖြစ်သည်။ လူထုထောက်ခံမှု ကင်းမဲ့နေသည်။ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ် စဖြစ်ချိန် ရန်ကုန်အစိုးရဟု အခေါ်ခံကာလနှင့် မတူပေ။ ထိုစဉ်က လက်နက်ကိုင်တော်လှန်ကြသည်မှာ တိုင်းရင်းသားထဲမှ ကရင်၊ မွန်၊ ကရင်နီ သုံးဖွဲ့သာရှိသည်။
ပြည်မတော်လှန်သူများတွင် ဗကပ၊ အလံနီနှင့် ပြည်သူ့ရဲဘော် သုံးဖွဲ့သာရှိသည်။ အစိုးရဘက်၌ ကွန်မြူနစ် ဆန့်ကျင်ရေး ပြင်းထန်သည့် ဖဆပလ အင်အားစုများ ရှိသည့်အပြင် ပြည်သူ့ရဲဘော်တခြမ်းကလည်း ဖဆပလဖက်မှ ရှိသည်။
သို့ဖြစ်ရာ ဖဆပလ အစိုးရဘက်တွင်လည်း နိုင်ငံရေး အင်အားစုနှင့် သူ့အား ထောက်ခံသည့် လူထုရှိသည်။ သို့သော် ယခုကာလတွင် လက်ရှိ စစ်ကောင်စီတွင် စစ်တပ်ထောက်ခံသူများ၊ စစ်တပ်နှင့် အကျိုးစီးပွါးဖြစ်ထွန်းနေသူများသာ ရှိပြီး လူထု ထောက်ခံမှု ဆုံးရှုံးနေ၏။
နောက်တချက်မှာ ပြည်မ ဒီမိုကရေစီ အင်အားစုများသည် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် စနစ်တကျ စုဖွဲ့လာနိုင်သည်။ ခေတ်မီ လက်နက်ခဲယမ်းများ ပို၍ ပို၍ တပ်ဆင်လာနိုင်သည်။ စစ်ရေးအတွေ့အကြုံရလာသည်။
တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပိုမိုပူးပေါင်းလာနိုင်၏။ ထိုသို့သော အခြေအနေအောက်တွင် စစ်ကောင်စီ၏ တပ်များအား ကောင်းစွာ ပြန်လည်ရင်ဆိုင်လာနိုင်ပြီ ဖြစ်၏။ သို့ဖြစ်ရာ စစ်ကောင်စီ၏ စစ်ရေးခြေလှမ်းသည် ထင်တိုင်းပေါက်နိုင်မည် မဟုတ်တော့ပေ။
သို့ဖြစ်ရာ စစ်ကောင်စီသည် စစ်ဗျူဟာမြောက် စစ်ဆင်ရေးဆိုသည်ထက် မဲမဲမြင်ရာ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေယာဉ်နှင့် ဗုံးကြဲခြင်းတို့ကိုသာ တိုး၍ ပြုလုပ်လာမည်ဖြစ်သည်။
အလားတူ တော်လှန်ရေး အင်အားစုများ၏ စခန်းများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်းကို တိုး၍လုပ်လာနိုင်သည်။ အိန္ဒိယ နယ်စပ်၊ ထိုင်းနယ်စပ်တို့ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းများကို သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနိုင်းပြီး လေကြောင်း တိုက်ခိုက်မှုများ တိုး၍ပြုလုပ်လာနိုင်သည်။ တရုတ်နယ်စပ်ဒေသများတွင်မူ တရုတ်၏ အမျက်သင့်မည်စိုး၍ မလုပ်နိုင်ဟု ယူဆရ၏။
သို့ဖြစ်ရာ လာမည့် ၆ လအတွင်း စစ်ကောင်စီက ပြုလုပ်မည့် စစ်ဆင်ရေးသည် လူထုအား ဦးတည်သည့် မြေလှန်စနစ်ကို ပို၍ ရက်စက်စွာ ကျင့်သုံးလာနိုင်မည်ဟု သုံးသပ်ရသည်။
အထက်ဖော်ပြပါ ၃၇ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းသည် မဲမဲမြင်ရာ ပစ်သတ်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သကဲ့သို့ သက်ဆိုင်ရာ စစ်တိုင်းမှူးများကို လူသတ်လိုင်စင် ထုတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
ထို့ပြင် ခုခံတော်လှန်သူများနှင့် ဆက်စပ်ပတ်သက်သူ၊ ကူညီထောက်ပံ့သူ မှန်သမျှကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးလာနိုင်သည်။ သို့ဖြစ်ရာလာမည့် ၆ လအတွင်း ထိုစစ်အုပ်ချုပ်ရေးနယ်မြေများတွင် စစ်ခုံရုံးများက ချမှတ်သည့် နှစ်ရှည်ထောင်ဒဏ်များသာမက သေဒဏ်ပေးမှုများစွာကိုလည်း တွေ့မြင်ရတော့မည် ဖြစ်သည်။
လူထုထောက်ခံမှုမရခြင်း၊ မြေပြင်တပ်များက ဝင်ရောက်မစိုးမိုးနိုင်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးစွမ်းရည် မြင့်မားလာခြင်းတို့ကြောင့် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် မည်မျှပစ်ခတ်မှုရှိသည်ဖြစ်စေ မြေပြင်ကို စိုးမိုးနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်း၏ စစ်ရေးရည်မှန်းချက် အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ပြည်မ ဒီမိုကရေစီ အင်အားစုများ ရပ်တည်နိုင်ခြင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာ ဝယ်ယူနိုင်ခြင်းသည် လူထု၏ ကူညီမှု၊ ထောက်ပံ့မှုကြောင့်ဖြစ်သည်ကို စစ်ကောင်စီက ကောင်းစွာသိသည်။ NUG ထံသို့ ဒေါ်လာ သန်းရာနှင့်ချီ၍ စီးဝင်နေသည်ကို လည်းကောင်း၊ အခြားခုခံတော်လှန်ရေးအဖွဲ့များထံသို့ အလှူငွေ ကူညီငွေ မြန်မာငွေ သိန်းထောင်သောင်းချီ၍ စီးဝင်နေသည်ကို လည်းကောင်း၊ ရပ်တန့်ရန် စစ်ကောင်စီအနေနှင့် အစွမ်းကုန်နှိမ်နင်းမည် ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကူညီသူ၊ ထောက်ပံ့သူများအား အကြမ်းဖက်ဥပဒေနှင့် အရေးယူပြီး ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ရန် ကြံရွယ်ထားသည်။
“အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းသည် ဥပဒေအရ အရေးယူခံရနိုင်သည်။ (CCCT – အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့)”ဟူသော အကြောင်းကြားစာကို ဖေဖော်ဝါရီလဆန်းမှစ၍ ဖုန်းတိုင်းသို့ စာတိုပို့ပေးနေသည်။
ယခုအခါ ဘဏ်များမှ ငွေလွှဲခြင်းကို သိန်းတရာထက်ကျော်လျှင် စောင့်ကြည့်ခြင်း ပြုလုပ်လျက်ရှိပြီး ထောက်ပံ့မှု ဖြတ်တောက်ရေးအား စစ်ဆင်ရေးတရပ်ကဲ့သို့ ဆောင်ရွက်ပြီး ဖမ်းဆီးရမိပါက ပြင်းပြင်းထန်ထန် အရေးယူသွားရန် ကြံရွယ်နေသည်။ ခုခံတော်လှန်သူများ၏ ဘဏ္ဏာရေးလမ်းကြောင်းကို ဖြတ်တောက်ရန် စစ်ဆင်ရေးတရပ်အနေနှင့် ဆောင်ရွက်သည့် သဘောပင်။
ဘေးထွက်ဆိုးကျိုးအနေနှင့် အောက်ခြေ စစ်ဗိုလ်များ၊ စရဖများသည် ငွေကြေးတတ်နိုင်သည့် မိသားစုများကို PDF နှင့် ဆက်သွယ်သည်၊ PDF အားထောက်ပံ့သည်ဟု မဟုတ်မမှန် စွပ်စွဲဖမ်းဆီးခြိမ်းခြောက်ပြီး သိန်းရာနှင့်ချီ၍ ငွေညှစ်ခြင်းမျိုးကိုလည်း ပြုလုပ်နေရာ လာမည့် ၆ လအတွင်းတွင် ဤသို့သော ငွေညှစ်ခံရမှု များစွာ တွေ့လာရနိုင်သည်။
ထို့ပြင် စစ်ကောင်စီအနေနှင့် လုံခြုံရေး အလေးထားရမည့်မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်သည်က ၆၅ မြို့နယ်ဟု သတ်မှတ်ထားရာ စုစုပေါင်း ၁၃၂ မြို့နယ်ရှိ၏။ လက်ရှိစစ်အုပ်ချုပ်ရေး ကြေညာသည်က ၃၇ မြို့နယ်သာ ရှိသေးရာ ကျန်သည့် ၉၅ မြို့နယ်အားလည်း စစ်အုပ်ချုပ်ရေး ဆက်လက် ကြေညာနိုင်ဖွယ်ရှိ သေးသည်။
စစ်ကောင်စီသည် စတင်အာဏာရယူကတည်းက ခပ်ကြမ်းကြမ်းကိုင်တွယ်လျှင် လူများ ကြောက်လန့် ငြိမ်ဝပ်သွားလိမ့်မည်ဟူသော အမြင်ဖြင့် ကိုင်တွယ်ဖြေရှင်းလာခဲ့ရာ ယခုလာမည့် ၆ လအတွင်းတွင်လည်း တိုး၍ လုပ်ကိုင်သွားမည်ဟု ဆုံးဖြတ်ထားသည်မှာ ပေါ်လွင်ထင်ရှား၏။
၎င်းတို့အာဏာတည်မြဲရေးအတွက် အစွမ်းကုန် ရက်စက်ကြမ်းကြုတ်တော့မည်မှာ ဧကန်မလွဲပင်ဖြစ်သည်။ သို့သော်လည်း လူထုထောက်ခံမှုမရခြင်း၊ မြေပြင်တပ်များက ဝင်ရောက်မစိုးမိုးနိုင်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးစွမ်းရည် မြင့်မားလာခြင်းတို့ကြောင့် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် မည်မျှပစ်ခတ်မှုရှိသည်ဖြစ်စေ မြေပြင်ကို စိုးမိုးနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်း၏ စစ်ရေးရည်မှန်းချက် အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
လာမည့် ၆ လအတွင်း စစ်ကောင်စီ၏ စစ်ရေးခြေလှမ်းသည် အစွမ်းကုန် ရက်စက်ကြမ်းကြုတ်မည်ဖြစ်ရာ လူထုရော တော်လှန်ရေးတပ်ဖွဲ့များပါ ကြိုတင်ပြင်ဆင်ထားရန် လို၏။ တဖက်တွင်လည်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် နိုင်ငံတကာ ဒီမိုကရေစီနိုင်ငံများသာမက ဒေသတွင်း နိုင်ငံများ၏ ပြစ်တင်ရှုံ့ချမှုကို ရင်ဆိုင်ရရုံသာမက တော်လှန်ရေး အင်အားစုများနှင့် လူထုအား နိုင်ငံတကာ၏ နည်းမျိုးစုံနှင့် ကူညီထောက်ပံ့မှုများ ပိုမိုရရှိနိုင်လာသည်ဟု သုံးသပ်ရပါသည်။
You may also like these stories :
ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ
ဒဏ်ရာရသော်လည်း မာန်မလျှော့သော PDF များ
စစ်ကောင်စီ ဘယ်နိုင်ငံရေး ခြေလှမ်း လှမ်းနေသလဲ
၂ နှစ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများကို ပြန်တူးဖော်ခြင်း