အာဏာသိမ်းမှုအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် ခုခံခဲ့ကြတဲ့ ဒေသတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ ဖြစ်စဉ်ဟာ မကွေးတိုင်း၊ ကင်းမကျေးရွာကနေ စတင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်က အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁ ထောင်ကျော်ရှိတဲ့ ပေါက်မြို့နယ်၊ ကင်းမရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့မှုကြောင့် ရွာရဲ့ သုံးပုံနှစ်ပုံခန့် မီးလောင်ပြာကျခဲ့ရသလို သက်ကြီးရွယ်အို ၄ ဦးလည်း မီးလောင် တဲ့ အထဲမှာ ပါသွားပြီး သေဆုံးခဲ့ရပါတယ်။
အာဏာကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူလိုက်ပြီးတဲ့နောက်မှာ သူတို့ကို တော်လှန်နေတဲ့နေရာ မှန်သမျှ မီးလောင်တိုက် သွင်းနေတာကြောင့် ၂ နှစ်တာကာလအတွင်းမှာ နိုင်ငံအနှံ့ မီးခိုးတလူလူ ဖြစ်ခဲ့ရပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း အညာဒေသဟာဆိုရင် နေ့စဉ်ဆိုသလို မီးလောင်တိုက်သွင်းခံနေရပါတယ်။
အညာတခွင်ကို ဝင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတိုင်းဟာ ရွာစဉ်လှည့်ပြီး မီးရှို့ကြသလို ဒေသခံတွေကိုလည်း သတ်ဖြတ်လာတာဟာလည်း ၂ နှစ်နီးပါး ရှိလာပါပြီ။
အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းကစလို့ ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝှမ်းက နေအိမ်ပေါင်း ၄၈,၄၆၃ လုံးကို စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
နေအိမ် မီးရှို့ခံရမှုတွေမှာ စစ်ကိုင်းတိုင်းထဲမှာ အများဆုံးဖြစ်နေပြီး တနိုင်ငံလုံးက နေအိမ် မီးရှို့ခံရမှုတွေရဲ့ ၇၅ ရာခိုင်နှုန်း ကျော် ရှိနေတာ ဖြစ်ပါတယ်။ ဒုတိယ အများဆုံးကတော့ မကွေးတိုင်း ၁၇ ရာခိုင်နှုန်းကျော်၊ ချင်းပြည်နယ်ကတော့ ၃ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
၂ နှစ် နီးပါးအကြာမှာ စစ်ကိုင်းတိုင်းထဲက နေအိမ်ပေါင်း ၃၆,၆၆၇ လုံး၊ မကွေးတိုင်းမှာ ၈,၅၇၅ လုံး၊ ချင်းပြည်နယ်မှာ ၁,၄၇၅ လုံးနှင့် ကျန်ပြည်နယ်နှင့်တိုင်းတွေမှာ ၁,၇၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပြီးတော့ အခုဖော်ပြသွားတဲ့ ကိန်း ဂဏန်းတွေကို နေအိမ် မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ Data For Myanmar က ပြုစုထားတာပဲ ဖြစ်ပါတယ်။
မီးရှို့ခံရမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာတော့ ဒီပဲယင်းမြို့နယ်ဟာ တနိုင်ငံလုံးမှာ မီးရှို့ခံရမှု အများဆုံး မြို့နယ်လည်း ဖြစ်ပါတယ်။
ဒီပဲယင်းတမြို့နယ်တည်းမှာပင် အိမ်ခြေ ၄,၄၀၀ လောက် မီးရှို့ခံခဲ့ရပါတယ်။ အခုဆိုရင် အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ယင်းဒွေရွာဟာလည်း မီးရှို့ခံရတဲ့ ကျေးရွာတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ရပါပြီ။
ယင်းဒွေရွာဟာ ဒီပဲယင်းမြို့နဲ့ဆိုရင် ၁ မိုင်ဝန်းကျင်လောက်ပဲ ဝေးတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မိနစ်ပိုင်းနဲ့ ရောက်လာနိုင်တဲ့အတွက် ဒေသခံတွေဟာ အမြဲ အသင့်အနေထားနဲ့ သတိထားပြီးနေထိုင်နေရတာ ဖြစ်ပါတယ်။
၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းထဲမှာ ဒီပဲယင်းမြို့နယ်ထဲကို ဝင်ခဲ့တဲ့စစ်ကြောင်းက ကြည်ရွာနဲ့ ဘုရားထွက်ရွာမှာ အိမ်ခြေ ၇၀၀ ကို မီးလောင်တိုက်သွင်းပြီးတဲ့နောက် ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၁၁ နာရီမှာတော့ ယင်းဒွေရွာထဲကို စစ် ကောင်စီ တပ်ဖွဲ့အင်အား ၁၅၀ လောက်နဲ့ ဝင်စီးနင်းပါတယ်။
ယင်းဒွေရွာသူ တယောက်ဖြစ်တဲ့ မခင်မာကြည်ဟာ စစ်ကောင်စီတပ်က စစ်သားတွေ လာကြပြီဆိုတဲ့ သတင်း ကြား ကြားချင်းပဲ လက်လှမ်းမီရာသိမ်းပြီး တိမ်းရှောင်ဖို့ ထွက်လာခဲ့ရတာပါ။
ရွာထဲကို စစ်သားတွေဝင်ပြီး ၇ နာရီလောက်အကြာမှာတော့ စစ်ကြောင်း ပြန်ဆုတ်သွားတာနဲ့ မခင်မာကြည် တယောက် သူ့နေအိမ်ရှိရာကို အပြေးလာခဲ့ပေမယ့် မီးလောင်ပြင်က သူ့ကို ကြိုဆိုနေပါတယ်။
သွပ်မိုး တလက်လက်နဲ့ ၂ ထပ်ခြေတံရှည် အိမ်လေးကနေ ဒီလို အနိဋ္ဌာရုံမြင်ကွင်းကို ပြောင်းလဲသွားချိန်က နာရီအချို့ပဲ ကြာလိုက် တယ်။
သူ့နေအိမ်ကို သွားပြန်မကြည့်ရသေးခင်ကတည်းက ရွာထဲက အိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ထားပြီ ဆို တာကိုလည်း သိထားနှင့်ပါပြီ။
“ကိုယ်သွားတုန်းက ပုံစံနဲ့ ပြန်မြင်လိုက်တဲ့ ပုံစံနဲ့က ရင်ထဲ ဆို့ဆို့နင့်နင့်ကို ဖြစ်သွားတာ။ နှမြောတာရော ခံပြင်းတာ ရောပေါ့။ မီးကျီမီးခဲရဲရဲနဲ့ မြင်ရတဲ့ မြင်ကွင်းက တရပ်ကွက်လုံးမှာ ၂ အိမ်ပဲ ကျန်ခဲ့တဲ့ အခြေအနေ မီးခိုးစော်တွေနဲ့ပေါ့။ မီးပူတာကို မသိတော့ဘူး။ အဲဒီအချိန် ရင်ထဲက အပူက မီးပူတာထက်ကို ပူနေတာ” လို့ မခင်မာကြည်က ဆိုပါတယ်။
ရွာထဲကို ကြည့်လိုက်ရင်လည်း မြင်နေကျ မြင်ကွင်းက မီးခိုးတွေ တငွေ့ငွေ့ လွှမ်းခြုံနေပါတယ်။ မခင်ကြည်တို့ အိမ်က နေ လှမ်းမြင်နေကျ စိမ်းစိမ်းစိုစို မြင်ရတဲ့အပင်တွေကလည်း အရိုးကျပြီး မီးလောင်လို့ ခြောက်သွေ့နေပြီ။
ဒီလို စီးနင်းထားချိန်မှာပဲ မခင်မာကြည်တို့ နေထိုင်တဲ့ ရွာရဲ့ တောင်ဘက်ပိုင်းကို မီးတင်ရှို့ခဲ့တာကြောင့် စစ်ကြောင်း ထွက်သွားချိန်မှာ မခင်မာကြည်ရဲ့ ထရံကာ ခြေတံရှည် ၂ ထပ်အိမ်အပါအဝင် ရွာကအိမ်တော်တော်များများဟာ မီး လောင်ပြင် ဖြစ်ခဲ့ပါပြီ။
“မီးညွန့် တော်တော်တက်နေတဲ့ အိမ်တွေကအစ၊ ကိုယ်တွေက အဦးဆုံး ဝင်ရောက်တာဆိုတော့ အဲဒီမြင်ကွင်းကို ကြည့်ရင်း ဒေါသထွက်ရင်းပေါ့” လို့ မခင်မာကြည်က ဆိုပါတယ်။
အိမ် ၁ လုံး ဖြစ်လာဖို့ ဆိုတာ တောင်ယာလုပ်ငန်းကိုပဲ အားပြုရတဲ့ သူတွေ အတွက် အင်မတန်မှ ခက်ခဲလှပါတယ်။ မခင်မာကြည်ရယ်၊ သူ့ရဲ့ အဖေရယ်၊ ညီမတွေနဲ့ မိသားစုလိုက် အတူတူ ရုန်းကန်းပြီး ဒီလို ၂ ထပ်အိမ်ကောင်းလေး ဖြစ်လာတာဟာ ၅ နှစ်တာပဲ ရှိပါသေးတယ်။
“မိသားစုတွေ အတူတူ ရုန်းကန်ထားရတဲ့ အိမ်လေး။ ဟိုတုန်းကဆို တဲသာသာ အိမ်မှာ နေရတာ။ ဒီလို အိမ်မျိုးလေးနဲ့ နေရဖို့အတွက်ကို မနည်းရုန်းကန်ပြီးတော့ ချွေးနဲစာလေးနဲ့ စုဆောင်းပြီး တည်ဆောက်ခဲ့ရတာဆိုတော့ စိတ်ထဲ မကောင်းဘူးပေါ့။ တောသူတောင်သားဆိုတော့ မနည်း ခြစ်ကုပ်ပြီး ဆောက်ခဲ့ရတဲ့ အိမ်လေး” လို့ သူက ပြောပြပါ တယ်။
ဒီလို ခဲရာခဲဆစ် တည်ဆောက်ထားရတဲ့ အိမ်တွေကို မိမိရဲ့ ပရောဂမပါဘဲ ဆုံးရှုံးနေရတာဟာ မခင်မာကြည် တယောက်တည်း မဟုတ်သလို ယင်းဒွေ တရွာထဲလည်း မဟုတ်ပါဘူး။
အကြမ်းဖက်စစ်တပ်ဟာ သူတို့ခြေချရာ နေရာတိုင်းမှာ မီးလောင်တိုက်သွင်းနေခဲ့တာပါ။
မီးလောင်မှု အများဆုံး ဖြစ်နေတဲ့ အညာဒေသဟာ တကယ်တမ်းဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကင်းလွတ်နေခဲ့တဲ့ နယ်မြေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုရဲ့ အာဏာသိမ်းမှုတွေ စတင်လာပြီးတဲ့ နောက်မှာတော့ အညာဒေသ တခုလုံးဟာ နေ့စဉ်ဆိုသလို မီးလောင်တိုက်သွင်းခံရ၊ ဗုံးကြဲခံရ၊ သတ်ဖြတ်ခံရတာတွေကို ရင်ဆိုင်နေရတဲ့ ဒေသ တခုဘဝကို နေ့ချင်း၊ ညချင်း ပြောင်းလဲ သွားခဲ့ပါတယ်။
“ဟိုတုန်းက စိုစိုပြေပြေသာသာယာယာနဲ့ နေခဲ့ရတာ။ အခုကတော့ သစ်ပင် အုန်းပင်တွေကအစ နေအိမ်တွေအထိ ဘေးပတ်ဝန်းကျင်က ခြောက်သွေ့သွားပြီးတော့ ရွာပျက်ပုံစံမျိုး ဖြစ်နေတယ်” လို့ မခင်မာကြည်က ဆိုပါတယ်။
အာဏာသာ မသိမ်းဖြစ်ခဲ့ဘူးဆိုရင် အဲဒီ၂ ထပ်အိမ်လေးကို နေရောင်လာလို့ နေမထိုးတော့အောင် ရှေ့ကို အဖီလေး ချမယ်။ စီးပွားရေးကို ဇောက်ချလုပ်မယ်။ နောက်မှာ မီးဖိုဆောင်လေး လုပ်မယ်။ လျှပ်စစ်မီးလည်းယူမယ်။ ရေမော် တာလည်း ဆင်မယ် စတဲ့ စိတ်ကူးအိပ်မက်တွေ တပြုံတသီကြီး မခင်မာကြည်မှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် အခုတော့ မီးလောင်ပြင်က ကျန်ခဲ့တဲ့ အပေါက်ရာဗလပွနဲ့ သွပ်တွေကို မိုးလို့ တဖုံ၊ ကာလို့ တမျိုးနဲ့ နေနေ ရပါတယ်။
“ကျမ မိသားစုကိုက မီးရှို့လို့ ကျန်တဲ့ သွပ်နဲ့ နေနေရတာပေါ့။ သွပ်တွေက မီးလောင်ထားတဲ့ ဟာဆိုတော့ မိုးမလုံ တော့ဘူး။ မိုးမလုံပေမယ့် လေလုံတယ် နှင်းလုံတယ်ဆိုရင် မဆိုးသေးပါဘူးဆိုပြီး ကာနေကြတာ” လို့ မခင်မာကြည်က ဆိုပါတယ်။
အချို့ဆိုရင် ထန်းရွက်တွေ၊ တာလပတ်တွေနဲ့တောင် ကာရံပြီးနေရသလို အချို့လည်း နေစရာကို အဆင်မပြေလို့ အခြားသူဆီမှာ မှီခို ကပ်ရပ်နေရပြန်ပါတယ်။
ဒါပေမယ့် မခင်မာကြည်တို့လို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအပါအဝင် အညာဒေသတခွင် လူတွေကို နေအိမ်ကစလို့ စုဆောင်း ထားသမျှအဆုံး အရာရာပြိုလဲအောင် မီးလောင်တိုက်သွင်း ခံနေရပေမယ့်လည်း သူတို့ရဲ့ စစ်အာဏာရှင် တော်လှန်ရေးစိတ်ကတော့ မီးတောက်တွေကြား လောင်ကျွမ်းယိုင်နဲ့ မသွားတဲ့အပြင် ပိုလို့တောင် အားကောင်း ရှင် သန်နေကြဆဲပါ။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က မီးရှို့ခံလိုက်ရတဲ့ ပုလဲမြို့နယ်၊ မွေ့တုံရွာဒေသခံတွေကတော့ “ရွာကိုပဲ မီးရှို့လို့ရ မယ်၊ စိတ်ဓာတ်နဲ့ မြေကို မီးရှို့လို့ မရဘူး” ဆိုတဲ့ စာသားတွေနဲ့အတူ သူတို့ရဲ့ မီးလောင်ကျွမ်းခဲ့တဲ့ အိမ်တိုင် အပိုင်းအစ၊ သွပ်မိုးအပိုင်းအစတွေကို ကိုင်ဆောင်ပြီး စစ်တပ်ကို ဆန္ဒပြခဲ့ကြပါသေးတယ်။
အညာမြေအပါအဝင် နေရာအနှံ့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သူတွေကို မတော်လှန်ရဲအောင်၊ ထောက်ပံ့သူ တွေကို မထောက်ပံ့ရဲအောင် စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်တဲ့ နည်းအမျိုးမျိုး သုံးပြီး လုပ်ဆောင်နေပါတယ်။
မြန်မာ့မီးရှို့တပ်လို့ ခေါ်ဆိုနေကြတဲ့ စစ်ကောင်စီရဲ့ ရွာစဉ်ဆက်မီးရှို့မှုတွေကြောင့် တနိုင်ငံလုံးမှာ အိမ်ခြေ ၅ သောင်းနီး ပါး မီးလောင်ပြာကျခဲ့ရသလို၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူလည်း ဒုနဲ့ဒေး ဖြစ်ခဲ့ရပါပြီ။
အခုဆိုရင် စစ်ကောင်စီရဲ့ မြေလှန်မီးတိုက် စစ်ဆင်ရေး လုပ်ခဲ့တာဟာ ၂ နှစ်တာကာလနီးပါး ရောက်ရှိခဲ့ပါပြီ။ စစ်ကောင်စီရဲ့ မြေလှန်မီးတိုက် စစ်ဆင်ရေး မအောင်မြင်ဘူးဆိုတာ ရွာတွေ ပြာပုံဖြစ်နေပေမယ့်လည်း တော်လှန်တပ် ဖွဲ့တွေ ပိုမိုအားကောင်းမောင်းသန် ဖြစ်လာတာကို ကြည့်ရင် သိနိုင်ပါတယ်။
တော်လှန်ရေး တပ်ဖွဲ့တွေနည်းတူ မီးတိုက်ခံရတဲ့ ဒေသခံတွေဟာလည်း စစ်ကောင်စီတပ်ကို ပိုမိုမုန်းတီးနာကြည်း လာကြသလို တချို့ဒေသခံတွေဟာဆိုလည်း ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေကို တော်လှန်ရေးအောင်နိုင်ဖို့ အားခဲပြီး ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တွေထံ အပ်နှံကြတာတွေလည်း ရှိပါတယ်။
ဒါဟာ ပြာပုံဘဝဖြစ်နေပေမယ့်လည်း ဒေသခံတွေရဲ့ စိတ်ဓာတ်ပြင်းပြမှုကို တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။
မီးတိုက်ခံထားရတဲ့ ယင်းဒွေရွာက မခင်မာကြည်က “ကျမတို့ အိမ်တွေ ပြာကျသွားပါစေ ပြာကြားက ရုန်းထပြီး တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ် ရှိတာကို အဲဒီ စခ တွေ မသိတာပါ” လို့ ဆိုလိုက်ပါတယ်။
You may also like these stories :
စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ
စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
ရွေးကောက်ပွဲအတွက် ဆိုကာ လူဦးရေစာရင်းကောက်မှုမှာ PDF ချေမှုန်းရေးသာဖြစ်